နည်းမမှန်ရင် စေတနာက ဝေဒနာဖြစ်
by Yangon Press International on Friday, November 11, 2011 at 2:09pm
ကျောမှာ ပိုးထားတဲ့ ကျောပိုးအိတ်ရဲ့ အလေးချိန်ကြောင့် ခါးအနည်းငယ်ကိုင်းသလို ဖြစ်နေတဲ့ လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းမှာလည်း အားထည့်နေရတဲ့ ပုံပေါက်တဲ့ မြေးငယ်ကိုကြည့်ပြီး အသက် ၇၀ အရွယ် အဖွားဖြစ်သူက “ ခုခေတ် ကလေးတွေများ လူနဲ့ကျောပိုးအိတ် နဲ့တောင် မလိုက်ဘူး။ ဒီကလေးတွေ ကြာရင်ခါးတွေချိတော့မှာပဲ။ တချို့ကလေးတွေဆို ကျောပေါ်မှာတင်မကဘူး လက်ထဲမှာလည်း (စာအုပ်တွေ) ပါသေးတယ် ” လို့ရေရွတ် နေပါတယ်။
ယနေ့ခေတ် မိဘတွေရဲ့ သားသမီးတွေအပေါ်ထားရှိတဲ့ ပညာတတ်ဖြစ်စေချင်တဲ့ ဆန္ဒတွေကြောင့် ကလေးတွေဟာ အိမ်မှကျောင်း၊ ကျောင်းမှကျူရှင်၊ ကျုရှင်မှ ဂိုက်စသဖြင့် သင်ယူခြင်းကိစ္စတွေဟာ နိစ္စဓူဝ သဖွယ်ဖြစ် လာရပါတယ်။
ခြောက်နှစ်အရွယ် ဒီကလေးရဲ့ မိခင် ဒေါ်ခိုင်ခိုင်ကတော့ “ခုခေတ်မှာက အနည်းဆုံးဘွဲ့လေးတစ်ခုမှမရရင် ဘာမှလုပ်လို့မရဘူး။ ဒါကြောင့်ခုကတည်းက ကလေးရဲ့ပညာရေးအတွက်ဆို ဘယ်လောက်ကုန်ကုန် မမှုဘူး။ဒါကြောင့် ကျောင်းစာအပြင် အိမ်မှာလည်း အင်္ဂလိပ်စာ သီးသန့်ထပ်သင်ပေးနေပြီ” လို့ ပြောပါတယ်။
ယနေ့ခေတ် ပညာရေးကို လေ့လာတဲ့အခါ မိသားစုစားဝတ်နေရေး လုံးပန်းနေရတဲ့အတွက် သားသမီးပညာရေးကို လှည့်မကြည့်နိုင်တဲ့ မိဘတွေရှိသလို၊ ငွေကြေးအကုန်အကျခံနိုင်ပြီး သားသမီးတွေကို စားချိန်၊နားချိန်မရလောက်အောင် ပညာရေးအတွက် လုံးပမ်းစေချင်တဲ့ မိဘတွေလည်းရှိကြပါတယ်။
ရန်ကုန်မြို့ဆင်ခြေဖုန်း ရပ်ကွက်ငယ်တစ်ခုက အိမ်ရှင်မတစ်ဦးကတော့ “ခုခေတ်မှာ ကလေးတစ်ယောက်အတွက်စရိတ်က မနည်းဘူး။ကျမတို့အနေနဲ့လည်း တစ်နေ့လုပ်တစ်နေ့စားဆိုတော့ ကလေးကျောင်းတောင်မနည်းထားရတာ။ ကျူရှင်ကတော့မထားနိုင်ပါဘူး” လို့ပြောပါတယ်။
အဲဒီလိုအစွန်းရောက်မှု နှစ်ခုလုံးဟာ သားသမီးတွေရဲ့ ဘ၀တက်လမ်းအတွက် နစ်နာဆုံးရှုံးမှုတွေ ပေါ်ပေါက် လာနိုင်တယ်လို့ စာသင်သက်တမ်း ၅၅နှစ်ရှိပြီဖြစ်တဲ့ မြန်မာစာဆရာဂုဏ်ထူးဦးသိန်းနိုင်က သုံးသပ်ပြောဆိုပါတယ်။
