Friday, November 18, 2011

အိမ်တိုင်းမှာ စစ်သားမရှိ အိမ်တိုင်းမှာ ကျောင်းသားရှိသည်

by Wai Maw on Saturday, November 19, 2011 at 10:18am


 -သက်လှိုင် ၁၅။၁၁။၂၀၁၁


၁၉၇၄ ဒီဇင်ဘာ (၁၀)ရက်နေ့ ညဦးပိုင်း ၊၁၉၇၄ ဒီဇင်ဘာ(၁၁)ရက်နေ့ အာရုံဦးပိုင်း။
ထိုညကအလွန်ချမ်းလှသည်။ ရန်ကုန်မြို့တွင် အအေးလွန်ကဲသောနှစ်ဖြစ်သည်။
ထိုနှစ်ကအနိမ့်ဆုံးအပူချိန်မှာ၅၃ံဖါရင်ဟိုက် ဖြစ်ခဲ့သည်ဟု မှတ်သားမိသည်။

ကျောင်းသားထုနှင့်စုဝေးရောက်ရှိလာကြသော ပြည်သူတို့၏ရင်ထဲမှမီးတောက် မီးလျှံများသည် ဒီဇင်ဘာ အအေးဆုံးနှစ် ဆောင်းဥတုကို အံတု လျှက်ရှိခဲ့ကြသည်။

ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်(ပင်မ)ကျောင်းဝင်းအတွင်းကျောင်းသားသမဂ္ဂ အဆောင်အအုံရှိခဲ့သော နေရာဟောင်းကွင်းပြင်ထဲတွင် ဘာမဆိုရင်ဆိုင်ရန် အဓိဋ္ဌာန်ခိုင်မာစွာချထားသော ကျောင်းသားနှင့်ပြည်သူ ငါးထောင်ကျော်သည် ထိုညက ငြိမ်းချမ်းစွာ ဆန္ဒပြလျက်ရှိခဲ့ကြသည်။

ကျောင်းသားသမဂ္ဂနေရာဟောင်းနှင့် မလှမ်းမကမ်းတွင်ရှိသော ဗိုလ်အောင်ကျော်ကျောက်တိုင်က ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားနှင့်ပြည်သူတို့ကို မားမားမတ်မတ်ရပ်တည်ကာ ထောက်ခံ အားပေးလျက်ရှိသည်။

ကျောင်းသားသမဂ္ဂ၀င်း နဘေး အစပ် နားတွင်ရှိသော သရက် ပင်ကြီးများသည် ထိုနှစ်က ထူးထူးခြားခြား စောစီးအစွာပွင့်ခဲ့ကြပြီး သရက်ပွင့် များ ပင်လုံး ကျွတ်ဝေ လျက်ရှိခဲ့သည်။


နီကျင့်ကျင့် သရက်ပွင့်များသည် စိမ်းမှောင်သော အရွက်များကို ဖုံးလွှမ်း တော့မယောင်ရှိနေသည်။
ကျောင်းသားသမဂ္ဂ အတွင်း ညပိုင်းတွင် အရေးပေါ် အစီအစဉ်ဖြင့် ထွန်း ညှိထားသော လျှပ်စစ်မီးများသည် ကွင်းပြင်ထဲတွင် လူရိပ်များကြောင့်ကောင်းစွာ မလင်းနိုင်ပဲ ရှိခဲ့သည်။

သရက်ပင်အုပ်များအောက်နားတွင်ခပ်မှောင်မှောင်ဖြစ်နေသည်။
တဖက်တက္ကသိုလ်ဝင်းခြံစည်းရိုးနှင့် ကပ်လျက်ရှိသော တက္ကသိုလ်ရိပ်သာလမ်းမပေါ်တွင် မီးရောင်များ ထိန်လင်းလျက်ရှိသည်။

