Friday, November 11, 2011

[mrsorcerer:13264] ဒုက္ခတွေ့ချင်တဲ့ မျောက်

မောင်ချမ်းငယ်ဆယ့်ခွန် channge17@gmail.com
ဘ၀ရဲ့ စ-လယ်-ဆုံး(၃)ပါးလုံးဟာ ဒုက္ခတွေချည်းပါ၊ အငိုနဲ့စပြီး အငိုနဲ့ဆုံး၊ တစ်လျှောက်လုံး ငိုခဲ့ရတဲ့ အကြိမ်တွေပေါင်း လိုက်တဲ့အခါ “ဘ၀ သံသရာမှာကျခဲ့တဲ့ မျက်ရည်တွေဟာ သမုဒ္ဒရာ (၄)စင်းမက ရှိလိမ့်မယ်”လို့ ဗုဒ္ဓမြတ်စွာက သတိပေး မိန့်ကြားတော်မူခဲ့ဖူးပါတယ်။

“ဒုက္ခံ တေဘူမကံဝဋံ”ဆိုတဲ့ ဥပဒေသတစ်ခုရှိပါတယ်။ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် ဘုံ(၃)ပါးမှာ ဖြစ်ပျက်နေသမျှတွေဟာ ဒုက္ခပါ၊ ဒုက္ခဟာ ဘ၀ရဲ့ အထည်ကိုယ်ပါ၊ ဒါ့ကြောင့် ဘ၀ကို သဘောပေါက်လိုရင် ဒုက္ခကို နားလည်ရပါလိမ့်မယ်။

ဒုက္ခရဲ့ အနက်အဓိပ္ပါယ်ဟာ ကြီးကျယ်ခမ်းနားလှပါတယ်။ သူ့ကို သိနားလည်ခြင်းဟာ အရိယသစ္စာ (မြင့်မြတ်တဲ့အမှန်တရားကို)ကို ကိုယ်ပိုင်ဥာဏ်နဲ့ ထိုးထိုးထွင်းထွင်း မျက်မှောက်ပြုခြင်းပါ။ ဒုက္ခသစ္စာကို ကိုယ်ပိုင်ဥာဏ်နဲ့ ထိုးထိုးထွင်းထွင်း မျက်မှောက် ပြုနိုင်ခြင်းဟာ သံသရာဝဋ်ဆင်းရဲရဲ့ ထွက်ပေါက်နဲ့ နိဗ္ဗာန်ချမ်းသာရဲ့ ၀င်ပေါက်ကို တစ်ပြိုင်နက်တည်း တည့်တည့်တိုးမိ တာပါပဲ။
 
တကယ်တော့ သုခနဲ့ ဒုက္ခဆိုတာဟာလည်း အလင်းနဲ့ အမှောင် အပူနဲ့အအေးတို့လို ကျောချင်းကပ်နေတဲ့ အမှန်တရားတွေပါ။ တစ်ခုကို သဘောပေါက်လက်ခံနိုင်ရင် ကျန်တစ်ခုကိုပါ နားလည် ခံစားနိုင်တော့တာပါပဲ။ ဒါကြောင့် ဘ၀ရဲ့ အစစ်အမှန်ချမ်းသာသုခကို နားလည် ခံစားလိုရင် ဘ၀ရဲ့ အစစ်အမှန် ဆင်းရဲဒုက္ခကိုလည်း သဘောပေါက်ကြရမှာပါ။

