မမြင်ရသည့် တစုံတယောက်
ဆောင်းဝင်လာခဲ့ပြီပဲ.. အပြင်မှာ အုံ့မှိုင်းမှိုင်းနဲ့ အေးစက်နေသည်။ လေတိုက်လိုက်တိုင်း အေးစိမ့်နေသသည်။
ရာသီဥတုကြီးက အေးစက်စက်နဲ့ဘာလုပ်ရမှန်းမသိပါ။ ဒီနိုင်ငံက ဆောင်းတွင်းကြီးကို ကျမမုန်းသည်။ အပြင်ထွက်လျှင် အနွေးထည်တွေအထပ်ထပ်ဝတ်ရတာ စိတ်ညစ်မိသည်။ ဆောင်းဝင်ပြီဆိုတာနဲ့ သိမ်းထားတဲ့ အနွေးထည်တွေကို ပြင်ရထုတ်ရနဲ့ အလုပ်ရှုပ်လှသည်။ အေးစိမ့်နေတဲ့ ဆောင်းတွင်းမှာ ကျောင်းလည်းမသွားချင်ပါ။ မနက်စောစောအလုပ်သွားရတာလည်း မုန်းသည်။ စာလည်းမရေးချင်ပါ။ အိပ်ယာထဲမှာသွားကွေးနေချင်သည်။ အေးလွန်းတော့ မလှုပ်မယှက်နေရင်လည်း ကိုယ်တွေလက်တွေနာချင်သလိုလို ဖြစ်လာသည်။ ပိုဆိုးသည်က ဆောင်းရောက်လျှင် လည်ထောင်အနွေးထည်တွေကို ကျမက မ၀တ်ချင်မ၀တ်တတ်ပါ။ နောက်ပြီး လည်ပင်းအေးတာနဲ့ ကျမ အအေးမိတတ်သည်။ အေးတိုင်းချောင်းဆိုးပြီး ချောင်းဆိုးလျှင် တော်တော်နဲ့မပျောက်တတ်ပါ။ လူကြားထဲမှာ ချောင်းဆိုးတာကို အောင့်ထားရတာ ယားကျိကျိနဲ့ တော်တော်အနေရခက်ပြီး စိတ်ညစ်ရသည်။ သည်နေ့ ချောင်းတဟွတ်ဟွတ်ဆိုးနေတာနဲ့ ဘယ်မှမထွက်ပဲ အိမ်ထဲမှာ နေရင်း ဘာလုပ်ရမှန်း မသိ တခုခုကို သတိရသလိုလို။ ပျင်းတာနဲ့ အင်တာနက်လေးကြည့်လိုက် စာဖတ်လိုက်လုပ်နေမိသည်။
အခန်းထဲမှာ နေရင်း ပျင်းတော့ တခုခုကိုသတိရမိသလိုလို…
ကိုယ့်ဖာသာ အထီးကျန်သလိုလိုခံစားမိသည်။ ဆောင်းဝင်လာတော့ ညနေစောစောဆို အုံးမှိုင်းပြီးမှောင်နေသည်။ ၆နာရီလောက်ဆို မှောင်ပြီလေ။ ဒီအချိန်လောက်ရောက်တော့ ထမင်းဟင်းချက်ဖို့ပြင်ရသည်။ ဟင်းချက်ရန်ပြင်ဆင်ပြီး အိမ်ရှေ့တံခါးကို သွားဖွင့်ထားလိုက်သည်။ ကျမနေတဲ့ အခန်းက ဟင်းချက်သည့်နေရာ မီးဖိုကနေ အတွင်းကို ၀င်သည့်တံခါးမနဲ့တဆက်ထဲရှိနေသည်။ မီးဖိုရှေ့မှာ ပြူတင်းပေါက်ရှိနေပေမယ့် အနံနံမှာစိုးလို့ ကျမက ဆောင်းတွင်းဘယ်လောက်ပင်အေးအေး အမြဲတံခါးမကြီးကို သွားဖွင့်ထားတတ်သည်။
ဟင်းချက်နေတုန်း စိတ်ထဲက တခုခုကို ခံစားမိပြီး နောက်ကို လှည့်ကြည့်မိသည်။ ကျမကို တစုံတယောက်က လှမ်းကြည့်နေသလိုခံစားရသည်။ အဲဒီခံစာချက်က ခုမှမဟုတ် အမြဲလိုလို တယောက်ယောက်က ကျမ တစုံတခုကို လုပ်နေပြီဆိုလျှင် တနေနေရာရာက ရပ်ကြည့်နေသလိုမျိုးခံစားရသည်။ တကယ်ပဲ မမြင်ရသည့်အရာ (တယောက်ယောက်ပေါ့)ကြည့်နေသလိုပါ။ ကျမကြောက်ရမည့်အစား သူ့ကို နားလည်သနားသလိုစိတ်ဖြစ်မိသမြဲပါ။ ကျမညနေ ၇ နာရီလောက် ဟင်းချက်နေရင် တစုံတယောက်က ခပ်လှမ်းလှမ်းကကြည့်နေတာကို သိနေသလိုလို၊ သူ့(ထိုတစုံတခုသောအရာ)ကို သနားသလိုလိုခံစားမိသည်။