တက္ကသိုလ်ရိပ်သာ လမ်းဘက်ရှိသောသမဂ္ဂ၀င်းစည်းရိုးတလျှောက်တွင် အမျိုးအမည်ခွဲခြားရန် ခက် သော ပရိသတ်များဖြင့် ပြည့်ကျပ်နေပြီး စည်းရိုး တလျှောက် သံတိုင် များကို ရင်ချင်းကပ်လျက် ပေတေနေကြသည်။
ည(၁၀)နာရီတွင် အဓိပတိလမ်းထိပ်မှ တံခါးကို ပိတ်ပစ်ရန်ဆုံး ဖြတ် ခဲ့သည်။ထိုညသည် အလွန်အရေးကြီးသော ညဖြစ်၍ လုံခြုံရေးကို အထူးသတိ ထားရန် လိုအပ်ခဲ့သည်။နောက်နေ့မနက် အာရုံအတက်မီ ကျွန်တော်တို့ကျောင်းသားထုကို ဖြိုခွဲပစ်ရန်နှင့် တက္ကသိုလ်ဝင်းကို အပိုင်စီးရန် BSPP တပ်မှ ဒလကြမ်း ၀င်ရောက်ဖြိုခွင်းမည် ဖြစ်ကြောင်း ကျွန်တော်တို့ သိထားပြီးဖြစ်သည်။
ကျွန်တော်တို့ ဘာလုပ်ကြမည်နည်း။ဘယ်ကို ပြေးကြမည်နည်း။
သာယာအေးချမ်းလှသောကျွန်တော်တို့ချစ်မြတ်နိုးလှသောကန့်ကော်တောကိုဘီလူးသဘက်များ လက်နက်အားကိုး ဖြင့်ဝင်ရောက်သိမ်းပိုက်မည် ကိုကျွန်တော်တို့အသာတကြည်ဖြင့် နောက်ဆုတ်ပေးရမည်လား?။
“မဖြစ်နိုင်ပါ”ဘယ်နည်းနဲ့မှနောက်ဆုတ်မပေးနိုင်ပါ။အသာတကြည်ဖြင့် ခွင့်မပြုနိုင်ပါ။
ကျွန်တော်တို့ကို နိုင့်ထက်စီးနင်း လက်နက်အားကိုးဖြင့် ဗိုလ်ကျပြီး တက္ကသိုလ်ဝင်းကို အတင်းအဓမ္မသိမ်း ပိုက်ခြင်း မှတပါးအခြားနည်းဖြင့် မရစေရ။
သူတို့ကို ကျွန်တော်တို့ ခံတိုက်ကြမည်လား?။
ကျွန်တော် တို့တွင်ရှိသည်များမှာ ဖေါင်တိန်၊ခဲတန်နှင့် စာရွက်များသာဖြစ်သည်။ကျွန်နုပ်တို့သည် ပြည်သူတို့ ချစ်မြတ်နိုးသော ကျောင်းသား များဖြစ်၍ ငြိမ်းချမ်းစွာတောင်းဆိုရန်သာ နားလည်ကြသူ များ ဖြစ်ကြပါသည်။


သူတို့မှာ အာဏာရှင်ဗိုလ်နေ၀င်း၏ လက်ကိုင်ဒုတ် ကြေးစားစစ်သားများဖြစ်၍ အမိန့်ပေးလျှင် ဘာမဆိုလုပ်မည့်သူများဖြစ်သည်။

သူတို့တွင်ရှိသည်များမှာ မောင်ပြန်သေနပ်များ၊တင့်ကားများ၊ စစ်သေနတ် တင်ယာဉ်များ၊ ကြမ်းကြုတ်သော ခက်ထန်သော အသွင်အပြင်များ၊ ရိုင်းစိုင်းရက်စက်သော နှလုံးသားပိုင်ရှင်များ ဖြစ်ကြသည်။
သို့သော်ကျွန်တော်တို့လုံးဝမကြောက်ပါ။

မည်မျှကြောက်အောင်ခြောက်သော်လည်း ကျွန်တော် တို့မကြောက်ပါ။
ကျွန်တော်တို့အမိတက္ကသိုလ်ဝင်းအတွင်း၌ပင် နောက် ဆုံးအချိန်ထိ ကျွန်တော်တို့ဆန္ဒများကို ငြိမ်းချမ်းစွာ ထုတ်ဖော်တောင်းဆိုသွားရန် ဆုံးဖြတ်ခဲ့ ကြသည်။
သူတို့စစ်ဘီလူးများ ရက်စက်သမျှ အနိုင်ကျင့်သမျှကို အံကြိတ်ခံ၍ တရားမျှတ သောပွဲအကြောင်းကို ပြည်သူနှင့် ကမ္ဘာကသိရန် မှတ်တမ်း တခုကျန်ရစ် ရန် အသက်ပေးစတေးရန် ဆုံးဖြတ်ခဲ့ကြသည်။

ပေမှာတင်ထု၊ထုချင်ထု
မီးနဲ့တင်ရှို့၊ရှို့ချင်ရှို့
သံမဏိဒါး၊ကြေမသွားဘူး
နာနာထုလေ၊ဒါးကောင်းလေ။
ဤကဗျာ တပိုင်းတစသည် ကျွန်တော်တို့ အဖြစ်ကို ထင်ဟပ်စေခဲ့သည်။



ကျွန်တော်တို့ မည်သူ့ကို အားကိုးကြမည်နည်း။ကျွန်တော်တို့မိဘများ ပြည်သူများမှလွဲ၍ အားထားစရာမရှိပါ။
BBCနှင့် VOA သတင်းဌာနများမှ သတင်းထောက်များ ကျွန်တော်တို့ ဆီမအမြဲတမ်း လာရောက်၍ မေးမြန်းပြီး ကမ္ဘာအရပ်ရပ်သို့ ချက်ချင်း ထုတ်ပြန်ပေးနေသည်မှလွဲ၍ ကျွန်တော်တို့မှာ အခြားပြင်ပကမ္ဘာနှင့် ဆက်သွယ်ရန်မရှိခဲ့ပါ။