“ဒုက္ခ”ဆိုတဲ့ ပါဠိဝေါဟာရ တစ်ခုကို “ဆင်းရဲခြင်း”လို့ မြန်မာပြန်ရုံနဲ့ သူရဲ့ကျယ်ဝန်းနက်ရှိုင်းတဲ့ အဓိပ္ပါယ်ဟာ ရုပ်လုံးကြွလာမှာ မဟုတ်ပါဘူး။ တကယ်တော့ ဒုက္ခရဲ့ အနက်အဓိပ္ပါယ်ကို ပြည့်ပြည့်စုံစုံခြုံငုံဖေါ်ပြနု
ိင်တဲ့ ဘာသာခြားဝေါဟာရ အလွန်ရှားပါတယ်။ ဒုက္ခဆိုတဲ့ ကျဉ်းမြောင်း တဲ့ စကားလုံး နှစ်ခုထဲမှာ တည်မြဲမှုမရှိ၊ ဖောက်ပြန်ပျက်စီး၊ အထင်ကြီးအားကိုးလို့ မရ၊ သာယာဖွယ်ကင်း၊ထိတ်လန့်ကြောက်ရွံ့၊ စက်ဆုပ်ရွံမုန်း၊ လုံးလုံးရန်သူစတဲ့ အဓိပ္ပါယ်ပေါင်း (၂၅)မျိုးအထိ ပါဝင်နေပါတယ်။

စပေကျန်းဂန်တွေမှာ သိမ်မွေ့နက်နဲတဲ့ ဒုက္ခရဲ့သဘောနဲ့အညီ ဒုက္ခအမျိုးအစားကို-

၁။ ဒုက္ခ ဒုက္ခ၊ ၂။ ၀ိရိဏာမ ဒုက္ခ၊ ၃။ သင်္ခါရ ဒုက္ခ လို့ သုံးမျိုးခွဲခြားထားပါတယ်။ အဲဒီ ထဲမှာ ဒုက္ခ ဒုက္ခ-လို့ခေါ်တဲ့ အခံရခက်တဲ့ အကြမ်းစားဒုက္ခနဲ့ ဖေါက်ပြန်ပျက်စီးမှုကြောင့် ခံစားရခက်တဲ့ ၀ိပရိ ဏာမဒုက္ခကတော့ အလွန်အသိရခက်ပါတယ်။ ရုပ်-နာမ် ဓမ္မသင်္ခါရနယ်ပယ်ထဲကို နက်နက်နဲနဲ ရောက်ဖူးတဲ့ သူတွေမှ သိမိ ရိပ်မိနိုင်တဲ့ ပရမတ်ဒုက္ခမျိုးပါ။

ပညတ်ဒုက္ခတွေကို သိရုံနဲ့တော့ အရိယာနယ်ပယ်ထဲကို တိုက်ရိုက်မရောက်နိုင်ပါဘူး။ ဒါပေမယ့် ပညတ်ဒုက္ခတွေကို လေးလေးနက်နက် ဆင်ခြင်မိရင်တော့ ဘ၀ကို ထိတ်လန့်ကြောက်ရွံတဲ့ သံဝေဂဥာဏ် ဖြစ်ပေါ်နိုင်တာမို့ ပညတ်ဒုက္ခတွေကို သိရတာလည်း ကျေးဇူးများပါတယ်။ ပရမတ်ဒုက္ခ(သင်္ခါရဒုက္ခ)ကို မြင်ရင်တော့ ဘ၀ကိုငြီးငွေ့ရွံမုန်းတဲ့ နိဗ္ဗိဒါဥာဏ်ကို ဖြစ်ပေါ်စေပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တာမို့ အလွန် ကျေးဇူးကြီးပါတယ်။

ဒါကြောင့် “ဒုက္ခကိုသိရမယ်လို့” ဆိုရာမှာ သင်္ခါရဒုက္ခကို သိမှပဲ ဒုက္ခကို သိတယ်လို့ဆိုနိုင် ပါတယ်။ သင်္ခါရဒုက္ခကို သိမှသာ ဒုက္ခသစ္စာကိုလည်း မျက်မှောက်ပြုရာရောက်ပါတယ်။

