ထိရှမိခဲ့သမျှ
လူဗိုလ်
(၁)
၁၉၉၁ လောက်က
ကဗျာဆရာပေါက်စ အားနီဆိုသူနှင့် ညလုံးပေါက် နှစ်ယောက်တည်း စကားဝိုင်းအမှတ်တရ တခု ရှိခဲ့ဖူးတယ်။
အရက်မကူ၊ ဆေးလိပ်မကူ စကားဝိုင်းလေး။ စကားဝိုင်းအကြောင်းအရာက
ကဗျာအကြောင်း၊ စာအကြောင်း၊ သီချင်းအကြောင်းမဟုတ်။ တော်လှန်ရေးအကြောင်း၊ နိုင်ငံရေးအကြောင်း၊
ဘာသာရေး အကြောင်းလည်း မဟုတ်။ လှိုင်းတွေအကြောင်း ဒိုင်ကြောင်စကားဝိုင်းလို့ပြောရင်ရတယ်။
လှိုင်းတွေအကြောင်း ဆိုလို့ တော်ဖလာရဲ့တတိယလှိုင်းနဲ့လည်း
မရောစေချင်။ ကျနော်တို့ဆွေးနွေးဖြစ်တဲ့လှိုင်းက အာရုံလှိုင်း၊ အတွေးလှိုင်း၊ စိတ်ကူးလှိုင်း။
ဒီလိုပါ
လူတစ်ယောက်ဟာ ဘာကိုစိတ်ဝင်စားလဲ၊ ဘယ်လောက်အထိ စိတ်ဝင်စားလဲ ၊ စိတ်ဝင်စားမှုရဲ့ နောက်
ကို ဘယ်လောက်အထိ တကောက်ကောက်လိုက်နိုင်လဲ။ ဒီအပေါ်မှာမူတည်ပြီး၊ လှိုင်းတွေဖြစ်ပေါ်လာနိုင်တာ
ကိုး။
“ဥပမာ
ကိုလူဗိုလ်ရယ် … ကဗျာဆရာတစ်ယောက်ဆိုပါစို့။ သူဘယ်လောက်ကဗျာအပေါ်မှာ စိတ်ဝင်စားနိုင်လဲ၊
ဘယ်လောက်အချိန်ပေးနိုင်လဲ။ ကဗျာကလွဲလို့ကျန်တာတွေကိုဘယ်လောက် ခွာချထားနိုင်မလဲ။ ကဗျာဆိုတာ
နဲ့ ကျန်တာယှဉ်လာရင်
ကဗျာကိုဘယ်လောက် ဦးစားပေးရွေးချယ်နိုင်လဲ။ ဒီလိုဗျာ ကဗျာတစ်ပုဒ်ဖြစ်တည်လာဖို့
ဘယ်လောက်အထိ
အရင်းအနှီးပေးနိုင်မလဲ၊ ငွေလား၊ အသက်လား၊ ဘ၀လား၊ ပေးဆပ်နိုင်တဲ့အတိုင်းအတာနဲ့
ညီတဲ့လှိုင်းတွေ
ပေါ်လာတတ်ပြီး၊ အဲဒီလှိုင်းတွေကနေ ကိုယ်လိုချင်နေတဲ့ ကိုယ့်နဲ့ထိုက်တန်တဲ့အရာကို ရရှိဖန်
တီးနိုင်လိမ့်မယ်ဗျာ”
မနက်လင်းတဲ့အထိ
ဒီအကြောင်းအရာတခုတည်းကို အမြင်ရှုထောင့်မျိုးစုံနဲ့ တစ်ယောက်တလှည့်၊ လုလုပြီး
ပြောမကုန်နိုင်
ဖြစ်ခဲ့ပေမယ်လည်း ဘာတစ်ခုမှတော့အရာထင်ထင်မရှိခဲ့။ အမှတ်တမဲ့သာသာပါပဲဗျာ..