ပြင်ပကမ္ဘာမှ စိတ်ဓာတ်ရေးရာအရသာ စာနာထောက်ထားမှု ပေးနိုင်သည်မှ အပ အခြားထိထိရောက်ရောက် ဆောင်ရွက်ပေး နိုင်ဖွယ်မ ရှိကြောင်း ထိုစဉ်ကပင် ကျွန်တော်တို့ နားလည်ခဲ့ကြသည်။ ကိုယ့်ကိစ္စကိုယ်ပဲရှင်းရမည်ဖြစ်ပါသည်။

နောက်ဆုံးကျွန်တော်တို့ အနေနှင့် အကောင်းဆုံးတတ်နိုင်သော နည်းလမ်းမှာ ဖြစ်ကြောင်းကုန်စင်ကို ကျွန်တော်တို့ မိဘများ၊ သူငယ်ချင်းများ၊ ပြည်သူများအား မချွင်းမချန် အသိပေးကာ ကျွန်တော်တို့ နှင့်လက်တွဲ၍ ကြံ့ကြံ့ခံရန် ဖိတ်ခေါ်ရန်မှ တပါး အခြားမရှိခဲ့။

သို့ဖြစ်၍ ဦးသန့် အလောင်းကို ဒီဇင်ဘာ(၈)ရက်နေ့ ဂူသွင်းအပြီး (၉)ရက်နေ့ ညဦးပိုင်းမှစကာ ကျောင်းသားအမှုဆောင်များ တယောက် တလှည့် မပြတ်တမ်းဟောပြောခဲ့ကြရသည်။

(၁၀)ရက်နေ့ တနေ့လုံးပရိတ်သတ်များမပြတ်တမ်းကျောင်းဝင်းအတွင်းဝင်လာခဲ့ကြသည်။
ဝင်ရောက်လာခဲ့ကြသော ပရိတ်သတ်များကို ကျွန်တော်တို့ ရင်ဆိုင်ရလုဆဲဆဲ ဖြစ်နေသော အခြေအနေမှန်များကို ရှင်းပြခဲ့သည်။

စစ်တပ်မှ ဒလကြမ်းဝင်ရောက်ဖြိုခွင်းမည်ဖြစ်ကြောင်း၊အကယ်၍ကျွန်တော်တို့ကို အကြမ်းဖက်၍ အတင်းအဓမ္မ အနိုင်ကျင့်ပါက ကျန်သော ပြည်သူများက တုန့်ပြန်လိမ့်မည်ဟု ယုံကြည်ကြောင်း ရိုးသားစွာပင် ပရိတ်သတ်အား အသိပေးခဲ့ပါသည်။

ပြန်လိုပါကလည်း ပြန်နိုင်ကြပါကြောင်း မပြန်ပဲ ကျွန်တော်တို့နှင့် အတူလက်တွဲ၍ ကြံ့ကြံ့ခံနေပါက ကျွန်တော်တို့အတွက်အလွန်အားတက် စရာဖြစ်ကြောင်း ကျွန်တော်တို့မှာအခြားပြေးစရာမြေမရှိပဲဖြစ် ပြီးနောက်လည်းဆုတ်မပေးနိုင်ကြောင်းကို ပြောပြခဲ့ပါသည်။

