Sunday, November 20, 2011

ဆုတောင်း - ဘာဝနာ

by Zay Ya on Saturday, November 19, 2011 at 3:12pm


Question: ကျနော် ဘုရားသခင်ဆီမှာ ဆုတောင်းချင်တယ်။ ဘယ်လို ဆုတောင်းရမလဲ ပြောပြနိုင်မလား။
Answer: ဘုရားသခင် က သူ့ပြဿနာ နဲ့ သူ ရှုပ်နေမှာပါဗျ။ ကျနော့ အနေနဲ့ ပြောရရင် တော့ - ခင်ဗျား သူ့ကို သွား မနှောင့်ယှက် လိုက်ပါနဲ့ ။ သူ ဖန်ဆင်း ခဲ့တဲ့ သူတွေ တစ်ဖြုတ်ဖြုတ် သေနေ ကြတာ ခင်ဗျား မြင်တွေ့ နေရတယ် မဟုတ်လား။ အဲ့တော့ ခင်ဗျား ပြဿနာကို ခင်ဗျား ပဲ ဖြေရှင်းတာ အကောင်းဆုံးပါ။
ဘာလို့ သူ့ဆီမှာ သွားပြီး ဆုတောင်း နေမလဲ။ ဘုရားသခင်က ခင်ဗျား ဆုတောင်းတွေ ကို မလိုအပ်ဘူးရယ်။ တကယ်တမ်း အဲ့ ဆုတောင်းတွေ ကို လိုလား နေတာက - ခင်ဗျား ပါ။ ခင်ဗျား က ခင်ဗျားရဲ့ ဆန္ဒတွေကို အသံနဲ့ ထုတ်ဖော် ပြောပစ် လိုက်ချင်တာ။ ခင်ဗျားရဲ့ လိုအပ်ချက်တွေ၊ ခင်ဗျားရဲ့ မကျေနပ်ချက် တွေ ၊ ခင်ဗျားရဲ့ ကွန်ပလိန်းတွေ ( Complains ) - အဲ့ဒါတွေကို စကားလုံး စီပြီး ဖွင့်ထုတ် ပစ်လိုက် ချင်တာ။ ဒါဟာ လူတွေက “ဆုတောင်း” ဆိုပြီး အမည် ပေးထားတဲ့ အရာတွေပဲ ဖြစ်ပါတယ်။
“ဒီလို ကိစ္စ ကတော့ ဖြင့် ဒီလို မဖြစ်သင့် ပါဘူးဗျာ” ဆိုတဲ့ ကွန်ပလိန်းတွေ တစ်ခုပြီး တစ်ခု၊ တစ်ခုပြီး တစ်ခု၊ ခင်ဗျား ရွတ်မယ်။ ခင်ဗျား ရွတ်တဲ့ အဲ့ဒီ စကား တွေ က ဆုတောင်း တွေ နဲ့ အတူတူ ပါပဲ။  ဒီလိုမှ မဟုတ်ဘဲ ခင်ဗျားက ဘုရားသခင်ကို ကူညီချင်တာ သက်သက်ပါ ဆိုရင်တော့ ဒီထက် လိမ္မာ ပါးနပ်တဲ့ နည်းကို သုံးရပါ လိမ့်မယ်။

ဆုတောင်း ဆိုတဲ့ စာသား စကားတွေ ဖယ်ပစ်လိုက်ပါ။ အဲ့ဒါတွေက မလိုအပ်ဘူး။ တကယ် လိုအပ်တာက ဘုရားသခင်နဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ ဘာဝနာ ပဲ ဖြစ်ပါတယ်။ ဘာဝနာ ကသာ ခင်ဗျားကို ပုံပြောင်း ယူတယ်။ သူ့မှာ ဘုရားသခင် ဆိုတဲ့ နာမည် မပါဘူး။ နောက်ပြီး ဒီနေရာမှာ ကြုံတုန်း ပြောရရင် - ဘုရားသခင် လို့ သုံးစွဲနေတဲ့ ခင်ဗျား ကိုယ်တိုင် ဘုရားသခင် ကို မသိပါဘူး။ “ဘုရားသခင်” ဆိုတဲ့ ဝေါဟာရ မသုံးဘဲ မသိကိန်း X, Y, Z စသဖြင့် တစ်ခုခု သုံးမယ် ဆိုပါတော့ ။ ဘယ်လိုပဲ ပြောင်းသုံးသုံး - အဲ့ဒီ မသိတဲ့ တစ်ခုခု ကို ခင်ဗျား ဘယ်လို သွားပြီး ဆုတောင်းမလဲ။ ခင်ဗျား ဘုရားသခင် ကို ဆုတောင်း တဲ့အခါ ဘယ် ဘာသာစကားကို သုံးပါသလဲ။ God လား၊ ဘုရားသခင်လား၊ အခြား တစ်ခုခု လား။ ဘယ်လို သုံးသုံး- ခင်ဗျား ဘုရားသခင်ကို မသိဘူး။ ပြောတတ်ကြတဲ့သူ အချို့  ရှိတယ်။ “ဘုရားသခင် ကို ဆုတောင်းနေခြင်း အားဖြင့် သင်တို့သည် ဘုရားသခင်ကို တဖြည်းဖြည်း သိမြင် လာကြပါမည်” ဆိုတဲ့ စကား ရှိတယ်။ ဒါပေမယ့် “ဆုတောင်း” ဆိုတဲ့ စကား အတိုင်း - ခင်ဗျား တကယ် သိမှသာ တောင်းလို့ ရမှာ ဖြစ်ပါတယ်။ ခင်ဗျား တစ်ခုခုကို အရင်သိပြီးမှ အဲ့တစ်ခုခု ဆီက ခင်ဗျား လိုချင်တာ တောင်းနိုင်မယ်။ ဥပမာ - ခင်ဗျား မမြင်ဖူး မသိဖူး တဲ့ သူတစ်ယောက်ကို ခင်ဗျား ချစ်ဖူး သလား။ - မချစ်ဖူးပါဘူး။ ခင်ဗျား တကယ် မြင်တွေ့ဖူး၊ သိဖူးမှ ချစ်လို့ ရပါတယ်။ အဲ့ဒီလိုပဲ ကျနော် တို့ မမြင် မသိရတဲ့ ဘုရားသခင် ကို ကျနော်တို့ ဘယ်လို ကြိုပြီး ချစ်နေ နိုင်မလဲ။ ဘယ်လို သွားပြီး ဆုတောင်း နေမလဲ။ စင်စစ်တော့ ကျနော်တို့ စိတ်ထဲ တင်းကျပ် နေတာကို စကားလုံးတွေ သုံးပြီး ဖွင့်ထုတ် ပစ်ဖို့ပဲ မဟုတ်လား။

