Monday, November 21, 2011

စိန်နားကပ်၊ စိန်အတုနဲ့ ပါးများအကြောင်း...


[By Sanda Hlaing ]
 
...
ဘဝမှာ တချို့လူတွေက “စိန်နားကပ်” ဖြစ်လာကြတယ်၊ တချို့တွေကကျ တော့“စိန်အတု”၊ အဲ... တချို့ကကျတော့ “ပါး” တွေဖြစ်ကုန်ကြပါတယ်။

နေ့စဉ်လူမှုဘဝကို တစေ့တစောင်းကြည့်မိတော့ အဲဒီ့အတိုင်းပဲ တွေ့နေရတယ်။ သည်အခါ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားကြည့်မိတယ်။ ကိုယ်ကရော၊ စိန်နားကပ်လား၊ စိန်တုလား၊ ပါးလားပေါ့။

နာမည်ကျော်ရင်၊ ဩဇာရှိရင်၊ ရာထူးကြီးရင်၊ တစ်ခုခုမှာ သိပ်တော် နေရင် အဲသလိုလူရဲ့အနားမှာ လူတွေဝိုင်းနေတတ်ပါတယ်။ အဲဒါက လူကြီးတွေတင်လားဆိုတော့မဟုတ်ဘူး၊ ကလေးဘဝမှာကတည်းက အဲလို အမူ အကျင့်လေးတွေ စတွေ့ခဲ့ရဖူးတာ။

အတန်းထဲမှာဆို စာတော်တဲ့ကျောင်းသားတွေရှိသလို၊ ဘယ်သူ့သား၊ ဘယ်ဝါ့သားဆိုတာတွေလည်းရှိတယ်။ အဲသလို ကျောင်းသားတွေနားမှာ အခြွေအရံဆိုတာ ပေါမှပေါ။ စာတော်တဲ့သူနားမှာသာ မပေါရှိရမယ်၊ ဘယ် သူ့သား၊ ဘယ်ဝါ့သားနားမှာတော့ ဝိုင်းဝိုင်းကို လည်လို့။ လူမှန်းသူမှန်း မသိတသိ၊ ကလေးဘဝကတည်းက “မျက်နှာကြီးဆာ” တယ်ဆိုတာကို သတိထားမိခဲ့ဖူးပါတယ်။

ကျွန်တော်မှာတော့ မူလကတည်းက ရှိနေတဲ့ သိမ်ငယ်စိတ်ကြောင့် လားတော့မသိဘူး။ အဲသလို ဝိုင်းနေသူတွေကိုဆို ဝေးဝေးက ရှောင်ဖြစ်ခဲ့တယ်။ အဝိုင်းခံရသူအပေါ်မှာ မရှုဆိတ်တဲ့စိတ် မဖြစ်ခဲ့ပေမယ့် ဝိုင်းနေသူတွေကိုတော့ တစေ့တစောင်း အကဲခတ်မိခဲ့တာငယ်ငယ်တည်းကပဲ။

ကြီးလာလို့ လူတောသူတောထဲ ရောက်လာတော့ လူတွေရဲ့အဲဒီ့ အမူအကျင့်ကို ပိုပြီးပြက်ပြက်ထင်ထင် မြင်လာရပါတယ်။ လူရွယ်လူလတ် တွေတောင်မဟုတ်ဘူး၊ လူအိုလူမင်းတွေမှာတောင် အဲသလို ဝိုင်းချင်တဲ့ စရိုက်လေးတွေ ရှိနေတာ မြင်ရတယ်။

အဲဒီ့မှာဘာသွားတွေ့သလဲဆိုတော့ “ပင်ကိုအရောင်အဝါ” ဆိုတာပါ။ ပင်ကိုအရောင်အဝါထွက်လာဖို့အတွက်က ပင်ကိုအစွမ်းအစနဲ့ အရည်အချင်း ရှိနေဖို့ လိုပါတယ်။ ပြောင်းပြန်ပြန်ပြောရရင် ပင်ကိုအစွမ်းအစ၊ အရည် အချင်း မရှိသူများမှာ ပင်ကိုအရောင်အဝါ မရှိပါဘူး။ သည်အခါမှာ ပင်ကို အရောင်အဝါရှိသူတို့ရဲ့ အရိပ်ကို ခိုလှုံပြီး မိမိကို လူမြင်အောင်အား ထုတ်ရတော့တာပါ။

အဲသလို တစ်ယောက်ယောက်ရဲ့ အရောင်အဝါကို အားပြုလိုက်ရင်းက “သူကတော့ ကိုဘယ်သူ့ရဲ့ညာလက်ရုံးကြီးပဲ” ဆိုတာလောက်များဖြစ်သွားပြီ ဆိုရင် အဲလိုလူတွေအတွက် ဘဝဟာ ပြီးပြည့်စုံသွားတတ်စမြဲပါ။ အမှန်တော့ သူဟာ တခြားသူရဲ့အရိပ်ကိုခိုပြီးမှ မိမိရဲ့ဖြစ်တည်မှုလေးအတွက် အသက် ဆက်နေရတဲ့ဘဝကို ရောက်မှန်းမသိ ရောက်နေတာပါပဲ။