ည(၁၀)နာရီတွင်အဓိပတိလမ်းထိပ်မှ တံခါးပိတ်မည့်ဖြစ်ကြောင်းအသိပေးခဲ့ပါသည်။
တက္ကသိုလ်ရိပ်သာ လမ်းနှင့်ကပ်လျက် သံတိုင်များတွင် တန်းစီပြီး ကပ်ရပ်နေကြသော ပရိတ်သတ်များကိုလည်း ကျွန်တော်တို့နှင့် ပူးပေါင်းလိုက အထဲသို့ကြွရောက်ကြရန် ဖိတ်ခေါ်ခဲ့သည်။
သူတို့မှာ မည်သို့မျှမတုန့်ပြန်ပဲ နားလည်ရခက်ကာ အကြိုစောင့်ကြပ်နေသော (မဆလ)ပါတီ၏ မစောင့်မနေရ တာဝန်ဖြင့် လာရောက်ခဲ့ကြ သူများဖြစ်သည်ဟု သိခဲ့ရသည်။ ဤသည်မှာလည်း တဒုက္ခဖြစ်ခဲ့သည်။
ကျောင်းသားသမဂ္ဂ၀င်းသည် အာဏာပိုင်များနှင့် မည်သို့မှသက်ဆိုင်ခြင်းမရှိပဲ မူလပိုင်ရှင် အမျိုးသမီးကြီးတဦးက သူမပိုင်မြေကွက်ကို ကျောင်းသား များအတွက် စေတနာပြတ်သားစွာ လှူဒါန်းခဲ့ကြောင်း သိခဲ့ရသည်။
(၉)ရက်နေ့မှ စတင်၍ ကျောင်းသားသမဂ္ဂ၀င်းအတွင်းရှိ မပြိုမပျက်ပဲ ကျန်ခဲ့သော မပြုပြင်ပဲထားသည့် အားကစားရုံကို ကျွန်တော်တို့ဗဟို လုပ်ငန်းများ ဆောင်ရွက်ရန် အသုံးပြုခဲ့သည်။အားကစားရုံရှေ့ မန္တလေးဆောင်ဘက် မျက်နှာချင်းဆိုင်ရှိသော အပေါက်ကိုဖွင့်ကာ အပေါက်ဝတွင် စင်မြင့်တခုဖြစ်သလိုထိုး၍ ဤစင်ပေါ်မှနေကာ ကျွန်တော်တို့ဟောပြောခဲ့ကြသည်။
ကျွန်တော်တို့စင်ရှေ့မလှမ်းမကမ်းတွင် အသစ်စက်စက် အင်္ဂတေကောင်းစွာ မခြောက်သေးသော ဦးသန့် အုတ်ဂူတည်ထားခဲ့သည်။
ဦးသန့်အုတ်ဂူပတ်လည်တွင် ခေါင်းစည်းအနီများဖြင့် အထက်တန်း ကျောင်းသား အများစု ပါဝင်သော ပရိတ်သတ် ငါးဆယ်ခန့် ၀န်းရံစောင့်ကြပ် ထားသည်။ မဆုတ်တမ်းခံမည့်သူများဖြစ်ပါသည်။
ဦးသန့်အရေးအခင်း ဖြစ်ပွါးခဲ့ရခြင်းမှာ အမျိုးသားရေးစိတ်ဓာတ်အခြေခံဖြင့် နိုင်ငံရေးအရ မတရားဖိနှိပ်ချုပ်ချယ်မှုများကို တွန်းလှန်ရန်ဖြစ်ပါသည်။
ဦးသန့်သည် မြန်မာနိုင်ငံသားတဦးဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှများစွာလေးစားခြင်းခံရသောပုဂ္ဂိုလ်တဦးဖြစ်ပါသည်။
ကမ္ဘာ့အရေးအခင်းကြီးများ အရှုပ်အထွေး ကြီးများကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တာဝန်ဖြင့် ဆယ်နှစ်ကျော် ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့သောပုဂ္ဂိုလ်ဖြစ်ပါသည်။
ဘာသာတရားကိုင်းရှိုင်းခြင်း၊မိဘကိုရိုသေမြတ်နိုးခြင်း၊ယဉ်ကျေးဖွယ်သောအမူအရာ အပြောအဆိုရှိခြင်းစသည်ဖြင့် မြန်မာနိုင်ငံသားကောင်း တဦးပီသစွာ ကမ္ဘာ့အလယ်တွင် မျက်နှာပွင့်ခဲ့ပါသည်။
ဤကဲ့သို့ မြန်မာနိုင်ငံသားကောင်း တဦးကို မြန်မာပြည်သူများက လေးစားဂုဏ်ပြုလိုသည်မှာ ထိုက်တန်သော ချီးမြှောက်မှုဖြစ်ပါသည်။
ဤသည်မှာဂုဏ်ယူဖွယ်ရာအမျိုးသားရေးစိတ်ဓါတ်ဖြစ်ပါသည် လူမျိုးဘာသာ မခွဲခြားပဲ မြန်မာနိုင်ငံသားအားလုံးလိုလိုက ထိုက်တန်စွာဂုဏ်ပြု လိုခဲ့ပါသည်။
အာဏာရှင် ဗိုလ်နေ၀င်းနှင့် အပေါင်းအပါတစုမှ လွဲ၍ဖြစ်ပါသည်။
ဗိုလ်နေ၀င်းဦးဆောင်သောတော်လှန်ရေးကောင်စီ၏ ညံ့ဖျင်းသော အုပ်ချုပ်မှု၊ ကိုယ်ကြိုးရှာသော စီးပွားရေး ဦးတည်မှုများကို ပြည်သူက အောင့်အီးသီးခံခဲ့သည်မှာ ဆယ်နှစ်ကျော်ကြာ မြင့်ခဲ့ပြီ ဖြစ်သည်။
ဦးသန့် ကွယ်လွန်ပြီး သေတမ်းစာအရ အလောင်းကို မြန်မာပြည်ပြန်ပို့ရာတွင် မြန်မာပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။



ကျိုက္ကဆံကွင်းတွင် ၁၉၇၄ ဒီဇင်ဘာ(၅)ရက်နေ့အထိထားကား ပြည်သူများ လာရောက်ကြည့်ရှုခွင့် ရစဉ်ကသိန်းနှင့် ချီသောပြည်သူများ လာရောက် ကြည့်ရှုခဲ့ကြသည်။