ဒီအကြောင်းနဲ့စပ်ပြီး ဓမ္မပုံပြင်ကလေးတစ်ခုကို ပြောပြချင်ပါတယ်။

ဒုက္ခတွေ့ချင်တဲ့ မျောက်

တစ်ခါတုန်းက ရွာတစ်ရွာရဲ့ အရှေ့ဘက် ခပ်လှမ်းလှမ်းမှာ အင်မတန်သာယာလှပတဲ့ တောအုပ်တစ်ခုရှိပါတယ်။ သစ်ပင်တောတောင်တွေက စိမ်းစိမ်းစိုစိုမို့ ကျေးငှက်သာရကာ တွေလည်း အလွန်ပေါပါတယ်။ တောအုပ်ရဲ့ အလယ်မှာရှိတဲ့ စမ်းချောင်းကလေးရဲ့ စီးဆင်း နေသံက သာယာသလို ရေသောက်ဆင်းလာတဲ့ သမင်တွေရဲ့ မြင်ကွင်းကလည်း အလွန် လှတယ်။

အဲဒီတောအုပ်ထဲမှာ တောရဆောက်တည်နေတဲ့ ဆရာတော်ကြီးတစ်ပါးနဲ့ ကပ္ပိယအဖိုးကြီး ဦးရွှေရိုး ဆိုတာလည်းရှိသတဲ့။ ဆရာတော်ကြီးက သတိပဋ္ဌာန် ၀ိပဿနာကို ကြိုးစားရှုမှတ်နေ တာမို့ ကြုံတွေ့လာသမျှ အာရုံတွေရဲ့ ဖြစ်ခြင်းပျက်ခြင်း သင်္ခါရဒုက္ခကို ရှင်းရှင်းကြီး သိမြင်နေတာ ပေါ့။ ဒါကြောင့်မို့ ဆရာတော်ကြီးဟာ သင်္ခါရတရားတွေအပေါ်မှာ ငြီးငွေ့နေပြီး မြင်ရင်လည်း “ဒုက္ခ၊ ဒုက္ခ”နဲ့ ညည်းညူးတော်မူသတဲ့ ကပ္ပိယကြီး ဦးရွှေရိုးကတော့ တရားသဘောကို မသိသေး တာမို့ “ဆရာတော်ကြီးကလည်း သူ့မှာ ဘာဒုက္ခမျှမရှိဘဲ အမြဲတမ်း(ဒုက္ခ၊ ဒုက္ခ)နဲ့ ဘာလို့များ ညည်းညူနေပါလိမ့်”လို့ တွေးသတဲ့။

တစ်နေ့တော့ မြို့ပေါ်က ဒကာ ဒကာမတွေဟာ တောရကျောင်း ဆရာတော်ကြီးကို လာရောက်ဖူးမြှော်ရင်း အင်မတန်ကောင်းမွန်တဲ့ ထောပတ် ဆွမ်းနဲ့ ဆွမ်းဟင်းတွေ ဆက်ကပ်ကြတယ်။ အချိုပွဲအတွက်လည်း အသီးအနှံတွေ၊ မုန့်တွေမျိုးစုံနဲ့ ဖွယ်ဖွယ်ရာရာ ဆက်ကပ်ကြတယ်။ ဆရာတော်ကြီးဟာ ဆွမ်းဘုဉ်းမပေးမီ ပစ္စဝေက္ခဏာဆင်ခြင်ပြီးတော့ ထုံးစံအတိုင်း”အင်း… စားရဦးမယ်၊ ဒုက္ခ၊ ဒုက္ခ”လို့ ညည်း ညူတော်မူပါတယ်။ အဲဒီအခါ အနားမှာ ယပ်ခပ်နေတဲ့ ကပ္ပိယကြီးဦးရွှေရိုးက “အင်း… ဒီလိုဒုက္ခမျိုးတော့ ရွှေရိုးတို့က တွေ့ချင်စမ်း သဗျ”လို့ စိတ်ကူးနဲ့ ပြောသတဲ့။

