အညာဒေသရေရှားမှု ပြဿနာကို ဖြေရှင်းနိုင်ရန်
by Network For Green Myanmar on Thursday, November 24, 2011 at 10:00am
အညာဒေသ ရေရှားပါးမှုပြဿနာ ကိုဖြေရှင်းနိုင်ရန် သဘာဝအရင်းအမြစ် ထိခိုက်မှုသက်သာသည့် မြေအောက်ဆည် (UNDERGROUND DAM) များ တည်ဆောက်သင့်ကြောင်း ဘူမိဗေဒပညာရှင်အချို့၏ သုံးသပ်မှုအရ သတင်းရရှိပါသည်။
မြေအောက်ဆည်ဆိုသည်မှာ သဲချောင်းများ၌ချောင်း၏ မြေအောက်သဲထုအား သပ်ကျင်းနှိုက်ကာ သဲကျင်းထဲ ကွန်ကရစ်လောင်းထည့်၍ ရေလုံအောင်လုပ်ပြီးချောင်းသဲလွှာအပေါ် ၀ဲဘက်ကမ်း၊ ယာဘက်ကမ်းပါးအမြင့် အား ငါးပေမှ ၁၀ ပေအမြင့်ရှိဆည် လေးပိတ်ကာ ရေပိုလွှဲတပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
အညာဒေသများတွင် ဘူမိဗေဒသဘောအရ ဧရာဝတီကျောက်စဉ်စုနှင့် ပဲခူးကျောက်စဉ်စုဟူသည့် ကျောက်နှစ်မျိုး အဓိကရှိပြီး အဆိုပါကျောက်စဉ်စုနှစ်မျိုးအတွင်း မြေအောက်ရေ ဖြတ်သန်းစီးဆင်းသည့် အခါ ဧရာဝတီ ကျောက်စဉ်စုအား ဖြတ်စီးသည့် မြေအောက်ရေသည် သောက်သုံးရန်သင့်ပြီး ပဲခူးကျောက်စဉ်စုအား ဖြတ်စီးသည့်ရေမှာမူ ငန်နေသဖြင့် ဘူမိဗေဒ ကျောက်လွှာခွဲခြားကာ မြေအောက်ဆည်ပိတ်သည့် နေရာများကို ရွေးချယ်ရန် လိုအပ်ကြောင်း အငြိမ်းစားအကြီးတန်း အင်ဂျင်နီယာ ဘူမိဗေဒအရာရှိတစ်ဦးဖြစ်သူ မြရာပင်ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသောင်းစိန်က ပြောပါသည်။
“အညာဒေသ ရေရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အဓိက ကတော့ မကွေးတိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်းက ယင်းချောင်း၊ ဒေါင်းသေချောင်း၊ ပင်းချောင်း၊ ယောချောင်း၊ ရန်ပယ်ချောင်းနဲ့ ကျောက်ပန်းတောင်း၊ မိတ္ထီလာလွင်ပြင်အစရှိတဲ့ နေရာတွေက လူနေထူထပ်တဲ့ ရွာတွေအနီးချောင်းထဲမှာ မြေအောက်ဆည် ဆောက်လို့ရတဲ့နေရာကို ရွေးချယ်ပြီး ဘူမိဗေဒဆိုင်ရာ မြေသားအချက်အလက်၊ သဲထုရဲ့အနက်နဲ့ မြေလွှာ အနိမ့်အမြင့်တွေကိုတိုင်းဖို့ လိုအပ်ပါတယ်။ အဲဒီ မှာ ချောင်းကစီးလာတဲ့ရေ၊ သဲထဲကစိမ့်ပြီး စီးလာတဲ့ရေတွေက မြေအောက်ဆည် ပိတ်ထားတဲ့ နေရာထဲမှာ သဲထဲရေ၀ပြီး ရေအောင်း သဲခိုအောင်းအလွှာနဲ့ ရှိနေမှာကြောင့် မြေအောက်ဆည် ပိတ်ပြီးရင် ဆည်ရဲ့(Up Stream) အထက်ပိုင်းနေရာကိုရွေး၊ ကွန်ကရစ်ဂွေချပြီးရေတွင်း(သို့) စက်ရေတွင်း(Tube well)ကို အချင်းကြီးကြီး တူး၊ PVC ပိုက်ချ၊ ဇကာချ၊ ပန့်နဲ့ ရေကို ဆွဲထုတ်ပြီး လိုရာအရပ်ကို ပိုက်လိုင်းသွယ်ပြီး ရေပေးလို့ ရနိုင်ပါတယ်။ ဒီလိုမျိုးကိုအစ္စရေး၊ ဘရာဇီးနဲ့အိန္ဒိယမှာ လုပ်ကြတဲ့ သာဓကလည်းရှိပါတယ်။ ဒါကြောင့် မြေအောက်ဆည်ဆောက်လို့ သစ်ပင်တွေ မခုတ်လှဲရသလို ချောင်းထဲက သဘာဝသယံဇာတတွေလည်း မထိခိုက်နိုင်တဲ့အပြင် သဲရဲ့အစိုဓာတ်ကြောင့် ရွာကိုလည်း အေးမြလာနိုင်စေပါတယ်”ဟု ဦးသောင်းစိန်က ထပ်မံ ရှင်းပြပါသည်။
မြေအောက်ဆည် တည်ဆောက်ခြင်းကြောင့် သဲချောင်းပိတ်သဖြင့် ဧရာဝတီမြစ်အတွင်း စီးဆင်းမည့် ရေစီး ပမာဏသည် အနည်းငယ်လျော့နည်း သွားနိုင်သော်လည်း ပိုသည့်ရေများသည် ရေပိုလွှဲမှထွက်ခြင်း၊ ဆည်၏ အောက်မှစိမ့်ရေအဖြစ် ထွက်နိုင်ခြင်းကြောင့် ချောင်းရေကြီးပါက ရေစီးရေလွှာအား ထိန်းနိုင်ကာ မြေပြန့်ပေါ် ရေကျော်၍ ဖြန့်ဝေသွားသဖြင့်ချောင်း ရေစီးအားလျော့နိုင်ကြောင်း သိရှိရပါသည်။
http://news-eleven.com/index.php?option=com_content&view=article&id=11144:2011-11-23-07-24-08&catid=45:2009-11-10-07-45-41&Itemid=113
0 comments:
Post a Comment