တချို့ကကျတော့ တော်တယ်။ သူတို့က အရောင်အဝါရှိသူရဲ့အရိပ်ကို ခိုတာတော့မှန်တယ်။ ဒါပေမယ့် အဲဒီ့လူရဲ့အရောင်အဝါကိုမီပြီး မိမိ ထွန်း လင်းတောက်ပလာဖို့အတွက် လုံးဝအားမထုတ်ဘူး။ မိမိရဲ့ပင်ကို အရည် အချင်းအစွမ်းအစကို ချွန်မြလာအောင် အဲဒီ့လူရဲ့အရိပ်ကိုခိုရင်းက ကြိတ် ကြိုးစားတယ်၊ အားထုတ်နေတယ်၊ လုံ့လစိုက်နေတယ်။

တစ်ချိန်မှာ အဲဒီ့အရောင်အဝါရှိသူရဲ့အရိပ်အောက်ကလွတ်အောင် ရုန်းထွက်လိုက်ပြီး မိမိကိုယ်ပိုင်အရည်အချင်းအစွမ်းအစနဲ့ ရပ်တည်နိုင်အောင် ဆောင်ရွက်တတ်ကြတယ်။ မိမိခိုလှုံခဲ့သူရဲ့အားနည်းချက်တွေ၊ အားသာချက်တွေကို အနီးကပ် လေ့လာသင်ခန်းစာယူပြီး မိမိကိုယ်တိုင်ရပ်တည်တဲ့အခါမှာ အမှားနည်းအောင်လုပ်ယူတယ်။ အဲသလိုလူမျိုးကတော့ စိန်နားကပ်ရောင်ကြောင့် ပြောင်တဲ့ပါးမဟုတ်တာ သေချာတယ်။ သူတို့က ကိုယ့်ကိုယ်ကိုယ် စိန်နားကပ်ဖြစ်အောင် လုပ်ယူခဲ့ကြတာကပဲ။

အဲ... တချို့ကတော့ ဝိုင်းတဲ့အထဲလည်း မပါဘူး၊ မှီတဲ့အထဲလည်း မပါဘူး။ သူ့ဘာသူရပ်တည်နိုင်တဲ့စိန်နားကပ်တွေ။ သည်လိုလူတွေလည်း တော်တာပါပဲ။ အဲ... တချို့ကျတော့ ဝိုင်းတဲ့အထဲလည်း မပါ၊ မှီတဲ့အထဲလည်းမပါတာတော့မပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာရပ်တည်နိုင်အောင်လည်း အားမထုတ်ဘဲ၊
တစ်ယောက်ယောက်ရဲ့အရောင်အဝါကို ပြောင်ပြောင်တင်းတင်းပုံတူကူးတဲ့စိန်နားကပ်အတုတွေဖြစ်လာကြတယ်။ အများ သုံးစကားနဲ့ပြောရရင် “ဒုတိယဖိုးစိန်” တွေပေါ့။

စိန်တစ်လုံးဆိုတဲ့နာမည်နဲ့မုန့်ဟင်းခါးဆိုင်ကအလုပ်ဖြစ်နေရင် ကိုယ်က တစ်လုံးစိန်ဆိုတဲ့ နာမည်မျိုးနဲ့ မုန့်ဟင်းခါးပဲ လိုက်ရောင်းတာမျိုး၊ မောင်ဘ ဆိုတဲ့သူက ဗေဒင်မှာ နာမည်ကြီးနေရင် မောင်ဘာဆိုတဲ့ မနီးရိုးစွဲ နာမည် မျိုးနဲ့ ဗေဒင်လိုက်ဟောတာမျိုးဟာလည်း ဒုတိယဖိုးစိန်အလုပ်တွေပါပဲ။ ရပြီးသားနာမည်၊ ထင်ပေါ်ပြီးသားနာမည်ကို သုံးပြီး ဆင်တူ ရိုးမှားလုပ်ရင်း ပရိသတ်ကို ပုံမှားရိုက်ဖို့ အားထုတ်တာပါပဲ။ ဒါကတော့ စိန်တုတွေပေါ့။

အဲတော့ အစမှာဆိုခဲ့သလို တချို့လူတွေက စိန်နားကပ်တွေဖြစ်နေကြ သလို၊ တချို့က စိန်တု၊ တချို့ကကျတော့ ပါးတွေဖြစ်နေကြပါတော့တယ်။ အမှန်ကတော့ ဒါတွေ အားလုံးဟာ လူ့စရိုက်၊ လူ့သဘာဝတွေ ဖြစ်သလို၊ သူ့ဘဝနဲ့သူ၊ သူ့ကုသိုလ်နဲ့သူ၊ သူ့အကုသိုလ်နဲ့သူသာ ဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော့် သားတွေ၊ သမီးတွေအပါအဝင် လူငယ်လေးတွေကိုတော့ သည်အကြောင်းလေးကို ပြောပြချင်နေမိတယ်။

