လွှတ်တော်ကပြသလာသည့် ဗဟုဝါဒ လက္ခဏာ
ယခုတလော
လွှတ်တော်များဆီက စိတ်ဝင်စားဖွယ်အသံဗလံများ ကြားလာရပါသည်။
အစည်းအဝေတွေ စတင်စဉ်က ကြီးကျယ်ခန်းနားလှသော
လွှတ်တော်အဆောက်အအုံနှင့် ယင်း၏ စည်းစနစ်များအောက်တွင် လွှတ်ကိုယ်စလှယ်များသည် စက်ရုပ်များလို
အသွင်တူ၊ ပုံစံတူများဖြစ်ကာ တစ်ဦးချင်းထံမှ စွမ်းရည်အစအနမျှ မြင်ရပါလေမလားဟု စိုးရိမ်စရာဖြစ်ခဲ့သည်။
သုံးသပ်ဝေဖန်သူတို့လည်း တပ်မတော်သားများ၊
အငြိမ်းစားတပ်မတော်သားများ ယခင်အစိုးရနှင့် နှီးနှောသော ပါတီများမှ ကိုယ်စလှယ်များ၊
ယခင်အစိုးရခေတ် စီးပွားရေးသမားများ၊ အငြိမ်းစားဝန်ထမ်းများ စသည်တို့နှင့်အဓိကဖွဲ့စည်းထားပြီး
ဒီမိုကရေစီအင်အားစုတို့ဟု မှတ်ယူကြသည့် အခြားပုဂ္ဂိုလ်တို့ မဆိုစလောက် သာပါဝင်သော လွှတ်တော်များအနေနှင့်
ပါတီစုံဒီမိုကရေစီ ဖြစ်ပေါ်အောင် သို့မဟုတ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာအောင် လုပ်ဆောင်နိုင်စရာမရှိဟု
ကောက်ချက်ချခဲ့သည်။
ထို့အပြင် လွှတ်တော်များအနေနှင့် သမ္မတနှင့်
ဒုတိယသမ္မတ ရွေးပေးပြီးနောက်တွင် သမ္မတက ဝန်ကြီး အဖွဲ့ကို ဖွဲ့စည်းပြီးတိုင်း ရေးရာများကို
စီမံခန့်ခွဲသွားမည်ဆိုလျှင် လွှတ်တော်မှာ ဘာအာဏာကျန်ရှိဦးမည်နည်း။ လွှတ်တော်သည် သမ္မတနဲ့ဝန်ကြီးအဖွဲ့၏
အစီအစဉ်မှန်သမျှကို အတည်ပြုပေးရသည်။ ရုပ်သေးလွှတ်တော်၊ လက်ညိုးထောင်ခေါင်းညိုတ်လွှတ်တော်၊
ရာဘာတံဆိပ်တုံးလွှတ်တော်သာ ဖြစ်လိမ့်မည် စသဖြင့် ရှုမြင်ကြသည်။ အဲဒီလို လွှတ်တော်မျိုးတွေ
ယခင်ကလည်းတွေ့ဖူးမြင်ဖူးကြပြီးဖြစ်ရာ ယခုလည်း အကြောင်းထူး လိမ့်မည်ဟု မယူဆကြ။ လွှတ်တော်အစည်းအဝေးများသည်
ပြင်းရိ ငြီးငွေ့ဖွယ်၊ အိပ်ချင်ငိုက်မြည်းဖွယ်သာဖြစ် လိမ့်မည်ဟု မှတ်ယူထားခဲ့ကြသည်။
သို့သော်ယခုဆိုလျှင် ရက်ပေါင်း၄၀ကျော်ရှိလာသည့်
လွှတ်တော်အစည်းအဝေးများအတွင်း ဆွေးနွေး ချက်တို့သည် ဆွေးနွေးငြင်းခုံချက်များထဲတွင်
နိုင်ငံအတွက်လည်းကောင်း၊ နိုင်ငံအနှံအပြားရှိ အရပ်ဒေသ အသီးသီးမှ ပြည်သူတို့အတွက်လည်းကောင်း
အရေးကြီးသောအကြောင်းကိစ္စတွေ ပါဝင်လာနေသည်။ အများ ပြည်သူအကျိုးပြုဥပဒေများဖြစ်ထွန်းလာစေရန်
အားထုတ်မှုတွေ အောင်မြင်မှုကောင်း စွာမရသေးသည့် တိုင်းပြည်သူ့ကိုယ်စားပြု ပြောဆိုသံ၊
ပြည်သူ့အကျိုးအတွက် တင်ပြဆွေးနွေးသံတွေ လွှတ်တော်၌ ကြားလာ ရခြင်းသည်ပင် တိုးတတ်မှုတစ်ခုဖြစ်သည်ဟု
ဆိုနိုင်သည်။
