N.L.D က ဘာကြောင့် ပါတီမှတ်ပုံကို ပြန်တင်သလဲ၊ ရွေးကောက်ပွဲကို ပြန်ဝင်သလဲ
by Ramanya Ravika on Monday, November 21, 2011 at 5:40pm
သတိပေးစရာရှိတာကို
သတိပေးပြီးယင် လက်ရှိ N.L.D. ရွေ့လျားမှုတွေကို အနည်းငယ် လေ့လာချင်တယ်။
စိတ်မချလို့ ဝေဖန်စရာရှိတာကို ဝေဖန်မိတိုင်း တစ်ဖက်က ဘာပြောလဲဆိုတော့
သိန်းစိန်နဲ့ဒေါ်စုကြားမှာ အပေးအယူရှိမှာပါ၊ အခု ဟယ်လာရီ လာပုံကို ကြည့်ယင်
အမေရိကန်နဲ့မြန်မာ လူကြီးချင်းတွေ အချိတ်အဆက်ရှိပြီသားနေမှာလို့ ပြောကြတယ်။
ဒါပေမယ့် စေ့စပ်ညှိုနှိုင်းမှုသဘောအရ သဘောတူညီချက်မရမချင်း အချက်အလက်တွေကို
ထုတ်ဖော်ပြောဆိုခွင့်မရှိဘူးလို့ ဆိုကြတယ်။
N.L.D က မှတ်ပုံလည်း တင်မယ်၊ ရွေးကောက်ပွဲလည်း ဝင်မယ်ပြောတော့ ဒါက reverse ပြန်လုပ်တာ မဟုတ်ဘူး၊ မဟာဗျူဟာပြောင်းတာမဟုတ်ဘူး၊ U.S.D.P.ကို ပူးသတ်ချင်လို့ နည်းပရိယာယ် ပြောင်းလိုက်တာ ဖြစ်တယ်လို့ အချို့က ဆိုကြတယ်။ အချို့က ပူးသတ်ချင်တာမဟုတ်ဘူး၊ ပူးပေါင်းဆောင်ရွက်ပြီး ဒီမိုကရေစီရေးကို ဖော်ဆောင်ကြခြင်းသာ ဖြစ်တယ်လို့လည်း ခန့်မှန်းကြတယ်။
N.L.D. အနေနဲ့ မှတ်ပုံကိုလည်း မတင်သင့်ဘူး၊ ရွေးကောက်ပွဲကိုလည်း မဝင်သင့်သေးဘူးလို့ စေတနာရင်းနဲ့ သတိပေးသူများ ရှိသလို မှတ်ပုံတင်ကိုတော့ တင်သင့်တယ်၊ ဒါပေမယ့် ရွေးကောက်ပွဲကို မဝင်သင့်သေးဘူးလို့ စာရေးသူတို့က ထင်ကြတယ်။ ရွေးကောက်ပွဲ ဝင်ယင်တောင်မှ ဒေါ်စုကိုယ်တိုင် မဝင်ဘဲ ပါတီကိုယ်စားလှယ်များကိုပဲ စေလွှတ်ပြီး ဝင်စေသင့်တယ်လို့ ယူဆကြတယ်။ ဒီအမြင်တွေဟာ သူတို့နဲ့ မတူညီတဲ့အမြင်များ ဖြစ်ကြောင်း လက်ခံပါတယ်လို့ ဒေါ်စုက ပြောပြီး အကြံများ ပေးကြဖို့ တိုက်တွန်းခဲ့တယ်။
စာရေးသူတို့က N.L.D. ပါတီဝင်များမဟုတ်ပါ။ ဘုန်းတော်ကြီးတစ်ပါးဖြစ်လို့ ပါတီဝင်လည်း မဖြစ်ကောင်းပါ၊ အာဏာတစ်ခုခု၊ အကျိုးတစ်ခုခုကို မျှော်ကိုးပြီးတော့လည်း လူအမုန်းခံနေတာ မဟုတ်ပါ၊ ပြည်ထောင်စုကြီးကို ကောင်းစေချင်တဲ့ စေတနာနဲ့ပဲ ရေးနေပြောနေခြင်းဖြစ်တယ်။ ဒီတော့ N.L.D. ပါတီဝင်မဟုတ်လို့ N.L.D.ပါတီကို အကြံပြုရုံကလွဲပြီး ပါတီရဲ့မူဝါဒကို ဖိအားပေးပြီး ဆုံးဖြတ်ခိုင်းလို့မရပါ။