ဘာဝနာ ကတော့ ရှုထောင့် အမြင် လုံးဝ ကွဲပြား သွားပါတယ်။ ကဗီရ် ကလည်း ဘာဝနာကို ပဲ လမ်းညွှန်ပြလိမ့်မယ်။ ဗုဒ္ဓ ကလည်း ဘာဝနာ ကိုပဲ ညွှန်ပြ ထားပါတယ်။ ဒါကြောင့် ကျနော့ အနေနဲ့လည်း ဘာဝနာကိုပဲ တိုက်တွန်းချင်တယ်။ ဘာဝနာဟာ ခင်ဗျားရဲ့ ပြဿနာ တွေကို အခြား ရှုထောင့်ကနေ ချဉ်းကပ်တာ ဖြစ်ပါတယ်။ ဘုရားသခင် နဲ့ ခင်ဗျား ဘာတစ်ခုမှ ဆက်နွယ် နေစရာ မလိုအပ်ဘူး။ “ခင်ဗျား” နဲ့သာ လုံးဝ အပြည့်အဝ ဆက်နွယ် သက်ဆိုင်တယ်။ ဘာဝနာက ခင်ဗျားရဲ့ အတွင်းသန္တာန်မှာ တိတ်ဆိတ်သွားအောင် ဖန်တီးပေးတယ်။ လေးနက်ပြီး ကျယ်ပြန့်တဲ့ တိတ်ဆိတ်မှုမျိုး ဖြစ်သွားစေတယ်။ အဲ့ဒီ တိတ်ဆိတ်မှုမျိုး အတွင်းကမှ ဘုရားသခင်ကို ခင်ဗျား မြင်တွေ့နိုင်တယ်။

“လေးနက်စွာ ဆုတောင်းခြင်း” ဆိုတာ စစ်မှန်တဲ့ ဘာဝနာရဲ့ နောက်ဆက်တွဲ ဖြစ်စဉ်ပါ။ တကယ့် တကယ် ဆုတောင်း ကို ဘာဝနာ ပွားများသူ တွေသာ လုပ်နိုင်ကြတာပါ ။ ဘာလို့လဲ ဆိုတော့ သူတို့ သိလို့- သူတို့ ခံစားရလို့ပါပဲ။ အဲ့အချိန်မှာ သိတဲ့ ဘုရားသခင် ဆိုတာဟာ အခု ခင်ဗျား နဲ့ ကျနော် ပြောနေသလိုမျိုး - အဆိုပြုချက် သက်သက် မဟုတ်ဘူး။ ကြောင်းကျိုး ဆက်စပ်ပြီး တွေးထားတဲ့ ယုတ္တိဗေဒ ဆင်ခြေ တစ်ရပ် မဟုတ်ဘူး။ မိမိ ကိုယ်တိုင် ခံစား သိလိုက်ရတဲ့ ၊ ရှင်သန်နေတဲ့ - ကိုယ်တွေ့ အသိ တစ်ခုသာ ဖြစ်ပါတယ်။ အဲ့ဒီ အချိန်မှာ ရှိလာမယ့် ဆုတောင်း ဟာ ခင်ဗျားရဲ့ မကျေနပ်ချက်တွေ၊ ကွန်ပလိန်းတွေ မဟုတ်တော့ဘူး။ အဲ့ဒီ အချိန်မှာ တောင်းတဲ့ ဆုတောင်းဟာ လုံးဝ အရှုံးပေးလိုက်ခြင်း၊ ဦးညွှတ်လိုက်ခြင်းပဲ။ စစ်မှန်တဲ့ ချစ်ခြင်း၊ အဖြူထည် မေတ္တာ သက်သက်ပဲ ဖြစ်ပါတယ်။ အဲ့ဒီ ဆုတောင်းမှာ ဘယ်ဆန္ဒမှ ကပ်ညိ မနေဘူး။ ဘယ်အခြေအနေကိုမှ မတောင်းဆို နေဘူး။ စူးရှ လေးနက်တဲ့ ကြည်နူးမှုသာ ရှိနေပါတယ်။ အဲ့ဒါမှ တကယ့် ဆုတောင်း စစ်စစ် ဖြစ်ပါတယ်။

ဒါကြောင့် ခင်ဗျား တကယ် ဆုတောင်း ချင်တယ် ဆိုရင် ဘာဝနာကို အရင် ထုံမွှမ်းထား စေချင်တယ်။ ဘာဝနာ ကသာ ခင်ဗျားရဲ့ စိတ်နှလုံးကို ပြင်ဆင် ပေးလိမ့်မယ်။ ဘာဝနာကသာ ခင်ဗျားကို သန့်စင် ရှင်းလင်း ပေးလိမ့်မယ်။

................................
Ref: OSHO
................................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
...............................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...