ဆရာတော်ကြီးက ဆွမ်းဘုဉ်းပေးလို့ ပြီးတဲ့အခါ ဆွမ်းကျန်တွေကို ကပ္ပိယကြီး ဦးရွှေရိုးကို စွန့်ပါတယ်။ ဦးရွှေရိုးကလည်း ဆွမ်းမစားခင် ဆရာတော်ကြီးကို အတုလိုက်ပြီး “အင်း… စားရဦးမယ်၊ ဒုက္ခ ၊ ဒုက္ခ”လို့ ညည်းညူဟန်ပြုပါတယ်။ စားရင်လည်း “အင်း… ဒီဒုက္ခကတော့ တယ်ကောင်းဗျ”လို့ ထပ်ဆင့်ပြောလိုက်ပါသေးတယ်။

ဦးရွှေရိုးနေတဲ့တောရကျောင်းနဲ့ မလှမ်းမကမ်းမှာ နီတိုးလို့ခေါ်တဲ့ မျောက်ကြီးတစ်ကောင် လည်း ရှိသေးသတဲ့။ အဲဒီနီတိုးဟာ တစ်နေ့တော့ လူသွားလမ်းမမှာရှိတဲ့ ညောင်ပင်ကြီးတစ်ပင် မှာ တက်ပြီးအိပ်နေသတဲ့။ အဲဒီအခါ ညောင်ပင်ကြီးရဲ့ အောက်ကို အရိပ်ဝင်ခိုကြတဲ့ ခရီးသွားတွေဟာ မသွား မဖြစ်လို့ ခရီးသွားကြရပေမယ့် မော်ပန်း နွမ်းနယ်ကြတာမို့ “ဒုက္ခ ဒုက္ခ”လို့ ညည်းညူသံကို မျောက်ကြီးနီးတိုးက ကြားရတယ်။

မကြာခဏဆိုသလို ခရီးသွားတွေရဲ့ “ဒုက္ခ ဒုက္ခ”လို့ ညည်းညူမြည်တမ်းသံကို ထပ်ခါတလဲလဲ ကြားရတဲ့အခါ မျောက်ကြီးနီတိုးက “ဒီညောင်ပင်အောက်ကိုဝင်နားတဲ့ ခရီးသွားတွေ အများဆုံး ပြောတဲ့ စကားက “ဒုက္ခ”ဆိုတာပဲ။ ဒီ “ဒုက္ခ” ဆိုတဲ့ စကားဟာ အင်မတန်အရေးကြီးပုံရတယ်။  အကြောင်းသိအောင် ငါစုံစမ်းမယ်”လို့ တွေးသတဲ့။

တစ်နေ့တော့ လူတစ်ယောက်က ညောင်ပင်အောက်ရောက်လာပြီး ခေတ္တခဏ အပန်းဖြေတုံး “သြော် ဒုက္ခ ဒုက္ခ”လို့ ညည်းတွားလိုက်တယ်။ အဲဒီအခါ မျောက်ကြီးနီတိုးက သစ်ပင်ပေါ်က ဆင်းလာပြီး “မိတ်ဆွေ၊ ဒုက္ခဆိုတာ ဘာကိုခေါ်သလဲ၊ ဒုက္ခရှိရင် ကျွန်ုပ်ကိုပေး စမ်းပါ”လို့ တောင်းတယ်။ အဲဒီအခါ ခရီးသွားက “ဒုက္ခဆိုတာ မကောင်းဘူး။ မလိုချင်ပါနဲ့” လို့ ပြောတယ်။ မျောက်ကြီးနီတိုးက မကျေနပ်ဘူး မရ ရအောင်တောင်းတယ်။ ဒါနဲ့ခရီးသည်လူငယ် က’မျောက်ကြီး ဒုက္ခအကြောင်း ကောင်းကောင်းသိချင်ရင် တောရကျောင်း ဆရာတော်ကြီး ထံ မှာ သွားမေး”လို့် ပြောလိုက်တယ်။