ဒီတော့ N.L.D. ပါတီကလည်း မှတ်ပုံကို တင်မယ်၊ ရွေးကောက်ပွဲကို ဝင်မယ်လို့သာ ပြောတာပါ၊ မယ်မယ်ရရ ထုတ်ဖော်ပြောဆိုခြင်းများမရှိသေးလို့ ဘယ်အချက်က ကောင်းပြီး ဘယ်အချက်က မကောင်းတာကို အချက်ကျကျ သုံးသပ်လို့ မရပါ။
ဒါကြောင့် N.L.D. ပါတီရဲ့ ပြောင်းလဲလာတဲ့အခြေခံသဘောတရားတွေကို အရင်ခန့်မှန်းကြည့်မယ်။ အကြံကိုတော့ နောက်မှ ပေးကြည့်မယ်။
စာရေးသူတို့အထင်အရ ဒေါ်စု ဦးဆောင်တဲ့ N.L.D. ပါတီက DELIBERATIVE DEMOCRACY ကို ဖော်ဆောင်ဖို့ ကြိုးစားနေပုံပါ။ ချင့်ချင့်ချိန်ချိန်သုခမိန်တို့ရဲ့ ဒီမိုကရေစီပေါ့။ အဓိပ္ပါယ်ကတော့ ဒီမိုကရေစီကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ခပ်လေးလေးခပ်မှန်မှန်နဲ့ ဖော်ဆောင်သွားမယ်ဆိုတဲ့သဘောပဲ ထင်ပါတယ်။ ပဋိပက္ခကို အတူဖြေရှင်းရင်း ရပ်တည်မှုချိန်ခွင်လျှာကို ညှိုယူကြမယ်ဆိုပါတော့။
ဒီ သုခမိန်ဒီမိုကရေစီဝါဒ က အောင်မြင်ဖို့ ခက်တယ်။ ဒါပေမယ့် အောက်ပါအချက်များကို ညှိုနိုင်းယင် အထိုက်အလျောက် အောင်မြင်နိုင်ပါတယ်။ အဲဒါတွေကတော့…
၁။ Reciprocity = နှစ်ဖွဲ့စလုံးက အပေးအယူမျှကြတယ်။ ရော့ပတ္တမြား ရော့နဂါးဆိုသလို အပြန်အလှန်ပေးဆပ်မှု ရှိကြတယ်။
၂။ Publicity = သတင်းဌာနများက မျှမျှတတ ကိုယ်စားပြုမှုတွေကနေတစ်ဆင့် ပြည်သူလူထုအတွင်း ပျံ့နှံ့စိမ့်ဝင်မှုတို့ ရှိရတယ်။ ပြန်ကြားရေးဌာနက တိကျမှန်ကန်မြန်ဆန်တဲ့သတင်းတွေကို ပြည်သူတို့အား အစဉ်မပြတ် အသိပေးရတယ်။
၃။ Accountability = ညှိုနိုင်းမှု၊ အပေးအယူလုပ်မှု၊ အောင်မြင်မှု၊ နစ်နာမှုတို့ကိုလည်း တာဝန်ခံရတယ်။ တာဝန်ယူရတယ်။ နှစ်ဖွဲ့စလုံးက တာဝန်ယူရဲတဲ့စိတ် ရှိကြတယ်။ ပြည်သူလူထုကို ခေါင်းဆောင်မှုပေးတယ်၊ ဘယ်တော့မှ ခေါင်းမရှောင်ဘူးဆိုတဲ့သဘောပါ။
ဒီ Deliberative Democracy က ဒီမိုကရေစီရှိပြီးသား၊ ထွန်းကားပြီးသားနေရာမှာပဲ အကောင်အထည်ဖော်လို့ရမယ်ဆိုတာ အထူးပြောနေစရာမလိုဘူး။ ဒီလမ်းစဉ်အတိုင်း N.L.D. က လျှောက်မယ်ဆိုယင် လက်ရှိပြည်ထောင်စုလွှတ်တော်ကို ဒီမိုကရေစီနည်းကျတဲ့လွှတ်တော်လို့ အသိအမှတ်ပြုရသလို ဒီလွှတ်တော်ကိုလည်း ယုံကြည်စိတ်ချသင့်တယ်။ ဒီလွှတ်တော်မှာပဲ ဒီဒီမိုကရေစီနည်းကို အကောင်အထည်ဖော်ရမှာကိုး။
