05.12.2011 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Monday, December 5, 2011 at 9:09am
ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်မယ်လို့ CNF ယူဆ
ပြည်နယ်အဆင့် အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ အကြား တွေ့ဆုံ ညှိနှိုင်းမှုတွေ လုပ်နေရာမှာ RCSS/ SSA ရှမ်းလက်နက်ကိုင် အဖွဲ့နဲ့ အစိုးရအကြား ပဏာမ သဘောတူချက် ရသွားပြီလို့ ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေထဲမှာ ဖေါ်ပြထားပါတယ်။
နိုဝင်ဘာလတုန်းက ထိုင်းမြန်မာ နယ်စပ်မှာ RCSS/SSA အဖွဲ့နဲ့ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ တွေ့ခဲ့တဲ့ တချိန်ထဲမှာပဲ CNF ချင်းအမျိုးသား တပ်ဦး အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
CNF နဲ့ကတော့ သဘောတူချက် တစုံတရာ မရသေးပဲ ဇန္နဝါရီလ ပထမပါတ်လောက်မှာမှ ချင်းပြည်နယ် ဟားခါးမြို့တော်မှာ ထပ်မံ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
ပြည်ထောင်စု ဝန်ကြီးနဲ့ တွေ့ဆုံခဲ့စဉ်တုန်းက အပစ်ရပ်ပြီးရင် ထာဝရ ငြိမ်းချမ်းရေး ရဖို့ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ ပြည်ထောင်စု ဝန်ကြီးဘက်က အရင် စပြောခဲ့ တာဟာ ထူးခြားချက် ဖြစ်ကြောင်းနဲ့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်မယ်လို့ CNF အဖွဲ့ အနေနဲ့ ယူဆတာကြောင့် ဒီလုပ်ငန်းစဉ်မှာ ဝင်ပါခဲ့တာ ဖြစ်ကြောင်း CNF တွဲဘက် အထွေထွေ အတွင်းရေးမှူး ( ၁ ) ဒေါက်တာ ရွှေခါးက ဘီဘီစီကို ပြောပါတယ်။
အခုလို တဖက်မှာ ငြိမ်းချမ်းရေး ညှိနှိုင်းနေပေမယ့် တဖက်မှာလည်း CNF ပါဝင် ဖွဲ့စည်း ထားတဲ့ UNFC ( ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ) က ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းမယ်လို့ ထုတ်ဖေါ်ကြေညာလိုက်တာနဲ့ ပတ်သက်လို့တော့ ဒေါက်တာ ရွှေခါးဟာ ဒါဟာ လုပ်သင့် လုပ်ထိုက်တဲ့ လုပ်ဆောင်ချက် ဖြစ်ကြောင်းနဲ့ အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးတဲ့ အချိန်မှာ သဘောတူချက် မရလာခဲ့ရင် ဆိုပြီး ပြင်ဆင်ထားတာ ဖြစ်ကြောင်း ပြောပါတယ်။
ဒုတိယကမ္ဘာစစ်က ဗုံးကြီးတလုံး ဂျာမဏီမှာတွေ့ရှိ
ဂျာမဏီနိုင်ငံ Koblenz မြို့မှာ ဒုတိယ ကမ္ဘာစစ် က ဗုံးကြီးတလုံးကို တွေ့ရှိရတဲ့ အတွက်၊ ဗုံးကို စနက်တံဖြုတ်မှာ ဖြစ်လို့ အဲဒီနေရာ တဝိုက်မှာ ရှိနေကြတဲ့ လူပေါင်း လေးသောင်းကျော်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးနေပါတယ်။
အလေးချိန်အားဖြင့် ၂ တန်လောက်ရှိတဲ့ ဒီဗုံး ကြီးဟာ ရိုင်းမြစ်ထဲမှာ နှစ်ပေါင်း ၆၀ ကျော် ရှိနေခဲ့တာပါ။ အခုတော့ မိုးခေါင်တဲ့ အခြေ အနေနဲ့ မြစ်ရေ ကျဆင်းရာကနေ ဗုံးကြီးကို အမှတ်မထင် ပြန်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အခု ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေတဲ့ လူတွေထဲမှာ သက်ကြီးရွယ်အို ကြည့်ရှု စောင့်ရှောက်ရေး ဂေဟာ ၇ ခု၊ ဆေးရုံ ၂ လုံးနဲ့ ထောင်တခုက လူတွေလည်း ပါဝင်ကြ ပါတယ်။
စနက်တံဖြုတ်မယ့် အဖွဲ့က မြစ်ထဲဆင်းပြီး ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ဗုံးရှိနေတဲ့ မြစ်နေရာက ရေတွေကို စုပ်ထုတ်နေပြီး၊ ဗုံးပတ်ပတ်လည်မှာ သဲအိတ်တွေကို ချထားနေ ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးမယ့် ရုပ်ရှင်
