Friday, November 18, 2011

ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လစ်လပ်နေရာ ခြောက်နေရာသာရှိ

by Moenge Aung on Friday, November 18, 2011 at 7:04pm


7Day News
လွှတ်တော်အတွင်း လစ်လပ်နေရာများ အတွက် မကြာမီ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ လစ်လပ်နေရာများ စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်ပြီ ဖြစ်ပြီး  ရန်ကုန်တိုင်းဒေသကြီးတွင် လစ်လပ်နေရာ စုစုပေါင်း ခြောက်နေရာသာ ရှိကြောင်း သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲမှ သတင်း ရရှိသည်။ တစ်နိုင်ငံလုံး အနေအထားအရ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံးတွင် စုစုပေါင်း လစ်လပ်နေရာ ၄၈ နေရာ ရှိသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဝင်ရောက် ယှဉ်ပြိုင်နိုင်သည့် လစ်လပ်နေရာ ၆ နေရာမှာ ပြည်သူ့လွှတ်တော် နေရာများဖြစ်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှည်းကူးမြို့နယ်၊ ဒဂုံဆိပ်ကမ်း မြို့နယ်၊ သုံးခွမြို့နယ်၊ တွံတေးမြို့နယ်တို့တွင် ဖြစ်သည်။ တစ်နိုင်ငံလုံး လစ်လပ်နေရာ (၄၈) နေရာတွင် တိုင်းဒေသကြီး လွှတ်တော်အတွက် နှစ်နေရာ၊ အမျိုးသားလွှတ်တော် အတွက် ခြောက်နေရာ ဖြစ်ပြီး၊ ကျန်လစ်လပ်နေရာ (၄၀) မှာ ပြည်သူ့လွှတ်တော်အတွက် လစ်လပ်နေရာများ ဖြစ်သည်။

 ကြားဖြတ် ရွေးကောက်ပွဲတွင် မှတ်ပုံမတင်ရသေးသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံတင်၊ မတင် ကိစ္စသည်လည်း လူအများ စိတ်ဝင်စားလျက် ရှိပြီး ဒီရက်ပိုင်းအတွင်း ပါတီမှတ်ပုံတင်မတင်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဖော် ပြောကြားမည်ဟု ပြောဆိုထားသည်။ မှတ်ပုံမတင်ရသေးသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲတွင် မှတ်ပုံတင်ခြင်း မရှိသည့်အတွက် ဖျက်သိမ်းပါတီ အဖြစ် ကြေညာထားခံရကာ ထိုအချိန်က ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများက အချက်တစ်ချက် ဖြစ်ကြောင်း အဖွဲ့ချုပ်ခေါင်းဆောင်များက ထောက်ပြခဲ့ကြသည်။ နိုဝင်ဘာ ပထမပတ် အတွင်းကလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမိန့်အဖြစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းခဲ့ပြီး ပြင်ဆင် ဖြည့်စွက်ချက်တွင် ၂၀၁၀ တွင် အဓိက ထောက်ပြခဲ့သည့် ရွေးကောက်ပွဲ ဥပဒေဆိုင်ရာ အချက်တစ်ချက် ဖြစ်သော ပါတီဝင်အဖြစ် စည်းရုံးရာတွင် ထောင်ဒဏ်ကျခံနေသူများ မဟုတ်စေရဆိုသည့် အချက် ပါဝင်သည်။          
 မှတ်ပုံမတင်ရသေးသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် လူငယ်အဖြစ် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူ လူငယ်တစ်ဦးက ပါတီရွေးကောက်ပွဲ ဝင်၊ မဝင်နှင့် ပတ်သက်ပြီး ယခုကဲ့သို့ သုံးသပ် ပြောကြားသည်။ “ကျွန်တော်တို့ ကတော့ ခေါင်းဆောင်တွေ ဆုံးဖြတ်တာကို လက်ခံမှာပါ။ ဒီကြားဖြတ် ရွေးကောက်ပွဲ ကတော့ ဘာမှ မျှော်လင့်မထားပါဘူး။ နေရာ အရေအတွက်က ဘယ်လောက်မှ မရှိဘူးလေ။ ဒါပေမဲ့ လူကြီးတွေ စဉ်းစားတဲ့အခါ လစ်လပ်နေရာမှာ အမတ်ရဖို့ထက် အခြား အရေးကြီးတဲ့ အခင်းအကျင်းတွေ ထည့်သွင်း စဉ်းစားကြမှာပါ”။ ၂၀၁၀ ရွေးကောက်ပွဲတွင် ယခုအာဏာရပါတီ ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြီးပါက တိုင်းရင်းသားပါတီများ အားကောင်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် မှတ်ပုံ မတင်ရသေးသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်ပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှာ မဲပေးသူများအကြား  ရေပန်းစားခဲ့သည်။
 ငြိမ်းငြိမ်းနိုင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...