ဒီနည်းနဲ့ ဒီမိုကရေစီရေးကို ဖော်ဆောင်မယ်ဆိုယင် နံပါတ်တစ်အချက်အရ Reciprocity ကို ကြည့်ကြရအောင်ပါ။ လွှတ်တော်မှာ Moral Disagreement (သမစိတ္တဝိဝါဒ) မတူတဲ့အမြင်တွေအပေါ်မှာ လိုက်လျောနိုင်မှု fair play ဖြစ်မဖြစ်၊ Prudence တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်ပါတီနဲ့တစ်ပါတီ ခွင့်ပြုနိုင်တဲ့အကျိုးစီးပွားနဲ့ ပတ်သက်ပြီး အတိုင်းအဆကို သိမသိနဲ့ Impartiality = (သမာသမတ်ကျမှု) လူများစု၊ လူနည်းစု၊ ပြည်ထောင်စုပြည်နယ်တို့အပေါ် မဏ္ဍိုင်ကြီးသုံးခုနဲ့ပတ်သက်ပြီး အာဏာခွဲဝေတဲ့နေရာမှာ မျက်နှာမလိုက်ဘဲ သမာသမတ်ကျမှုတို့အပေါ်မှာ အခြေခံပါတယ်။
အထက်ဖော်ပြပါ (၃)ချက်မှာ Moral Disagreement ကို Reciprocity နဲ့ တန်းတူထားပြီး ဒါကို နိုင်ငံရေးနိရောဓဂါမိနီပဋိပဒါလမ်းစဉ်အဖြစ် သဘောထားကြည့်ပါ။ ပြီးတော့ Prudence ပမာဏမတ္တညူနဲ့ Impartiality သမာသမတ်ကျမှုတို့ကြားမှာ ထားပါ။ ဒီတော့ ဘာဖြစ်လာကြမလဲ။
Prudence ပမာဏမတ္တညူအရ N.L.D. ကပဲဖြစ်ဖြစ်၊ U.S.D.P. ကပဲဖြစ်ဖြစ် မိမိတို့ပါတီအကျိုးစီးပွားအတွက် ဥပဒေများကို ပြုစေဖို့ ကြိုးစားကြမှာပါ။ ဒီကဖွင့် ဟိုကပိတ် ဖြစ်ကြမှာပဲ။ လွှတ်တော်မှာဖြစ်လို့ ဒီပါတီရဲ့အဆိုကို ဟိုပါတီက သဘောတူမှ အတည်ပြုနိုင်မယ်။ ဟိုပါတီအဆိုကိုလည်း ဒီပါတီက မဲပေးမှ တရားဝင်မှာကိုး။ အနည်းဆုံး ကိုယ့်ဘက်ကိုယ်ယက်ပြီး ဆွေးနွေးကြရမယ့် ကိစ္စပါ။
Impartiality သမာသမတ်ကျမှုအရ ယေဘုယျအားဖြင့် အမတ်များတဲ့ပါတီက လွှတ်တော်မှာ အနိုင်ရတာပါပဲ။ ဒါပေမယ့် Majority Rule အရ အမတ်များတိုင်း အခြားပါတီများ ထိခိုက်စေတဲ့ ဥပဒေများကို ပြုလို့မရပါဘူး။ အင်အားသုံးပြီး Bill ကို Pass ပေးလိုက်ယင် ဒီနေရာမှာ အဖွင့်အပိတ်မဟုတ်တော့ဘူး။ လူတွေကို လမ်းမပေါ်ထွက်စေပြီး ဆန္ဒပြရပါလိမ့်မယ်။ လူများစုက သမာသမတ်မှ မရှိတာကိုး။
ဒီတော့ အဲဒီ Prudence နဲ့ Impartiality ကြားမှာ Reciprocity ဆိုတာ ရှိနေတယ်။ ဒီ Reciprocity က Prudence အရ အပြန်အလှန်အကျိုးစီးပွားကို လက်ခံစဉ်းစားပေးတယ်။ သဘောမမျှတဲ့အခြားပါတီများနဲ့ ညှိုလိုတဲ့စိတ်ထားရှိတယ်။ အခြားပါတီတွေရဲ့အခွင့်အရေး၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ပိတ်ပင်တာမျိုးမလုပ်သလို လူတွေကို လမ်းမပေါ်ထွက်ပြီး ဆန္ဒပြရလောက်အောင် မတင်းမာပါဘူး။ သူက ချင့်ချင့်ချိန်ချိန်နဲ့ အဖြေကို ရှာတယ်။ သဘောမတူတဲ့အချက်တွေကို သဘောမတူတဲ့အတိုင်း လက်ခံတယ်၊ သဘောတူနိုင်တဲ့အချက်တွေကိုလည်း သဘောတူသလို အသိအမှတ်ပြုပေးတယ်။ အရှိကို အရှိအတိုင်း လက်ခံနိုင်တယ်။ ဖြစ်နိုင်သမျှကို လုပ်ပြီး မဖြစ်နိုင်သေးတာကို အချိန်ယူပြီး မှန်မှန်လုပ်သွားကြမယ်။ ဒါဟာ Reciprocity လို့ ခေါ်ပါတယ်။ ဒါကိုပဲ Deliberative Democracy ဖြစ်ကြောင်း ဆိုကြတယ်။
