Friday, November 11, 2011

ပညာသည် အရာရာလော

by So Min Oo on Friday, November 11, 2011 at 8:32pm
ရီဗျူး
           ဗြိတိသျှဝန်ကြီးချုပ် ‘တိုနီဘလဲ’၏ ပေါ်လစီမိန့် ခွန်းတစ်ခုတွင် ဤသို့ပြောခဲ့ဖူးသည်။ "ကျွန်တော်တို့မှာ ထိပ်တန်းဦးစားပေး လုပ်ငန်း သုံးခု ရှိပါတယ်။ ဒါတွေကတော့ ပထမ ပညာရေး၊ ဒုတိယ ပညာရေး၊ တတိယ ပညာရေးပါပဲ”. . . . ဟူ၏။ သူ့မိန့်ခွန်းမှာ ဗြိတိသျှလူထု၏ ဟဒယနှင့် သွားတွေ့သလို၊ ပြင်ညာရှင်အသိုင်းအဝိုင်း၏ ကောင်းချီးပေးမှုလည်းရခဲ့ပါသည်။ ‘ပညာခေတ်’၏ စံပြဝန်ကြီးချုပ်ဆိုသော အပြောအဆိုမျိုးနှင့်ပင် ချီးကျုးဂုဏ်ပြုကြသည်များ ရှိသည်။
            သို့နှင့်တိုင် ‘တိုနီဘလဲ’ကိုသာမက၊ ‘ပညာခေတ်’ တစ်ခုလုံးကိုပင် စိန်ခေါ်လိုက်ဟန်ရှိသည့် စာအုပ်တစ်အုပ်၊ မကြာခင်ကထွက်လာရာ၊ ပေါ်လစီမိတ်ကာများကြားတွင် အတော်ကလေးလှုပ်သွားသည်ဟု သိရသည်။ စာရေးသူမှာ လန်ဒန်တက္ကသိုလ်မှ ဩဇာတိက္ကမကြီး သော ပညာရေးပါမောက္ခ ‘အယ်လစ်ဆန်ဝု(ဖ)’ ALISON WOLF ဖြစ်နေပြန်ရာ ပညာလောက အတွက်လည်းအလေးထားစဉ်းစားစရာ ဖြစ်နေသည်။ ပါမောက္ခ အယ်လစ်ဆန်က ပညာနှင့် စီးပွားရေးကို ချိတ်ဆက်စဉ်းစားကြရာမှ ထွက်ပေါ်လာသော ပြဿနာအချို့ ကို သုတေသန မှန်ပြားပေါ် တင်လိုက်ခြင်း ဖြစ်သည်။ သူ၏ စာအုပ်အမည်ကပင် မေးခွန်းတစ်ခု ဖြစ်နေသည်။ DOES EDUCATION MATTER?  ဟူ၏။
            သို့ဖြင့် ‘ပညာခေတ်၏ ပညာရေး’ EDUCATION IN THE AGE OF KNOWLEDGE တစ်ခုလုံးကိုပင် ပြန်လည်ရီဗျူးလုပ်ကြဖို့  အကြောင်းဖန်လာပါတော့သည်။

ပညာဘိဇနက်(Knowledge Business)
            ပြောရလျှင် ‘၂၁ ရာစုမှာ ပညာခေတ် ဖြတ်လိမ့်မည်’ဆိုသောလားရာအမြင်မှာ ၂၀ ရာစု ဒုတိယနှစ်ဝက်လောက်ကပင် တွင်ကျယ်ခဲ့ပြီး ဖြစ်ပါသည်။ စပ်မှုအရင်းရှင်စနစ် အကျပ်အတည်း၊ စီမံကိန်းစီးပွားရေးအပြိုနှင့်၊ သတင်းနည်းပညာ တော်လှန်ရေးအရှိန်ရလာခြင်းတို့နှင့်အတူ ပညာခေတ်၏ အခြင်းရောများလည်းတဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။ စီးပွားရေးဘဝတွင်၊ ‘အသိပညာလုပ်ငန်းများ’ KNOWLEDGE INDUSTRIES ရှေ့တန်းရောက်လာသည်နှင့်အမျှ၊ စီးပွားရေးတစ်ခုလုံးသည်ပင်၊ ပညာစီပွားရေး’ KNOWLEDGE ECONOMY သို့အသွင်ပြောင်းလာပြီ ဟု ကောက်ချက်ချလာကြသည်။ နောက်ဆုံး ဘောပဗေဒပညာရှင်များကိုယ်တိုင်က ‘ပညာ’ KNOWLEDGE ကို အဓိကအကျဆုံး ‘ထုပ်လုပ်ရေးအရင်းအမြစ်’ PRODUCTIVE RESOURCES အဖြစ်၊ သတ်မှတ်လာကြရာ၊ ‘ပညာရေး’ သည်ပင်စီးပွားရေး၊ နိုင်ငံရေး ပေါ်လစီအရပ်ရပ်အတွက်၊ အဓိကနိုင်ဖဲတစ်ခုလို ဖြစ်လာခဲ့ပါသည်။