ဒါနဲ့ မျောက်ကြီးလည်း တောရကျောင်းကိုသွားတယ်၊ တောရကျောင်း ရောက်တဲ့အခါ ဆရာတော်ကြီးက  ခရီးထွက်နေလို့ ကပ္ပိယကြိး ဦးရွှေရိုးနဲ့ပဲ တွေ့တယ်။ ကပ္ပိယကြီးက “မိတ် ဆွေကြီး ဘာကိစ္စရှိလို လာပါသလဲ”လို့ မေးတဲ့အခါ “ဒုက္ခဆိုတာ ဘာလဲသိချင်လို့ ကျောင်းကို လာခဲ့တာပါ။ ဆရာတော်ကြီး မရှိရင် ကပ္ပိယကြီးပဲ ကျွန်ုပ်ကို ဒုက္ခပေးစမ်းပါ”လို့ ပြောတယ်။

ကပ္ပိယကြီးက “ဒုက္ခဆိုတာ မကောင်းဘူး။ မလိုချင်နဲ့”လို့ ပြောပေမယ့် မရဘဲ မျောက်ကြီးက အကြိမ်ကြိမ် တောင်းဆိုနေတာမို့ “ဒါဖြင့် ကောင်းပြီး၊ မနက်ဖြန် ကျောင်းကိုလာခဲ့ပါ၊ အဲဒီအခါ ဒုက္ခပေးပါမယ့်”လို့ ပြောလိုက်ရသတဲ့။

ဒါနဲ့ ကပ္ပိယကြီးလည်း မျောက်ကြီးပြန်သွားတဲ့အခါ ဂုန်နီအိတ်ထူထူထဲမှာ တောခွေးတစ် ကောင်းကို ဖမ်းပြီးထည့်ကာ ကြိုးနဲ့ချည်တုပ်ပြီး ကျောင်းအောက်ချထားလိုက်တယ်၊ မနက်မိုး လင်းတဲ့အခါ ဒုက္ခလိုချင်တဲ့ မျောက်ကြီးဟာ တောရကျောင်းကို အစောကြီးရောက်လာပြီး” ကပ္ပိယကြီးဘယ်မှာလဲ ဒုက္ခ၊ ကျွန်ုပ်ကို ပေးပါ”လို့ တောင်းတယ်။

အဲဒီအခါ ကပ္ပိယကြီး ဦးရွှေရိုးက ကျောင်းအောက်မှာရျိတဲ့ ဂုန်နီအိတ်ကြီးကို မယူလာပြီး “အဆွေမျောက်ကြီး၊ ဟောဒီမှာ သင်လိုချင်နေတဲ့ ဒုက္ခထုပ်ပဲ။ ဒါကို သင့်ထံပေးလိုက်ပါတယ်။ ဒါပေမယ့် ဒီဒုက္ခထုပ်ကြီးကို အခုချက်ချင်းဖြေ မကြည့်ဘဲ သစ်ပင်တစ်ပင်မျှ မရှိတဲ့ လွင်ပြင်ထဲ ရောက်မှ ဖွင့်ကြည့်ရမယ်၊ အဲဒီအခါ မင်းတွေ့ချင်တဲ့ ဒုက္ခကို တွေ့ရပြီသာမှတ်ပေတော့”လို့ ဆိုပြီး  မျောက်ကြီးကို ပေးလိုက်ပါတယ်။

မျောက်ကြီးနီတိုးဟာ “ဒုက္ခတော့ တွေ့ရတော့မယ်”ဆိုပြီး ၀မ်းသာအားရ အထုပ်ကြီးကို ထမ်းကာ တောအုပ်ထဲကနေ လွင်ပြင်ဘက်ကို ထွက်လာ ခဲ့တယ်၊ ကပ္ပိယကြီးမှာလိုက်တဲ့ အတိုင်း သစ်ပင်တစ်ပင်မျှမရှိတဲ့လွင်ပြင်အလယ်ရောက်မှ အထုပ်ကိုဖွင့်ကြည့်တယ်။ အဲဒီအခါ ညနေကတည်းက ဘာမျှမစားရဘဲ အိတ်ထဲမှာထည့်ထုပ်ထားလို့ စိတ်ဆိုးနေတဲ့ တောခွေးဟာ မျောက်ကြီးကို ဒေါသတကြီး လိုက်ကိုက်တော့တာပဲ။ မျောက်ကြီးနီတိုးလည်း သစ်ပင်မရှိတဲ့ လွင်ပြင်ထဲမှာမို့ သေးပြေးရှင်ပြေး တောစပ်ရောက်အောင်ပြေးကာ သစ်ပင်တစ်ပင်ပေါ်တက်နေ လိုက်ရတယ်။

