Sunday, November 13, 2011

နိုင်ငံတကာထိတွေ့ဆက်ဆံမှု ‘စိပ်’ လာခြင်းနှင့် မြန်မာ Change တို့ ဆုံမှတ်ပေါ်တွင်


မင်းတင်

စတင်သတိထားမိလာသည်က အောက်တိုဘာ လဆန်းပိုင်းတွင်ဖြစ်သည်။ သေချာစိတ်ဝင်စားခြင်းကို ဆိုလို ပါသည်။ လေ့လာကြည့်တော့သုံးလခန့် ရှိနေပြီဟု တွက်ချက်ရလိုက်၏။
          သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေး နိုင်ငံတော်သမ္မတပြောခဲ့စ ကာလတွင် စိတ်ထဲ ဘာရယ်မဟုတ်ခဲ့လှသေး။ တကယ်လုပ်ပြလာနိုင်လျှင်ကောင်းမည် ဝိုးတဝါးဒီမိုကရေစီကို မိခင်နိုင်ငံမှာ စစ်စစ်မှန်မှန်လင်းလက်တောက်ပစေချင်သည်။ ပြည်သူတွေလူမှုဘဝကောင်းများကိုယ်စီ ပိုင်ဆိုင်စေ ချင်သည်။ အရိုးစွဲနှင့်ပြီးသား ဆန္ဒဖြင့်သာတွေးယူစောင့်ကြည့်နေဖြစ်ခဲ့သည်။ လုပ်စရာရှိတာလေးတွေလုပ်ရင်း၊ စာရေးခြင်း ဖြင့်သာ ခပ်အေးအေး နေနေဖြစ်၍ စာလည်းပိုဖတ်ရင်း အခြေအနေများကို ပိုမိုမြင်တွေ့လာရသည်။ လူမှုဘဝ ကောင်းများဖြင့် လူ့အဖွဲ့အစည်း (Fit Society) နှင့် လွတ်လပ်ပွင့်လင်းခေတ်မီခြင်း (Liberalization and  Modernization) တို့တည်ရှိလန်းပွင့်ရာ ဒီမိုကရက် တစ် နိုင်ငံတော်အဖြစ်သို့ ကူးပြောင်းရေးဟု အမည်ပေးကြသောကာလ အစိတ်အပိုင်းတချို့ကို ဖြတ်သန်း လာခဲ့ရသည်။
          Change အပြောင်းအလဲဟူသော အသုံးအနှုန်းမှာ ကမ္ဘာဒီမိုကရေစီထိပ်သီးကြီးများဖြစ်ကြသော အမေရိကန်ပြည်ထောင်စု၊ အိန္တိယတို့လို နိုင်ငံများ၌ပင်ကြားနေ၊ မြင်သိနေခဲ့ရပြီး ယခုလည်းပြောဆဲ နောင်လည်းထွက်ပေါ်အုံးမည်ပဲဖြစ်သည်။ စာရေးသူတို့ နိုင်ငံလို ဒီမိုကရေစီ ခပ်လှမ်းလှမ်းမှာကြည့်ခဲ့ရချိန်များခဲ့ လှသော တိုင်းပြည်အတွက်တော့ အင်မတန် နက်နဲသိမ်မွေ့သော အဓိပ္ပါယ်များစွာ သင့်ရောက်နေစေပါသည်။

