ပွင့်ချပ်များကို ပိတ်လှောင်ထားသည့် အတွေးများ
Published By Myat Shu Team On Friday, November 11th 2011. Under တစ်နှစ်ပြည့်အထိမ်းအမှတ်,
”ကလေးတွေ ဖမ်းပြီး တောင်းစားခိုင်းတဲ့ အမျိုးသမီး ထောင်ဒဏ် တစ်နှစ်ပဲ ကျသတဲ့” အမေက လှမ်းပြောတော့
”နည်းလိုက်တာအမေရယ်။ ဒီထက်တောင် ပိုကျဖို့ကောင်းတယ်” ဟု ကျွန်မက စိတ်တိုတိုနဲ့ပဲ ပြောလိုက်မိတယ်။
”ဒါနဲ့ အဲဒီ မိန်းမကြီးနှစ်ယောက်က ထောင်ကျတာ ဟုတ်ပါပြီ။ ကလေးတွေကရော ဘယ်ရောက်သွားလဲ”
”ကလေးတွေက ဘယ်သူဘယ်ဝါ ကလေးတွေမှန်း စုံစမ်းလို့မရလို့ မိဘမဲ့ကျောင်း ပို့ထားရတယ်ဆိုလား” အမေကလည်း ပြန်ပြောပါတယ်။
”အို” ကျွန်မစိတ်ထဲ ရေရွတ်မိပါတယ်။
”ဟဲ့ ဒါနဲ့လမ်းထိပ်က ဒေါ်လုံစိမ်း ယောက်ျားလေ၊ ဟိုတစ်ခါ အကျဉ်းသားတွေ လွှတ်တော့ သူလည်း ပါလာတယ်။ နှစ်နှစ်ဆယ် ထောင်ကျတာလေ။ ၁၀ နှစ်လောက်နဲ့ သူလည်း ပြန်လွှတ်လာပြီ” ဟု အမေကလည်း သူ့ရပ်ကွက်က သတင်းစကားကို ဆက်ပြောပြန်ရော။
အန်တီလုံစိမ်းဆိုတာက သူ့အမျိုးသား ထောင်ကျတော့ ရှမ်းခေါက်ဆွဲရောင်းပြီး ကလေးတွေကို ခိုင်းလည်း ခိုင်း၊ ကျောင်းလည်း ထားတယ်။ ယောက်ျားကတော့ မူးယစ်မှုနဲ့ပဲ ထောင်ကျတာပါပဲ။ သူတို့ရဲ့ ကလေးတွေက လေးယောက်တောင်။
”အင်း သူ့ကလေးတွေတောင် အတော်ကြီးပြီနော်။ အကြီးလေးဆို ဆယ်တန်း အောင်ပြီတောင်မှတ်တယ်။ ဟိုရက်ကတောင် သီလရှင်တွေလား အုပ်စုလိုက်။ သေချာတော့ မသိပါဘူး။ နွမ်းနွမ်းလေးတွေ ဆွမ်းခံလှည့်တာ တွေ့လို့ စိတ်ထဲမှာ မသင်္ကာဖြစ်မိသေးတယ်။ တစ်ယောက်ယောက်ကများ ခိုင်းစားသလား ဆိုပြီးတော့ ရပ်ပြီးတော့တောင် မေးလိုက်ချင်သေးတယ်”။ ကျွန်မစိတ်ထဲ အန်တီလုံစိမ်းတို့ အမျိုးသား ထောင်က လွတ်တဲ့အကြောင်းအရာထက် ကလေးတွေကို ဖမ်းပြီး ခိုင်းစား သတင်းကိုပဲ ပိုစိတ်ဝင်စားမိတယ်။
ဒီနှစ်ထဲမှာပဲ ကလေးတွေ ဖမ်းဆီးခံရတဲ့ သတင်းတွေ ခဏခဏ ကြားနေရတယ်လို့ပဲ ကျွန်မ ထင်မိနေသလား။ ဒါမှမဟုတ် ဒီသတင်းကို အာရုံစိုက်လွန်းလို့ပဲ သတိထားမိနေလွန်းသလားတော့ မပြောတတ်။