သစ်ပင်ပေါ်ရောက်မှ မျောက်ကြီးနီတိုးလည်း သက်ပြင်းချကာ “အမလေး၊ မောက်လိုက်တာ၊ ဒုက္ခဆိုတဲ့ အကောင်ဟာ မျက်လုံးပြူးပြူး အစွယ်ငေါငေါနဲ့ တကယ်ဆိုးတယ်၊ ဒုက္ခဆိုရင် ကြောက်ပါပြီဗျ”လို့ ညည်းညူလိုက်သတဲ့။

ဒီပုံပြင်လေးဟာ ဒုက္ခရဲ့ အနက်အဓိပ္ပါယ်ကို ကောက်ချက်ချရာမှာ ကွဲလွဲနိုင်ပုံကို ဖော်ပြပေးတာပါ။ တောရကျောင်းဆရာတော်ကြီး သိမြင်တဲ့ ဒုက္ခအဆင့်အတန်းကို ကပ္ပိယကြီး က မသိပါဘူး။ ကပ္ပိယကြီးသိတဲ့ ဒုက္ခအဆင့်ကိုလည်း မျောက်ကြီးက လိုက်မမီပါဘူး။ ပုံပြင်ထဲ မှာမှ မဟုတ်ပါဘူး။ တကယ့် လောကထဲမှာလည်း ဒုက္ခရဲ့အနက် အဓိပ္ပါယ်ကို ကိုယ့်အထွာနဲ့ ကိုယ် သိနေကြတာပါပဲ။

တကယ်တော့ ဒုက္ခဆိုတာ ပုံပြင်ထဲက မျောက်ကြီးပြောသလို ‘ကြောက်စရာ’မဟုတ်ပါ၊ ‘သိချင်စရာ’ပါ၊ သစ္စာလေးပါးကို ဟောကြားတော်မူတဲ့နေရာမှာ ဗုဒ္ဓမြတ်စွာက ဒုက္ခသစ္စာကို “ပယ်ဖို့မလို၊ သိဖို့သာ လိုတယ်”လို့ ညွှန်ကြားတော်မူခဲ့ပါတယ်။

ဒါကြောင့် ဒုက္ခကို ကိုယ့်စိတ်ထဲဝင်ခွင့်မရအောင် ပိတ်ဆို့ထားဖို့ မကြိုးစားကြပါနဲ့။ ၀င်ခွင့်ပြု လိုက်ပါ။ ဒုက္ခကို နှလုံးသားထဲဖြတ်သန်းခွင့်ပြုမှ အတွေ့အကြုံအရ သူ့အကြောင်း ကောင်းကောင်း နားလည်မှာပါ။ သူ့အကြောင်း ကောင်းကောင်း သိခွင့်ရလိုက်တာဟာ ကိုယ့်အတွက် တကယ့်မင်္ဂလာပါ။

ဒုက္ခဆိုတာ(လောက)ပညတ်အနေနဲ့သာ ကြောက်စရာကောင်းနေတာပါ။ (ဓမ္မ) ပရမတ် အနေနဲ့ဆို သိပ်ချစ်စရာကောင်းပါတယ်။

တော်ဝင်နွယ်

အပ္ပမာဒဓမ္မရသမဂ္ဂဇင်း၊ ၂၀၀၂ခုနှစ်၊မတ်လ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...