          အစကို ပြန်ကောက်ပါမည်။
          ယခုလပိုင်းများအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံတကာမှအဆင့်မြင့် အစိုးရအဖွဲ့ဝင်များ၊ သြဇာကြီးသလို တာဝန်ရှိသော ပုဂ္ဂိုလ်များ၊  ကိုယ်စလှယ်များစသည်တို့ ခပ်စိပ်စိပ်လာရောက်နေကြသည်။ နိုင်ငံတကာဆက်ဆံ ရေးနယ်ပယ်မှကြည့်လျှင် ထိတွေ့ဆက်ဆံမှု (Engagement) ပိုများလာသည်ဟု ဆို၍ရနိုင်သည်။  နိုင်ငံတကာ ဆက်ဆံရေးအရ၊ သံခင်းတမန်ခင်းအရ၊  သွားလာနေကြဆိုသော ထုံးတမ်းထက် အနည်းငယ်မကျ ပိုကျော်လာ ကြောင်းသတိထားမိလာခြင်းဖြစ်ပါသည်။ နိုင်ငံများအနေဖြင့် ယူအက်စ်၊ နော်ဝေ၊ သြစတြေလျ၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ တို့မှဖြစ်ပြီး ကုလသမ္မဂ Body များမှအပြင် အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်၊ ဒုတိယအတွင်းရေးမှူးချုပ်အထိလာရောက်ကြခြင်းဖြစ်သည်။ယခုဆောင်းပါးရေးချိန်၌ပင်မစ္စတာ ဗီဂျေနမ် ဘီးယား ရောက်နေသည်။ နော်ဝေးနိုင်ငံပတ်ဝန်းကျင်နှင့် အပြည်ပြည်ဆိုင်ရာဝန်ကြီးမစ္စတာ အီးရစ်ဆိုးလ်ဟိမ်း ရောက်နေသည်။ အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအထူးကိုယ်စလှယ် မစ္စတာဒဲရစ်မစ်ချယ်ထပ်ရောက် နေသည်။  အောက်တိုဘာလကုန်ပိုင်းကပဲ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး လာရောက်သွားသည်။ အာဆီယံကိုယ်စားပြုသော ခရီးစဉ်ဖြစ်ခဲ့၏။ ထိုင်းဝန်ကြီးချုပ် မစ္စယင်းလပ်စ် ကတော့ ပုံမှန်ဒေသတွင်း ခရီးစဉ်အဖြစ်လာရောက်သွားခဲ့သည်။

          တိုက်ဆိုင်မှုပဲလားမှတ်မှတ်သားသားဖြစ်ရသည်ကတော့ နော်ဝေး ဒုတိယနိုင်ငံခြားရေးဝန်ကြီး ခရီးစဉ် အတွင်း ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းမှ မကြာမီရက်ပိုင်းအတွင်း အကျဉ်းသားများ လွှတ်ပေးမည်ဟု တရားဝင်ထုတ်ပြောခဲ့ခြင်းဖြစ်သည်။ နောက်တော့ သီတင်းကျွတ်လပြည့်နေ့တွင် အကျဉ်းသား ၆၃၅၉ ဦးပြန် လည် လွတ်မြောက်လာခဲ့၏။  ယုံကြည်ချက်အကျဉ်းသားရာခိုင်နှုန်းနည်းပါးမှုနှင့် မျှော်နေသည်များမပါသည်တို့ ကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ စတုတ္ထအကြိမ်ဆွေးနွေးတွေ့ဆုံ့ပွဲ အပြီး သတင်းထုတ်ပြန်ချက်ကို စာဖတ်သူများ ကောက်ချက်ဆွဲနိုင်ကြပြီးဖြစ်ပါသည်။ ထူးခြားချက်တစ်ခု ကတော့ နော်ဝေးနှင့်သြစတြေလျမှ ဝန်ကြီးအဆင့်ပုဂ္ဂိုလ်မျိုးမြန်မာနိုင်ငံသို့မလာခဲ့သည်မှာ အနှစ်၂၀ကြာခဲ့ပြီဆို သည့်အချက်ဖြစ်သည်။ နောက်ထူးခြားချက်တစ်ခုမှာ အမေရိကန်ပြည်ထောင်စုမှ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (အိုဘားမားနှင့် ယှဉ်ပြိုင် အရွေးခံခဲ့ဖူးသူ ရီပတ်ဘလီကန် အမတ်)၊ အာရှ ပစိဖိတ်ဆိုင်ရာ  အမေရိကန်လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးမစ္စတာ ကမ်းဘဲလ် တို့၏ ခရီးစဉ်များအပြီးယခင်က မရှိခဲ့ဖူးသော အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စလှယ် တစ်ဦးခန့်အံ့တာဝန်ပေးလိုက်ခြင်းဖြစ်သည်။ မြန်မာ အစိုးရနှင့်ရော မြန်မာနိုင်ငံရေး၌ မပါမဖြစ်ပါဝင်ရမည့် ပုဂ္ဂိုလ်များနှင့်ပါ ထိတွေ့ဆက်ဆံရေးအတွက် မကြာခဏလာရောက်မည်ဟု မစ္စတာမစ်ချယ် ထုတ်ပြော ထားပါ၏။  အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ နာတာလီ ဂါဝါကတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှ နောက်ပြန်ဆုပ်မည်မဟုတ်ဟု ယုံကြည်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါမှုနှင့် ထင်သာမြင်သာ Change များဆက်လုပ်သွားရန်၎င်းတို့အင်ဒိုနီးရှား ဒီမိုကရေစီခရီးလမ်းနှင့် ယှဉ်၍ပြောဆိုသွားပါသည်။ 