            သို့နှင့်အမျှ၊ ‘ပညာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ’ မှာလည်း မျှော်လင့်ခက် အကောင်းဆုံး၊ စီးပွားရေးလုပ်ငန်းများ ဖြစ်လာတော့သည်။ အမေရိကန်နိုင်ငံမှ ‘အပိုလိုအိုပ်စု’ APOLO GROUP ဆိုလျှင် ‘ဖစ်နစ်တက္ကသိုလ်’ UNIVERSITY OF PHOENIX လို အကြီးဆုံး ပုဂ္ဂလိကတက္ကသိုလ်မျိုး ထူထောင်နိုင်သည်အထိ ခြေလှမ်းသွက်လာခဲ့သည်။ ဤလုပ်ငန်းမှ နှစ်စဉ်ဒေါ်လာ ၁၀၈ သန်းမျှပင် အမြတ်ရသည်ဟုလည်း သိရသည်။ သို့ဖြင့် ‘ပညာဘိဇနက်’ KNOWLEDGE BUSINESS မှာ စီးပွားရေးသမားတို့ မျပ်စိကျစရာ ဖြစ်လာတော့သည်။

            ပညာ၏ ‘စန်း’မှာ ဤမျှနှင့် ရပ်တန့်နေသည် မဟုတ်ပါ။ ‘ပညာရေးတွင် များများရင်းနှီးမြှုပ်နှံနိုင်လေ၊ စီးပွားရေး၊ နိုင်ငံရေးတွင် ပို၍ အောင်မြင်မှုရလေ’ ဆိုသော လောဂျစ်မှာ ပေါ်လစီမိတ်ကာများကြားတွင် အထူးရေပန်းစားလေသည်။ လူ့အဖွဲ့အစည်း၏ အရပ်ရပ်ပြဿနာအားလုံးကို ပညာဖြင့် ဖြေရှင်းသွားနိုင်လိမ့်မည်ဟူသော မျှော်လင့်စိတ်ကူးများဖြင့် ‘ပညာ’ ကို မဟာဗျူဟာ အသုံးခံပစ္စည်းလို သဘောထားလာကြသည်။ သို့ဖြင့် ‘ပညာသည် ပါဝါ’ KNOWLEDGE IS POWER ဆိုသော အဆိုအမိန့်မှာ ပြန်လည်တစ်ခေတ်ဆန်းလာပြီး ‘ပညာ ပိုလိုက်တစ်’ KNOWLEDGE POLITIC ဆိုသော ဝေါဟာရပင် ဖြစ်တည်လာခဲ့ပါသည်။
            သို့သော် ပညာရေးကို ဈေးကွက်ဘောင်သွင်းခြင်းနှင့် နိုင်ငံရေး ဇာတ်သွင်းခြင်းအပေါ် သံသယဖြင့် စောင့်ကြည့်နေကြသည့်ပညာရှင်များလည်း ရှိနေပါသည်။ အထူးသဖြင့် ၂၁ ရာစုနှစ်ဦး၊ ‘ဒေါ့ကွမ်းဈေးကွက်’ DOT-COM MARKET အပြိုနှင့်၊ စက်တင်ဘာ(၁၁) အရေးအခင်းနောက်ပိုင်းတွင် ဤအသံများမှာ ပိုစိတ်လာသည်နှင့်အမျှ၊ ပိုစူးလာခဲ့ပါသည်။