ထိုစဉ်က ဗိုလ်နေ၀င်းဦးဆောင်သော (မဆလ)အစိုးရ၏ ကြံတောသင်္ချိုင်းတွင် မြုတ်နှံရန်ဖြစ်ပါသည်။
ပြည်သူတို့၏ ဆန္ဒမှာ သီးခြားနေရာတခုပေး၍ ဗိမ္မာန်တခုတည်ရန်ဖြစ်ပါသည်။
တပြည်လုံးရှိ ပြည်သူများ၏ ဆန္ဒမှာ တလေသံတည်းဖြစ်ခဲ့ပါသည်။ ကျောင်းသားများ၏ဆန္ဒမှာလည်းပြည်သူများနှင့်တထပ်တည်းဖြစ်ခဲ့သည်။
ဦးသန့်အလောင်းကိုကြံတောသို့ပို့မည့်နေ့က ကျိုက္ကဆံကွင်းတွင် ပြည်သူသုံးသိန်းကျော်ရှိခဲ့သည်။

ပြည်သူတို့၏ဆန္ဒကို မျက်ကွယ်ပြုထားသော ဗိုလ်နေ၀င်းအစိုးရကိုအံတုကာ ကျောင်းသားထုက ဦးသန့်အလောင်းကို ကျိုက္ကဆံကွင်းမှ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ဝင်းသို့ ဒီဇင်ဘာ(၅)ရက်နေ့ နေ့လည်နှောင်းပိုင်းတွင် သယ်ယူလာခဲ့သည်။
ဦးသန့်အလောင်းကို ထားစရာနေရာအဖြစ် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်ရှိ ဘွဲ့အပ်နှင်းသောစင်မြင့်ကို ရွေးချယ်ထား ရှိခဲ့သည်။

ဤသို့ ကျောင်းသားများ၏ ပြတ်ပြတ်သားသားလုပ်ဆောင်မှုကို ပြည်သူက တခဲနက်ထောက်ခံခဲ့သည် သံဃာတော် အပါးတထောင်ကျော်ကပါ ကျောင်းသားထုနှင့် အမာခံအဖြစ် လက်တွဲခဲ့သည်။

ကျွန်တော်တို့က ဒီဇင်ဘာ(၅)ရက်နေ့ ညဦးပိုင်းတွင်ပင် ဦးသန့်ဗိမ္မာန်ဖြစ်မြောက်ရေး ကျောင်းသား အဖွဲ့အစည်းတရပ်ကို ဖွဲ့စည်းခဲ့သည်။

မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့မှာ အစိုးရကို အာခံနေပြီဖြစ်၍ နိုင်ငံရေးအရပါ သတိကြီးစွာထား၍ လုပ်ဆောင်ရ တော့မည်ဖြစ်ကြောင်း ကောင်းစွာ သတိထားခဲ့ကြသည်။
သို့ဖြစ်၍ လိုအပ်သောဖွဲ့စည်းပုံစည်းမျဉ်းအချို့ကို ထိုညကပင် စည်းဝေး၍ အတည်ပြုခဲ့ကြသည်။

ကျွန်တော်တို့အနေနှင့်လည်း ထိုညကပင် ဘွဲ့နှင်းသဘင်ခန်းမဆောင်စင်မြင့် ဦးသန့်အလောင်း ထားသော နေရာရှေ့မှနေ၍ ကျောင်းသား အားလုံးကို ကျွန်တော်နားလည်သလိုပင် အိမ်တိုင်းမှာ စစ်သားမရှိ၊ အိမ်တိုင်းမှာ ကျောင်းသားရှိပြီး ကျွန်တော်တို့ညီညီညာညာ စုရုံးလုပ်ဆောင် ကြရန်လို ကြောင်း တိုက်တွန်းခဲ့သည်။

တက္ကသိုလ်တွင် တက်နေဆဲ နေ့ကျောင်းသား၊အဆောင်ကျောင်းသားများ ပြည့်လျှံအောင်ရောက်ရှိခဲ့သည်။

ကျွန်တော်တို့ဖွဲ့စည်းခဲ့သော ကျောင်းသားအမှုဆောင်အဖွဲ့၏ အခြေခံအချက်နှင့် စည်းမျဉ်းများမှာ။
အလွန်ရိုးရှင်းပါသည်။လိုအပ်သော အခြေခံအချက်မှာ ဤလှုပ်ရှားမှုတွင် အမှုဆောင်အဖြစ် ပါဝင်ဆောင် ရွက်သူများ အားလုံးသည် အနည်းဆုံး “ထောင်ကျ”မည်ဖြစ်သည်။
အများဆုံး “သေ”မည်ဖြစ်သည်။အောင်မြင်ပါက မိမိပုဂ္ဂိုလ်ရေး အကျိုးစီးပွါး ဘာမျှမရနိုင်ဟု ကျွန်တော်တို့ နားလည်သလို တင်ပြ အတည်ပြုခဲ့သည်။
အမှုဆောင်အဖြစ် အရွေးချယ်ခံရန် လိုအပ်သော အရည်အချင်းမှာ--
(၁) လက်ရှိ တက္ကသိုလ်ကျောင်းသားဖြစ်ရမည်ဖြစ်ပြီး ကျောင်းသားမှတ်ပုံတင် ပြနိုင်ရမည်ဖြစ်သည်။
(၂) မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် မည်သို့မှ မသက်ဆိုင်သူဖြစ်ရမည် ဖြစ်ပါသည်။
ဆိုလိုသည်မှာ တင်းပြည့်ပါတီဝင်၊ အရံပါတီ၊ ပါတီမိတ်ဆွေ၊လမ်းစဉ်လူငယ်စသည်တို့မဖြစ်စေရဖြစ်ပါ သည်။
အကယ်၍ အရွေးချယ်ခံရပါက အထက်ပါအချက်နှစ်ခုနှင့် မညီညွတ်လျှင် မိမိဖာသာ နှုတ်ထွက်ပေး ရန်ဖြစ်သည်။
ဒုတိယ အချက်သည် လမ်းစဉ်ပါတီက အလွန်မကြေနပ် အခံရခက်သော အချက်ဖြစ်ခဲ့သည်။
သို့သော် ကျွန်တော်တို့မတတ်နိုင်ပါ။
လမ်းစဉ်ပါတီကို ကျွန်တော်တို့မယုံပါ။



ဦးသန့် အလောင်းကို လာရောက်ကြည့်ရှုနိုင်ရန် တက္ကသိုလ်ဝင်းနှင့် ဘွဲ့နှင်းသဘင်အဆောက်အဦး ကိုဖွင့်ထား ခဲ့ပါသည်။
ပရိတ်သတ်များသည် စည်းစနစ်ကျစွာဖြင့် တန်းစီပြီး လာရောက် ကြည့်ရှုကြပါ သည်။
ပရိတ်သတ်များ၏ မျက်နှာသည် ကျေနပ်အားရသော၊ အံ့သြချီးကျူးသော၊ ထောက်ခံ အားပေးသော၊ ကျောင်းသားများ အတွက် ပူပန်သောက ရောက်နေသော အသွင်အပြင်များ ပေါ်လွင်လျက်ရှိသည်။
အလှူငွေထည့်ရန် ကျောင်းသားများကို လာသမျှ ပရိတ်သတ်များက တောင်းဆိုကြသဖြင့် ကျွန်တော်တို့အနေဖြင့်ဘဏ္ဍာရေးမှူး ဦးဆောင်၍ ကျောင်းသားကျောင်းသူ သံဃာတော်များဖြင့် ဘွဲ့နှင်းသဘင် အ၀င်ဝ အတွင်းဘက်တွင် စားပွဲ ပုလေးချ၍ ခုံလေးငါးခု၊ ငွေဖလားတလုံး ထားကား ကောက်ခံခဲ့ရသည်။

မှတ်မှတ်ရရပင် (၅)ရက်နေ့ညမှ (၆)ရက်နေ့မနက်အထိ အလှူငွေ တသိန်းခွဲကျော်ရခဲ့သည်မှာ ကျွန်တော်တို့ အထူးပင် ၀မ်းသာကြည်နူးခဲ့ ရသည်။
ထိုစဉ်က လက်ရည်တခွက် (၂၅)ပြား၊ ထမင်းတခါစား (၇၅)ပြားသာရှိခဲ့ သေးပါသည်။

ကျွန်တော်တို့အနေနှင့်တက်သုတ်ရိုက်ကာ ထုတ်ပြန်ချက်များ၊ တောင်းဆိုချက်များ၊ လုပ်ငန်းစဉ်များ၊ အချိန်လု လုပ်ဆောင်ခဲ့ရသည်။

ကျွန်တော်တို့ ထုတ်ပြန်ချက်များမှာ ခပ်ရိုးရိုးလေးပင်ဖြစ်ပါသည်။
ဤကိစ္စသည် မှန်ကန်ပြီး ကျွန်တော်တို့လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်ဟုလည်းကောင်း ၊ ကျွန်တော်တို့အနေနှင့် အောင်မြင်ပြီးဆုံးသည် အထိ တာဝန်ယူ ဆောင်ရွက်သွားမည့်အကြောင်း ၊ ကျွန်တော်တို့ကို ၀ိုင်းဝန်း ကူညီကြပါရန် အကြောင်းတို့ဖြစ်ပါသည်။

ကျွန်တော်တို့တောင်းဆိုချက်များကို ထိုစဉ်က သမတဖြစ်သောဗိုလ်နေ၀င်၊ နိုင်ငံတော် ကောင်စီနှင့် ၀န်ကြီးချုပ် ဦးစိန်ဝင်းထံပို့ခဲ့သည်။
ကျွန်တော်တို့၏ တောင်းဆိုချက်များမှာ ဦးသန့်ဗိမ္မာန် ဆောက်လုပ်ရေးအတွက်ကန်တော်မင်ရှိသခင်ကိုယ်တော်မှိုင်း ဂူဘေးရှိ နေရာကိုပေးရန်၊ ကျောင်းသား များနှင့် ပါဝင်သူများကို မဖမ်းဆီးရန်၊ပညာရေးနှင့် ပါတ်သက်၍ အရေးယူခြင်း ကျောင်းထုတ်ခြင်း မပြုလုပ်ရန်ဖြစ်သည်။တာဝန်ရှိ ကျောင်းသားအမှုဆောင်များဖြစ်သော ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအတွင်းရေးမှူး၊ စသည်တို့အနေနှင့် ကိစ္စ အ၀၀ကို ကျောင်းဝင်းအပြင်သို့ထွက်၍ မဆွေးနွေး နိုင်ကြောင်း၊ ဆွေးနွေးရန်ရှိပါက ကျောင်းဝင်းအတွင်းသို့ လာရောက်ဆွေးနွေးနိုင်ကြောင်း လုံခြုံရေးကို တာဝန်ယူကြောင်းသက်ဆိုင်ရာ အစိုးရနှင့် အာဏာပိုင်များထံ အကြောင်းကြားခဲ့သည်။

ထိုစဉ်က ကမာရွတ်မြို့နယ်ကောင်စီ ဥက္ကဋ္ဌဖြစ်သော ဦးမောင်မောင်က ကျောင်းသားတာဝန် ရှိသူ များနှင့် ဆွေးနွေးလိုကြောင်း ကျောင်းဝင်း အတွင်းသို့ လာရောက်ပြောဆိုရာ ကျွန်တော်တို့အနေနှင့် ၎င်းအဆင့်နှင့်မဆွေးနွေးနိုင်ကြောင်း ပြောဆိုပြန်လွှတ်လိုက်ပါသည်။
ကျွန်တော်တို့တောင်းဆိုချက်ကို (၂၄)နာရီအတွင်း တုန့်ပြန်ပေးပါရန် အကြောင်းကြား ခဲ့သည်။
ကျွန်တော်တို့တောင်းဆိုချက်ကို မလိုက်လျောပါက ကျောင်းသားသမဂ္ဂ၀င်းအတွင်း ဂူဆောက်၍ မြှတ်နှံရန် ဆုံးဖြတ်ခဲ့သည်။
ဂူဆောက်လုပ်ရေးလုပ်ငန်းကို(၅)ရက်နေ့ ညလယ်ပိုင်းမှစတင်၍ ဒုဥက္ကဋ္ဌမှ တာဝန်ယူဆောင်ရွက်ရန် သတ်မှတ်ပေး ခဲ့သည်။
ကျောင်းသားသမဂ္ဂနေရာဟောင်းတွင် အုတ်ဂူဆောက် လုပ်ရေးကို ထိုညမှစတင်၍ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ ကြသည်။
တက္ကသိုလ်ဝင်းသည် အထူးသဖြင့် ဘွဲ့နှင်းသဘင်ခန်းမရှေ့မှစ၍ အဓိပတိလမ်းမကြီး တလျှောက် ပင်မတံခါးမကြီး အထိ ပရိတ်သတ်မှာ တိုးမပေါက်နိုင်အောင် စည်ကားခဲ့ပါသည်။
ဈေးဆိုင်တန်းများ ပေါ်ပေါက် လာပြီး အဓိပတိလမ်းမလျှောက် တဖက်တချက်တွင် မုန့်ပဲ သားရေစာ အမျိုးမျိုးအပြင် လက်ဖက်ရည် ဆိုင်၊မုန့်ဟင်းခါးဆိုင်များပါ နေ့ရောညပါ ရောင်းချနေသည်မှာ အထူးပင် အံ့အား သင့်ဖွယ်ရာ စည်ကားခြင်း ဖြစ်ခဲ့သည်။
ထိုစဉ်က အစိုးရကို ဆန့်ကျင်၍ ဆောင်ရွက်နေသည်နှင့်မတူတော့ပဲ ကျောင်းသားများသည် စင်ပြိုင်အစိုးရသဖွယ် အစိုးရနှင့် အပြိုင်အဆိုင် အာဏာပိုင်သည်ကဲ့သို့ထိုစဉ်ကပြည်သူများ အနေနှင့် သဘောထား ခဲ့ကြသည်။
ကျွန်တော်တို့ သဘောထားများ၊ထုတ်ပြန်ချက်၊တောင်းဆိုချက်များကို စုဝေး ရောက်ရှိလာကြသော သိန်းနှင့်ချီသည့် ပရိတ်သတ်ကြီး များအား အဆင်ပြေစွာ ထုတ်ပြန်ပေး နိုင်ရန်အတွက် ဘွဲ့နှင်းသဘင်ခန်းမမုခ်ဝ ဘယ်ဘက်ထောင့်တွင် စကားပြော စင်တခုနှင့် မိုက်ကရိုဖုန်း တခုထားကာ ပြန်ကြားရေးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
ချက်ချင်းလိုလိုပင် ထိုမိုက်ကရိုဖုန်းသည် တပြည်လုံးပရိတ်သတ်၏ အာရုံစူးစိုက်ရာ ဖြစ်လာခဲ့သည်။