၂၀၁၅ ခုနှစ်မှာ ကျရောက်မယ့် မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ နှစ် ၁၀၀ ပြည့် အထိမ်း အမှတ် အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပ္ပတ္တိ ရုပ်ရှင်ကား တကားကို ပထမ ဦးဆုံး အကြိမ်အဖြစ် ထုတ်လုပ်နိုင်ဖို့ သုတေသနကော်မတီတရပ်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး မနေ့က ဖွဲ့စည်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်နဲ့ ရုပ်ရှင်ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ သရုပ်ဆောင် စတဲ့ အနုပညာရှင်ပေါင်း တရာကျော် တက်ရောက် ဆွေးနွေးခဲ့ပြီး၊ အခုလို ကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားရဲ့ ဇာတ်လမ်းကျောရိုးအတွက် ဘယ်လို ရွေးချယ်မယ်၊ ဘယ်လိုရိုက်မယ် ဆိုတာ သုတေသနလုပ်ဖို့ ဆွေးနွေးဖြစ်ကြောင်းနဲ့ ဇာတ်လမ်းမှာ ပါဝင်မယ့် ဇာတ်ရုပ်တွေ ကိုလည်း အခုချိန်ကတည်းက၊ စဉ်းစားထားဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ကော်မတီ ဖွဲ့စည်းရေး ဆွေးနွေး ရာမှာ ပါဝင်ခဲ့တဲ့ ဝါရင့် ဒါရိုက်တာကြီး မောင်မိုးသူက ဘီဘီစီကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သတင်းမှတ်တမ်းကားလို မဟုတ်ဘဲ ဂန္ဒီရုပ်ရှင်ကားလိုမျိုး ရိုက်ချင်တာဖြစ်ပြီး၊၂၀၁၅ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့် အမီ ရိုက်ချင်တာ ဖြစ်ကြောင်း မောင်မိုးသူက ရှင်းပြပါတယ်။
ဇာတ်လမ်းနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ တက္ကသိုလ် ကျောင်းသား ဘဝကနေ ကွယ်လွန်ချိန်အထိ၊ သူ့ရဲ့ သမိုင်းမှတ်တိုင် လုပ်ရပ်တွေနဲ့ အိမ်ထောင်ရေး အပါအဝင် သူ့ရဲ့စရိုက်တွေကို ရိုက်ကူးဖို့ စိတ်ကူးထားကြောင်းကိုလည်း ဆရာ မောင်မိုးသူက ပြောပါတယ်။
အရင်တုန်းက စရိုက်ပုံစံ ဖေါ်ရမှာ ဖြစ်တဲ့အတွက် နိုင်ငံကြားက နည်းပညာ၊ စက်ပစ္စည်းနဲ့ ပညာရှင်တွေ အကူအညီ လိုမယ်လို့လည်း သူကပြောပါတယ်။
အခု ဇာတ်ကားနဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ် ရိုက်ကူးနိုင်မယ့် အခြေအနေ ရှိမရှိ ဆိုတာနဲ့ ပတ်သက်လို့လည်း မောင်မိုးသူက ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံတွေကို အရင်က ဖြုတ်တာတွေ၊ သတင်းစာ ဂျာနယ်တွေထဲ ဖေါ်ပြခွင့် မရခဲ့တာတွေ ရှိခဲ့ပြီး၊ အခုမှ နည်းနည်း ပြန်ပြီး လှုပ်ရှားခွင့်ရလာတဲ့ သဘောဖြစ်ကြောင်း ပြောပါတယ်။
ရုပ်ရှင်ဒါရိုက်တာတွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြဇာတ်ကဖို့ ဟိုးအရင် စစ်အစိုးရ ခေတ်ထဲမှာ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သူကဆိုပါတယ်။
ပြည်ထောင်စုတပ်မတော်ဖွဲ့ဖို့ အဆင်သင့်ဖြစ်
ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ဟာ သူတို့ အဖွဲ့ထဲ မှာပါတဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေနဲ့ စုပေါင်းပြီး ပြည်ထောင်စု တပ်မတော် တခုကို စပြီးတော့ အကောင်အထည် ဖော်ဖို့အတွက် သဘောတူ ဆုံးဖြတ် လိုက်ပြီလို့ သိရပါတယ်။
ဒီအစီအစဉ်အရ UNFC ထဲမှာပါတဲ့ တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ ပေါင်းပြီးတော့ ကာကွယ်ရေး ဝန်ကြီးဌာန ဆိုတာမျိုး ကိုဖွဲ့မယ်။ ပြီးရင် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ကိုလဲ ပူးပေါင်း ဖွဲ့စည်းပြီးတော့ စစ်ဦးစီး ချုပ်တွေ ခန့်အပ်မယ် ဆိုပြီးတော့ အဖွဲ့ရဲ့ ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။
''ဖက်ဒရယ် ပြည်ထောင်စု တပ်ဖွဲ့ဖို့ အဆင့် ၅ ဆင့် စီမံချက်ကို ယာယီအားဖြင့် အတည်ပြုပြီး အဲဒီ စီမံချက်အတိုင်း သွားမှာပေါ့'' လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
UNFC ထဲမှာ ဒုတိယ ဥက္ကဌ ၂ ဖြစ်တဲ့ စော ဒေးဗစ် တာကပေါ က ကာကွယ်ရေး ဝန်ကြီးဌာနကို ဦးဆောင်မယ်၊ သူ့အောက်မှာမှ စစ်ဦးစီးချုပ် အဖွဲ့ရှိမယ်လို့ သူက ဆိုပါတယ်။