(၂)
ကျနော်
တောင်ကြီးစက်မှု အထက်တန်းကျောင်း (THS) တက်စဉ်တုန်းက။ ကျနော်တို့ကို ဓါတုဗေဒဘာသာ သင်ပေးတဲ့
ဓါတုသရဖူဦးမြင့်သူဆိုသူ ဆရာတစ်ဦးရဲ့စကားကို အခုတလောအာရုံရနေမိတယ်လေ။
“မင်းတို့မှာသာအရည်းအချင်းအမှန်တကယ်ရှိ၊
ကျန်တဲ့အကူအညီဆိုတာတွေက အရန်ကိစ္စ၊ ဥပမာကွာ…မင်းတို့
စက်မှုတက္ကသိုလ်
RITနဲ့ ဆေးတက္ကသိုလ် MC ၀င်လောက်တဲ့အမှတ်နဲ့သာ
အောင်ထား၊ ကျောင်းတတ်ဖို့ စရိတ် ဆိုတာအလကား ၊
လုပ်တတ်ဖို့နဲ့ လုပ်ရဲဖို့ဘဲ့လိုတယ်။”
“ဘယ်လိုလုပ်ရမလဲဆရာ
တန်လန်ကြီးတော့မထားခဲ့ပါနဲ့ …..”
“အလွယ်ကလေးပါကွာ။
ကျနော်ဆယ်တန်းကို အမှတ်ဘယ်လောက်နဲ့အောင်ထားပြီး၊ RIT,MC တတ်ခွင့်ရထား သူ တစ်ယောက်ဖြစ်ပါတယ်။
ကျနော့်မှာကျောင်းတတ်ဖို့အတွက် ထောက်ပံ့မယ့်သူ မရှိပါ။ အကူအညီ လိုအပ် နေပါတယ်ပေါ့ကွာ။
ဒါကိုစာရွက်မှာအသေအချာရေး၊ ဆက်သွယ်ရန်လိပ်စာကိုထည့်၊ ပြီးတော့ လူအသွားအလာ များတဲ့ ဘူတာရုံတို့၊
ရုပ်ရှင်ရုံတို့၊ ဈေးတို့မှာသွားကပ်ထားလိုက်၊ ပြီးရင် အိမ်မှာသာပြန်နေ။ မင်းတို့အိမ်အထိကို
ကူညီမယ့်သူရောက်လာလိမ့်မယ်” တဲ့ …
ဒီဆရာရဲ့တပည့်၊
ကျနော့်သူငယ်ချင်း ခင်မောင်ညိုကတော့ ဆရာ့စကားကို အသေအချာမှတ်သားထားပုံ ရ တယ်။ ကျနော်တို့
ကလောစက်မှုသိပ္ပံကျောင်း KGTI မှာ ကျောင်းတက်ကြတော့ ခင်မောင်ညိုက ပထမနှစ်မှာ တင်ကျပြီး၊
သူ့မိဘတွေ စီးပွားရေးပျက်လို့ သူ့ကိုမထောက်ပံ့နိုင်ကြတော့ စောစောကဆရာပြောသလို ကလော
ဘူတာရုံမှာ စာသွားကပ်လိုက်တယ်။ ကံကောင်းတယ်ဗျာ။ ကလောကောင်စီရုံးက စာရေးမလေး သားမိက
သူ့ ကို မွေးစားလိုက်ကြတယ်။ စာရေးမလေးက ဖြူဖြူချောချော။ သူနဲ့အသက်တူအရွယ်တူ။ သားအမိနှစ်ယောက်
စလုံးကလည်း သူ့အပေါ်တော်တော်ကောင်းကြတာ။ ဒါပေမယ့် ကျနော့်သူငယ်ချင်း ခွေးမြီးကောက်ခင်မောင်ညို
ကတော့ မကောင်းလာပါဘူး။ နှစ်ဝက်ကျောင်းပိတ်လို့ သူ့မြို့ကို ခဏပြန်ပြီးကတည်းက ပျောက်သွားလိုက်တာ
နောက်သုံးလေးနှစ် လောက်ကြာမှဘဲ မမှတ်မိလောက်အောင်ကို စုတ်စုတ်ပြတ်ပြတ်နဲ့ ပြန်ပေါ်လာပါတော့တယ်
