တကယ်တော့ ကလေးတစ်ယောက်ပါ....
Author: lubo601 | 12:30 AM | No မှတ်ချက် |
သီချင်းတွေ အကြာကြီးနားထောင်ဖြစ်တယ်။ သီချင်းတွေလည်း
အများကြီးနားထောင်ဖြစ်တယ်။ တွေ့ရာ နားထောင်တယ်၊ ကြုံရာနားထောင်တယ်။
သီချင်းတစ်ပုဒ်ရဲ့ နောက်ကွယ်တိုင်းမှာ ပုံပြင်တစ်ပုဒ်တော့ ရှိကောင်းရှိမယ်။
ခံစားချက်ချင်းမတူတဲ့ လူတွေက မတူတဲ့သီချင်းကို နားထောင်ကြတယ်။
လူတိုင်းက ကလေးတစ်ယောက်နဲ့တူတယ်။ သင်ဘယ်လောက်ပဲ ကြီးပြင်းနေပါစေ၊ ဘယ်လောက်ပဲ တတ်သိနေပါစေ၊ ဘယ်လောက်ပဲ ထိခိုက်နာကျင်ခံရပါစေ၊ ဘ...ယ်လောက်ပဲ
နာကျင်ရုန်းကန်ရပါစေ၊ ဘယ်လောက်ပဲ အပြစ်ကင်းနေပါစေ၊ ဘယ်လောက်ပဲ
ဆိုးယုတ်ပါစေ၊ ဘယ်လောက်ပဲ..... တကယ်တော့ သင်ဟာ ကလေးတစ်ယောက်ပဲဖြစ်တယ်။
အခုလည်းဖြစ်တယ်.. နောင်လည်းဖြစ်တယ်။
လူတိုင်းရဲ့အတွေးအမြင်တွေက မတူကြဘူး။ အဲဒီလို မတူလိုပဲ
ထူးခြားတဲ့ပင်ကိုလက္ခဏာတွေ လူတိုင်းရှိခဲ့ကြတယ်။
ပင်ကိုလက္ခဏာကိုယ်စီရှိခဲ့ကြလို့ ပဲ
တခြားလူနဲ့သင့်ကို ခွဲခြားလို့ရခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ
ကိုယ့်ကိုယ်ကို တမင်လျှိုဝှက်ထားစရာမလိုဘူး။ လျှိုဝှက်လွန်းရင်
ကိုယ့်ကိုယ်ကို ရှုံးဆုံးသွားနိုင်လို့ဖြစ်တယ်။
လူတိုင်းက
ကလေးတစ်ယောက်ဖြစ်တယ်။ လူတိုင်း ကိုယ့်ပင်ကိုလက္ခဏာနဲ့
ရုန်းကန်လှုပ်ရှားနေကြတယ်။ ကလေးငယ်လို လိုချင်တာကိုရအောင် ကြိုးစားနေကြတယ်၊
ကြံ့ကြံ့ခံပြီး ရုန်းကန်နေကြတယ်။ ရုန်းကန်လှုပ်ရှားနေတဲ့ အတောအတွင်းမှာ
တခဏလောက် ကိုယ့်ကိုယ်ကို ပျောက်ဆုံးကောင်း ပျောက်ဆုံးလိမ့်မယ်။
မြူမှုန်ကြားထဲမှာ မမြင်မစမ်းနဲ့ သင်လျှောက်လှမ်းနေတယ်။ မြူစိုင်မြူခဲတွေကို
လှစ်ဟလိုက်တာနဲ့ ကြည်လင်တဲ့ကောင်းကင်ကို သင်တွေ့လိမ့်မယ်။ မလှစ်ဟခဲ့ရင်
မြူမှုန်ကြားထဲမှာပဲ ခေါက်တုန့်ခေါက်ပြန် ဦးတည်ရာမဲ့၊ အဆုံးမဲ့
သင်လမ်းသလားနေလိမ့်မယ်။ မြူမှုန်ကြားထဲမှာပဲ မမြင်မကန်းရှေ့တိုးနေရင်
ရှေ့မှာချောက်ကမ်းပါးလည်း ရှိနိုင်တယ်၊ သားရိုင်းတိရစ္ဆာန်လည်း ရှိနိုင်တယ်။
မြူမှုန်ထဲမှာ မြင်ရတဲ့အရာတွေက မှုန်ဝါးဝါးဆိုပေမယ့် အဲဒီအထဲကနေ
သင်ရုန်းမထွက်နိုင်ခဲ့ဘူး။ ဘယ်အရာက တကယ့်လက်တွေ့၊ ဘယ်အရာက
စိတ်ကူးယဉ်ဆိုတာကို သင်မခွဲခြားနိုင်ခဲ့ဘူး။ မြူစိုင်မြူခဲတွေရဲ့နောက်မှာ
သင်နဲ့သက်ဆိုင်တဲ့အရာတွေ ရှိနေတယ်ဆိုတာကို သင်မသိခဲ့ဘူး။ အဲဒီအရာတွေက
မြူမှုန်တွေထဲကအရာလောက် လှချင်မှလှမယ်။ ဒါပေမဲ့ မြူစိုင်တွေကို
သင်ဖယ်ရှားနိုင်ခဲ့မှ၊ ကြည်လင်တဲ့ကောင်းကင်ကို သင်မြင်တော့မှ အရာအားလုံးဟာ
လောကကြီးကြောင့် မှားနေတာမဟုတ်ဘဲ သင်ကိုယ်တိုင်က မှားနေတယ်ဆိုတာကို
သင်နားလည်လိမ့်မယ်။ ဒါကြောင့် မြူစိုင်ကို ဖယ်ရှားတတ်ဖို့ သင်