အဲဒီအကောင်အထည်ဖို့ဆိုတာကို ပြီးခဲ့တဲ့လ နိုဝင်ဘာလ ၂၇ ရက် နေ့ကနေ ၃၀ ရက်နေ့အထိ ၄ ရက်ကြာ ထိုင်း-မြန်မာ နယ်စပ် တစ်နေရာ မှာ ကျင်းပခဲ့တဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အဖွဲ့ရဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
ဘာကြောင့် အခုချိန်မှာ ဖွဲ့ဖို့ ဖြစ်လာသလဲ၊ ဘယ်လိုပုံစံ ပူးပေါင်း ဖွဲ့စည်းကြမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဖွဲ့စည်းမှုတွေကို ဒီဇင်ဘာ လလယ်လောက်မှာ စပြီးအကောင် အထည် ဖော်ဖို့ဆိုပြီး မျှော်မှန်းနေကြတယ်လို့ သိရပါတယ်။
မြန်မာ အစိုးရ ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို တဖွဲ့ချင်းစီ တွေ့ဆုံ ဆွေးနွေးနေပြီး တဖွဲ့ချင်းအလိုက် အပစ် အခတ် ရပ်စဲနိုင်ဖို့ ဆက်လက် ဆွေးနွေးနေတာ တွေ့ရပါတယ်။
ဒါပေမဲ့ UNFC အနေနဲ့ ကတော့ တိုင်းရင်းသား အဖွဲ့တွေ အားလုံး စုပေါင်းပြီးတော့ မြန်မာအစိုးရနဲ့ ညှိနှိုင်း ဆွေးနွေးနိုင်ဖို့ ကြိုးစား နေကြပါတယ်။
တရုတ်မြန်မာနယ်စပ် မူဆယ်မြို့မှာ ဗုံးပေါက်
တရုတ် မြန်မာ နယ်စပ်မြို့ တစ်မြို့ ဖြစ်တဲ့ မူဆယ်က ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေး ဇုံအနီး ရဲစခန်းရှေ့နားမှာ စနေည ဦးပိုင်းက ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။
ရဲစခန်းရှေ့နားက ထရန်စဖေါ်မာ အနီးမှာ ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေရာဟာ ကုန်ကားကြီးတွေ သွားလာနေတဲ့ နေရာဖြစ်လို့ နယ်စပ် ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ နေရာလည်း ဖြစ်ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ရဲစခန်းဝင်း အုတ်နံရံ အနည်းငယ် ထိခိုက်သွားခဲ့ပြီး ရဲတစ်ဦး အပါအဝင် လူ ၂ ဦး ဒဏ်ရာရ တယ်လို့ သိရပါတယ်။
ဒီပေါက်ကွဲမှုဟာ ဘယ်သူ့ လက်ချက် ဆိုတာတော့ လောလော ဆယ်မှာ မသိရသေးပါဘူး။
ရုရှားနိုင်ငံမှာ ပါလီမန်ရွေးကောက်ပွဲ ကျင်းပ
ရွေးကောက်ပွဲဟာ အများပြည်သူကို ဆွဲဆောင်နိုင်မှု မရှိဘူးလို့ ဆိုပါတယ်
တနင်္ဂနွေနေ့ ကျင်းပတဲ့ ရုရှားနိုင်ငံ ပါလီမန် ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေ မဲပေးခဲ့ ကြပါတယ်။ ဒီရွေးကောက်ပွဲဟာ ဝန်ကြီးချုပ် ဗလာဒီမာ ပူတင်ကို လူကြိုက် များ/မများဆိုတာ စမ်းသပ်တဲ့ပွဲ အဖြစ် လည်း တွေ့မြင်ရပါတယ်။
မစ္စတာပူတင်ဟာ ရှေ့လာမယ့် ၃ လအကြာမှာ ပြုလုပ်မယ့် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမှာ ဖြစ်ပါတယ်။
ရုရှားအစိုးရကတော့ မဲပေးပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောနေပေမယ့်လည်း မဲပေးမှုတွေနဲ့ ပတ်သက်လို့ မေးခွန်း ထုတ်စရာ တွေကလည်း တိုးပွားလာ နေခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ လွတ်လပ်တဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့နဲ့ ရေဒီယို သတင်းဌာန အတော်များများကို ထပ်တလဲလဲ နှောင့်ယှက်တာတွေ ရှိတယ်လို့ ပြောပါတယ်။
ဘီဘီသတင်းထောက်ပြောတာကတော့ ပါလီမန်ဟာ အစိုးရကို ထောက်ခံပေးရုံ သက်သက် ဖြစ်တယ်လို့ လူတွေက ထင်မြင်နေကြတာမို့ ဒီရွေးကောက်ပွဲဟာ အများပြည်သူကို စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်မှု မရှိဘူးလို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ မလွတ်သေးခင် ဘင်္ဂလားဒေ့ရှ် အကျဉ်းသားတွေ ပြန်လွှတ်ပေး
2011-12-04
မြန်မာနိုင်ငံကို မကြာခင် ရောက်ရှိလာ မယ့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ ချစ်ကြည်ရေးခရီးစဉ် ကို ကြိုဆိုတဲ့အနေနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ် ကျခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ယောက်ကို မြန်မာ အာဏာပိုင်တွေက ပြစ်ဒဏ်တွေ လျှော့ပေါ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ မေတ္တာရပ်ခံချက်အရ နှစ်နိုင်ငံ ချစ်ကြည်ရေး အရရော၊ လူမှုရေးအရ ငဲ့ညှာတဲ့အနေနဲ့ပါ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တဲ့အကြောင်း ဒီနေ့ထုတ် မြန်မာအစိုးရ သတင်းစာ တွေမှာ ဖော်ပြထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖွယ်ရှိတယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အများ မျှော်လင့်သလို ဖြစ်မလာ ခဲ့ပါဘူး။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ် မတိုင်ခင် အခုလို ဘင်္ဂလားဒေ့ရှ် အကျဉ်းသားတွေကို ပြန်လွှတ်လိုက် တာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ပြန်လွှတ်ပေးသလို မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသားတွေကို လည်း လွှတ်ပေးသင့်တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရခိုင် အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး ဒါဟာ Ms. Khaleda Zia ဝန်ကြီးချုပ်ဘဝနဲ့ မြန်မာနိုင်ငံကို ၂ဝဝ၃ ခုနှစ်က ရောက်ရှိလာပြီး နောက် ၈ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခေါင်းဆောင်တဦးရဲ့ မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။
မြန်မာ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စိုးဝင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြီးခဲ့တဲ့လက သွားရောက်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ ချစ်ကြည်ရေး ခရီးစဉ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း နှစ်နိုင်ငံဆက်ဆံရေးမှာ သတိ ထားစရာ လူဝင်လူထွက် ကိစ္စတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြပါမယ်။
မြန်မာ့သဲ စင်္ကာပူ ပြန်လည် စုပ်ယူနေ
2011-12-04
မြန်မာ့ရေပိုင်နက်အတွင်း ဆလုံကျွန်း အရှေ့ဘက်၊ သူဌေးကျွန်း အနောက်ဘက်၊ ခရုကျွန်း အရှေ့ဘက်နဲ့ သိရိမြိုင် အရှေ့ရပ်ကွက်တွေမှာ စင်္ကာပူ သဲစုပ်သင်္ဘောတွေ ပြန်ရောက်လာပြီး သဲတွေ တိတ်တဆိတ် စုပ်ယူနေကြောင်း သိရပါတယ်။
စင်္ကာပူ သဲတူးသင်္ဘောတွေဟာ သဲတွေ အဆမတန် စုပ်ယူခဲ့တဲ့ အတွက် ကော့သောင်းမြို့နယ်တဝိုက် ကမ်းပါးတွေပြို သဲသောင်တွေ နည်းပါးလာတာကြောင့် ကော့သောင်းမြို့ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး ကွန်ရက်အဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဒေသဆိုင်ရာ အာဏာပိုင်တွေထံ စာရေးသား ပေးပို့ခဲ့ပြီးတဲ့နောက် သဲတူးသင်္ဘော ကုမ္ပဏီတွေ ၂ လနီးပါး သဲစုပ် ရပ်ဆိုင်းသွားခဲ့ပါတယ်။
ဒါပေမယ့် နိုဝင်ဘာ လကုန်ပိုင်းက စပြီး စင်္ကာပူ သဲတူးသင်္ဘောတွေ ပြန်ရောက်လာပြီး အခုလို သဲတွေ တိတ်တဆိတ် စုပ်ယူနေတာပါ။
ကချင်ပြည်နယ်မှာ စစ်မီးငြိမ်းဖို့ အလှမ်းဝေးနေဆဲ
2011-12-04
ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာ အစိုးရက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို ကတိပေး ပြောဆိုခဲ့ပေမယ့် ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ KIO အဖွဲ့ ကိုယ်စားလှယ်တွေ နိုဝင်ဘာလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့ကြပေမယ့် အပစ်အခတ် ရပ်စဲရေးအတွက် နှစ်ဘက် သဘောတူညီချက် ရရှိဖို့ အခြေအနေ ဝေးနေသေးတယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောပါတယ်။
“ဗဟိုဌာနချုပ်နဲ့ နီးတဲ့ ဒီခွင်ထဲမှာ မနေ့က တကြိမ်ဖြစ်တယ်။ တပ်မဟာ (၃) မိုင်ဂျာယန်ခွင်မှာလည်း ပြင်းပြင်းထန်ထန် ဖြစ်တယ်။ မိုင်ဂျာယန်ရွာနဲ့တော့ နည်းနည်းဝေးတယ်။ ဒါပေမယ့် လက်နက်ကြီးသံတွေ အတိုင်းသား ကြားနေရတယ်”