ကျမနေသည့် အခန်းက ဘေးကအခန်းလွတ်တွေရှိနေပေမယ့် ဘယ်သူမှရှိမနေပါ။
ယခင်က ကျမတယောက်ထဲမို့ သူငယ်ချင်းတယောက်ကို ခေါ်လာပြတော့ သူက အခန်းက ကောင်းပေမယ့် (စိတ်)မသန့်ဘူးလို့ပြောပြီးမနေပါ။ တခြားသူငယ်ချင်းတွေလာတော့လည်း မကြောက်ဘူးလားတယောက်ထဲနေတာလို့ မေးပါတယ်။ တခါတလေတော့ ခွက်ကနဲတခုခုလွှတ်ချလိုက်တဲ့ အသံမျိုးကြားပေမယ့် ကိုယ့်အာရုံနဲ့ကိုယ် အေးအေးသာနေလို့ ကြားလည်းထွက်ကြည့်မနေမိပါ။ ကျမက မိုးလင်းတော့ ရုံးခန်းသွား ညနေထမင်းပြန်စား တခါတလေ ညမှဟင်းချက် တီဗွီကြည့်ပြီး ကျောင်းမှာ စာတမ်းသွားရေး၊ စာဖတ်လုပ်နေတာ ည ၁၂နာရီကျော်မှပြန်လာတတ်တာမို့ ပြန်လာတော့ အိပ်ချင်နေပြီ ဘာမှမစဉ်းစားမိပါ။ ခုနောက်ပိုင်းတော့ အခန်းမှာ နေပြီးစာရေး စာဖတ်လုပ်နေတာများသည်။ ညနေလောက်ဆို ဟင်းချက်ရေချိုးပြီး ကွန်ပြူတာရှေ့မှာ ထိုင်ကြည့်နေတတ်တော့သည်။ ညဆို ကျမနေသည့် အခန်းပါတ်လည်က တိတ်ဆိတ်နေတတ်သည်။ ပါတ်ဝန်းကျင်ကလည်း တိတ်နေသည်။ အရင်အဆောင်တွေလို မဟုတ်ပါ။
ခုရက်ပိုင်းရာသီဥတုပြောင်းလာပြီး အေးလို့လားမသိ မကြာခနနေမကောင်းသလိုဖြစ်သည်။ ညညဆိုလျှင် သူရဲလိုလိုဘာလိုလိုမျိုး အိမ်မက်ဆိုးတွေမက်တတ်သည်။ ဘုရားကန်တော့ အိပ်ပေမယ့် အိမ်မက်မက်ပြီး မနက်နိုးလာလျှင် မမြင်ရသည့် တယောက်ယောက်က ရှိနေသေး သလိုလို ခံစားမိသည်။
"ဟေး ကျောင်းသူ ကျောင်းသူ"
တံခါးခေါက်သံကြားလို့ ကြည့်လိုက်တော့ အိမ်ရှင်အဖိုးကြီး ပြုံးရင်း ဘာလုပ်နေတာလဲဟုမေးသည်။
"ထမင်းစားမလို့လေ အဖိုးကလည်း သောက်လာပြန်ပြီလား"
"အေး သောက်လာတာ ဒါမှ မြန်မြန်သေမှာလေ ငါတယောက်ထဲအထီးကျန်တယ်ဟယ်"
"ဟာ အဖိုးကလဲလေ မသေဘဲနဲ့ နေထိုင်မကောင်းတော့ ဘယ်လိုလုပ်မလဲ"
အဖိုးကြီး နှုတ်ဆက်ရင်းထွက်သွားတော့ ငေးကြည့်မိသည်။
သူက အသက် ၈၀ရှိပြီ လွန်ခဲ့သည့်တနှစ်ကျော်က (ကျမမရောက်ခင်က) သူ့မိန်းမအဖွားကြီးဆုံးသွားတော့ တယောက်ထဲနေသည်။ သားသမီးတွေက အဝေးမှာ… အထီးကျန်ကြောင်းမကြာခဏ ကျမကိုပြောပြတတ်သည်။ အရက်ကလည်းသောက်တတ်စမြဲ… အရက်သောက်တာ အထီးကျန်လို့ဟုပြောသည်။ ကျမလည်း တယောက်ထဲနေတော့ အခန်းကို အပြင်က အလုပ်က ပြန်လာလျှင် တယောက်ယောက်ရှိမနေလျှင် အထီးကျန်သလိုခံစားရစမြဲပါ။ ကျမက အနားမှာ ရှိသည့် ဘုရားကျောင်းကို မသွားဘူးလားဟု မေးတော့ ဘုရားသခင်ကို မယုံဘူးတဲ့။ သူကပြောသည် ဘုရားကို ယုံလည်းသေရမှာပဲ မယုံလည်း သေရမှာပဲတဲ့… သူက သေရမှာကြောက်သည်။ ကျမက ပြောပြသည် အဖိုး ဘာသာတခုခုကို ယုံမှ ကိုယ့်ကို စောင့်ရှောက်တဲ့ တယောက်ယောက်ရှိနေတော့ စိတ်ညစ် အထီးကျန်တဲ့အခါ ဆုတောင်းတိုင်တည်တော့ စိတ်နွေးထွေးတာပေါ့လို့ ပြောခဲ့ဖူးပါသည်။ တစုံတယောက်က စောင့်ရှောက်တဲ့အခါ ကိုယ့်မှာ နွေးထွေးမူရှိသလို… တယောက်ထဲနေသည့်အခါမှာလည်း ကိုယ်ယုံကြည်ရာ အစောင့်အရှောက် မမြင်နိုင်သည့်အရာကပဲဖြစ်စေ ဘာသာတရားကစောင့်ရှောက်သည်လို့ ယုံလျှင် စိတ်နွေးထွေးစေသည်လို့ ကျမထင်သည်။ ဒါ့အပြင် ပါတ်ဝန်းကျင်တွင် လေကဲ့သို့ မမြင်ရသည့်အရာတွေလည်း ရှိနေတတ်သည်ကို မယုံပေမယ့် ရှိတယ်လို့တော့ ခံစားရတတ်သည်။
ခုလည်း ကျမ ညနေမှောင်ရီဖြိုးဖျတွင် ဟင်းချက်တိုင်း တစုံတယောက်က စောင့်ကြည့်နေသလိုလို။
တရက်က ကျမနဲ့ သူ(မောင်) ညဘက် အပြင်ထွက်လမ်းလျှောက်ရင်း မနက်အတွက် ဈေးဝယ်ရအောင်ဆို ဆူပါမားကတ်အသေးလေးမှာ ကျမက အသားတွေဝယ်လာသည်။ အမှန်က ည ၁၂နာရီလောက်ရှိနေပြီ။ ကြက်သားဘူးတဘူးထဲဆိုတော့ အိပ်မယူပဲ ဒီအတိုင်း အသားစိမ်းဘူးကို ကိုင်ပြီးယူလာသည်။ ကျမတို့နားမှာ ကျောင်းဝန်းကျင်ဆိုတော့ တညလုံးဖွင့်သည့် စတိုးဆိုင်လေးတွေပေါသည်။ ကျောင်းသားတွေကလည်း တညလုံးနီးပါးရှိနေတတ်တော့ ကင်ပါတ်ထမင်းလိပ်ဆိုင်လေးတွေလည်း လာရောင်းတတ်သည်။ ဒါကြောင့် ညဘက် တယောက်ထဲ အပြင်ထွက်လည်း ကျမကမကြောက်ပါ။ ကျမ အိမ်နားကတော့တိတ်ဆိတ်ပြီး မှောင်နေပါသည်။ အိမ်ပေါ်တက်ပြီးကျမ သော့ဖွင့်မလို့အလုပ်မှာ မောင်က တယောက်ယောက်လိုက်လာတဲ့ ခြေသံကြားတယ် အရင်ဝင်နှင့် သွားကြည့်လိုက်မယ်လို့ နောက်ပြန်လှည့်ကြည့်ရင်း ပြောသည်။ ကျမကတော့ မကြားပါ။ ကျမက ဘယ်တော့မှ ဘာကိုမှသိပ်သတိမထားတတ်သာပါ။ အထဲရောက်မှ စိတ်ထဲမလုံမလဲခံစားရသည်။ တယောက်ယောက် အပြင်မှာ ရှိနေသလိုလို။ ကျမနောက်တော့ သတိထားမိသည်… တစုံတယောက်က တခုခုတောင်းစားချင်လို့ဟု ထင်မိရင်း စားစရာဖြစ်ဖြစ် တခုခုသွားချထားရမလားလို့ မောင့်ကို မေးလိုက်သည်။ သူကမလုပ်ပါနဲ့လို့ပဲပြောသည်။ ကျမကြောက်မှာဆိုးလို့ထင်သည်။ ဘာမှမဟုတ်ပါဘူးလို့ပြောသည်။
နောက်ညတွေကျ ကျမတယောက်ထဲ အိမ်မက်ဆိုးတွေမက်မိသည်။
မနက်မိုးလင်းတော့ ဘာမှမဟုတ်ပါဘူးလို့ စိတ်က ဖျောက်ရင်းမေ့သွားသည်။
သို့သော် မမြင်ရသည့် တစုံတယောက်က တခါတလေ ကျမထံလာသလိုလို ခံစားရသည်။
ညနေစောင်းဆို ကျမတယောက်ထဲရှိနေတုန်း သူလာတတ်သလိုလို…
ကျမကို တစုံတယောက်က ရပ်ကြည့်နေပါသည်။ သူ့ကို စကားပြောလို့လည်းမရပါ။ ကြည့်နေတာတော့သိသလိုလို… သူက အထီးကျန်နေသလိုလို သနားသလို ကျမစိတ်ထဲမှာ ခံစားရသည်။ အဖော်လည်း မဟုတ်သော သူ့ကို ကျမဘယ်လို လုပ်ပေးရပါ့မလဲ...
အင်ကြင်း
3: 12 pm
17 Nov. 2011

0 comments:
Post a Comment