“တချို့မိဘတွေက သူတို့လည်း မနားဘူး။ ကလေးကိုလည်းမနားခိုင်းဘူး။ ကျောင်းက ပြန်လာတော့လည်းကျူရှင်တက်။ ပြီးရင် ထမင်းတောင်ဖြောင့်အောင် မစားရသေးဘူး စာကူကျက်မယ့် ဂိုက်တွေကစောင့်နေပြီ။ ဒီတော့ ကလေးက အကျဉ်းကျခံနေရတဲ့ ကလေးတစ်ယောက်လိုဖြစ်ပြီး ကလေးအရွယ်မှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အလွန်ဆုံးရှုံးသွားတယ်” လို့ဆရာဦးသိန်းနိုင်က ယနေ့ခေတ်ကလေးတွေရဲ့ အခက်အခဲကိုရှင်းပြတယ်။
အခုလို မိဘတွေ အားသွန်ခွန်စိုက်ပြီး စိတ်ကူးရရင် ရသလောက် ပံ့ပိုးမှုတွေလုပ်လာတာဟာ ၁၉၆၄ ခုနှစ် နောက်ပိုင်း တက္ကသိုလ်ဝင်တန်း အမှတ်ပေါ်မူတည်ကာ မိမိတက်လိုတဲ့ ဘာသာကိုရွေးချယ်ရတဲ့ စနစ်သစ်ပညာရေး ပြဌာန်းတဲ့ နောက်ပိုင်းမှာ ပေါ်ပေါက်လာခြင်းဖြစ်တယ်လို့ ဆရာဦးသိန်းနိုင် ကဆိုပါတယ်။
ကာယ၊ဉာဏ ညီမျှပါစ
နိုင်ငံ့တကာ စိတ်ပညာရှင်တွေရဲ့ အဆိုအရ ကလေးငယ်တစ်ယောက်ရဲ့ ဦးနှောက်ကလက်ခံနိုင်စွမ်းဟာ တစ်နာရီခွဲထက်မပိုတာကြောင့် ကလေးငယ်ကို စာတစ်ခုတည်းကိုပဲ ဆက်တိုက်လုပ်ခိုင်းမယ်ဆိုရင် စာကို ညည်းငွေ့စရာ ကြောက်စရာ လို့ထင်လာနိုင်ပါ တယ်။အဲဒီအခါ မိဘတွေအနေနဲ့ကလေးကို ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးရာ မရောက်ဘဲ နှိပ်စက်ရာ ရောက်နိုင်ပါတယ် လို့ပညာရေး ကျွမ်းကျင် သူတွေက ပြောပါတယ်။
နည်းပညာ အသစ်အဆန်းတွေကြောင့် ပြောင်းလဲနေတဲ့ခေတ်ကြီးကို အမီလိုက်နိုင်ဖို့ ကြိုးစားနေတဲ့ ဒီနေ့ခေတ် မိဘတွေရဲ့ရင်ထဲ က စေတနာဟာ ငယ်ရွယ်နုနယ်တဲ့ကလေးတွေအတွက်တော့ စိတ်ဖိစီးစရာတစ်ခုဖြစ်လာနိုင်တယ်လို့ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်ခင်မျိုးဟန်က ခုလိုပြောပါတယ်။
“အားဆေးကျွေးရုံ အာဟာရရှိတာကျွေးရုံနဲ့ မလုံလောက်ဘူး။ ကလေးရဲ့ဦးနှောက်ကို အနားမပေးဘဲ အတင်းဇွတ်လုပ်ခိုင်းရင် နောက်ပိုင်းမှာ ကလေးဟာ စာကို လှည့်မကြည့်ချင် လောက်အောင် ဖြစ်သွားမယ်။ ကလေးငယ်တွေကို ကစားချိန်၊ နားချိန် သတ်သတ်မှတ်မှတ် ပေးသင့်တယ်”
ကလေးရဲ့ပုံမှန်သဘာဝက ဆော့ရမှာဖြစ်ပြီး ဒါမှသာကလေးရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် အရေးကြီးတယ်လို့ ဒေါက်တာခင်မျိုးဟန် က ဆက်ပြောပါတယ်။