လက်ရှိ KIO ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ စစ်ပြေးဒုက္ခသည်ဦးရေ တနေ့ထက် တနေ့ တိုးပွားလာနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက ဒုက္ခသည် အရေအတွက် ၃ သောင်းလောက် ရှိရာကနေ ဒီဇင်ဘာ လဆန်းပိုင်းမှာ ၃ သောင်း ၄ ထောင်ကျော် ရှိသွားပြီလို့ ဦးလနန်က ပြောပါတယ်။
ကချင်ပြည်နယ်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် အစိုးရနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ KIO အနေနဲ့ အဓိက လိုလားကြောင်းလည်း ဦးလနန်က ဆိုပါတယ်။
“သူတို့ရဲ့ အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း ပြောတဲ့အထဲမှာ ဒီလိုမျိုး ထပ်ခါတလဲ တွေ့ဆုံရမယ့်အကြောင်း ပါတယ်။ အဲဒီလို တွေ့တဲ့အခါမှာ ကျနော်တို့ဘက်က အဖွဲ့တွေကလည်း ဒီကိစ္စတွေကို ငြင်းချက်ထုတ်တာတွေ ဘာမှ မလုပ်ခဲ့ဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် နောက်နောင်လည်း သူတို့ အစိုးရဘက်က ကမ်းလှမ်းဖို့ ရှိလာရင်လည်း ကျနော်တို့ဘက်ကလည်း တွေ့ဖို့ အဆင်သင့်ပါ”
ဒီလလယ်ပိုင်းမှာ ပြည်ထောင်စုတပ်မတော် Union Army ဖွဲ့စည်းထူထောင်မယ့် တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့ထဲမှာ ကချင်လွတ်မြောက်ရေးအဖွဲ့လည်း ပါဝင်ပါတယ်။ ပြည်ထောင်စု တပ်မတော်ဟာ အခု နှစ်ဆန်းပိုင်းက ပေါ်ပေါက်လာတဲ့ တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ရဲ့ ဦးဆောင်မှုအောက်မှာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
RSF ရဲ့ သတင်းမီဒီယာဆု စာရင်းမှာ Eleven Media Group ပါဝင်
2011-12-04
ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ကနေ ၂ဝ၁၁ ခုနှစ်အတွက် တနှစ်တာ အကောင်းဆုံး သတင်းထောက်ဆု ချီးမြှင့်မယ့် အမည်စာရင်းမှာ မြန်မာနိုင်ငံက Eleven Media Group ပါဝင်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ဆုပေးပွဲအတွက် Eleven Media Group က Weekly Eleven News ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးနဲ့ Premier Eleven Sports ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုမြတ်ထွတ်ဝင်းတို့ဟာ ဒီကနေ့ ရန်ကုန်မြို့ကနေ ပြင်သစ်နိုင်ငံကို လေကြောင်းနဲ့ ထွက်ခွာသွားပြီလို့ Weekly Eleven News မှာ ဖော်ပြထားပါတယ်။
RSF က ချီးမြှင့်မယ့် ဆုတွေကတော့ တနှစ်တာ အကောင်းဆုံးသတင်းထောက်ဆု၊ သတင်းမီဒီယာဌာနဆုနဲ့ အွန်လိုင်းမီဒီယာဆုတို့ ဖြစ်တယ်လို့ သိရပါတယ်။
အာသံခွဲထွက်ရေးခေါင်းဆောင် မြန်မာပြည်မှာဖမ်းမိ
By ဗွီအိုအေ (မြန်မာဌာန)
အာသံ လွတ်မြောက်ရေး တပ်ပေါင်းစုလို့ အဓိပ္ပါယ်ရရှိတဲ့ United Liberation Front of Asom (ULFA) အဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ယောက်ကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ဒုတိယ ဗိုလ်မှူးကြီး မိုရန်ဟာ ULFA အဖွဲ့ထဲက သဘောထား တင်းမာတဲ့ အုပ်စုမှာ ဒုတိယ ခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။
သူ့ကို အိန္ဒိယ သတင်းစာဆရာ တစ်ဦးနဲ့အတူ ဖမ်းဆီးမိလိုက်တာ ဖြစ်ပါတယ်။ သူတို့ ၂ ယောက်ကို ဖမ်းဆီးပြီးတဲ့နောက် မြန်မာ အာဏာပိုင်တွေက အိန္ဒိယအစိုးရကို အကြောင်းကြားခဲ့တာပါ။
အိန္ဒိယ သတင်းစာဆရာကတော့ Guwahati အခြေစိုက် သတင်းစာတစ်စောင်က ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ ခိုအောင်းနေတဲ့ ULFA ခေါင်းဆောင် Paresh Barua ကို အင်တာဗျူးဖို့ သွားရောက်ခဲ့တာ ဖြစ်ပုံရတယ်လို့ သတင်းတွေက ဆိုပါတယ်။ သတင်းစာဆရာရဲ့ အင်တာနက် စာမျက်နှာမှာ အဲဒီလို အင်တာဗျူးလုပ်ဖို့ အစီအစဉ်ရှိကြောင်း ဖော်ပြထားတယ်လို့ Indo Asian Service သတင်းဌာနက ဆိုပါတယ်။