လက်ရှိ N.L.D. လျှောက်လှမ်းနေတဲ့လမ်းကြောင်းက ဒီပုံစံမျိုးပဲလို့ ယူဆပါတယ်။ ဒီလမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ဖို့ဆိုယင် လွှတ်တော်မှာ Prudence တွေနဲ့ Impartiality ကို လျစ်လျူရှုလို့ ရမှာမဟုတ်ဘူး။ N.L.D. အနေနဲ့ လွှတ်တော်မှာ Moral Disagreement/Reciprocity ထွန်းကားဖို့ ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ရမှာပါ။ ရွေးကောက်ပွဲကနေ တက်လာတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေအနေနဲ့ သူတို့ခုံက ပျောက်မှာကြောက်စရာမလိုလို့ အပေါ်က အချက်(၃)ချက်ကို ဆွေးနွေးယင် အခက်အခဲအချို့ ရှိမှာအမှန်ပဲ။ သမစိတ္တယဉ်ကျေးမှုထွန်းကားဖို့ စည်းရုံးရအခက်ဆုံးအမတ်များ ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် တိုင်းရင်းသားများနဲ့ပတ်သက်ယင် လှုပ်ရှားစရာကွက်လပ်သိပ်မရှိပါဘူး။
ဒီလွှတ်တော်ယဉ်ကျေးမှုက တရုတ်နိုင်ငံမှာ မထွန်းကားပါဘူး။ အမေရိကန်တို့၊ သြစတြေးလျတို့လို နိုင်ငံမျိုးမှာ အောင်အောင်မြင်မြင် ထွန်းကားနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက အမေရိကန်နဲ့ ပိုမိုနီးစပ်လာတာကို ကြိုဆိုရပါလိမ့်မယ်။ နောက်ပြီး တိုင်းရင်းသားလူနည်းစုအပေါ် ထားရှိတဲ့သဘောထားအရလည်း တရုတ်နဲ့အမေရိကန် ကွာပါတယ်။ တရုတ်ထက်စာယင် အမေရိကန်ပြည်ထောင်စုက တိုင်းရင်းသားတွေကို စာနာမှုပိုပေးနိုင်ပါတယ်။
အကျဉ်းချုပ်ပြောရယင် N.L.D. ပါတီက မှတ်ပုံကို တင်ခြင်း၊ ရွေးကောက်ပွဲကို ဝင်ခြင်းတို့မှာ U.S.D.P. တို့နဲ့ အပေးအယူလုပ်ဖို့ ဟုတ်ချင်မှဟုတ်မယ်။ U.S.D.P. တို့နဲ့ အနီးကပ်ပူးသတ်ဖို့ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ဒါပေမယ့် ဖြစ်စရာရှိတာက လွှတ်တော်မှာ Moral Disagreement/ Reciprocity သမစိတ္တဝါဒထွန်းကားဖို့ပဲ ဖြစ်တယ်လို့ ထင်ပါတယ်။ (စာရေးသူ၏ ထင်မြင်ချက်မျှသာ)

0 comments:
Post a Comment