Sunday, November 20, 2011

NLD နဲ့ ၈၈ ညီညွတ်ရေးတပ်ပေါင်းစု (မောင်ဝံသ)

၁၁ သုံးလုံး သို့မဟုတ် ၁ ခြောက်လုံး ဂုဏ်ပြုမိတ်ဆုံပွဲကို Eleven မီဒီယာအုပ်စုက ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ အကြောင်း ကျနော်စာတိုတပုဒ်ရေးပြီး  face book တင်ခဲ့ ပါတယ်။ နိဂုံးချုပ် အဖြစ် အောက်ပါစာသားများကို ရေး လိုက်ပါတယ်။
ည ၉ နာရီခွဲလောက်မှာ ပွဲပြီးသွားပေမယ့် ကျနော် မပြန် ဖြစ်သေးဘူး။ ဒီလောက် မင်းပေါင်းစုံတဲ့ ပရိသတ်ကို ထိုင် ကြည့် နေမိတယ်။ အထူးသဖြင့် ၈၈ မျိုးဆက်တွေ။ သူတို့ တွေဟာ အသက် ၄၅ နဲ့  ၅၀ ကြားရှိရော့မယ်။ သူတို့တွေ ဟာ ကျနော်တို့နိုင်ငံရဲ့ အနာဂတ် နိုင်ငံရေးတာဝန်ယူမယ့် သူတွေပဲလို့ ကျနော်ယုံကြည်တယ်။
ထောင်ထဲက မကြာ ခင် ပြန်ထွက်လာကြမယ့် ၈၈ မျိုးဆက်တွေနဲ့ သူတို့ ပေါင်းစည်းမိသွားရင် လေးစားခန့်ညားလောက်တဲ့ နိုင်ငံရေးအင်အားကြီး ဖြစ်သွားမယ်လို့ ကျနော် ယုံကြည်နေတယ်။
မှတ်ပုံတင်ဖြစ်လိမ့်မယ်လို့ ယုံကြည်ရတဲ့ NLD နဲ့ ၈၈ တွေ အားဖြည့်လိုက်ရင် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေဟာ ပိုပြီး ပြည့်စုံ ပိုပြီး လှပလာလိမ့်မယ်လို့ ကျနော် မြင်ယောင်နေမိပါတယ်ဗျာ။
အထက်ဖော်ပြပါ ကျနော့်စာကို ဖတ်မိတဲ့ထဲက face book မိတ်ဆွေတယောက်က “၈၈ ကို NLD အောက် ဇာတ်သွင်းဖို့ လော်ဘီမလုပ်ပါနဲ့ ဆရာရေ… ကိုယ့်ပုံစံ ကိုယ့်ရပ်တည်မှုနဲ့ကိုယ်လျှောက်လှမ်းဖို့ပဲ အားပေးသင့်ပါတယ်” လို့ ကွန်မင့်ရေး ထားတာ တွေ့တယ်။ ကျနော် စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီ ကွန်မင့်ရေးသူဟာ ကျနော်နဲ့ စာချင်း ရင်းနှီးပါတယ်။ ယခင် သူ့အမြင်တွေကို ကျနော်လေးလေးစားစား စောင့်ဖတ်နေခဲ့ပါတယ်။  သူဟာ ခုတလော ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးခြေလှမ်းတွေကို အဆက်မပြတ် ဝေဖန်နေသူ ဖြစ်လာပါတယ်။  သူ့ဝေဖန်ရေးတွေကိုလည်း ကျနော် လေးစားပါ တယ်။ သို့ပေမယ့် နည်းနည်း ရင့်သီးလာတယ်လို့ ထင်ရတာ တခုကိုတော့ ကျနော်က ထောက်ပြခဲ့ပါတယ်။ ခုတော့ ကျနော့်ကိုပါ လွဲမှားတဲ့အမြင်နဲ့ ဝေဖန်လာပြန်ပါတယ်။ ကျနော် ရေးခဲ့တဲ့စာသားတွေထဲမှာ ၈၈ကို NLD အောက်ဇာတ် သွင်းဖို့ လော်ဘီလုပ်တယ် ပြောရအောင် တခုမှ မပါပါဘူး။ ကျနော်ဟာ ၈၈ တွေကို တန်ဖိုးထားပါတယ်။ သူတို့ ကိုယ်ပိုင် ရပ်တည်ဖို့ကိုပဲ ကျနော် ဘယ်လိုအားပေးခဲ့တယ်ဆိုတာ မင်းကိုနိုင် လွတ်လာရင် ကိုယ်တိုင်မေးကြည့်ပါ။ ခုချိန်မှာ ကျနော် ထုတ်မပြောချင်ပါဘူး။ မင်းကိုနိုင် ကိုယ်တိုင်က ပြောတာကိုပဲ နားထောင်လိုက်ပါ။