ငယ်ရုပ်လူကြီး
            ပညာရေးသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် အရေးကြီးသော အရင်းအမြစ်တစ်ခု ဖြစ်လာသည်နှင့်အမျှ လူတစ်ဦးချင်းစီ၏ ဘဝအာမခံချက်အတွက်လည်း မရှိမဖြစ် အခြေခံဖြစ်လာသည်။ ကျောင်း ကောင်းကောင်းမှာ၊ ဘာသာရပ် ကောင်းကောင်းတွင် အမှတ်ကောင်းကောင်းဖြင့်စာမေးပွဲအောင်ရေးသည်သာ ကျောင်းသားများအတွက် တစ်ခုတည်းသော ရည်မှင်းချက်လို ဖြစ်လာရသည်။ ဤနေရာတွင် ကျောင်းကောင်ဆိုသည်မှာငွေကုန်ကြေးကျ အများဆုံး၊ နာမည်အကြီးဆုံး ကျောင်းမျိုးကိုဆိုလိုပြီး ဘာသာရပ် ကောင်းကောင်းဆိုသည်မှာလည်း လတ်သလော ဈေးကွက်တွင် ငွေအဖြစ် အလွယ်ဆုံးဘာသာရပ်ကို ဆိုလိုခြင်း ဖြစ်သည်။ သို့ဖြင့် ပညာရေးသည်ပင် အနာဂတ်အဆင့်နေရာတွင် အာမခံချက်တစ်ခုလို ဖြစ်လာရသည်။ POSITIONAL GOOD ဟု ဆိုပါသည်။ ဤအတွက် နောင်ရေးကို ပူပင်တတ်သော မိဘတိုင်းက မိမိသားသမီးများကို မူကြိုမှစ၍ တက္ကသိုလ်ထိတိုင်၊ တရစပ် မောင်းရတော့သည်။
            ဖြစ်လာသော အကျိုးဆက်များမှာ အကောင်းချည်းဟုဆိုရန် ခက်ပါလိမ့်မည်။ ပထမဆုံး သတိပြုလိုက်မိသည့် ရလဒ်မှာ ကလေးများအတွက် ငယ်ဘဝများပျောက်ဆုံးသွားခြင်းဟု ဆိုပါသည်။ ‘ဆယ်ကျော်သက်မတိုင်မီ အရွယ်များ’ PRETEEN ဆိုလျှင် အပေါင်းအသင်းမဲ့၊ မိခင်ရင်ခွင်ပျောက် ဖြစ်လာပြီး၊ ကွန်ပျူတာနှင့်သာ နှစ်ပါးသွားနေရတော့သည်။ ကွန်ပျူတာ၏ ဘေးထွက် အကျိုးများကို စောင့်ကြည့်လေ့လာနေကြသူ ပညာရှင်များ၏အဆိုအရ၊ အဝလွန်ခြင်းစသော ရုပ်ပိုင်းဆိုင်းကျိုးများ ရှိုနိုင်သလို၊ အထီးကျန်ဆန်ခြင်း၊ သာမန်ကလေးတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးများ ချို့ တဲ့ခြင်းစသော စိတ်ပိုင်းဆိုရာ မလိုလားဖွယ်ရာများ ရှိနိုင်သည်ဟု ဆိုပါသည်။ သို့ဖြင့် ‘ပညာခေတ်၏ အနာဂတ်ဖန်တီးရှန်များမှာ ‘တစ်ကိုယ်တော်၊ မှန်ကြောင်၊ ဖက်တီးလေးများ’ ဖြစ်နေတော့သည်။
            ဆယ်ကျော်သက်ရွယ် ရောက်ပြန်တော့၊ လူငယ်ဘဝ၏ ကြည်နူးရင်ခုန်စရာများတွင် မွေ့လျော်ပျော်ပါးချိုန်ဟူ၍ မရှိတော့ပါ။ ကြီးမားသော ယှဉ်ပြိုင်စိန်ခေါ်မှုများအောင်တွင် အရွယ်ကို စတေးပစ်လိုက်ရပါသည်။ မိမိပတ်ဝန်းကျင်ကိုပင် မိတ်ဆွေအပေါင်းအသင်း၊ သူငယ်ချင်းအဖြစ် မကြည့်မြင်နိုင်ဘဲ၊ ပြိုင်ဘက်အဖြစ်သာ သဘောထားလာကြသည်။ အကျိုးဆက်မှာ ‘အတ္တဗဟိုပြုလူငယ်များ’ SELF CENTERED YOUTH မွေးထုတ်သလိုဖြစ်နေသည်ဟု ဆိုပါသည်။ ဤသို့သော လူငယ်များဖြင့် လူ့အဖွဲ့အစည်းအတွက်လိုအပ်သော ‘စုပေါင်းစွမ်းအင်’ SYNERGY ကိုဖန်တီးနိုင်ပါမည်လော။ မေးခွန်းထုတ်ချင်စရာ ဖြစ်လာပါသည်။