အာဆီယံလက်ရှိဥက္ကဌ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးအဖြစ် နှင့်သာမက အာဆီယံတစ်ဖွဲ့လုံးကိုပါ ကိုယ်စားပြုဟန် နောက်ကွယ်အဓိပ္ပါယ်များပါရှိပေလိမ့်မည်။  ၂၀၁၄ခုနစ် အာဆီယံ အလှည့်ကျ ဥက္ကဌနေရာကို မြန်မာနိုင်ငံ ရယူရေးဖြစ်မဖြစ် ကိစ္စအားလာမည့် နိုဝင်ဘာ ၁၄ ရက်နေ့ တွင် စတင်မည့် ဘာလီ ထိပ်သီးညီလာခံ၌ ဆက်လက်ဆွေးနွေးကြပေမည်။ မစ္စတာ အာတာလီဂါဝါ၏ ထူးခြား သော ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် (တွေ့ဆုံပွဲ၌) ပြောခဲ့သော မြန်မာပြည်သူများရော၊ အာဆီယံ အသိုင်းအဝိုင်းကပါ အားလုံးဝမ်းသာရမည့် အဖြေတစ်ရပ်ရနိုင်မည်ဟု မျှော်လင့်ရနိုင်ကောင်းပါသည်။
          ကုလသမ္မဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စလှယ် မစ္စတာကွင်တားနား မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ခွင့် ရရှိလာခဲ့ခြင်းကလည်း အစိုးရသစ်လက်ထက် Change တချို့ထဲမှ ကဏ္ဍတစ်ရပ်ဖြစ် သည်။ ထိုပုဂ္ဂိုလ်၏ အစီရင်ခံစာက ကုလသမ္မဂတွင် မြန်မာပြည်အတွက်အရေးပါလှ၏။ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများစွာဖြစ်စေနိုင်၏။ 