ကျွန်မတို့ငယ်စဉ်က ရန်မျိုးလုံ ရပ်ကွက်ထဲတွင် ကလေးခိုးမှုတစ်ခု ဖြစ်ခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ ကလေးပါ ပြန်တွေ့လို့ တော်သေးတယ်ဆိုရပေမယ့် တစ်ချို့ ပြန်မတွေ့တဲ့ ကလေးတွေ ရှိခဲ့တာပဲ။ ကျွန်မတို့နေတဲ့ “ဏ – ၁” ရပ်ကွက်ထဲမှာလည်း ကလေးပျောက်လို့ ဆိုပြီး ရပ်ကွက်ရုံးက ကြော်ငြာတဲ့ လော်စပီကာ အသံများ ရံဖန်ရံခါ ကြားနေရဆဲ။ အသက်ဘယ်လောက်ရှိ၊ အမည်က ဘယ်သူ၊ အကျီ ဘာအရောင် ၀တ်ထားသော ကလေး တွေ့ပါက ရပ်ကွက်ရုံးသို့ လာရောက်ပို့နိုင်ပါသည်ဆိုတဲ့ အသံတွေ။ ကြားရတိုင်း စိတ်ညစ်လိုက်တာ အမေရယ်လို့ ကျွန်မညည်းတွားနေကျ။ နောက်ပုံစံတစ်မျိုး မြင်တွေ့ရသည်က နေ့စဉ် သတင်းစာတွေထဲမှာ ကလေးပျောက် ကြော်ငြာတွေကိုပါ။ မသိတတ်လို့ လျှောက်သွားလို့ ပျောက်သွားခြင်းမဟုတ်။ အရွယ်က သိတတ်နေသည့်အရွယ် ခုနှစ်တန်း၊ ရှစ်တန်းဝန်းကျင် ကလေးတွေ။ နောက်တစ်မျိုးက ဥာဏ်ရည်မမှီတဲ့ ကလေးတွေ။ ကျွန်မ အသိ ဦးလေးလင်မယား နှစ်ယောက်ဆိုရင် သူတို့ရဲ့ ဥာဏ်မမှီကလေး ပျောက်သွာလို့ လင်မယား ကွဲမလိုအထိ ဖြစ်သွားခဲ့ရတယ်။ နောက်ထပ် အသိထဲက ဥာဏ်ရည်မမှီတ့ ကလေးကြီးတစ်ယောက်မှာလည်း ရိုက်နှက်ခံပြီး အ၀တ်အစားကအစ လုယူခံရတယ်။ လူလူချင်းအပေါ် အနိုင်အထက် ပြုကျင့်မှုတွေ။
ကျွန်မရဲ့ အိမ်နီးနားချင်း မဇာခြည်ဆိုရင် သူ့ကလေးကို ခဏခဏ သတိပေးတယ်။ ဟိုဘက်အိမ် လျှောက်လည် ဒီဘက် လျှောက်လည်ချင်တဲ့ သူ့သမီး သဲသဲကို ”သိပ်သိပ် မလည်ချင်နဲ့ဟဲ့” ဆိုပြီး ခြောက်ကြ၊ ချော့ရနဲ့။
အခုချိန်ထိ တော်တော်များများ မှတ်မိကြချင် မှတ်မိကြပါလိမ့်မယ်။ သတိပြုမိချင်မှလည်း ပြုမိကြပါလိမ့်မယ်။ အိန္ဒိယမှာ ဖြစ်တဲ့ ကလေးပျောက်တဲ့ကိစ္စ။ ဖမ်းယူသတ်စားတဲ့ ပေါရိဒသ အမှု။ ဒီလို စက်ဆုပ်ဖွယ်အမှုကို ဖန်တီးသူက အိန္ဒိယက သူဌေးကြီးနဲ့ သူ့ရဲ့လူယုံ။ ပျောက်သွားတဲ့ ကလေးတွေကလည်း အခြေအနေမဲ့ အိမ်ရာမဲ့ကလေးတွေမို့လို့ တော်တော်နဲ့ သတိမမူမိကြပဲနဲ့ နောက်ပိုင်းမှ ဟိုးလေးတစ်ကျော်။
ဒါကြောင့် ”အမရယ်၊ ဗိုက်ဆာလို့ပါ” ဆိုပြီး တောင်းစားတဲ့ ကလေးတွေ မြင်ရင် ကျွန်မ ဘယ်လို စိတ်မချမ်းသာမှန်း မသိ။ ဘယ်ကရောက်လာတဲ့ ကလေးတွေမှန်းလည်း မသိ၊ ဘယ်သူခိုင်းလို့ ရောက်လာတယ်မှန်းလည်း မသိ။ ဈေးတွေ ဘာတွေမှာ ဒီလိုကလေးတွေတွေ့လို့ ငွေအကြွေရှိရင် ပေးလိုက်ပေမယ့် ကိုယ့်ရုံးရှေ့၊ အိမ်ရှေ့မှာ တွေ့ရင်တော့ မပေးတတ်ပါ။ အကျင့်ပါသွားလို့ အမြဲတမ်း ရောက်ပေါက်နေရင် ခက်ရချည်ရဲ့ဆိုပြီး မူထားကာ မပေးရတာကိုလည်း စိတ်ထဲ သိပ်မကောင်းလှ။