စက်ယန္တရားတက္ကသိုလ်
            ပညာရေးကို စီးပွားရေးမျှော်ကိုးချက်များဖြင့် ချိတ်ဆက်ဖန်တီးကြခြင်းသည် ပညာရေး၏ မူလရည်မှန်းချက်များကို ကျဉ်းကျုံ့  သွားစေသည်ဆိုသော အကောက်အယူများလည်း ရှိပါ သည်။ ပညာရှင်အချို့ ဆိုလျှင် ကျဉ်းကျုံ့ ရုံမျှမက ပုံပျက်၍ပင်သွားနိုင်သည်ဟူ၍ပင် စိုးရိမ်ပကင်း ဖြစ်နေကြသည်။ သိကြပြီးဖြစ်သည့်အတိုင်း စီးပွားရေးလောကတွင်ပါ ဤအစဉ်အလာက အရိပ်ထိုးလာသည်။ တိုင်းပြည်စီးပွားရေးအတွက် ‘ပညာအလုပ်သမား’ KNOWLEDGE WORKER မည်၍မည်မျှ လိုမည်ဆိုသော လျာထားချက်ကို ချိန်ရွယ်ပြီး တက္ကသိုလ်တစ်ခုက တစ်နှစ်လျှင် မည်မျှ မွေးထုတ်နိုင်ရမည်ဆိုသော စီမံကိန်းမျိုးတွေ ရှိလာသည်။ စင်စစ် အရေးအတွက်ကို တိုးချဲ့ လိုက်သည်နှင့် အရည်အသွေးပိုင်းတွင် ကျဆင်းလာနိုင်သည့် တူရူချက်များ ရှိနိုင်ပါသည်။ လန်ဒန်တက္ကသိုလ်မှ ကမကထလုပ်သော ဘွဲ့ရများ၏ ပညာရည်မှာ လွန်ခဲ့သည့်ဆယ်နှစ်တာကာလအတွင်း သိသိသာသာကျဆင်းသွားသည်ဟု ဆိုပါသည်။
            အရေအတွက် များများ မွေးထုတ်နိုင်ရေးနှင့်အတူ ကျွဲကူးရေပါ ဖြစ်လာသည့် အခြားပြဿနာများလည်း ရှိသေးသည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများ ပို၍ တင်းကျပ်လာခြင်း၊ ပညာသင် စရိတ်များ ကြီးမြင့်လာခြင်း၊ တက္ကသိုလ်များကိုယ်တိုင် ဘတ်ဂျတ် အခက်အခဲနှင့် ရင်ဆိုင်လာရခြင်း စသည်တို့ ဖြစ်ပါသည်။ ပို၍အရေးကြီးသည်မှာ တက္ကသိုလ်များ၏ မူလကိုယ်ရယ်ကိုယသွေးများ မှုန်ဝါးလာသည့်ကစ္စဟု ဆိုကြသည်။ ပြောရလျှင် တက္ကသိုလ်ပညာရေးမှာ အသေမဟုတ်ပါ။ အရှင်ဖြစ်ပါသည်။ အတိတ်မှသင်ခန်းစာထုတ်ယူရေး သက်သက်မျှ မဟုတ်ပါ။ အနာဂတ်အတွက် ပြင်ဆင်တည်ဆောက်ရေးဖြစ်ပါသည်။ ငါးပွက်ရာ ငါးစာချသလို ပေါ်ပြူလာပညာရပ်များနှင့် ကျေနပ်နေ၍ မဖြစ်ပါ။ တီထွင်ဖန်တီးမှုကို စေ့ဆော်သော သုတေသနပညာရေးဖြစ်ပါသည်။ ဤအနေအထားများနှင့်တစ်စစဝေးလာခြင်းမှာ တက္ကသိုလ်တစ်ခုအတွက် ‘အရင်းအမြစ်များ ခန်းခြောက်လာခြင်း’ DRAINING OF RESOURCES ဟု ဝေဖန်ကြပါသည်။
            ဤနေရာတွင် အထက်က ညွှန်းဆိုခဲ့သော ပါမောက္ခ ‘အယ်လစ်ဆန်’ ၏စကားတစ်ခွန်းကို ပြန်လည်ရည်ညွှန်းလိုသည်။ “ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေဟာ ကျွန်တော်တို့လောက် မချောင်လည်တဲ့ အခြေအနေမှာတောင် ပညာရေးကို ယဉ်ကျေ်းမှုဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ အတတ်ပညာဆိုင်ရာဆိုတဲ့ မျက်နှာစာပေါင်းစုံက စနစ်တကျ ဖန်တီးခဲ့ကြပါတယ်။ ဒီနေ့ ကျွန်တော်တို့ဟာ ဒီ အစဉ်အလာကို လျစ်လျူရူပြီး၊ ပညာရေးမှ ပညာရေးသက်သက် လုပ်နေရင် တာဝန်ကျေနိုင်ပါ့မလား” သူ စိန်ခေါ်လိုက်သော မေးခွန်းကို အဖြေပေးနိုင်ဖို့ ကြိုးစားကြရာမှ ‘ပညာ’ ဆိုသည်နှင့် ပတ်သက် ၍ပင်၊ ပြန်လည်ဆန်းစစ်ကြဖို့ ဖြစ်လာရတော့သည်။