          Sanctions နှင့်ပတ်သက်၍တော့ရှင်းပါသည်။ ကိုယ်ဘက်ကလုပ်စရာရှိတာလုပ်၊ ပိုကောင်းအောင် လုပ် ဒါဆိုသူတို့ဘက်က သူတို့လုပ်သင့်ရာလုပ်ကြလိမ့်မည်ဖြစ်သည်။ အရေးကြီးသည်က မြန်မာပြည်သူ အများစုကြီး ၏ နိစ္စဓူဝ ဘဝများ တစ်ဆင့်ချင်း မြင့်မားလာစေရေးသာဖြစ်၏။
          နိုင်ငံတကာမှ ပုဂ္ဂိုလ်များအလာစိပ် ခပ်သွက်သွက်ရောက်လာကြခြင်း၌ ယခင် အနှစ် ၂၀ကျော် မကြုံတွေ့ခဲ့ဖူးသည့် ကိစ္စတစ်ရပ်ကိုလည်းပြန်လည်ရရှိခဲ့သည်။ ၎င်းတို့ပြန်ခါနီး၌ ပြည်တွင်း၌ပင် သတင်းစာရှင်း လင်းပွဲများပြုလုပ်သွားကြခြင်းဖြစ်ပါ၏။ ယခင်ကဆို ဘန်ကောက်ရောက်မှ၊ စင်္ကာပူရောက်မှ Transit နေရာတွေ ကျမှသာ လုပ်တတ်ခဲ့၏။ ဒါက စာရေးသူတို့လည်းတိုက်ရိုက်သက်ဆိုင်သော မီဒီယာကိစ္စ၊ စတုတ္ထမဏ္ဍိုင်ကိစ္စ ဖြစ်သည်။ သီးခြားထပ်မံရေးစရာတို့ များစွာရှိနေပါသေးသည်။
          အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)မှ ပညာရှင်များလာရောက်ခြင်း၊ မကြာခဏထပ်မံလာ ရောက်မည်ဟုပြောဆိုထားခြင်း၊ နည်းပညာနှင့် လိုအပ်သော တိုင်းတာ တွက်ချက်မှု အကူအညီများပေးမည်ဟု ဂတိပြုထားခြင်းတို့သည်လည်း မြန်မာစီးပွားရေးလောကကိုများစွာ ထောက်အကူပြုနိုင်မည့်ကိစ္စဖြစ်လာဖို့ များပါသည်။ ငွေလဲနှုန်းတစ်ခုတည်းမဟုတ်ပါ။ စစ်တပ်မှ အုပ်ချုပ်ခဲ့သော နိုင်ငံရေးပုံစံနှင့် ဈေးကွက်စီးပွားရေးတို့ သဟဇာတမဖြစ်ခဲ့သောကြောင့် ဗန်းထဲက ဇီးဖြူသီးများသဖွယ်ဖြစ်နေခဲ့ရသော တိုင်းပြည်စီးပွားရေးပြန်လည် ထူတောင်ရာ၌ များစွာအရေးပါသော ထိတွေ့မှုဖြစ်၏။ အစိုးရသစ်၊ လုပ်ငန်းရှင်များနှင့် ပြည်သူများအားလုံး ဘက်ပေါင်းစုံမှ ခပ်သွက်သွက်လျှောက်နိုင်ကြဖို့က အဓိကမောင်းနှင်အားဖြစ်ပါမည်။ အရိုးစွဲ မင်းကြီးကြိုက်၊ ကပ်ပါးကောင်များ ပုံစံအဖြစ်တော့ အန္တိမ ရည်မှန်းချက်ကို ရောက်နိုင်မည်မဟုတ်ပါ။ အသေးစိပ်ကိုင်တွယ် ပြုပြင်လျှောက်လှမ်းသွားကြမည့် ခရီးရှည်ကြီးဖြစ်၏။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးနှင့်စီးပွားရေးမှာ ဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့်ပန်းလို ခွဲမရ၊ တွဲကြရမြဲ၊ အတွဲညီမှု ‘လှ’ တတ်မြဲဓမ္မတာဖြစ်တတ်ပါ၏။

