ငွေဆောင်မှ ဆင်ဖြူကို နေပြည်တော်သို့ သယ်ဆောင် White Elephant brought to Naypyidaw
by Yangon Press International on Friday, November 11, 2011 at 6:18pm
ယခင်လကုန်ပိုင်း ငွေဆောင်မြို့နယ်ခွဲ တွင် ဖမ်းဆီးရမိခဲ့သော ဆင်ဖြူကို ယနေ့ နံနက်ပိုင်းက တွင်းပုသိမ်မြို့တွင်း၌ လှည့်လည်ပြသပြီး နေပြည်တော်သို့ သယ်ဆောင်သွားပြီဖြစ်သည်။
ဖမ်းဆီးရမိသည့် ဆင်ဖြူအား ဆင်ဖြူတော် အဖြစ် အတည်ပြုပြီး တပတ် ခန့် အကြာတွင် နေပြည်တော်သို့ သယ်ဆောင်သွားစဉ် ပုသိမ်မြို့သို့ဝင်ရောက် လှည့်လည်ခြင်းဖြစ်သည်။
"ဒီဆင်စခန်းကနေ မနက်၆နာရီ စထွက်သွားတာ ၁၀ဘီးကား ၄စီး ပါတယ်၊ တစ်စီးက ဆင်ဖြူတော် တစ်စီးက အစာတွေ၊ တစ်စီး က ထိန်းဆင်၊ နောက်ဆုံးတစ်စီးကတော့ရခိုင်ဘက်ကမိတဲ့ ဆင်ဖြူတော်ကို ပြည်မြို့မှာဝင်ခေါ်ဖို့ အတွက်ပါ။ ပြည်မြို့ ကနေဆင်ဖြူတော် နှစ်စီးပေါင်းပြီး နေပြည်တော်ကို ခေါ်ဆောင်သွားမှာပါ" ဟု တိုင်းသစ်တော မန်နေဂျာ ဗိုလ်မှူးထွန်းထွန်းဦး က ပြောကြားသည်။
ဆင်ဖြူထားရှိရာ စခန်းမှ ပုသိမ်မြို့သို့ ဆင်ဖြူ သယ်ဆောင်လာရာတွင် လမ်းတလျှောက်ရှိ ကျေးရွာများမှ လူအများ ကလမ်းဘေးဝဲယာမှ စောင့်ကြည့်ခဲ့ကြရာ ပုသိမ်မြို့အ၀င် ကြိုးတံတားတလျှောက် လမ်းပိတ်ဆို့သည် အထိများပြားသည်ကိုတွေ့ရသည်။
"ဆင်စခန်းမှာတုန်းက ကြည့်ရတာလွတ်လပ်မှုမရှိဘူး။အဲဒါကြောင့် တစ်ခေါက်လောက်ပဲသွားကြည့်ပြီး ပုသိမ်ကိုလာမယ့် နေ့ကိုပဲစောင့်နေတာ၊ ဒီနေ့ မနက်၅နာရီလောက်တည်းက ဒီမှာလာစောင့်နေခဲ့တာ" ဟု ကြည့်ရှုသူတစ်ဦး က ပြောသည်။
ဆင်ဖြူတော်အား ပုသိမ်မြို့ကြိုးတံတားမှ တဆင့်ကမ်းနားလမ်း တစ်လျှောက်သယ်ဆောင်ကာ ထိုမှတစ်ဆင့် ရွှေစေတီလမ်းကို ဖြတ်သန်းပြီး ပုသိမ်-မုံရွာ-ရေဦး လမ်းမကြီး တစ်လျှောက် သယ်ဆောင် ကြောင်းတွေ့ရသည်။
ဆင်ဖြူတော်ဟု အတည်ပြုသော်လည်း နေပြည်တော်တွင် ဆက်လက် စစ်ဆေးဦးမည်ဖြစ်၍ ဓါတ်ပုံရိုက်ခွင့်ကို ဆင်စခန်းတွင် တားမြစ်ခဲ့ကြောင်း ယမန်နေ့ နံနက်ပိုင်းက ဆင်စခန်းတွင် နိုင်ငံခြားသားများ ဓါတ်ပုံရိုက်သဖြင့် တာဝန့်ကျ စစ်သားများနှင့် ပြဿနာ အနည်းငယ် ရှိခဲ့သည်ဟုလည်း ဆင်စခန်းမှ တာဝန်ကျသူ တဦးကပြောသည်။
ပုသိမ်မြို့မှ နံနက် ၈ နာရီကျော်တွင် ဆင်ဖြူထွက်ခွာသွားပြီး ရန်ကုန်-ပုသိမ် ကားလမ်းမှ တဆင့် ကြံခင်းမြို့သို့ ယနေ့ည ဆိုက်ရောက်မည်ဖြစ်သည်။ ကြံခင်းမြို့တွင် ညအိပ်ရပ်နားပြီးနောက် ရခိုင်မှဖမ်းဆီးရမိသည့် အခြားဆင်ဖြူ တစ်စီးနှင့် အတူ နေပြည်တော်သို့ သယ်ဆောင်မည် ဖြစ်သည်။
End//
0 comments:
Post a Comment