တရုတ် နျူကလီးယားအင်အား ထင်တာထက်ပိုကြီးနိုင်
By ဗွီအိုအေ (မြန်မာဌာန)
တရုတ်နိုင်ငံမှာရှိတဲ့ နျူကလီးယားလက်နက်တွေဟာ တရားဝင်ခန့်မှန်းထားတဲ့ အရေအတွက်ထက် အဆပေါင်းများစွာ ပိုနိုင်တယ်လို့ အမေရိကန်တက္ကသိုလ် ပါမောက္ခတစ်ယောက်နဲ့ သူ့ရဲ့ ကျောင်းသားတွေက လေ့လာအစီရင်ခံထားတာကို လက်နက်ရေးရာ ကျွမ်းကျင်သူတွေက မေးခွန်း ထုတ်နေကြပါတယ်။
တရုတ်နိုင်ငံမှာရှိတဲ့ မြေအောက်ဥမင်လှိုင်ခေါင်းတွေဟာ ဒုံးပျံတွေနဲ့ နျူကလီးယားလက်နက်တွေကို လျို့ဝှက်ထားဖို့ ရည်ရွယ်ထားတာလို့လည်း လေ့လာချက်က ဖော်ပြခဲ့တာပါ။ တရုတ်နိုင်ငံမှာ နျူကလီးယားလက်နက် ၂၅၀ လောက်ရှိမယ်လို့ တရားဝင် ခန့်မှန်းထားပေမဲ့ ၃,၀၀၀ လောက်အထိ ရှိနိုင်တယ်လို့ ဂျော့ဂ်ျတောင်းတက္ကသိုလ် ပါမောက္ခ ဖိလစ်ကာဘာ (Philip Karber) ဦးဆောင်တဲ့ သုတေသနက ပြောဆိုထားတာ ဖြစ်ပါတယ်။
ဒီအစီရင်ခံစာကြောင့် တရုတ်နိုင်ငံရဲ့ နျူကလီးယား ပိုင်ဆိုင်မှုအပေါ် အချေအတင် ဖြစ်စရာတွေလည်း ထွက်ပေါ်လာပါတယ်။ အစီရင်ခံစာကိုတော့ တရားဝင် မထုတ်ပြန်ရသေးပေမဲ့ အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေကြား ဖြန့်ဝေထားပြီး အမေရိကန် သတင်းမီဒီယာတွေကလည်း ဖော်ပြနေကြတာပါ။
အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်မှာ အကြီးတန်းအရာရှိတစ်ဦးအဖြစ် တာဝန်ယူဖူးသူ ပါမောက္ခ ကာဘာ ကို ဗွီအိုအေက မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ ဒါပေမဲ့လည်း Union of Concerned Scientists သိပ္ပံပညာရှင်အဖွဲ့က ကျွမ်းကျင်သူ ဂရေ ဂိုရီ ကူလာကီ (Gregory Kulacki) ကတော့ ဂျော့ဂ်ျတောင်း တက္ကသိုလ်ရဲ့ အစီရင်ခံစာ ပြုစုထားပုံဟာ နည်းလမ်းမကျဘူးလို့ သူယူဆတဲ့အကြောင်း ဗွီအိုအေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ရီပါပလစ်ကန် သမ္မတလောင်း Cain မဲဆွယ်မှုရပ်ဆိုင်း
By ဗွီအိုအေ (မြန်မာဌာန)
လိင်ကိစ္စအရှုပ်တွေနဲ့ အိမ်ထောင်ရေး ဖောက်ပြားတာတွေ ရှိတယ်လို့ စွပ်စွဲခံရပြီးတဲ့နောက် အမေရိကန် ရီပါဘလီကန်ပါတီ သမ္မတလောင်း စီးပွားရေးလုပ်ငန်းရှင် ဟာမန် ကိန်း (Herman Cain) ဟာ သူ့ရဲ့ မဲဆွယ်စည်းရုံးရေး အလုပ်တွေကို ရပ်ဆိုင်းလိုက်ပါတယ်။
မစ္စတာ ကိန်း က ဆက်လက် ယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင်းကို သူနေထိုင်ရာ ဂျော်ဂျီယာပြည်နယ် မြို့တော် အတ္တလန်တာ (Atlanta) မြို့ မှာ စနေနေ့က ကြေညာခဲ့တာပါ။
သူ့အပေါ် စွပ်စွဲထားချက်တွေက လွဲမှားနေပြီး သက်သေမပြသနိုင်ဘူးလို့ သူက ထောက်ခံသူတွေကို ပြောပါတယ်။ ဒီစွပ်စွဲချက်တွေကြောင့် သူ့ဇနီးနဲ့ မိသားစု ခံစားခဲ့ရပြီး အမေရိကန်ပြည်သူလူထုအတွက် ပြဿနာတွေကို ဘယ်လို ဖြေရှင်းနိုင်တယ်လို့ သူ မဲဆွယ်တင်ပြနေတာကို အနှောင့်အယှက်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ မစ္စတာ ကိန်းရဲ့ ဇနီးလည်း ခုလို ပြောဆိုနေတဲ့အချိန်မှာ စင်ပေါ်မှာ ရှိနေပါတယ်။
စက်တင်ဘာနဲ့ အောက်တိုဘာလတွေ မှာ ယခင် ပီဇာ အစားအသောက် လုပ်ငန်းရှင် မစ္စတာ ကိန်းဟာ ရီပါဘလီကန် သမ္မတလောင်းတွေထဲမှာ စစ်တမ်းတွေအရ လူကြိုက်အများဆုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတော်တော်များများက သူတို့ကို မစ္စတာ ကိန်းက လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုခဲ့ပါတယ်လို့ စွပ်စွဲခဲ့ကြပြီးတဲ့နောက် စစ်တမ်းတွေမှာ လူကြိုက်နည်းသွားခဲ့ပါတယ်။
