Friday, November 18, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်မည်။

by So Min Oo on Friday, November 18, 2011 at 9:09pm
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် မတင် ၊ ကြားဖြတ်ရွေးကောက်ပွဲ ၀င် မ၀င် နှင့်ပတ်သက်ပြီး ကန့်ကွက်သူမရှိ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်နှစ်ရပ် ချမှတ်ခဲ့သည်။ ဆုံးဖြတ်ချက်နှစ်ရပ်မှာ (၁) နိုင်ငံရေးပါတီဖြစ်မှတ်ပုံတင်မည်။ (၂) ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်။


ပွင့်ပွင့်လင်းလင်းပြောရရင် ကျမက မှတ်ပုံတင်ရေးဘက်က ရပ်တယ် ၊ ရွေးကောက်ပွဲကိုလည်း (၃) နေရာ စတိအစား လစ်လပ်နေရာအားလုံးကို ယှဉ်ပြိုင်စေချင်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည်။

အန်အယ်ဒီပါတီ ၀င်အများစုက ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအပေါ် ယုံကြည် ထောက်ခံကြောင်း ပြောဆိုကြသည်ကို ကြားသိရသည်။ စည်းဝေးပွဲ အပြီးဆုံးဖြတ်ချက်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ကြေညာသည့် အခါ  ပါတီဝင်များက “ ဒေါ်စုနောက်ကို လိုက်ကြမယ်” ဟု ကြွေးကြော်ခဲ့ကြသည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် ကိုဖြိုးမင်းသိန်းက အန်အယ်ဒီပါတီ မှတ်ပုံတင်ခြင်းနှင့်  ရွေးကောက်ပွဲ ၀င်ခြင်းသည်  ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ၎င်းတို့ဘာသာ ပြင်ဖို့ တောင်းဆိုခြင်းထက် လွှတ်တော်ထဲ ၀င်ရောက်ကာ ပြင်မည့် နည်းကို ရွေးရခြင်း ဖြစ်သည်ဟု ပြောသည်။

မော်လမြိုင်မြို့မှ ၁၉၉၀ ခုနှစ် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ဝင်တဦးက  “ကျွန်တော်ကတော့ နကိုကတည်းက ရွေးကောက်ပွဲကို လက်ခံတယ်။ အခုဆုံးဖြတ်ချက်မှာ ရွေးကောက်ပွဲ ကြီးကို မ၀င်ပဲ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်တာကို တော့နည်းနည်း ဘ၀င်မကျဘူး၊ အခုလိုအခြေအနေမှာ ၂၀၀၈ အခြေခံဥပဒေကိုပြင်ဖို့ တောင်းဆိုပြီးမှ မှတ်ပုံတင်တာ၊ ရွေးကောက်ပွဲဝင်မှာကို ဆုံးဖြတ်သင့်တယ် လို့ထင်တယ် ” ဟု YPI သို့ ပြောသည်။ ၎င်းက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ပြီးနောက် လွှတ်တော်ထဲ ရောက်သည့်အခါတွင် ခြစားလျှက်ရှိသည့် အုပ်ချုပ်ရေး ယန္တရားကို ပြင်ဆင်ဖို့ အားပြိုင်ရမည်ဟု သူ့အနေဖြင့် မြင်ကြောင်း၊ အင်အားမမျှသော်လည်း ထောက်ပြနိုင်မည့် အနေအထားတော့ အနည်းဆုံး ရမည်ဟု ထင်မြင်သည်ဟုလည်း ပြောသည်။

အစည်းအဝေး အပြီး ထုတ်ပြန်ကြေညာသည့် ကြေညာချက်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အစဉ်တစိုက် ကြိုးပမ်းအားထုတ်လျှက်ရှိပြီး အာဃာတ ကင်းစင်သော အထွေထွေ သဟဇာတဖြစ်ရေး၊ ငြိမ်းချမ်းချောမွေ့သောနည်းကို အသုံးချရေး၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး တို့ကိုလည်း ကိုင်စွဲလျက်ရှိသည်ဟု အစချီကာ  ပြည်သူ လူထုနှင့် တကွ ဒီမိုကရေစီလိုလားသော အင်အားစုများကလည်း အန်အယ်ဒီအား နိုင်ငံရေး ပါတီ တစ်ခုအဖြစ် ဆက်လက်ရှင်သန်လိုသော သဘောထားများ ပေါ်ပေါက်နေကြောင်း ကြားသိရသည်ဟု ဖေါ်ပြထားသည်။

လက်ရှိ နိုင်ငံရေး အခြေအနေနှင့် အန်အယ်ဒီပါတီ၏ မူဝါဒ  သဘောထားကိုဖေါ်ပြ အထက်ပါအတိုင်း ဖေါ်ပြပြီးနောက်တွင် ယနေ့ အစည်းဝေးသို့ တက်ရောက်လာသည့် ဗဟိုဦးစီး အဖွဲ့ဝင် ၁၀၆ ဦးက အစည်းအဝေး ဆုံးဖြတ်ချက် ၂ ချက်ဖြစ်သည့်  “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် အညီ မှတ်ပုံတင်မည်” နှင့် “ နောင်လာမည့် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည် ” ဆိုသည် ကို ကန့်ကွက်သူမရှိ ချမှတ်လိုက်ကြောင်း မွန်းလွဲ ၁နာရီ ၄၀ မိနစ်ဝန်းကျင်တွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ အထူးကြေညာချက် ၁/၁၁/ ၁၁ ဖြင့် ကြေညာလိုက် သည်။


အန်အယ်ဒီပါတီသည် ယမန်နှစ် မတ်လဆန်းတွင်  ပါတီမှတ်ပုံတင်ခြင်း  ဥပဒေ ထွက်ရှိလာပြီးနောက်တွင် ပါတီ မှတ်ပုံပြန်တင်မတင် နှင့်ပတ်သက်၍ မတ်လ ၂၉ ရက်နေ့တွင်စည်းဝေး ဆုံးဖြတ်ခဲ့သည်။ ယင်းအစည်းအဝေးမှ   မှတ်ပုံပြန်မတင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့ ဆုံးဖြတ်ပြီး ၁နှစ်ခွဲကျော်အကြာတွင် ယခုလို ပါတီ မှတ်ပုံပြန်တင်ရန် ဆုံးဖြတ်ပြီး ကြားဖြတ်ရွေးကောက်ပွဲနှင့် အတူ နောင်လာမည့် ရွေးကောက်ပွဲများတွင်လည်း ပါဝင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။


Credit to Eleven Media Group & Yangon PressInternational


ပြန်လည်းစုစည်းမျှဝေခြင်းသာ
စိုးမင်းဦး

Photo credit to EMG
Photo credit to EMG
Photo credit to EMG
Photo credit to YIP
Photo credit to YIP
Photo credit to YIP

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...