ဗျာ။ ခေတ်သစ် ဆူလလိပ်ပေါ့။ နည်းကောင်းပေမယ့် မသုံးတတ်တော့ အကျိုးမဲ့ပုံကိုပြောပါတယ်။
(၃)
၈၈၈၈ အရေးတော်ပုံကာလအလွန် ABSDF ရဲဘော်ဘ၀နှင့် ဖြတ်သန်းနေစဉ်က။ ရုတ်တရက်ဆိုသလိုကို
ထိုးထိုးထောင်ထောင်နဲ့ထွက်ပေါ်လာတဲ့ စကားလုံးလေးရှိတယ်လေ။ ကျနော်တို့ဘ၀တွေ၊ ကျနော်တို့ဦးတည် ချက်တွေနဲ့ ကျနော်တို့စိတ်ဓာတ်တွေကိုပါ
ထိန်းချုပ်ချယ်လှယ်နိုင်လောက်အောင်လည်း အစွမ်းတွေရှိတယ်။ အခုထိလည်း တန်ခိုးကောင်းနေဆဲ၊
အားကောင်းနေဆဲ။ သူ့ဝဲဂရက်မှာ ရဲရင့်ပါတယ်ဆိုတဲ့၊ တက်ကြွပါတယ် ဆိုတဲ့၊ ထက်မြက်ပါတယ်ဆိုတဲ့
ခေါင်းဆောင်ဆိုသူတွေ သနားလောက်စရာ ပက်လက်လေးမျောနေကြရတာကို အတိုင်းသားတွေ့ခဲ့ရတယ်လေ။
သိပြီလား ကျနော်ပြောချင်တဲ့စကားလုံးက ပရပိုဇယ် (Proposal) ဆိုတာလေ ဗျာ။
အစပိုင်းမှာသူ့ကို
စိတ်တော်တော်နာခဲ့မိတာ။ အလကားရတဲ့ အကူအညီပေမယ့် နှောင်ကြိုးတွေ၊ ကန့်သတ်ချက် တွေကင်းပါ့မလားလို့
သံသယတွေပွားမိတာပေါ့။ တကယ့်လက်တွေ့တွေကလည်း ရှိတယ်လေဗျာ။ ဥပမာ - အလှူရှင် (ဒိုနာ) တွေလာမယ်ဆိုလို့
တပ်ရင်းကသေနတ်တွေကို ဖွက်ရတာတို့၊ ယူနီဖောင်းမ၀တ်ဘဲ နေရတာ တို့၊ လူကိုအစိမ်းလိုက် မီးမြိုက်ခံရသလိုကို
ခံစားခဲ့ကြရတာ။
နောက်ကျမှ
ပရိုပိုဇယ်သင်တန်းတွေတက် အခြားသင်တန်းတွေတက်ပြီး လေ့လာခွင့်လေးတွေ ရလာတော့မှ နည်းစနစ်ပိုင်းတွေကို
ရှင်းရှင်းလင်းလင်းမြင်လာရတယ်။ လိုနေတာကလူ။ နည်းစနစ်တွေနဲ့ အဆင်သင့်မဖြစ် သေးတဲ့ လူ။
နည်းစနစ်ဘယ်လောက်ကောင်းကောင်း၊ လူကနည်းစနစ်နဲ့ အံဝင်ဂွင်ကျ ဖြစ်မနေရင်၊ နည်းစနစ်နဲ့
ပတ်သက်တဲ့ ယဉ်ကျေးမှုမရှိနေရင် မျောက်ကို ရိုင်ဖယ်သေနတ်ပေးကိုင်ထားသလိုမျိုး ဖြစ်နေတာပါပဲ။
လုပ်ချင် ရာစွတ်လုပ်လေ လွဲလေ ဖြစ်နေဦးတာပေါ့။ အလကားရတယ်ဆိုတာမရှိပါဘူး။ ဂုဏ်သိက္ခာနဲ့
အလဲအလှယ်လုပ် ကြရတာလေ။ တခုခုကိုယူထားပြီးရင် တခုခုတော့ ပြန်ပေးရမှာပဲ။
(၄)
အင်တာနက်ကို
စတင်အသုံးပြုမိခဲ့ချိန်မှ ယခုအထိ ဖြစ်ချင်တဲ့စိတ်နဲ့ ကိုက်ညီတဲ့ အင်တာနက်အမျိုးအစားကို
