စစ်မှန်သော နိုင်ငံရေးပြောင်းလဲမှုများ ဖြစ်ထွန်းလာပါက နိုင်ငံတကာမှ လှိုက်လှဲစွာတုံ့ပြန်မည်ဖြစ်ကြောင်း Mitchell ပြောကြား
by General Knowledge on Friday, November 18, 2011 at 12:34pm
Thursday, 17 November 2011 23:26
မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်အဖြစ် သုံးရက်ကြာလာရောက် လည်ပတ်ခဲ့သော အရင်အစိုးရအဖွဲ့ဝင် ၀န်ကြီး ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန ၀န်ကြီး အန်ဒြူးမစ်ချယ်(လ်)က မြန်မာနိုင်ငံသည် စစ်မှန်သည့် နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုများ ဖြစ်ထွန်းလာပါက ဗြိတိန် အပါအ၀င် ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက လှိုက်လှဲရက်ရောစွာ တုံ့ပြန်သွားမည် ဖြစ်ကြောင်း မင်္ဂလာဒုံ ထောက်ကြန့် ဓနသဟာယ စစ်သင်္ချိုင်းတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မစ္စတာ အန်ဒြူးမစ်ချယ်လ်က ယခုခရီးစဉ်သည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း လွန်ခဲ့သည့် (၄) နှစ်ခွဲက ရောက်ရှိခဲ့စဉ်ကထက် သိသာထင်ရှားစွာ ပြောင်းလဲနေပြီ ဖြစ်ကြောင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် အခွင့်အရေးကောင်းများ ရှိနေသည့် အချိန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြောင်းလဲမှုများကို ကြိုဆိုသော်လည်း တိုးတက်ပြောင်းလဲမှုများ ထပ်မံဖြစ်ထွန်းရန် အရေးကြီး လိုအပ်နေကြောင်း အန်ဒြူးမစ်ချယ်လ် က ပြောကြားခဲ့ပြီး နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် တောင်းဆိုလိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်မှု ရှိစေရန် အရေးကြီးကြောင်း မြန်မာနိုင်ငံ နယ်စပ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများ နိဂုံးချုပ်ရေးအတွက် အမြန်ဆုံး ဆောင်ရွက်စေလိုကြောင်း လူ့အခွင့်အရေးနှင့် ဥပဒေဖြင့် အုပ်ချုပ်မှု တို့ကို လေးစားစေလိုကြောင်း အန်ဒြူးမစ်ချယ်လ်က ပြောကြားခဲ့သည်။
ထို ကိစ္စများသည် ဗြိတိန်နှင့် မြန်မာနိုင်ငံကြား ဆက်ဆံရေးအတွက် အခြေခံကျသော အပြောင်းအလဲ ဖြစ်စေရန် လမ်းပွင့်လာစေမည်
ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ မစ္စတာမစ်ချယ်လ်က မြန်မာနိုင်ငံတွင် အကျဉ်းသားများ မကြာသေးခင်က လွှတ်ပေးခဲ့မှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကြား တွေ့ဆုံဆွေးနွေးမှုတို့ ရှိခဲ့သဖြင့် ပြုပြင်ပြောင်းလဲမှုများ ရှိနေသည် ဆိုသည်မှာ သေချာကြောင်း၊ သို့သော်လည်း တိုင်းရင်းသားလူမျိုးစု ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး မြန်မာနိုင်ငံ အနာဂတ်အတွက် အဓိကကျသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် မလာသေးကြောင်း ဘီဘီစီရေဒီယို အစီအစဉ်နှင့် တွေ့ဆုံရာတွင် ပြောကြား ခဲ့သည်။
ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံကို နိုင်ငံတကာဖွံ့ဖြိုးရေး အကူအညီ အများဆုံး ကူညီနေသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ အပေါ်ကူညီမှုကို သိသိသာသာ တိုးမြှင့်သွားမည် ဖြစ်ကြောင်း ယခုနှစ် မတ်လက ကြေညာခဲ့သည်။
အဆိုပါ ကတိက၀တ်တို့၏ အစိတ်အပိုင်းအဖြစ် လာမည့် သုံးနှစ်အတွင်း မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာသန်း ၃၀၀၊ ပေါင် ၁၈၅ သန်း ကူညီမည်ဟု ကတိပြုထားသည်။ အဆိုပါ ကူညီမှုများကို ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ ရပ်ရွာအုပ်စုများမှ တစ်ဆင့် ပေးအပ်သွားမည် ဖြစ်ကြောင်း အန်ဒြူးမစ်ချယ်လ် ၏ ခရီးစဉ် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
0 comments:
Post a Comment