Thursday, November 17, 2011

“လူငယ်၊ လူကြီး၊ အဖြူမဟုတ်ရင် အမည်းကွာနှင့် တို့တိုင်းတို့ပြည်ကြီး”

by Sein Khat Soe on Friday, November 18, 2011 at 10:40am

ငယ်ငယ်က ကျွန်တော်တို့ညီအကိုတွေ ရန်ဖြစ်ကြရင် အမေကအပြစ်တစ်ခုပေးလေ့ရှိပါတယ်။ အဲဒါကတော့ တစ်ယောက် ဖင် တစ်ယောက်နမ်းမလား။ တစ်ယောက်ပါးတစ်ယောက်နမ်းမလား။ ဒါမှမဟုတ် အရိုက်ခံမလား။ ရန်ဖြစ်ပြီးခါစ စိတ်ဆိုး လွန်းလို့ အရိုက်ခံမယ်ပြောရင် ကိုယ့်တုတ်ကိုယ်ရှာ၊ အမေ့ဆီပြန်သွားရပြီးအရိုက်ခံရပါတယ်။ ပြီးရင် ညဘက် ရန်ဖြစ်တဲ့ ကျွန်တော်တို့ညီအကိုနှစ်ယောက်ကို တစ်ခြင်ထောင်ထဲသိပ်ပါတယ်။ ဘယ်သူအရင်တိုင်တိုင် ရန်ဖြစ်သူနှစ်ယောက်လုံးကို အမြဲအဲလိုဘဲ အပြစ်ပေးပါတယ်။ ငယ်ငယ်ကတော့ ရန်ဖြစ်ထားသူအချင်းချင်း တစ်ယောက်ပါးတစ်ယောက် နမ်းခိုင်းတာ အ ရိုက်ခံရတာထက်ပိုနာတယ် (ဒါတောင် ညီအကိုချင်းတွေနော်) လို့ထင်ပေမယ့် ဖက်နမ်းပြီး အားလုံးဝိုင်းရယ်ကြပြီးရင် စိတ် ပြေသွားကြတာများပါတယ်။

 
ကျွန်တော် ကလေးလေးတွေကို အပျော်တမ်းစာသင်တဲ့အချိန်မှာ ရန်ဖြစ်တဲ့ကလေးတွေကို အမေ့ရဲ့နည်းကိုယူသုံးပြီးဖြေ ရှင်းခဲ့ပါတယ်။ အရမ်းဆိုးတဲ့ကလေးတွေကိုတော့ ဖင်နမ်းခိုင်းတယ်။ မိန်းကလေးနဲ့ ယောင်္ကျားလေးဖြစ်ရင် ယောင်္ကျားလေး ကိုအရင်တောင်းပန်ခိုင်းပြီး ဘုရားပန်းလဲတာတို့၊ အိမ်သာဆေးတို့၊ အမှိုက်ရှင်းတာတို့ကို ရန်ဖြစ်သူနှစ်ယောက်ကို အတူတူ လုပ်ခိုင်းပါတယ်။ ဆရာတစ်ယောက်အနေနဲ့ တုတ်ကိုင်ခဲ့ရပေမယ့် စာလုံးထောက်ပြတဲ့အချိန်အတွက်ဘဲ တုတ်ဟာအသုံး ကျခဲ့ပါတယ်။


အခုအသက်လတ်ပိုင်အရွယ်ရောက်လာတော့ ငြိမ်းချမ်းမှုသဘောတရားတွေကိုတွေးလာမိတယ်သလို ငြိမ်းချမ်းရေးနဲ့ဆိုင် တဲ့ ဆိုရိုးတွေ ဒသနတွေကိုလည်းလည်းလေ့လာဖြစ်လာတယ်။ တချို့က (ရောမခေတ်ကစကားတစ်ခွန်းမှာ) မင်းငြိမ်းချမ်း ရေးလိုချင်ရင် စစ်တိုက်ပေါ့ကွာတဲ့….။ တချို့သော ဒသနတွေကတော့ ရန်သူမရှိမှ၊ ရန်သူကိုနင်းထားနိုင်မှ ငြိမ်းချမ်းမှုဆို တာအရသာရှိတာ”မျိုးမှသည် “ရန်သူမရှိ မိတ်ဆွေသာရှိ” “တစ်ဦးကိုယ်တစ်ဦး အပြန်အလှန်လေးစားမှုနဲ့ အတူယှဉ်တွဲနေ ထိုင်ခြင်းသည်သာ ငြိမ်းချမ်းမှုအစစ်” စတဲ့ စတဲ့ ဒသနအထွေထွေကိုလေ့လာခဲ့ရပါတယ်။