အခုလို အပြိုင်အဆိုင်များတဲ့ ခေတ်ကာလအတွင်းမှာ မိမိသားသမီးကို သူများထက်တော်စေချင်၊ အမှတ်ကောင်းစေချင်ပြီး ကြိုးစားခိုင်းပေမယ့် ထူးချွန်လာသူ အများစုရဲ့ ဘ၀တွေကို ဆက်လက် လေ့လာကြည့်တဲ့အခါ အောင်မြင်မှုကြီးမားပြီး ထိပ်တန်းရောက်သူ အရေအတွက်မှာ နည်းပါးတာကိုတွေ့ရတယ်လို့ ပညာရှင်တွေကဆိုပါတယ်။ ဒါကြောင့် မိဘတွေဟာ မိမိငယ်စဉ်က ဘယ်လိုလွတ်လပ်ပျော်ရွှင်စွာ ကြီပြင်းလာခဲ့သလဲဆိုတာကို မမေ့ကြဘဲ သားသမီးကို နည်းမှန်လမ်းမှန်နှင့် ချစ်ကြစေလိုတယ်လို့ အကြံပြုကြပါတယ်။
“ကျွန်မသင်တဲ့ ILBC တက်နေတဲ့ကလေးတစ်ယောက်ဆိုရင် မိဘက အရမ်းဖြစ်စေချင်ပေမယ့် ကလေးက မလိုက်နိုင်ဘူး။ ဒီတော့ ကလေးအတွက်လည်း စိတ်ဖိစီးမှုဖြစ်စေသလို မိဘအတွက်လည်း ငွေကုန်ကြေးကျများပြီး အရာမထင်ဖြစ် တာပေါ့။ ပြီးတော့ အဲဒီကလေး က ကျောင်းမှာ တခြားကလေးတွေ ၀ိုင်းပယ်ထားတာမျိုးတွေတောင် ခံရတာ မျိုးလည်းရှိနေတယ်လေ” လို့ ပုဂ္ဂလိကကျောင်းမှ ဆရာမတစ်ဦးကဆိုပါတယ်။
ကလေးငယ်တွေပျော်ပါစေ
သားသမီးကို ဆရာဝန်၊ အင်ဂျင်နီယာ စသဖြင့် အိပ်မက်တွေ ရှိသလို အနည်းဆုံး ဘာသာစကား တစ်ခုကိုတော့ ကျွမ်းကျင် တတ်မြောက်စေချင်ကြပါတယ်။ နွေရာသီရောက်ပြန်တော့လည်း နွေနေပူပူအောက်မှာ နောင်တစ်နှစ်အတွက် ကျောင်းစာတွေ ကြိုတင်သင်ယူမှုတွေ လုပ်ခိုင်းသလို ဘာသာစကားသင်တန်းတွေရှိရာကို အပြိုင်အဆိုင် စုံစမ်းအပ်နှံကြပါတယ်။
“ကလေးဆိုတာ ကလေးဘ၀မှာ သူငယ်ချင်းတွေနဲ့ နေ့စဉ်ကစားရမယ်။ အချင်းချင်းပြောဆိုငြင်းခုံနေရင်းနဲ့ သူတို့ရဲ့ဦးနှောက်က ပိုပြီးဖွံ့ဖြိုးလာမယ် အမြင်ကျယ်လာမယ်။တက္ကသိုလ်ဝင်တန်းမှာ ထိုက်သင့်တဲ့ ကြိုးစားမှုရှိသင့်တာမှန်ပေမယ့် အငယ်တန်းတွေကိုတော့ သိပ်ပြီးဖိအားမပေးစေချင်ဘူး”လို့ ဆရာဦးသိန်းနိုင်ကဆိုပါတယ်။
တစ်ချို့မိဘတွေကတော့ ကိုယ်ကဆရာဝန်မို့ ကိုယ့်သားသမီကိုပါ ဆရာဝန်ဖြစ်စေချင်ပြီး တို့အမျိုးက ဆရာဝန်မျိုးရိုးဟုပင် မျိုးရိုးနှင့်ချီသော ရည်မှန်းချက်တွေ တပုံတပင်နဲ့မို့ ကလေးရဲ့ဝါသနာ၊ ရည်မှန်းချက်ဆိုတာတွေကိုတောင် ထည့်သွင်းစဉ်းစားဖို့မေ့နေတတ်ကြပါတယ်။
ငယ်စဉ်ကတည်းက အတန်းပညာတစ်ခုတည်းကိုပဲ တစ်စိုက်မတ်မတ် သင်ယူခဲ့တဲ့ ကလေးတစ်ယောက်ဟာ အသက်အရွယ် ကြီးရင့် လာတဲ့အခါ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေတတ်ဖို့ခက်ခဲလာပြီး ပေါင်းသင်းဆက်ဆံရေးအပိုင်းမှာ အဆင်မပြေဖြစ်လာ နိုင်ပါ တယ်လို့ စိတ်ပညာဌာန၊ ပါမောက္ခ ဋ္ဌာနမှူးဒေါက်တာအောင်မြတ်ကျော်စိန် က ပြောပါတယ်။