ဟိုတစ်နေ့က ကဒါဖီ သေတဲ့အကြောင်း ဂျာနယ်တွေမှာ အကျယ်တ၀င့် ပါလာတော့ ဒီကလူတွေရဲ့ ဝေဖန်ချက် အမျိုးမျိုးကို ကြားရပါတယ်။ ရုရှားဝန်ကြီးချုပ်ကတော့ အင်မတန် စက်ဆုပ်စရာလို့ မှတ်မှတ်ရရ ဆိုပါတယ်။ သူ့သေဆုံးပုံတွေကို ကလေးတွေ မြင်မှာ စိုးရိမ်စရာလို့ ပြောတယ်လို့လည်း သိရတယ်။
တစ်ခါက ကျွန်မအသိ အန်ကယ်ကြီးက ဂျာနယ်တစ်စောင်က ပုံတစ်ပုံကို ယူပြပါတယ်။ ဒီပုံ သိပ်ကောင်းတယ် သိလား။ စာပေစိစစ်ရေးက သေချာမမြင်လို့ လွှတ်လိုက်တာတဲ့။ ကျွန်မကလည်း နဝေတိမ်တောင်၊ ဘာကောင်းလို့လဲဟင်လို့ ပြန်မေးလိုက်မိတယ်။ ပုံကတော့ ငွေဆောင်ကမ်းခြေလား၊ ငပလီလား သေချာတော့ မသိပါဘူး။ မျက်နှာ ရွှင်ရွှင်လန်းလန်းနဲ့ ကလေးတစ်ယောက် ပို့စကတ်တွဲကြီး ကိုင်နေပြီး ရောင်းချဖို့ပြနေတဲ့ပုံ။
”အဲဒါ ကလေးဥပဒေ ငြိစွန်းတယ်”လို့ဆိုတော့ သြော် အဲလိုဆိုတော့ ဟုတ်သား… ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ကိုင်စားသောက် နေရပါလားဆိုပြီး စိတ်ထဲတစ်မျိုး ဖြစ်သွားရပါတယ်။ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေနဲ့ ကျွန်မတို့တတွေ ဘယ်လောက်များ ရင်းနှီးကြပါသလဲ။
ဒါပေမယ့်လဲ လဘက်ရည်ဆိုင်တွေမှာ၊ စားသောက်ဆိုင်တွေမှာ၊ ဆိုင်ကယ်ပြင်ဆိုင်တွေမှာပါ ကလေးတွေကို တွေ့နေရတာက ကျွန်မတို့အတွက် သိပ်တောင် မဆန်းတော့သလိုပဲ။ တစ်ခါလား မနေနိုင်လို့ ကလေးတစ်ယောက်ကို မေးကြည့်ဖူးတယ်။ သားက ဘယ်ကလဲ၊ ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ၊ ပျော်လား ဆိုပြီးတော့ပေါ့။ ကလေးက အညာမှာရှိတဲ့ ရွာတစ်ရွာက၊ အဖေကိုယ်တိုင် ဒီနေရာကို အပ်ပေးတာလို့ဆိုတယ်။ ကျွန်မက သိပ်မကျေနပ်သေးလို့ ”ဒါဆို သားက ပျော်တယ်ပေါ့။ ကျောင်းမနေချင်ဘူးလား”…. ထပ်ကွန့်ပြီး မေးလိုက်တော့..ကလေးက ”မနေချင်ပါဘူးတဲ့”။ သူထပ်ပြောလိုက်တာက ”သားက အလုပ်လုပ်ချင်တာ။ အလုပ်လုပ်မှ ပိုက်ဆံရမှာ” တဲ့လေ။ ကျွန်မမှာ ဘာဆက်ပြောရမယ်မှန်း မသိတော့ပါဘူး။ မိဘကိုယ်တိုင်၊ သားသမီးကိုယ်တိုင် ဖြစ်နေတဲ့ အာသီသ။ လက်ရှိငွေရှိမှ စားနိုင်သောက်နိုင်မည့် အနေအထား။ ကဲ… ကလေးက ကျောင်းနေချင်လို့ ဆိုရင်ရော အင်တာဗျူးမေးတဲ့ ကျွန်မက ကျောင်းရော ထားပေးနိုင်လို့လား။ တကယ်တမ်းလည်း ကျွန်မမှာ ကလေးကို ကူကယ်မပြီး ကျောင်းထားပေးနိုင်တဲ့ ငွေကြေးအင်အားလည်း မရှိပါဘူး။