မကြာသေးခင်ကတော့ ဂျော်ဂျီယာပြည်နယ်ကပဲ အမျိုးသမီးတစ်ယောက်က မစ္စတာ ကိန်းနဲ့ ဖောက်ပြားခဲ့ကြတာ ၁၃ နှစ် ရှိခဲ့ပါတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မဲဆွယ်စည်းရုံးတာတွေကို ရပ်ဖို့ ဆုံးဖြတ်လိုက်ပေမဲ့ သူ့အသံကတော့ တိတ်ဆိတ်သွားမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။
မြန်မာ့အကြီးဆုံးရွှေကြောသစ်တွေ့ ရှိ နှစ်ရာချီကြာ တူးဖော်ရရှိနိုင်ဟုဆို
by Myanmar Journal on Sunday, 4 December 2011 at 07:22
ပြီးခဲ့သည့် လပိုင်းအတွင်း ရှာဖွေတွေ့ရှိခဲ့သော မြန်မာနိုင်ငံ၏အကြီးဆုံးရွှေကြောကြီးသည် ကရင်ပြည်နယ်မယ်ဝိုင်ဒေသတစ်ဝိုက်မှ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအထိ ကြီးမားကျယ်ပြန့်စွာ တည်ရှိနေပြီး နှစ်ရာချီထုတ်ယူရရှိနိုင်ကြောင်း ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနအငြိမ်းစားပါမောက္ခနှင့် Advanture Mental International Mining Co., Ltd. ၏ အုပ်ချုပ်မှု ဒါရိုက်တာဦးစိုးသိန်းက ပြောကြားသည်။
ယင်းရွှေကြောကြီးသည် ကရင်ပြည်နယ် မယ်ဝိုင်ဒေသမှ မွန်ပြည်နယ်ကျိုက်ထီးရိုးဘုရားတောင်ခြေ၊ ထိုမှတစ်ဆင့် ပဲခူးတိုင်းဒေသကြီး တောင်ငူအထိရှည်လျားကြောင်း၊ ရွှေကြောများကိုကောင်းကင်ဂြိုလ်တုမှတစ်ဆင့် ဓာတ်ပုံရိုက်ရာ နေရာခြောက်ခုကို ချိတ်ဆက်ရိုက်ယူရသည်အထိ ကြီးမားကြောင်း ၎င်းကပြောကြားသည်။
"မယ်ဝိုင်မှော်မှာ လွန်ခဲ့တဲ့ ၂ နှစ်က ရွှေတူးတဲ့ သူတွေ တန်ချီရဖူးတယ်" ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ ရွှေတန်ချီရရှိကြခြင်းမှာ ရွှေကြောကြီး၏ အောက်ခြေအဆင့်နုန်းမြေများတွင်သာ တူးဖော် (ကျင်ယူ) ရရှိခြင်းကြောင့်ဖြစ်ပြီး ရွှေသာမြောက်မြားစွာပါဝင်သော ကျောက်သားများမှာ မိုင်ချီကျန်နေသေးကြောင်း၊ ယင်းကျောက်သားများမှာ ကျောက်သားတစ်တန်လျှင် ရွှေ ၂၀ ကျပ်သားအထိ ရရှိမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
"မယ်ဝိုင်ရွှေမှော်က တော်တော်ခေါင်ပါတယ်။ ဒီဒေသခံတွေက သွားလုပ်ကြတဲ့သူနည်းပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါပါတယ်" ဟု ဘားအံတစ်ဦးက The Voice Weekly သို့ ပြောပြသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံးသော ရွှေကြောများမှာ ရမည်းသင်း၊ စဥ့်ကူး၊ သပိတ်ကျင်းမှ နကထီး-မယ်ဝိုင်ကိုဖြတ်၍ ကျိုက်ထိုဘက်တစ်လျှောက် ရွှေကြော၊ မြန်မာနိုင်ငံအထက်ပိုင်း ကောလင်း၊ ဝန်းသိုဘက်မှ မြောက်ပိုင်းကချင်ပြည်နယ်ဘက်သို့ တက်သွားသွားသော ရွှေကြော၊ ကြေးနှင့် ရွှေရောနှောနေသော အနောက်ရိုးမ ပုသိမ်အနောက်ဘက် ဟင်္သာတမှ မကွေးတိုင်းမြောင်ဒေသအထိ တည်ရှိသည့် ရွှေကြော၊ မြန်မာနိုင်ငံအရှေ့ဘက် ရှမ်းကုန်းပြင်မြင့်ဘက်မှ တာချီလိတ်ဘက်သို့ ဖြတ်ဝင်လာပြီး တရုတ်နိုင်ငံသို့ ဖြတ်ဝင်သွားသော ရွှေကြောများဖြစ်ကြောင်း ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် ရွှေထွက်ရှိနိုင်သည့် နေရာ ၂၂၇ နေရာရှိပြီး ရှာဖွေထုတ်လုပ်နေကြသော အသေးစားရွှေတူးဖော်ရေးလုပ်ငန်းများကို ၂၀၁၁ ခုနှစ်မှ စတင်ကာ ယခင်က လစဉ်ရွှေနှစ်ကျပ်သား အခွန်ကောက်ခံရာမှ တစ်နှစ်စာ ရွှေ ၂၄ ကျပ်သားစနစ်သို့ ပြောင်းလဲထားကြောင်း သတ္တုတွင်းဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံ၏ ရွှေထွက်ရှိနိုင်သောနေရာများကို နာဆာက လွှတ်တင်ထားသော Landast 7 ဂြိုလ်တုဖြင့် ရိုက်ယူထားခြင်းဖြစ်ပြီး ယင်းကဲ့သို့ မရိုက်ယူခင်က ရွှေကျင်ရွှေကြောမှာ အကြီးဆုံးဟု သတ်မှတ်ထားသော်လည်း လွန်ခဲ့သည့် ငါးလခန့် Landsat 7 ဂြိုလ်တုဖြင့် ကြည့်ရှုရာတွင် မယ်ဝိုင်ရွှေကြောကြီးမှာ မြန်မာနိုင်ငံ၏ အကြီးဆုံးရွှေကြောဖြစ်ကြောင်း ဦးစိုးသိန်းက ထပ်လောင်းပြောကြားသည်။