အသက်အရွယ်အရရော၊ တဖြေးဖြေးပြောင်းလဲလာတဲ့ယုံကြည်မှုအရရောကတော့ “ရန်သူမရှိ မိတ်ဆွေသာရှိ” “တစ်ဦး ကိုယ်တစ်ဦး အပြန်အလှန်လေးစားမှုနဲ့ အတူယှဉ်တွဲနေ ထိုင်ခြင်းသည်သာ ငြိမ်းချမ်းမှုအစစ်” စတဲ့ ငြိမ်းချမ်းရေး ဒဿန တွေကို ပိုလေးမြတ်ယုံကြည်လာတယ်။ အဲဒါကြောင့်လဲ ငြိမ်းချမ်းမှုအစစ်ကို ကိုယ်တိုင်မကြုံဖူးသေးသည့်တိုင် ကိုယ်ရှင် သန်ရာပတ်ဝန်းကျင်မှာတော့ ငြိမ်းချမ်းတဲ့လုပ်ရပ်လေးတွေ၊ ငြိမ်းချမ်းမှုကို ဦးတည်မယ့်လုပ်ရပ်လေးတွေကို စတင်အ ကောင်ထည်ဖော်နေခဲ့တယ်။ အထူးသဖြင့် ကျွန်တော်တို့အမှားတွေရဲ့ အသီးအပွင့်တွေကို နောင်မှာ (ကျွန်တော် တို့တုန်း ကလိုဘဲ)  ခံစားကြရရှာမယ့် လူငယ်တွေ၊ ကလေးငယ်တွေအတွက် တတ်နိုင်သမျှ အမှားနည်းမယ့် လုပ်ရပ်လေးတွေ၊ မျိုး စေ့လေးတွေ ချန်ထားခဲ့ချင်တယ်။ ချန်ထားခဲ့နိုင်အောင်လည်း တတ်နိုင်သမျှကျိုးစားမယ်လို့ စိတ်ပိုင်းဖြတ်မိတယ်။


အတူထိုင်စကားပြော၊ အတူအလုပ်လုပ်လာမှသာ။ အတူတူအပြန်အလှန်လေးစားချစ်ခင်ကြောင်းပြနိုင်မှသာ ငြိမ်းချမ်းခြင်း အစစ်အမှန်ကိုရမှာဖြစ်ပါတယ်။ အပြန်အလှန်တောင်းပန်ခြင်း၊ အပြန်အလှန်ခွင့်လွှတ်ခြင်းမရှိဘဲ အောင်မြင်ခြင်းတစ်ခုဆီကို နှစ်ဦးနှစ်ယောက်၊ နှစ်စုနှစ်ဖွဲ့ တပြိုင်တည်းသွားလို့မရပါဘူး။ အနိုင်ကျင့်ကုတ်(ဂုတ်)ဆွဲခေါ်သွားတယ်ဆိုရင်လည်း တစ်ချိန် ချိန်မှာ တွန်းထိုးရန်ပြန်လုပ်မှာပါဘဲ။ ငြိမ်းချမ်းမှုအတွက် လက်ညှိုးတွေကွေးရမှာမဟုတ်ပါဘူး။ လက်ဝါးချင်းချင်း ဆွဲဖက် နုတ်ဆက်ကြရမှာပါ။ အံကျိတ်၊ လက်သီးစုပ်ရမှာမဟုတ်ပါဘူး။ ပြုံးပြကြိုဆိုကြရမှာပါ။