သည့်အပြင် လွှတ်တော်အတွင်းဆွေးနွေးရာ၌ ဘယ်ပါတီ
ဘယ်အဖွဲ့အစည်းကဆိုလျှင် ဘယ်အသံဟူ၍ ပုံစံကျသက်သက် မဟုတ်ဘဲ၊ တစ်ဦးချင်း၏သဘောဆန္ဒကို ဖော်ပြမှုများလည်းရှိလာရ၏သည်မှာလည်း
ယခင် နှင့်ကွဲပြားသည့်တိုးတတ်မှု လက္ခဏာတစ်ရပ်ဟုပင် ဆိုရပေမည်။ ပြီးခဲ့သည့်ရက်များအတွင်းမူ
လွှတ်တော် နိုင်ငံရေးသည် အသွက်လက်အလှုပ်ခပ်ဆုံး အနေအထားသို့ ရောက်ရှိလာတာတွေ့ရပါတယ်။
အကြောင်းအရာက ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်
ထို့နောက်ပြည်သူလွှတ်တော်တို့ အကြား ဥပဒေပြုရေးကိစ္စမှာ ဆက်နွယ်ဆောင်ရွက်ရာက ထွက်ပေါ်လာသည့်
သဘောထားကွဲလွဲမှု၊ အပြန်အလှန်ထောက်ပြဝေဖန်မှု၊
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကြား လုပ်ထုံးလုပ်နည်းရေးရာ ငြင်းခုံပြိုင်ဆိုင်မှုနှင့်
ပတ်သက်သည်။
အငြင်းပွားရသည့်အချက်ကို ချုပ်၍ဖော်ပြရသော်
အမျိုးသားလွှတ်တော်အနေနဲ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုသော သို့မဟုတ် အတည်ပြုရသည်ဟု
မှတ်ယူရမည့်ဖြစ်သည့် ဥပဒေကြမ်းများကို နိုင်ငံတော်သမ္မတ
လက်မှတ်ရေးထိုးထုတ်ပြန်ရေးအတွက် ပေးပို့ခြင်းမပြုမီ ဥပဒေကြမ်းပူးပေါင်းကော်မတီအား စီစစ်စေပြီး
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိမရှိ သံသယရှိသောကိစ္စများပါဝင်သည်ဟု
ယူဆပါက ယင်းဥပဒေကြမ်းအား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ပေးပို့ရန်လိုအပ်သည်ဟု
သဘောတူကြပြီး ပြည်သူ့လွှတ်တော်ကမူ ဥပဒေကြမ်းများတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်ခြင်း
ရှိမရှိ သံသယရှိသောကိစ္စများပေါ်ပေါက်လာပါက ပြည်ထောင်စု လွှတ်တော်သို့သာတင်ပြပြီး ညှို့နှိုင်းဆောင်ရွက်
ဆုံးဖြတ်ရမည်။ ဥပဒေပြဌာန်းပြီးနောက် အငြင်းပွားမှုများပေါ်ပေါက်လာသောအခါမှသာ ခုံရုံးသို့တင်သွင်းပြီး
ခုံရုံး က စီရင်ဆုံးဖြတ်ရမည်ဟု သဘောတူကြခြင်းဖြစ်သည်။
သဘောကွဲလွဲမှုနောက်တွင်ရှိသည့်အခြေအနေအရပ်ရပ်နှင့်
ကွဲလွဲမှုမှနေ၍ မည်သို့သော နောက်ဆက် တွဲရလာဒ်များ ဖြစ်ပေါ်မည်မသိနိုင်သေးသော်လည်း၊ အမျိုးသားလွှတ်တော်၏
နိုဝင်ဘာ ၂ရက်နေ့ အစည်းအဝေးတွင် ပြောဆိုဆွေးနွေးကြရာ၌ ‘လွှတ်တော် နှစ်ရပ်စလုံးသည် တိုင်းပြည်နှင့်ပြည်သူအတွက်
အလုပ်လုပ်နေကြခြင်းဖြစ်ရာ ညီညီညွတ်ညွတ် နားလည်မှုရှိရှိဖြင့် ပြည်ထောင်စု လွှတ်တော်နာယက
နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌတို့က ဦးဆောင်၍ သင့်မြတ်သလိုဖြေရှင်းဆောင်ရွက်ပေးစေလိုကြောင်း
နားလည်မှု ရှိရှိဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက ပြဿနာမဟုတ်တော့ပဲ သင်ခန်းစာသာလျှင်ဖြစ်သွားမည်
ဖြစ်ကြောင်း’ [မြန်မာ့အလင်း ၃၊၁၁၊၂၀၁၁ စာ-၅]
ဟူသောဆွေးနွေးချက်တစ်ရပ်ပါရှိရာ ၎င်းအရမူ လွှတ်တော် များအတွင်း မတူသောအယူအဆတို့
ဒွန်တွဲယှဉ်ပြိုင်ရပ်တည်နိုင်ကြမည့် သဘောဖြစ်သည်ဟု ရှုမြင်သည်။
ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံရေးရာ၌ ပွင့်လင်းမြင်သာ၊
မတူသောအယူအဆ (မတူသောအယူအဆ ကိုင်စွဲသူ) တို့ တည်ရှိမှုကို သိမှတ်လက်ခံမှု တရားမျှတသော
စည်းမျဉ်းစည်းကမ်းများနှင့် အညီ လွတ်လပ်စွာ ယှဉ်ပြိုင်မှု၊ အများသဘောဖြင့် ဆုံးဖြတ်ရာ၌
အနည်းစုအခွင့်အရေးကို မထိပါးမှု၊ စသည်တို့ရှိဖို့လိုကြောင်း အများသိကြသည်။
ထိုသဘောလက္ခဏာများ ထွန်းကား တည်ရှိရေးအတွက်
အရေးကြီးသော အခြေခံတစ်ရပ်မှာ နိုင်ငံတော်အာဏာကို တစ်ဦးတစ်ယောက်သို့မဟုတ် တစ်စုတစ်ဖွဲ့တည်း၏
လက်မှာမထားပဲ အများစုအတွင်းခွဲ ခြားထားရှိကာ အပြန်အလှန် ထိန်းညှို့ကွပ်ကဲသောစနစ်ဖြစ်ကြောင်းလဲ
အများနာလည်းကြသည်။
ထိုသဘောအရမူ၊
ယခုအခါ လွှတ်တော်များအနေနှင့်သမ္မတဦးဆောင်သည့်
အစိုးရအဖွဲ့နှင့် ၎င်း၏ယန္တရားအဆက်ဆက် တို့ နိုင်ငံကို အုပ်ချုပ်ရာ စီမံခန့်ခွဲရာ၌ တိကျသော
မူဝါဒများအတိုင်း လိုက်နာကျင့်သုံးကြရန် ဥပဒေများ ပြဌာန်း ပေးခြင်း ၎င်းတို့အတိုင်း ဆောင်ရွက်ခြင်းရှိမရှိ
စောင့်ကြည့်တည့်မတ်ခြင်းများ လုပ်ဆောင်သည်နှင့် တစ်ပြိုင် တည်းတွင်၊
အရပ်ရပ် ပြည်သူတို့၏ မတူသော ဆန္ဒတို့ကို ပိုမိုပြည့်စုံစွာဖော်ပြနိုင်ရန်ခွင့်လမ်းပေးထားသော
သဘောရှိသည့် လွှတ်တော် နှစ်ရပ်စနစ်အရ ကွဲပြားတည်ရှိသည့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်
တို့ကလည်း သီးခြားလွတ်လပ်စွာ ရပ်တည်ကာ မိမိတို့ အယူအဆကိုယ်စီဖြင့် ဥပဒေကြမ်းများ ပုံဖော်ဖန်တီးခြင်း
ထို့နောက်တွင်မှ ပူးတွဲညှို့နှိုင်းအတည်ပြုခြင်းဟူသော နည်းစဉ်ကို ပွင့်လင်းမြင်သာစွာ
ကျင့်သုံးနိုင်ကြမည်ဆိုလျှင် ဥပဒေပြုရေး မဏ္ဍိုင်ကိုယ်တိုင်၌ အမြင်စုံ၊ ဆန္ဒစုံတို့ ယှဉ်ပြိုင်
ထွန်းကားသည့် ဒီမိုကရေစီ သဘောလက္ခဏာများ ထင်ရှားလာသည်ဟု ဆိုရမည်ဖြစ်ပါသည်။
ပြည်သူ့ခေတ်၊
အယ်ဒီတာ၊ ၄၊၁၁၊၂၀၁၁
ပြည်သူ့ခေတ်၊
အတွဲ (၂)၊ အမှတ် (၆၈)မှ
0 comments:
Post a Comment