          ၁၉၆၂ ခုနစ်နောက်ပိုင်းလက်ရှိကာလလောက် မြန်မာပြည်သို့ နိုင်ငံတကာ Engagement များ များများစားစား လာရောက်ခြင်းမျိုး (ကာလတိုတစ်ရပ်အတွင်း၌ကို ဆိုလိုပါသည်) မရှိခဲ့ဟုပြော၍ ရနိုင်ကောင်း သည်။ သူတို့ဘက်ကတော့လာနေကြပြီ၊ မိမိတို့ဘက်ကလည်းပြန်၍ ထိတွေ့ဆက်ဆံရ မည်ပင်။ သမာရိုးကျ ထုံးတမ်းအစဉ်အလာပုံစံမျိုးဖြင့်မရတော့။ ဒီ့အတွက်ပြည်တွင်း၌ အပြုသဘော ပြောင်းလဲမှုများ (Constructive Changes) ခပ်သွက်သွက်လုပ်ပြနိုင်ဖို့ကတော့ လိုအပ်ပါသည်။
          အနောက်ကမ္ဘာဒီမိုကရေစီနိုင်ငံများ၏ ထိတွေ့ဆက်ဆံမှုမှာ ၎င်းတို့တစ်နိုင်ငံချင်းစီမှ နိုင်ငံခြားရေးမူဝါဒ ပေါ်လည်းများစွာမူတည်တတ်လေ့ရှိသည်။ အမေရိကန်တို့က အများသောအားဖြင့် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးကို အခြေခံပြီး (ဒီအချက်ကတော့ မည်သည့် ဒီမိုကရေစီနိုင်ငံမဆို ကျင့်သုံးကိုင်စွဲကြမြဲဖြစ်၏။) အမျိုးသားအကျိုးစီးပွားနှင့် ဝေမျှခံစားရေးတို့ကို ထည့်တွက် ထိတွေ့ဆက်ဆံတတ်ကြလေ့ရှိသည်။ စူပါပါဝါအမြင်ဟု ဆိုလျှင်ရနိုင်ပေမည်။ တရုတ်နှင့် အိန္တိယကြားက မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအရေးပါ မှုကြောင့်လည်း တစ်ချက်ပါဝင်မည်။ နော်ဝေးလို စကင်ဒီနေဗီးယန်းတိုင်းပြည်များ၊ သြစတြေလျတို့ကတော့ ‘လူသားဖွံ့ဖြိုးရေးဆိုင်ရာ အညွှန်းကိန်း’ (HDI Human Development Index ) အမြင့်ဆုံးနိုင်ငံများပီပီ ဒီမိုကရက်တစ်နှုန်း စာများအရ ထည့်သွင်းတွက်ချက် ထိတွေ့ကြမည်ဖြစ်ပါသည်။ ဒါက ယေဘူယျ ခြုံပြောခြင်း သာဖြစ်ပြီး တစ်ကြောင်းတည်းကောက်ချက်ဆွဲပြ၍ မဖြစ်နိုင်။လိမ့်ပတ်လည်အောင် အလျဉ်းသင့်သလို ကြိုးစား ရေးသားတင်ပြသွားဖို့ စိတ်ကူးရှိပါသည်။ ခေါင်းစဉ်တပ်ကိစ္စရပ်တစ်ခု၌ပင် Specialized နှင့် Generalized နှစ်မျိုးရှိသောကြောင့်ဖြစ်၏။ ဂျပန်လို ချမ်းသာပြီးကူညီပေးဖို့ရှာနေတတ်သော Donor နိုင်ငံမျိုးက တော့ နိုင်ငံခြားဖွံ့ဖြိုးရေးအကူအညီ (ODA) များဖြင့် အဆင်သင့်ရှိနေမည်ဖြစ်ပါသည်။ အာဆီယံအနေဖြင့် ကလည်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြောင်းလဲတိုးတတ်မှုကို စွမ်းသရွေ့ အထောက် အကူ ပေးသွားမှာသေချာ၏။ Change တွေ ပိုမြန်၊ ပိုကောင်း၊ ပိုသွက်လာလျှင် ၂၀၁၅ အာဆီယံ လွတ်လပ်သောကုန်သွယ်မှု (AFTA) ကွန်မြူနီတီဖြစ်လာရေးအတွက် များစွာဝမ်းမြောက်ကြ ပေမည်။ မျှော်လင့်ချက်ကြီးကြီးဖြင့် စောင့်ကြည့်နေကြ သည်။

          နိုင်ငံတကာအသိုင်းအဝိုင်းမှ ထိတွေ့ဆက်ဆံမှုများလာ၊ စိပ်လာခြင်းကကောင်းသလား၊ တစ်ခွန်း တည်ဖြေ ၍မရပါ။ မိမိတို့၏ စေတနာ ကံ၊ ဥဏ်၊ ဝိရိယများအပေါ်တွင်သာ မူတည်ပါလိမ့်မည်။ ကိစ္စတစ်ခုတည်း၌ ဤစိတ်မျိုးမွေးရုံနှင့် မဖြစ်နိုင်။ အရေးကြီးသော Change မှန်သမျှ၌ ထားရှိရမည့် အလုပ် မမေ့မလျော့မပေါ့ သော အသိနှင့်သတိယှဉ်နေကြဖို့ ကောင်းသောအပြုသဘောဘက်မှ ဝိုင်းဝန်းကြိုးပမ်းနေကြဖို့သာ အမြဲ လိုအပ်နေသည်ဟု ယူဆ၍ ရနိုင်မည်ဖြစ်ပါသည်။ နိဂုံးကောက်ချက် ဆွဲထုတ်ပြဖို့ကတော့ အချိန်စောနေ လှသေးသည်ဟုသာ ဆိုရပါဦးမည်။

ပြည်သူ့ခေတ်၊ အတွဲ (၂)၊ အမှတ် (၆၈) မှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...