သင်ယူရလိမ့်မယ်။ သင်ဟာ ကလေးငယ်တစ်ယောက်ပါ။ ဒါကြောင့် သင်ကိုသင်ယူရပါမယ်။
လောကကြီး ဆိုးယုတ်လို့ရတယ်။ ဒါပေမဲ့ သင်ဆိုးယုတ်လို့ မရပါဘူး။ သင် ကြင်နာရမယ်။ ကြင်နာသူနည်းရင် ဆိုးယုတ်တဲ့လောကကြီးရှိမယ်။
သင်ဟာ ကလေးငယ်တစ်ယောက်ပါ။ တကယ့် ကလေးငယ်တစ်ယောက်ပါ။ လောကကြီး
မှောင်မိုက်လို့ရတယ်။ ဒါပေမဲ့ သင်လင်းထိန်ရမယ်။ အလင်းရှိမှ
အမှောင်ကိုဖုံးနိုင်မှာဖြစ်တယ်။
သင်ဟာ ကလေးငယ်တစ်ယောက်ပါ။ တကယ့်
ကလေးငယ်တစ်ယောက်ပါ။ လောကကြီး နောက်ကျိလို့ရတယ်။ ဒါပေမဲ့ သင်ကြည်လင်ရမယ်။
မကြည်လင်တာတွေများလို့ နောက်ကျိတဲ့လောက ဖြစ်လာခဲ့တယ်။
သင်ဟာ
ကလေးငယ်တစ်ယောက်ပါ။ တကယ့် ကလေးငယ်တစ်ယောက်ပါ။ လောကကြီးက
သင့်ကိုပြက်ရယ်ပြုလို့ရတယ်။ ဒါပေမဲ့ လောကကြီးကို သင်ပြက်ရယ်မပြုရဘူး။
အရာဝတ္ထုတွေကို မှန်မှန်ကန်ကန်ကြည့်တတ်ဖို့ သင် သင်ယူရမယ်၊ ပြုံးရယ်တတ်ဖို့
သင်ယူရမယ်၊ အရာဝတ္ထုတိုင်းမှာ အလှကိုယ်စီ၊ အနာအဆာကိုယ်စီရှိတယ်။
သူ့အနာအဆာကိုမြင်တတ်ရင် သူ့အလှကိုယ်လည်း မြင်တတ်ရမယ်။
သင်ဟာ ကလေးငယ်တစ်ယောက်ပါ။ တကယ့် ကလေးငယ်တစ်ယောက်မို့ မှန်ကန်တဲ့အရာတွေကို တဖြေးဖြေးသင်ယူပြီး အသုံးချနိုင်ရမယ်။
လူတွေမှာ ဝမ်းသာတတ်၊ စိတ်တိုတတ်၊ စိတ်ညစ်တတ်၊ ပျော်ရွှင်တတ်တဲ့ခံစားချက်တွေ
ရှိကြတယ်။ အဲဒီခံစားချက်တွေကို ထုတ်ဖော်ပြလို့ ရနိုင်တာကလည်း
လူတွေရဲ့အခွင့်ထူးပါပဲ။ ဒီလို ခံစားချက်တွေကို ကျွန်တော်တို့
တန်ဖိုးထားရတယ်။ တစ်ခါတလေမှာ အဲဒီခံစားချက်တွေကို ထုတ်ဖော်ပြလို့ရတယ်။
လျှိုဝှက်ထားစရာမလိုဘူး။ ကျွန်တော်တို့က ကလေးငယ်တစ်ယောက်ပါ။ ကိုယ့်ကိုယ်ကို
တမင်လျှိုဝှက်ထားစရာ မလိုပါဘူး။ ရယ်ချင်တဲ့အခါရယ်မယ်၊
ငိုချင်တဲ့အခါငိုမယ်။
ကျွန်တော်တို့ဟာ အမြဲတမ်း
ကလေးငယ်တစ်ယောက်ပါ။ ကျွန်တော်တို့ ကြီးပြင်းနိုင်တယ်ဆိုပေမယ့် တကယ်တော့
ကလေးငယ်တစ်ယောက်ပါပဲ။ ဘယ်လိုအခြေအနေပြောင်းပြောင်း
ကျွန်တော်တို့ရဲ့ကိုယ်ပေါ်မှာ ကလေးတစ်ယောက်ရဲ့ အရိပ်အယောင်တွေ ရှိနေပါတယ်။
ဒါဟာ ကျွန်တော်တို့လူ့ဘဝရဲ့ အလှဆုံးရှုခင်းလည်း ဖြစ်နိုင်တယ်။ ကလေးငယ်ရဲ့
အပြစ်ကင်းမှု၊ ကလေးငယ်ရဲ့ ပျော်ရွှင်ခြင်း၊ ကလေးငယ်ရဲ့ သောက
ကျွန်တော်တို့ကိုယ်ပေါ်မှာ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က
အဲဒီအရာတွေကို ပိုရှုပ်ထွေးသွားအောင် တွေးတော၊ ထင်မြင်ခဲ့ကြတယ်။
ကျွန်တော်တို့ရဲ့ကြီးပြင်းလာမှုက
ကျွန်တော်တို့ဟာ ကလေးငယ်တစ်ယောက်ဆိုတာကို မေ့သွားစေခဲ့လို့ဖြစ်တယ်။
ကလေးတစ်ယောက်ရဲ့နည်းလို ပြဿနာ၊ အခက်အခဲကို ဖြေရှင်းဖို့
မေ့သွားခဲ့လို့ဖြစ်တယ်။ ကလေးတစ်ယောက်လို လိုချင်တာကို လိုက်လံရှာဖွေဖို့၊
သင်ယူ၊ တွေးတောဖို့ မေ့သွားခဲ့လို့ဖြစ်တယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment