နိုင်ငံတို့အတွက် မျှော်မှန်းချက်
ဖေမြင့်
တိုင်းပြည်ကောင်းအောင်လုပ်ဖို့
နိုင်ငံရေးသမားမှာ အာဏာရှိရန်လိုသည်။
အာဏာရမှတိုင်းပြည်အတွက်မိမိမှာရှိသမျှ စိတ်ကူးစိတ်သန်းကောင်းတွေ
အကောင်ထည်ဖော်နိုင်မည်။
မိမိမှာ ရှိသည်ထက်သန်သော စေတနာဖြင့် တိုင်းပြည်အကျိုးကို
ပြည့်ပြည့်ဝဝသယ်ပိုးနိုင်မည်။
အာဏာမရလျှင် ဘာမှမတတ်နိုင်။
ထို့ကြောင့် နိုင်ငံရေးသမားများသည် အာဏာရရှိရေးကို
ဦးထိပ်တင်ထားဆောင်ရွက်ကြသည်။
ဒါကို အပြစ်တင်စရာမရှိ။
သို့သော် ပြဿနာက ‘အာဏာသည် ဖျက်ဆီးတတ်သည်၊
နည်းနည်းပါးပါး မစို့မပို့အာဏာ (သို့မဟုတ်) သူတစ်ပါးအရိပ်အခြည်ကြည့်ပြီး သုံးစွဲရသောအာဏာသည်
နည်းနည်းပါးပါး မစို့မပို့ဖျက်ဆီးသည်။ ဘယ်သူ ဘယ်ဝါကိုမှဂရုစိုက်စရာမလိုအောင် အလုံးစုံသော
အာဏာရရှိသူကိုကား အာဏာက လုံးလုံးလျားလျားဖျက်ဆီးပစ်မြဲဖြစ်သည်။’
ပြည်နယ်အစိုးရအကြီးအကဲအဖြစ် လေးနှစ်လုပ်ပြီးနောက်၊
နောက်သက်တမ်းတစ်ခုအတွက် ရွေး ကောက်ပွဲဝင်သည့် အမေရိကန်အမတ် ဟားဘတ်လေမင်ကို ရွေးကောက်ပွဲ
ဘာကြောင့်ဝင်သလဲ မေးသည့် အခါ ပွင့်ပွင့်လင်းလင်းဖြေသည်။
‘အစောင့်ဆိုင်ကယ်ယာဉ်တန်းနဲ့ ကားစီးဖူးသွားပြီဆိုရင်
ခင်ဗျားဘယ်တော့မှ အရင်အတိုင်းပြန်မဖြစ် တော့ဘူးဗျာ’ တဲ့။
အာဏာပိုး ဦးနှောက်ထဲစွဲကပ်သွားပြီဆိုရင်
သာမန်လူနှင့်မတူတော့။ အတွေးအကြံအပြုအမူတွေ ဖောက်ပြန်ပျက်ယွင်းကာ၊ မှန်မှား၊ တရား မတရားတွေ
စဉ်းစားဆင်ချင်နိုင်စွမ်း နည်းပါးလာတယ်။
၁၉ရာစု ဗြိတိန်ပြည်က ထင်ရှားသောဝန်ကြီးချုပ်တစ်ဦးဖြစ်သူ
ဂရက်စတုန်းက ‘နိုင်ငံရေးနယ်ပယ်မှာ အောင်မြင်ချင်တယ်ဆိုရင် ခင်ဗျားရဲ့ မှန်မှားသိစိတ်တွေ
ထိန်းချုပ်ထားနိုင်ဖို့လိုတယ်’ ဟုဆိုခဲ့သည်။
မာကီယာဗယ်လီလို မကောင်းသောဘဝလမ်းညွှန် အကြံပေးခြင်းမဟုတ်။
မဟုတ်မှန်းသိလျှက်နှင့် ဝင်မ ပြောသော၊ မတရားမှန်းသိလျှက်နှင့် ဆန့်ကျင်ကန့်ကွက်မှုမပြုသော
နိုင်ငံရေးလုပ်စားသူများကို အရွဲ့တိုက်ပြော လိုက်ခြင်းဖြစ်သည်။
နိုင်ငံရေးသမားဘဝမှာ ချစ်တာ၊ မုန်းတာမရှိဘူးတဲ့။
အင်္ဂလိပ် ကဗျာဆရာ ဂွန်ဒရိုင်ဒင်က ဆိုသည်။
အရေးကိစ္စတစ်ခုအတွက် (သို့မဟုတ်) ယုံကြည်ချက်တစ်ရပ်အတွက်
