Wednesday, November 16, 2011

နှစ်လေးဆယ်ကျော်အတွင်း ဆင်ဆာမူဝါဒ ပြင်ဆင်ရန် အကြံပြု Film censorship workshop held in Yangon

by Yangon PressInternational on Thursday, November 17, 2011 at 2:00pm
ရန်ကုန်၊ နိုဝင်ဘာ ၁၇၊ ၂၀၁၁ (YPI)

“နှစ်ပေါင်းလေးဆယ်ကျော်အတွင်း တာဝန်ရှိသူများအနေနဲ့  ရုပ်ရှင်လောကသားများရဲ့ အသံကိုနားထောင်ဖို့ ကြိုးစားတဲ့ပထမဆုံးပြယုဂ်”လို့ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းက ရည်ညွှန်းသည့် ဆင်ဆာမူဝါဒများဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌  ယမန်နေ့က ကျင်းပသည်။

ယခု ဆွေးနွေးပွဲသို့  ပြေတီဦး၊ နေတိုး၊ လူမင်း၊ ခန့်စည်သူ၊ မြင့်မြတ် အစရှိတဲ့ နိုင်ငံကျော်လူငယ် ရုပ်ရှင်သရုပ်ဆောင်များ နှင့်အတူ မကြာသေးခင်က အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံကျော် လူရွှင်တော် ဇာဂနာ (ခေါ်) ဒါရိုက်တာမောင်သူရ နှင့် ဒါရိုက်တာမောင်မျိုးမင်း၊ ၀ိုင်း၊ မိုက်တီး၊ မီးပွါး၊ ကြည်ဖြူသျှင်တို့ပါ စုံညီစွာ တက်ရောက်ကြသည်။


ရုပ်ရှင်အနုပညာရှင်များကိုယ်စား သရုပ်ဆောင်ဇင်ဝိုင်းက ဆင်ဆာမူဝါဒနှင့် ပတ်သက်သည့် အကြံပြု စာတမ်းငယ်တစ်စောင် တင်သွင်းရာတွင် ယခင် စစ်အစိုးရလက်ထက်၌ အနုပညာ၊ ရုပ်ရှင် နယ်ပယ်က မဟုတ်သည့် စစ်တပ်မှ အရာရှိများ၊ ဋ္ဌာနဆိုင်ရာ ၀န်ထမ်းများကို ဆင်ဆာဘုတ် အဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်းခဲ့ခြင်းကြောင့် ဆင်ဆာမူဝါဒများ များပြား တင်းကြပ်လာပြီး မှားယွင်းဆုံးဖြတ်မှု များစွာရှိခဲ့ကြောင်း  ဆင်ဆာအဖွဲ့ဝင်များက မိမိတာဝန် မဖြစ်ရေးအတွက် “သံသယ၀င်ရင်ဖြတ်” မူဝါဒကို ကျင့်သုံးခဲ့ခြင်းနှင့် အမြစ်တွယ်နေသည့် လာဘ်ပေး လာဘ်ယူ အကျင့်ဆိုးကြီးကြောင့်လည်း “တပြေးညီ ဆင်ဆာမူဝါဒကိုလည်း ကျင့်သုံးနိုင်ခဲ့ခြင်း မရှိပါဘူး” ဟု ပွင့်လင်းစွာ ဝေဘန်ထောက်ပြခဲ့သည်။

အချို့ဆင်ဆာအဖွဲ့ဝင်များသည် ၎င်းတို့၏ မိသားစုဝင်များကိုပါ ကြည့်ခိုင်းပြီး မိသားစုဝင်များ၏ ပြောစကားအတိုင်း ဖြတ်တောက်ခိုင်းသည် အထိ တာဝန်မဲ့မှုများ ဖြစ်ပွားခဲ့ခြင်းကိုလည်း ထောက်ပြခဲ့သည်။


“ဆိုက်ကားသမား မိန်းမမီးဖွားတဲ့ကိစ္စကို အမျိုးသမီးဆေးရုံမှာ ရိုက်ခွင့်မရတာမျိုး” ကိုဥပမာပေးပြီး
“ဆင်းရဲတဲ့ပြကွက်တွေ အကုန်ပိတ်ပါဆိုတော့ ကျွန်တော်တို့တိုင်းပြည်က ချမ်းသာနေပြီလား” ဟု လေထဲမှ စည်းကမ်းချက်များနှင့် ပတ်သက်၍လည်း သရုပ်ဆောင် ဇင်ဝိုင်းက မေးခွန်းထုတ်လိုက်သည်။

တင်းကြပ်သည့် ဆင်ဆာ မူဝါဒသည် မြန်မာရုပ်ရှင်လောက အရည်အသွေးကျဆင်းရခြင်း၏ အကြောင်း တချက်ဖြစ်သကဲ့သို့ လက်ရှိ ထုတ်လုပ်နေသည့် ရုပ်ရှင်ဇတ်ကားများမှာလည်း အပေါစား ဟာသ ဇတ်ကားများသာ လွှမ်းမိုးလျှက်ရှိသည်ဟု ရုပ်ရှင်လောကသား တချို့က ဝေဘန်ထောက်ပြကြသည်။

ရုပ်ရှင်နဲ့ဗီဒီယိုဇတ်လမ်းများ စိစစ်ရာမှာ  များပြားလှသည့် စည်းကမ်းချက်များဖြင့် ချည်တုတ်ထားသော်လည်း နိုင်ငံပိုင် ရုပ်မြင်သံကြား၊ မြ၀တီ နဲ့ MRTV-4, 5-Movie, Sky Net စသည့် အခပေးရုပ်သံလိုင်းများကိုမူ လွတ်လွတ်လပ်လပ် ပြချင်သလို ပြသခွင့်တွေပေးထားသည့် ဆင်ဆာမူဝါဒ မညီမျှခြင်းကိုလည်း  တက်ရောက် လာသူများက ဝေဘန်ကြသည်။

ယင်းရုပ်သံလိုင်းများတွင် ပြသလျှက်ရှိသည့် ဇတ်လမ်းတွဲများတွင် အရက်သောက်ခြင်း၊ လူမှုရေး ဖောက်ပြန်ခြင်း ၊ ရက်စက်စွာ သတ်ဖြတ်ခြင်းနှင့် ဥပဒေ လက်တလုံးခြား လုပ်ဆောင်ခြင်းတို့မှာမူ လွတ်လပ်စွာ ပြသခွင့်ရနေသည်ဟု ထောက်ပြကြသည်။

ယင်း ဆွေးနွေးပွဲတွင် အဓိကထား ဆွေးနွေးကြသည့် အချက်များမှာ ဆင်ဆာမူဝါဒ လျော့ပေါ့ရေး၊ ဆင်ဆာဘုတ် အဖွဲ့ ပြင်ဆင်ဖွဲ့စည်းရေး၊ တပြေးညီ ဆင်ဆာမူဝါဒကျင့်သုံးရေး တို့ဖြစ်ပြီး ယခုစာတမ်းကို ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းထံ တင်ပြပေးမည်ဟုပြောသည်။


သရုပ်ဆောင် ဒါရိုက်တာ လူမင်းက “ကျွန်တော်တို့လောကနဲ့ပတ်သက်တဲ့မူတွေ ဥပဒေတွေ လွှတ်တော်မှာ ရေးသား အတည်ပြုတော့မယ်ဆိုရင် ကျွန်တော်တို့လောကသားတွေ အရင်သိသင့်ပါတယ်” ဟု
သူ့အမြင်ကို ပြောဆိုသွားသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...