ကိုင်း အဲဒီကိစ္စထားလိုက်ပြီး ပြောချင်တာနဲ့ ပြောသင့်တာလေးတွေ ဆက်ကြရအောင်။
၈၈ ခေါင်းဆောင်တွေဦးဆောင်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တပါတီနဲ့ ဗကသ တို့က  NLD ခေါင်းဆောင် ဒေါ်စုကို ထိပ် မှာတင်ပြီး တပ်ပေါင်းစုဖွဲ့ဖို့ တွန်းအားပေးခဲ့ကြတဲ့ ဖြစ်ရပ်တခုအကြောင်း ပြောပြချင်တာပါ။
၁၉၈၉ခု ဖေဖော်ဝါရီလဒုတိယပတ်အတွင်း  ဒေါ်စုရဲ့ ခြံထဲက အဖွဲ့ချုပ် စည်းဝေးခန်းမ (တဲကြီး)မှာ မင်းကိုနိုင် ခေါင်း ဆောင်တဲ့ ဗကသအမှုဆောင်တွေ၊ မိုးသီးဇွန်ခေါင်းဆောင်တဲ့ လူ့ဘောင်သစ် အမှုဆောင်တွေ၊ အခြားမဟာမိတ်ပါတီ ကိုယ်စားလှယ်တွေနဲ့ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ အစည်းအဝေးကျင်းပတယ်။ အဲဒီအချိန်မှာ ဒေါ်စုက ရှမ်းပြည်နယ်ကို ခရီးထွက်နေတယ်။ ဦးမိုးသူပါသွားတယ်။ ဖေဖော်ဝါရီ ၁၂  ပြည်ထောင်စုနေ့မှာ ပင်လုံကျောက်တိုင်ရှေ့ လူထုအစည်းအ ဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်ထောင်စုတိုင်းရင်းသားများနဲ့ ညီညွတ်ရေးသဘောထားကို ဒေါ်စုက ကြေ ညာခဲ့ပါတယ်။
အဲဒီရက်ပိုင်းမှာပဲ အဖွဲ့ချုပ်က မဟာမိတ်များနဲ့ ပုံမှန်အစည်းအဝေးပြုလုပ်တာပါ။ ဆရာဦးဝင်းတင်က သဘာပတိ၊ ကျနော် က အခမ်းအနားမှူးလုပ်ပါတယ်။
မဟာမိတ်အဖွဲ့တွေက ကိုယ်စားလှယ်တွေ မိန့်ခွန်းတွေပြောကြပါတယ်။ ဗကသ ဥက္ကဋ္ဌမင်းကိုနိုင်က လေအေးလေးနဲ့ပဲ ဒိမိုကရေစီနိုင်ငံရေးအင်အားစုများ ညီညွတ်ကြဖို့ ၈၈ ကျောင်းသားများက လိုလားကြောင်း ပြောသွားတယ်။
မိုးသီး အလှည့်ကျတော့ သူ့ထုံးစံအတိုင်းစိတ်လိုက်မာန်ပါ ပြောတော့တာပါပဲ။ ပြောရင်းပြောရင်း ပါတီစုံညီညွတ်ရေး တပ် ပေါင်းစုဖွဲ့စည်းရေး လုပ်ရမယ်လို့ တောင်းဆိုပါတော့တယ်။ ဒေါ်စုကို ခေါင်းဆောင်တင်မယ်။ စစ်မှန်တဲ့ ဒီမိုကရေစီပါတီ အားလုံးပါဝင်တဲ့ တပ်ပေါင်းစု ဖြစ်ရမယ်လို့ အဆိုပြုပါတယ်။ သူ့အဆိုကို ဒီအစည်းအဝေးက ဆုံးဖြတ်အတည်ပြုဖို့ ကိုမိုး သီး က တောင်းဆိုတော့ သဘာပတိ ဆရာဦးဝင်းတင်က ခုချက်ချင်း ဆုံးဖြတ်ဖို့ဆိုတာက ခင်ဗျားတို့ ခေါင်းဆောင်တင် မယ့် ဒေါ်စုက ဒီအစည်းအဝေးထဲမှာ မရှိဘူး၊ သူ့သဘောထားကို ရဖို့လည်း လိုသေးတယ်။ နောက်တခုက အဖွဲ့ချုပ်အနေ နဲ့လည်း ဗဟိုအမှုဆောင်အစည်းအဝေးထိုင်ပြီးမှ ဆုံးဖြတ်လို့ရမှာဖြစ်တယ်လို့ ရှင်းပြပါတယ်။ မိုးသီးဇွန်က သူတို့လိုလား ချက်တွေကို အားကြိုးမာန်တက် ဆက်ရှင်းပြပြီး အချိန်ဆွဲမနေပါနဲ့၊ အခုအစည်းအဝေးမှာ ခင်ဗျားတို့ NLD က ဗဟိုကော် မတီတွေအားလုံးလိုလို တက်နေတာပဲ၊ ဆုံးဖြတ်လိုက်ပေါ့တဲ့။ နောက်ဆုံးတော့ အခမ်းအနားမှူးဖြစ်တဲ့ ကျနော်က မူလ အစည်းအဝေး အစီအစဉ်မှာ မပါတဲ့ ခေါင်းစဉ်ကို ကိုမိုးသီးက တင်နေတာဖြစ်လို့ ဆုံးဖြတ်စရာမလိုပါဘူး၊ နောက်အစည်း အဝေးတခု၊ ဒေါ်စုပါ ပါဝင်တဲ့ အစည်းအဝေးတခုကျမှ အာဂျင်ဒါထဲ ကြိုထည့်ပြီး ဆုံးဖြတ်ကြတာပေါ့လို့ ပြောလိုက်တော့ မိုးသီး နောက်ဆုတ်သွားတယ်။ သို့ပေမယ့် ကျနော့်အဖို့ ဘယ်တော့မှ မမေ့နိုင်တဲ့ စကားတွေကို ပြောပြီး နောက်ဆုတ် သွားတာပါ။
“ခင်ဗျားတို့ မဆုံးဖြတ်နိုင်လို့ မဆုံးဖြတ်ရဲလို့ မဆုံးဖြတ်တာမဟုတ်လား။ ခင်ဗျားတို့က ဘာနဲ့တူနေလဲဆိုတော့ ကျောင်း ထိုင် ဆရာတော်မရှိရင် ဘာမှ ကိုယ်ပိုင်ဥာဏ်နဲ့ မလုပ်ရဲတဲ့ ကိုရင်လေးတွေ၊ ကပ္ပိယတွေလို ဖြစ်နေပြီ” တဲ့ဗျာ။
ဆရာဦးဝင်းတင်ကို ထိပ်တိုက်မပြောချင်လို့လည်း ဖြစ်ပါလိမ့်မယ်။ ကျနော့်ကို ဦးတည်ပြီး အဲဒီစကားတွေကို ပြောချလိုက် တာပါ။ ကျန်တဲ့ ဗဟိုကော်မတီလူကြီးတွေလည်း ဟာခနဲ ဖြစ်ကုန်ကြတာပေါ့။ ဒါပေမယ့် ကျနော်ကတော့ စိတ်ဆိုးဟန် လုံးဝမပြဘဲ ရယ်နေလိုက်ပါတယ်။ ကျန်သေးတဲ့ အစည်းအဝေးအစီအစဉ်တွေ ပြီးအောင် ဆက်လုပ်ပြီး အောင်မြင်စွာ ရုပ် သိမ်းနိုင်ခဲ့ပါတယ်။
ကိုမိုးသီး လည်း အဲဒါပြီးတော့  ရက်ပိုင်းအတွင်းမှာပဲ မြေလျှိုးသွားတယ်။ ကိုပေါ် ကတော့ တလလောက်အကြာ မတ်လ ထဲမှာ လမ်းပေါ်ကနေပဲ အဆွဲခံလိုက်ရတယ်။ သူက ကျနော်တို့ထက် လေးလလောက်စောပြီး အင်းစိန်ရောက်တယ်။ ကျနော်တို့က ဇူလိုင် ၂၀ မှာ ပါသွားပြီး သြဂုတ်လထဲကျမှ စစ်ကြောရေးကနေ အင်းစိန်ရောက်၊ နောက်တော့ ကိုပေါ် တို့ ရှိနေတဲ့ အထူးတိုက်ကို ရောက်သွားတယ်။
စကားစပ်မိတဲ့အခါ “မိုးသီးက တို့ကို ကပ္ပိယတို့ ကိုရင်လေးတွေတို့ ပြောတာ ကိုပေါ် ဘယ်လို မြင်လဲ၊ သူနဲ့ သဘောထား အတူတူပဲလား” လို့ ကျနော်က မေးတော့  အဲဒါကတော့ မိုးသီး အမြင်ပေါ့ ကပ္ပိယကြီးရယ်လို့ နောက်သလိုလို ပြောင်သ လိုလို ပြန်ပြောပါတယ်။
ကိုင်း  ၈၈ တွေကို NLD အောက် ဇာတ်သွင်းဖို့ လော်ဘီမလုပ်ပါနဲ့လို့ ကျနော့်ကို သတိပေးတဲ့ မိတ်ဆွေရေ… ဒီစာလေးဖတ်ပြီးရင် ဘယ်သူက ဘယ်သူ့ကို ဇာတ်သွင်းချင်ခဲ့တာလဲဆိုတာ စဉ်းစားမိပါလိမ့်မယ်ဗျာ။ ဘာပဲပြောပြော ခုချိန်မှာတော့  NLD နဲ့ ၈၈ ညီညွတ်ရေးတပ်ပေါင်းစု ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။
မောင်ဝံသ
maungwuntha@gmail.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...