ပြောပါဆိုရင် Facebook ကို ပြောမိမှာပဲ။ ဟုတ်တယ် သူက အတတ်ပညာလည်းသိပ်မလိုပဲကို အလုပ်ဖြစ်
တယ်။ မိတ်ဆွေတွေနဲ့ တပြိုင်နက်ထဲမှာ အမြင်ဖလှယ်ခွင့်၊ လေ့လာခွင့်တွေရှိတယ်။ ကိုယ်စိတ်ဝင်စားသူ
တယောက်ဟာ ဘာဆိုတာကို စုံစမ်းနိုင်တယ်။ ဘယ်လောက်ပဲ အချက်အလက်တွေကို ပုန်းကွယ်ထားလင့်
ကစား သူ့ရဲ့အပြောအဆို တင်ပြချက်တွေကို လေ့လာကြည့်ခြင်းဖြင့်လည်း သိနိုင်တယ်။ အချိန်နဲ့
အခြေအနေ တရပ်တော့လိုမှာပေါ့နော်။ ကြာကြာဖုန်းကွယ်ထားလို့တော့ မရနိုင်ပါဘူး။ ဗီဇက ပေါ်လာတတ်တာပဲလေ။
ဖေ့စ်ဘုတ်ကိုနှစ်သက်မိတဲ့ထဲမှာ
ဒီနေ့ခေတ်စားနေတဲ့ ဂလိုဘယ်သဘောတွေ၊ လူ့အခွင့်အရေးသဘောတွေ ပါနေသလိုလိုခံစားရလိုလည်းပါတယ်ဗျာ။
ဥပမာပြောပါဆိုရင် ကျနော်တို့ဆက်သွယ်နေကြသူတွေ အချင်းချင်း ကြားမှာ လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ၊
ရုပ်ဆိုးရုပ်ချော။ အဖြူအမဲ၊ ပညာတတ် မတတ်တွေ ခွဲခြားသတ် မှတ်ပြီး ဆက်ဆံတာမျိုးကို မတွေ့ရဘူး။
အတွေးတူ၊ စိတ်ဝင်စားမှုတူတယ်ဆို ဆက်ဆံကြတာပဲ။ ဘာသာစကား ကို မျိုးစုံ အောင်တတ်ကြမယ်ဆို
တကမ္ဘာလုံးနဲ့ပါ ဆက်သွယ်ခွင့်ရှိနေတယ်လေ။
နောက်ထူးခြားတဲ့
အခွင့်အရေးတရပ်ကိုလည်း ထင်ထင်ရှားရှားတွေလိုက်ရတယ်။ ဒါကတော့ လွပ်လပ်စွာပြော ဆိုခွင့်ဆိုတာပါပဲ။
စာတပုဒ်၊ ဓါတ်ပုံတပုံ၊ ဗီဒီယိုတဖိုင်ကို ဘယ်သူ့ခွင့်ပြုချက် တစုံတရာမှမလိုပဲ တင်ပြနိုင်တယ်
လေ။ ဘယ်လောက်စိတ်ချမ်းမြေ့ဖို့ကောင်းလိုသလဲ။ ကိုယ်ခံစားချက်ကိုယ့်အမြင်ကို ထုတ်ဖေါ်ခွင့်က
ကျနော်တို့ ဘ၀တွေမှာ ရှားရှားပါးပါးဖြစ်ခဲ့ကြရတာမဟုတ်လား။
ဒီနေရာမှာပြန်ရလိုက်တဲ့
အသိကတော့ တာဝန်ယူမှုလိုအပ်ကြောင်းလေးပါပဲ။ ကိုယ့်တင်ပြမှုအပေါ် ကိုယ်ဘယ် လောက်တာဝန်ယူသလဲပေါ့။
ဒါကိုတော့ ပြန်ခံစားရမှာပဲ။ ရှောင်လို့တော့မရနိုင်ဘူး။ ကိုယ်ရဲ့တင်ပြ ပြောဆိုမှု တွေရဲ့ရလဒ်ကိုတော့
လက်ခံလိုက်ကြရတာပဲ။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ နျူတန်ရဲ့နိယာမကိုလည်း