ပညာအစစ်သို့
            ‘ပညာခေတ်’၊ ‘ပညာစီးပွားရေး’၊ ‘ပညာအလုပ်သမား’ . . . ။ မျက်မှောက်ခေတ်တွင် ‘ပညာ’ ဆိုသော ရှေ့ ဆက်စကားမှာ အကျယ်လောင်ဆုံး မြည်ဟီးလျက် ရှိနေပါသည်။ ယခုတော့ ဤပညာသည်ပင် ပညာအစစ် ဟုတ်၊ မဟုတ် ပြန်လည်စိစစ်လာကြရသည်။
            ယနေ့ အပြာများနေကြသော ‘ပညာ’ KNOWLEDGE ဆိုသည်မှာ ရလာသော အင်ဖော်မေးရှင်းများကို အသုံးတည့်ရေးရှုထောင့်မှ အသွင်ပြောင်း ပုံဖော်ယူလိုက်သည့် အသိပညာ၊ သို့မဟုတ် အတတ်ပညာမျှသာ ဖြစ်ပါသည်။ လက်တွေ့အသုံးပြုရေးမျက်နှာစာ တစ်ခုတည်းမှ ချဉ်းကပ်ထားခြင်းဖြစ်ရာ လူ့အဖွဲ့ အစည်းရှိ ပြဿနာအားလုံးကို ဖြေရှင်းနိုင်သည့် ၉၆ ပါးဆေးအဖြစ်မမျှော်လင့်အပ်ဟု ဆိုသည်။ လတ်တလော အသုံးတည့်နိုင်သော်လည်း ရေးရှည် အားကိုးအားထားပြုခြင်မှ ပြုနိုင်ပါလိမ့်မည်။ သူ့တွင် ‘အဆုံးစွန်တန်ဖိုး’ ABSOLUTE VALUE မရှိ။ ‘နှိုင်းရတန်ဖိုး’ RELATIVE VALUE တန်ဖိုးသာ ရှိသည်။ ထို့ကြောင့် ပညာဆိုသည်ထက် ‘သညာ’ ဟုသာ ဆိုသင့်သည်ဟု ထောက်ပြကြပါသည်။
            ဤသို့ဆိုလျှင် ‘တကယ့်ပညာအစစ်’ WISDOM မှာ ဘာဖြစ်မည်နည်း။ ဤပညာအစစ်သည် တစ်ပွဲထိုးကုထုံး မဖြစ်စေရ။ လောကလုံးသဘော ဆောင်နိုင်ရမည်။ (UNIVERSAL CONCEPT)။ ရေရှည်ခံသည့် တန်ဖိုးရှိရမည်။ (SUSTAINABLE VALUE)။ ကျင့်ဝတ်ပိုင်းအရ အစစ်ဆေးခံနိုင်စွမ်း ရှိရမည် (MORALLY JUSTIFIED)။ ဘက်ပေါင်းစုံမှ ချဉ်ကပ်နိုင်ရမည် (ALL AROUND DIMENSIONS) စသဖြင့် ညွှန်းဆိုလာကြပါသည်။
            ဤဖွင့်ဆိုချက်များနှင့်အတူ လက်ရှိ ‘ပညာရေး’ EDUCATION ကိုလည်းဝေဖန်သုံးသပ်လာကြသည်။ လက်ရှိပညာရေးမှာပညာအစစ်ကို မဖန်တီးနိုင်၊ သညာအဆင့်မျှနှင့် တန့်နေသည်ဟုဆိုပါသည်။ တကယ့်ပညာခေတ်စစ်စစ်ကို ဦးတည်နိုင်ဖို့ဆိုလျှင်ယနေ့ပညာရေးကိုပင် ပြန်လည်အဓိပ္ပာယ် ဖွင့်ရတော့မည်ဟု ဆိုပါကြောင်း။

စာညွှန်း- THE EDUCATION SHIBBOLETH.
 ဆရာကျော်ဝင်း ၏ စိန်ခေါ်ကြသူများ (လူငယ်၊ ပညာ၊ ခေတ်ရေစီး) စာအုပ်မှ ပညာအပိုင်းကို မျှဝေလိုက်ပါသည်။
စိုးမင်းဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...