The Voice Weekly Journal
မော်တော်ကားများ အရစ်ကျပေးစနစ်ဖြင့် ဘဏ်များနှင့် ချိတ်ဆက်ရောင်းချရန် ပုဂ္ဂလိကဘဏ်များစီစဉ်
By Envoy News, Saturday - December 03 - 2011
အရစ်ကျစနစ်ဖြင့် မော်တော်ကား ဝယ်ယူမှု ဝန်ဆောင်မှုစနစ်အား ဘဏ်များဖြင့် ချိတ်ဆက်ကာ ဆောင်ရွက်မှုအား ပုဂ္ဂလိက ဘဏ်အချို့မှ စီစဉ်နေပြီဖြစ်ကြောင်း ပုဂ္ဂလိကဘဏ် အသိုင်းအဝိုင်းက သိရသည်။
လက်ရှိတွင် ပုဂ္ဂလိကဘဏ် အချို့သည် ဟမ်းဖုန်းများ၊ Sim card များ၊ တိုက်ခန်း၊ ကွန်ဒို၊ အိမ်ရာ စသည်တို့အား အရစ်ကျ ငွေပေးစနစ်ဖြင့် သက်ဆိုင်ရာ ကုမ္ပဏီများဖြင့် ပူးပေါင်းကာ ဆောင်ရွက်ပေးမည်ဟု သိရသည်။
ယခုအခါတွင် ယူနိုက်တက်အမရာဘဏ်မှ ယင်းဝန်ဆောင်မှုအား စတင်မည်ဖြစ်ကာ လက်ရှိကာလတွင် ယင်းဘဏ် အနေဖြင့် လက်ကိုင်ဖုန်း အငှားဝယ်ယူမှုအား ဆောင်ရွက်ပေးနေပြီး နေအိမ်၊ တိုက်ခန်း၊ အီလက်ထရွန်နစ်နှင့် လူသုံးကုန်ပစ္စည်းများကိုပါ အရစ်ကျ ရောင်းချပေးရန် စီစဉ်နေကြောင်း သိရသည်။
ထိုကဲ့သို့ ဆောင်ရွက်မှုများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကုမ္ပဏီများနှင့် ညှိနှိုင်းကာ ခွင့်ပြုချက်ရယူ ဆောင်ရွက်သွားမည်ဟု သိရသည်။
မော်တော်ကား အရစ်ကျ ဝယ်ယူနိုင်မှုအား လက်ရှိတွင် စတင်မှုမပြုသေးခြင်းမှာ ပြည်တွင်း၌ မော်တော်ကား တင်သွင်းမှုစတင် ဆောင်ရွက်ချိန် ဖြစ်သည့်အပြင် ဖွင့်လှစ်ရန် ခွင့်ပြုပေးထားသော Used car Sale Center မှာလည်း ဖွင့်လှစ်ခြင်း မပြုနိုင်သေးခြင်းဖြစ်ကြောင်း ယင်းဘဏ်မှ သိရသည်။
နောက်ပိုင်း ကာလများတွင် မော်တော်ကား အငှားဝယ်ယူမှု ဝန်ဆောင်မှုတွင် ရောင်းချမည့် ကားအမျိုးအစား၊ တန်ဖိုး၊ အရစ်ကျ ပေးရမည့် နှုန်းထားများအား အတိအကျ ထုတ်ပြန်မည်ဟု သိရသည်။
နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့၏ ကမ္ဘာစီးပွားရေး ခန့်မှန်းချက်ကို လျော့ချ
By Yatanarpon, Friday - December 02 - 2011
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ယူရိုဇုန် ကြွေးမြီ အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာသော ဘဏ္ဍာရေး ဖရိုဖရဲ အနေအထားက ကမ္ဘာစီးပွားရေးအပေါ် ဝန်ပိသဖြင့် လာမည့်လ ကမ္ဘာစီးပွားရေး ဖွံ့ဖြိုးမှုခန့်မှန်းချက်ကို လျော့ချ ရမည်ဟု ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေး နာလန်ထမှုသည် တစ်ဖက်စောင်းနင်း ဖြစ်နေပြီး ခက်ခဲမှုများ ဖြစ်နေဆဲဟု IMF ၏ ပြောရေး ဆိုခွင့်ရှိသူ ဂယ်ရီရိုက်ခ်က သတင်းထောက်များကို ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ စီးပွားရေးလုပ်ငန်းတွေ ပိုပြီး ကျဆင်းနေကြောင်း အထူးသဖြင့် ဥရောပတွင် ဖြစ်ကြောင်း ရိုက်ခ်က ပြောသည်။
ဘဏ္ဍာရေး ဈေးကွက် ဖရိုဖရဲ ဖြစ်မှုက ကမ္ဘာ့စီးပွားရေး ခန့်မှန်းချက်အပေါ် နောက်ထပ် ရိုက်ခတ်မှုတွေ ရှိလာခဲ့သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
“ကျွန်တော်တို့မှာ လာမယ့်နှစ် ဇန်နဝါရီ လကုန်ပိုင်းအထိ စီးပွားရေး အလားအလာ နောက်ဆုံး ခန့်မှန်းချက် ရှိပါတော့မယ်။ အဲ့ဒီ ဖွံ့ဖြိုးမှုနဲ့ အကျိုးဆက်အဖြစ် စီးပွားရေး ခန့်မှန်းချက်ကို လျော့ချရပါမယ်” ဟု ရိုက်ခ်က ပြောကြားပြီး အသေးစိတ်ကိုမူ ပြောကြားခြင်း မရှိ။
IMF သည် ပြီးခဲ့သည့် စက်တင်ဘာလက ကမ္ဘာ့စီးပွားရေး အလားအလာ ခန့်မှန်းချက်ကို ၂၀၁၁ ခုနှစ်တွင် ၄ နာရီနှုန်း ရှိမည်ဟု ခန့်မှန်းခဲ့ပြီး ဇွန်လတွင် ခန့်မှန်းထားသည်ထက် သုည ဒဿမ သုံးရာခိုင်နှုန်း ပိုမို လျော့ကျ ခန့်မှန်းခဲ့သည်။
0 comments:
Post a Comment