ထိုစဉ်က ကျွန်တော်တို့ကျောင်းသားအမှုဆောင်များအနေနှင့် အစိုးရကို တိုက်ရိုက်ပုတ်ခတ် ပြော ဆိုရန် အဓိကမထားခဲ့။
သတိထား၍ မိမိတို့လုပ်ငန်းစဉ်များကိုသာ ထိထိရောက်ရောက် သွက်သွက် လက်လက်ဖြစ်ရန် လုပ်ငန်း လည်ပတ်မှု ကောင်းမွန်ရန် အာရုံစိုက်ခဲ့ သည်။

သို့သော် ပြည်သူများ အနေနှင့်လည်းကောင်း၊သံဃာတော်များ အနေနှင့် လည်းကောင်း၊ လွတ်လွတ် လပ်လပ် ပြောဆိုရင်ဖွင့်ရန် ကျွန်တော်တို့ မိုက်ရိုဖုန်းကို အခွင့်ပေးခဲ့သည်။

ဤသည်မှာ ပရိတ်သတ်စုဝေးရာ အဓိကအကြောင်းအရင်း တခုဖြစ်ခဲ့ပြီး၊ ပြည်သူတရပ်လုံးက ဗိုလ်နေ၀င်းနှင့် စစ်အစိုးရ(မဆလ) ပါတီကို မည်မျှ မုန်းတီးရွံရှာကြောင်း၊အစိုးရ၏ ဖောက်ပြန်မှုများ၊ အလွဲသုံးစား မှုများ၊ လူသတ်မှုများကို ဖွင့်ချရာနေရာ၊ ပြည်သူများ၏ ရင်ဖွင့်ရာ နေရာဖြစ်ခဲ့သည်။

အများစုပြောသွားကြသည်များမှာ ဗိုလ်နေ၀င်း၏ ယုတ်မာကောက်ကျစ်မှုများဖြစ်ပြီး အချို့မှာ ပြောရင်းဒေါသဖြစ်လာသဖြင့် ဗိုလ်နေ၀င်းကို မိုက်ကရိုဖုန်းမှနေ၍ ပယ်ပယ်နယ်နယ် ဆဲပါတော့သည်။

ညဖြစ်နေသည်ကတကြောင်း၊ ဘွဲ့နှင်းသဘင်နှင့် အေဒီလမ်းရှိ ဗိုလ်နေ၀င်းဂေဟာတို့မှာ အင်းယားကန် သာခြားပြီး သိပ်မဝေးလှသည်နှင့် ဗိုလ်နေ၀င်းတယောက် အနေဖြင့် မကြားချင်လည်း အတိုင်းသားကြား နေရမည်ဖြစ်သည်။

ကျွန်တော်တို့ မတတ်နိုင်ပါ ကိုယ်လုပ်ထားတာ ကိုယ်ခံရမည်သာဖြစ်ပေသည်။


ဗိုလ်နေ၀င်းအနေနှင့် ကြားချင်ပုံမပေါ်၍ (၆)ရက်နေ့တွင် သက်ဆိုင်ရာမှ လာရောက်၍ ကန့်ကွက်ရာကျွန်တော်တို့မှ ဤနေရာသည် လွတ်လွတ် လပ်လပ်ပြောနိုင်သော နေရာဖြစ်ကြောင်း၊ ဤသို့ပြောဆိုမှုများကို ဖမ်းဆီးခြင်း၊ အရေးယူခြင်း မပြုလုပ်ရန် ပြန်လည် တောင်းဆိုခဲ့သည်။
ပရိတ်သတ်များထဲမှ တဦးပြီး တဦး စင်မြင့်ပေါ်သို့တက်လာ၍ နေ၀င်းအစိုးရအလို မရှိကြောင်းပြောဆိုကြရာ အော်ဟစ်ကြွေးကြော်ကြရာ ပရိတ်သတ်၏ တခဲနက်သြဘာ ပေးခြင်းကို လှိုက်လှဲစွာခံယူခဲ့ကြရသည်။
လူထုပရိတ်သတ်ကြီးမှာ အထူးပင်သက်ဝင်လှုပ်ရှားလာပြီး တက်ကြွစွာ နေ့ရောညပါ အလုံးအရင်းနှင့် မပြန်တမ်းစုဝေးနေကြသည်ကို ကျွန်တော်တို့ မြင်ရသောအခါ များစွာအားတက်ကြည်နူးခဲ့ရသည်။
ပြည်သူလူထု ပျော်ရွင်ကျေနပ်လျှင် ကျွန်တော်တို့ ပျော်ရွှင်ကျေနပ်သည်ပင်ဖြစ်ပါသည်။
ပြည်သူများ၏ ဆန္ဒသည် ကျွန်တော်တို့ ကျောင်းသားများ၏ ဆန္ဒပင်ဖြစ်သည်။
ပြည်သူများ၏ဆန္ဒသည်ပင် ကျွန်တော်တို့ကျောင်းသားများ၏ ဆန္ဒဖြစ်ပါတော့သည်။



(သက်လှိုင်ရေးသည်)

ပေးပို့သူ---ထွန်းအောင်ကျော်
(နိုဝင်ဘာလ၊ ၁၅ရက်၊ ၂၀၁၁ခုနှစ်) -------------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...