ဒီမှာတွေ့ရတယ်။ အဆဲကြမ်းတဲ့သူကို အဆဲနဲ့တုန့်ပြန်နေကြတာကို အတိုင်းသားတွေ့ နေရလို စေတနာမေတ္တာအပြည့်နဲ့
စာအလှူလုပ်နေကြသူများကိုလည်း မေတ္တာတွေနဲ့ တုန့်ပြန်နေကြတာကို အရှင်းသားတွေကြရမှာပါ။
တချို့လည်းသိပ်မကြာလိုက်ဘူး
ဖေ့စ်ဘုတ်လောကက မကောင်းသတင်းတွေနဲ့ ပျောက်သွားကြပေါ့။ တကယ် တော့ အင်တာနက်ဆက်ဆံရေးဆိုတာ
မြေပြင်ဆက်ဆံရေးနဲ့တော့ ကင်းကွာလို့မရပါဘူး။ ဆက်ဆံရေးပြေပြစ် သူတယောက်အနေနဲ့ အနည်းဆုံး
သူများတင်ထားတဲ့ပို့စ်တခုခုကို Like လောက် အနဲ့ဆုံးတုန့်ပြန်မယ်ဆိုရင် သူများဆီက
Like တခုခုကို ပြန်ရနိုင်မှာပေါ့။ မိတ်ဆွေတဦး တိုးနိုင်မှာပေါ့။ ကိုယ်ကပြုံးပြရင်
ပြုံးပြမှုကို ကြိုဆို နိုင်ကြပေမယ့် ရုပ်ရင်းကြမ်းတမ်းမှုကိုတော့ ဘယ်သူမှလိုလားကြမှာမဟုတ်ပါဘူး။
မတတ်သာလို့ဆက်ဆံကြရင် တောင် တဖြည်းဖြည်းခပ်ရှောင်ရှောင်ဖြစ်သွားမှာပါ။
အထူးသဖြင့်
အနုပညာတခုခုကို ဖန်တီးနိုင်စွမ်းရှိသူများအနေနဲ့ ဖေ့စ်ဘုတ်ဆိုတာကွင်းပြင်ကျယ်ကြီးပါ။
ဝါသနာ ပါသူအချင်းချင်းဆက်စပ်မိနိုင်သလို နှစ်သက်အားပေးသူ ပရိတ်သတ်တွေနဲ့လည်း တိုက်ရိုက်ထိတွေ့
ဆက်ဆံ နိုင်ပြီး၊ ပရိတ်သတ်ရဲ့ တုန့်ပြန်မှုကို ချက်ချင်းရရှိနိုင်တဲ့ အနေအထားမျိုးလေ။
အခြားရည်ရွယ်ချက်တခုခုအတွက် အလုပ်လုပ်လိုသူများအနေနှင့်လည်း အခွင့်အရေးတွေ ပြည့်နှက်နေတဲ့
ကစားကွင်းကြီးဆိုရင်လည်းမမှားနိုင်ပါ ဘူး။ ဘယ်အကြောင်းအရာကို ဆွေးနွေးတင်ပြချင်လဲ။
မေးမြန်းချင်လဲ။ တိုင်ပင်ချင်လဲ။ အဆင်ပြေနိုင်ပါတယ်။
ကျနော်တို့တဦးချင်းစီရဲ့
စိတ်ဆန္ဒရှိသလောက်၊ စွမ်းနိုင်သလောက် ကစားနိုင်တဲ့ ကစားကွင်းကြီးပေါ့။
ဒါကိုဘယ်လို
အသုံးချကြမလဲဆိုတာကတော့ ကာယကံရှင်တဦးချင်းစီရဲ့ စိတ်သဘောထားနဲ့ အတွေးအမြင်များ အပေါ်မှာမူတည်နေမှာဖြစ်ပြီး၊
အများအကျိုးရှိ ကိုယ်အကျိုးရှိမူနဲ့ သွားနေသူများကတော့ ရေရှည်သွားနိုင်မယ် လို့သာ ထင်မြင်မိပါတယ်။
သုံးတတ်မယ်ဆိုရင်တော့ ဆေးဆိုသလိုပေါ့ဗျာ။
0 comments:
Post a Comment