ကလေးတွေနဲ့ ပတ်သက်ပြီး ကြားရတဲ့သတင်းစကားတွေက အဖုံဖုံ။ ကလေးတစ်ယောက်က ကလေးအချင်းချင်းအပေါ် အနိုင်ကျင့်မှုတွေရော ပါနေတာပါပဲ။ ”ဆယ်ကျော်သက်ကလေးအုပ်စုက ကလေးလေးတစ်ယောက်ကို သတ်လိုက်တယ်တဲ့၊ ရုပ်ရှင်ကားတွေထဲကလိုပဲ ၀ိုင်းလုပ် လိုက်ကြတာ” ဆိုတဲ့ သတင်းစကားတွေ။ ”ဆယ်ကျော်သက် ကလေးတစ်ဦးက သူ့အိမ်နီးချင်း ကောင်မလေးကို ဘယ်လိုလုပ်လိုက်သတဲ့”ဆိုတဲ့ ပြောမထွက်ဝံ့တဲ့ စကားလုံးတွေ။
ကြားလိုက်ရရင် ဒီလောက်အရွယ်ကလေးက အဲလို လုပ်တယ်။ ဖြစ်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေ။ သူတို့ရဲ့ ကြီးပြင်းရာ ပတ်ဝန်းကျင်ကြောင့်လား၊ ဗီဇကြောင့်ပေပဲလား… ကြီးပြင်းလာတဲ့အခါ ဖြစ်ပွားလာတတ်တဲ့ အနိုင်ကျင့်မှု၊ ကောက်ကျစ်မှု၊ လှည့်ဖျားမှုတွေ။ ဒီလို အကြောင်းအရာတွေနဲ့အတူ အကြောက်လွန်မိသည့် အဖြစ်တစ်ခုက ဘူတာရုံမှာ ကိုယ့်အိတ်ကိုမ ကိုယ်သယ်နိုင်လောက်အောင် ကျွန်မ မောနေတာကို မြင်လို့ ၁၄ နှစ်ဝန်းကျင် ကလေးတစ်ယောက်က အိတ်သယ်ပေးမယ်ဆိုလာတော့ မယုံသင်္ကာစိတ်နဲ့ အိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်မိသွားတဲ့အထိပါပဲ။
ဒီရက်ပိုင်းမှာ စိတ်ရှုပ်စရာ အတွေးတသီတတန်းကြီးထဲမှာ ကလေးတစ်ယောက်ကို စိတ်ဓါတ် မှန်မှန်ကန်ကန်နဲ့ ကြီးပြင်းစေတဲ့ အုပ်ထိန်းသူတွေအကြောင်းလည်း ပါတယ်။ အဲဒီလို အုပ်ထိန်းသူတွေကို အထူးတစ်လည်ပဲ အံ့သြ ချီးကျုးနေမိတာပါ။ နောက်တစ်ခုက ပတ်ဝန်းကျင်ကောင်း။ ကလေးတစ်ယောက် တော်တာ မတော်တာထက် လူပတ်ဝန်းကျင်မှာ နေတတ်ဖို့၊ လူပီသဖို့ သေချာသင်ပြပေးနိုင်တဲ့ အုပ်ထိန်းသူကောင်းတွေ၊ ပတ်ဝန်းကျင်ကောင်းတွေ တကယ်ပဲ ကျွန်မတို့ဆီမှာ ခုချိန်ထိ လိုအပ်နေတာပါ။
ကျွန်မကပဲ အတွေးပိုနေမိနေသလား။ လက်ရှိဖြစ်ပျက်နေတဲ့ ခေတ်စနစ်အခြေအနေကြောင့်ပဲ ကျွန်မ မကြားလိုတဲ့ သတင်းစကားတွေကို ကြားနေရတာပဲလား။ မုန့်လုံးစက္ကူ ကပ်ဖြစ်နေပြီလား။ ဒီလို ကြားရတဲ့ စကားလုံးတွေကို အဖြေရှာဖို့ လိုအပ်နေသလို ကျွန်မစိတ်ကိုပဲ ကျွန်မ အဖြေရှာနေသင့်နေပြီလားလို့ပဲ ခုချိန်မှာ စဉ်းစားမိပါတယ်။
လာရာ
http://www.myatshu.com/?p=2615
0 comments:
Post a Comment