“စာဖတ်တယ်ဆိုတာကောင်းပေမယ့် အမြဲတမ်းစာဖတ်နေလို့မရဘူး။ လောကမှာ မိသားစုနဲ့၊မိတ်ဆွေ သူငယ်ချင်းနဲ့ အချိန်ပေးနိုင်အောင် ၊လူ့အသိုင်းအ၀ိုင်းနဲ့နေတတ်အောင် မိဘက အားပေးရမယ်”လို့ ၄င်းကရှင်းပြပါတယ်။
ကလေးတွေကို စာသင်ကြားစေသလို တခြားတစ်ဖက်ကလည်း သူငယ်ချင်းအပေါင်းအသင်းနဲ့နေတာတို့ ပြင်ပစာပေဖတ်တာတို့ကို အားပေးရမယ်လို့ စိတ်ပညာ ပါမောက္ခဒေါက်တာအောင်မြတ်ကျော်စိန်ကပြောပါတယ်။
ဝါသနာပါရာခွင့်ပြုပါ
ငွေကြေးတတ်နိုင်တဲ့ မိဘတွေကလည်း သားသမီးကိုနိုင်ငံရပ်ခြားအထိသွားကာ ပညာသင်ယူစေဖို့ ငယ်စဉ်ကတည်းက စီမံကိန်းတွေ ချထားကြတာကိုလည်း မြင်တွေ့နေရပါတယ်။ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်စနစ်နောက်ကို အမီလိုက်ချင်ကြတဲ့အတွက် ပညာသင်ကြားဖို့လိုအပ်တာ မှန်ပေမယ့် ပညာရေးဟာ ကလေးများကိုယ်တိုင်က ပျော်ရွှင်စွာ၊ စိတ်ဝင်စားစွာ၊ ၀ါသနာပါစွာ သင်ယူခြင်းသာဖြစ်သင့်ပါတယ်လို့ ဒေါက်တာဒေါ်ခင်မျိုးဟန်က ခုလိုဆက်ပြောပါတယ်။
“မိဘက ကိုယ့်သားသမီကို ဘယ်ဘက်မှာထူးချွန်လဲ အားနည်းလဲဆိုတာကိုသိထားရမယ်။ ဒီလိုမှမဟုတ်ဘဲ အရမ်းဖိအားပေးရင် သားသမီးကလည်းမိဘကို အခွင့်အရေးပြန်ယူလာတယ်။ ပထမရရင်ဘာပေးရမယ်စသဖြင့်ပေါ့။ တကယ်တော့ မိဘတွေက အဲဒီတောင်းဆိုမှုတွေ လိုက်လုပ်ပေးနေဖို့ထက် နည်းမှန်လမ်းမှန်နဲ့ လမ်းညွှန်မှုကိုပဲ လုပ်ပေးရမှာပါ”လို့၎င်းကပြောပါတယ်။
အခုလိုမိဘများဟာ သားသမီးပညာရေးအတွက် စိတ်ကူးရရင်ရသလောက် ပံ့ပိုးမှုတွေလုပ်ကြရာမှာ အညှောင့်ပေါက်စ အပင်လေးကို ဖြစ်ထွန်းစေချင်လွန်းတဲ့အတွက် ရေတစ်စည်လုံးလောင်းလို့အမြစ်ပုပ်ပြီး သေသွားသလို ဖြစ်မသွားစေဖို့ ဂရုပြုသင့်တယ်လို့ ပညာရှင်တွေက အကြံပြုပါတယ်။
သားသမီးကို မိဘတွေကသူတို့ရဲ့အိပ်မက်တွေကိုပုံဖော်ခိုင်းတဲ့နေရာမှာ ကလေးငယ်ကမလိုက်နိုင်တဲ့အခါ နှစ်ဦးနှစ်ဖက်စလုံးရဲ့ ဘ၀တွေ၊ အိပ်မက်တွေပျက်ပျယ်သွားနိုင်ကြောင်းကို ဒေါက်တာအောင်မြတ်ကျော်စိန်က အခုလိုသတိပေးပါတယ်။
“ကလေးအရွယ်ကတည်းက ယှဉ်ပြိုင်မှုကိုပဲ အရမ်းကိုဦးစားပေးနေရင် ကလေးမှာ စိတ်ဖိစီးမှုတွေဖြစ်လာမယ်၊ ကိုယ့်ကလေးရဲ့ ဥာဏ်ရည်နဲ့ ကြိုးစားအားထုတ်မှုကိုကျော်လွန်ပြီး အတင်းအဓမ္မ သဘောမျိုးလုပ်ရင် ထူးထူးချွန်ချွန် မဖြစ်တဲ့ အပြင် ပုံမှန်တောင် မလိုက်နိုင်ဘဲ ဖြစ်သွား နိုင်တယ်”
ပြီး။ ။
0 comments:
Post a Comment