ရုန်းကန်လှုပ်ရှားသူ၊ တိုက်ပွဲဝင် သူများကိုမဆို၊ ကိုယ်ကျိုးစီးပွားဖြစ်မည်ဆိုလျှင်
မည်သူနှင့်မဆို ပေါင်းလိုက်မည်၊ ခွာလိုက်မည်ဟူသော သူများ ကို ပြောခြင်းဖြစ်သည်။
တစ်ချို့က နိုင်ငံရေးနယ်ပယ်ထဲကို ငွေထုတ်ပိုက်ဝင်ကာ
ငွေနှင့် အာဏာရှာ၊ အာဏာရလျှင် အာဏာ နှင့်ငွေရှာ၊ တိုင်းပြည်ကောင်းအောင်လုပ်ဖို့ စိတ်ကူး
သူ့ခေါင်းထဲမှာပါမလာ။
တစ်ချို့က လက်ထဲမှာဘာမှပါ။ အာဏာအသိုင်းအဝိုင်းထဲ
ရောက်နိုင်သလောက် အနက်ရှိုင်းဆုံးရောက် အောင်ခြေစုံပစ်ဝင်မည်။ မစမည့်သူကို မြှောက်ပင့်ကပ်ရပ်ပေါင်းသင်းမည်။
ဈေးအများဆုံးပေး၍ ခိုင်းစေသူကို သူပေးနေသရွေ့ သစ္စာရှိမည်။
လိမ္မာသူတစ်ချို့က ပြဿနာရှုပ်ထွေးသော နိုင်ငံရေးကို
စိတ်မဝင်စားသလိုနေသည်။ သို့သော် ရာထူး ရာခံပေးအပ်ချီးမြင့်လာတော့ အားနာပါးနာနည်းနည်းငြင်းပြီး
အသာလက်ခံလိုက်သည်။ သို့သော်အာဏာ ယန္တရားထဲ ရောက်ရှိသွားပြီဆိုလျှင်တော့ သူလည်းအာဏာအဆိပ်မိပြီ။
အာဏာကို မစွန့်လွတ်ရရေး၊ အာဏာ တည်တံ့ခိုင်မြဲရေး၊ အာဏာတိုးတတ်ရရှိရေးကို သေတပန်သက်တဆုံးလုပ်တော့မည်။
သို့သော် ကံအားလျော်စွာ နိုင်ငံရေးနယ်ပယ်၌
လူတော်လူကောင်းတွေလည်း ရှိပါသေးတယ်။
တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ရွပ်ရွပ်ချွန်ချွန်ဆောင်ရွက်သည့်
ခေါင်းဆောင်ကောင်းတွေ၊
ပြင်းထန်သောနိုင်ငံရေး ဝိညာဉ်၏ စေ့ဆော်ချက်ဖြင့်
လွတ်လပ်မှုနှင့် တရားမျှတမှုအတွက် အသက်ပေး တိုက်ပွဲဝင်တဲ့ သူရဲကောင်းတွေ၊
အဲသည်လိုပုဂ္ဂိုလ်တွေ ရာဇဝင်မှာပေါ်ပေါက်ခဲ့၊
ပေါ်ပေါက်ဆဲဖြစ်သည်။
စပါတာကပ်စ်သည် လူအချင်းချင်းကျွန်ပြုသည့်စနစ်ကို
တိုက်ဖျက်ရင်း အသက်ပေးခဲ့သည်။
မာတင်လူသာကင်းသည် အကြိမ်ကြိမ်အဖန်ဖန် လုပ်ကြံမှုကိုခံကာ
အသားရောင်မတူသူတို့အား ဖိနှိပ်ခွဲ ခြားသောစနစ်ကို တိုက်ဖျက်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၊ မဟတ္တမဂန္ဓီ၊ ဟိုဆေးရီဇာတို့သည်
မိမိတို့ တိုင်းပြည်အသီးသီးအတွက် အသက် ပေးသွားသည့် အာဇာနည်များဖြစ်သည်။
သည်လိုပုဂ္ဂိုလ်မျိုး ပေါ်ထွက်နေနိုင်သေးသရွေ့
တိုင်းပြည်နှင့်လူမျိုးတို့အတွက် မျှော်လင့်ချက်တွေ ရှိ နေပေသေးသည်။
ပြည်သူ့ခေတ်၊
အတွဲ(၂)၊ အမှတ်(၆၅)မှ-
0 comments:
Post a Comment