ဘဝမှာ စိန်နားကပ်ဖြစ်ချင်သလား၊ စိန်တုဖြစ်ချင်လား၊ ပါးဖြစ်ချင် သလားဆိုတာ သူတို့တွေ ရေလည်အောင် ခွဲခြမ်းစိတ်ဖြာ ရှင်းပြချင်မိပါတယ်။ တကယ်တော့ လူတိုင်းမှာ ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင်ပဲ ရွေးချယ် ခွင့်တွေ၊ ဖန်တီးခွင့်တွေ ရှိနေတာမဟုတ်လား။

စာဖတ်သူလူကြီးမင်းကရော စိန်နားကပ်လား၊ စိန်တုလား၊ ပါးလား ဆိုတာ စာစောင်လေးဘေးချပြီး ခဏလောက်စဉ်းစားကြည့်လိုက်ပါလား။

ကျွန်တော်နားလည်သလောက်ပြောရရင်တော့ ဘယ်သူမှ ပါးမဖြစ် ချင်ဘူးထင်ပါတယ်။ ဒါပေမယ့် လူလုံးပြချင်တဲ့ဇောကြောင့် အရောင်အဝါ ရှိသူတွေအနား ပြေးပြေးကပ်ရင်း ပါးဖြစ်မှန်းမသိ၊ ဖြစ်ကုန်ကြရတာလည်း လူအတော်များများပါပဲလေ။


၂၀ဝ၁ အောက်တိုဘာ ၁ထုတ် မဟာသတင်းဂျာနယ်

သည်ရက်ပိုင်းမှာ ပါးလိုလူတစ်ယောက်ကို တွေ့လာရတော့ သည်စာလေးကို ပြန်မျှပေးချင်စိတ်ပေါ်လာခဲ့ပါတယ်။ သူ့ဘာသာ ပါးဖြစ်ချင်တာ ကိုယ်နဲ့တော့မဆိုင်ပါဘူးးးး...
လွန်ခဲ့တဲ့ တစ်နှစ်က မမျှော်လင့်ဘဲ ပျော်ရွှင်ခဲ့ကြရတဲ့တစ်ရက်မှာ ပါးဖြစ်ချင်တဲ့လူတစ်ယောက် (အစကတည်းက ပါးဘ၀ကလူတစ်ယောက်ပေမယ့် သူ့ဘာသာတော့ ကြိုးစားနေခဲ့သေးတယ်၊ အခုတော့ ပါးဘ၀ကို လုံးလုံးလျားလျား ခံယူရင်း စိန်နားကပ်အရောင်နဲ့  ခေါင်းမော့ မျက်နှာတင်းနေတဲ့သူဖြစ်နေရှာပေါ့)ကို မြင်ယောင်နေမိရပါတယ်။
ဟုတ်ကဲ့... ကျွန်မကတော့ ပါးမဖြစ်ချင်ခဲ့ပါ... ဒါကြောင့် စိန်နားကပ်မဖြစ်နိုင်တောင်မှ ကျောက်နားကပ်လေးလောက်တော့ ဖြစ်အောင် ကြိုးစားနေပါတယ်... ဆက်ပြီးလည်း ကြိုးစားနေဦးမှာပါလို့...
နောင်အနာဂတ်ရဲ့လူငယ်တွေကိုတော့ ဒါလေးများ မတော်တဆဖတ်မိလို့ သူတို့ကိုသူတို့ ဘာဖြစ်ချင်တယ်ဆိုတာများ တစ်ယောက်တလေ ရွေးချယ်နိုင်ခွင့်ပေါ်လာခဲ့မယ်ဆိုရင် သည်စာလေး တင်ရကျိုးနပ်မယ်ထင်ပါတယ်။

သည်စာမူလေးကို  ဖြေတွေးလေးများ” (အတ္တကျော်) ၊ စာမူခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉)၊ လက်တွဲဖော် စာအုပ်တိုက်မှ ထုတ်ဝေဖြန့်ချိခဲ့သော စာအုပ်မှ ကူးယူ ဖော်ပြပါသည်။
Facebook မိတ်ဆွေတွေ ဖတ်စေချင်တဲ့အတွက် ကူးပြီး တင်ပေးလိုက်တာပါ။ သည်စာကို ပြန်ဖြန့်ဝေတဲ့အခါ မူရင်း လင့်(ခ်)ကိုသာ ချိတ်ဆက်ပေးတော်မူကြစေချင်ပါတယ်။ Cut & Paste လုပ်ပြီး ကိုယ့် Notes အဖြစ် မကူးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ မလွှဲသာလွန်းလို့ Cut & Paste လုပ်မယ်ဆိုရင်လည်း တစ်ပုဒ်လုံး ဘာတစ်ခုမှ မခြွင်းချန်ဘဲ၊ အထူးသဖြင့်
အောက်ဆုံးက မူရင်း စာရေးဆရာရဲ့ နာမည်၊ မူရင်း စာအုပ်အမည်များအပြင် သည်လင့်(ခ်)ကိုပါ ဖြည့်စွက်ပြီး ကူးကြဖို့ မေတ္တာရပ်ခံပါရစေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...