ဒါပေမယ့် ခွင့်လွှတ်တယ်ဆိုတာကောင်းပါတယ်။ မေ့လွယ်ပျောက်လွယ်တာတော့မကောင်းဘူး။ ခွင့်လွှတ်တာနဲ့ မေ့လွယ် ပျောက်လွယ် ရှိတာ မတူပါဘူး။ လုံးဝကို ကွဲပြားခြားနားတယ်ဆိုတာလည်း နားလည်ရပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာနေထိုင် အသက်ရှင် သန်ခဲ့ကြသူတိုင်း သူ့အရွယ်နဲ့သူ မမျှတတဲ့ ဒဏ်ရာတွေ၊ အနာတွေနဲ့ ဝမ်း နည်းဖွယ်ဖြတ်သန်းခဲ့ကြရတာပါ။ ဒါကိုဘယ်သူမှမငြင်း နိုင်ပါဘူး။ ၈၈တုန်းက ကျွန်တော်ဟာ ၄တန်းကျောင်းသားလေးတစ် ယောက်ပါ။ ၈၈ရဲ့ဒဏ်ရာတွေကို ၈၈တုန်းက ကျောင်း သားအကိုတွေရဲ့ ခံစားချက်မျိုး ဘယ်လိုမှရမှာမဟုတ်ဘူး။ ဒါပေမယ့် ၂၀၀၇ စက်တင်ဘာရဲ့ ယမ်းငွေ့အနံ့တွေ၊ သွေးညှိနံ့တွေကတော့ ကျွန်တော်သေသည့်တိုင် ပျောက်ပျက်သွား မှာမဟုတ်တော့ဘူးဆိုတာ ကျွန်တော့်ဘက် ကသေချာတယ်။


ဒါပေမယ့် အဲလို၊ အဲဒီအနံ့တွေကို မမေ့ယုံနဲ့ တက်လာသမျှအစိုးရတိုင်းကိုတော်လှန်ဖို့၊ လက်မခံဖို့၊ ကျောခိုင်းနေဖို့တော့ မတွေးမိဘူး။ ကောင်းတာလုပ်နေတဲ့သူ၊ လုပ်ချင်နေတဲ့သူတွေကို ပိုလုပ်လာအောင် အားပေးထောက်ခံ ဖို့အမြဲကျိုးစားခဲ့တယ်။ ဆက်လည်း အဲလို ကျိုးလည်းကျိုးစားနေဦးမှာဘဲ။ နောက် အယုံအကြည်မရှိတဲ့အကြောင်းတွေကိုလည်း ပြောခွင့်သာတဲ့နေရာတိုင်းမှာ ပြောနေ၊ ဆိုနေဦးမှာပါ။ တော်လှန်ဖို့၊ ကန့်ကွက်ဖို့ လိုအပ်လာရင်လည်း ဘယ်သူ့ကိုမဆို တော်လှန်ကန့်ကွက်နေဦးမှာဘဲ။ ဒါဟာ အတ္တအခြေပြု ပြီးလုပ်တဲ့အလုပ်မဟုတ်ဘူး။ နိုင်ငံသားတစ်ယောက်ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ တာဝန်သိစိတ်နဲ့ ပြုတာဘဲလို့ ကိုယ်ကိုယ်ကိုယုံတယ်။


၈၈ပြီးခါစ ဆယ်စုနှစ်များအတွင်းကဖြစ်မယ်။ ပေါ်လစီသီချင်းလို့ ကျွန်တော်တို့ပြောလေ့ရှိတဲ့သီချင်းတစ်ပုဒ်မှာ အဆိုတော် ကြီးဒေါ်မာ မာအေးလည်းဆိုခဲ့ဖူးတယ် ထင်ပါတယ်။ “သံယရပျောက်ပါစေ…အမှန်ဘဝတော့ရောက်ပါစေလေ” ဆိုတဲ့ စာ သားပါတဲ့ပေါ်လစီသီချင်းလေးထဲကလို ပြည်သူဟာ တက်လာသမျှအစိုးရကို သံသယရှိတာတော့လုံးဝအမှန်ဘဲ။ အဲဒီ သံ သယကို သမ္မတ သက်တမ်းတစ်ခုတည်းနဲ့ ကျေပျက်သွားအောင် နေ့မအိပ်ညမအိမ်ကျိုးစားမယ်ဆိုတောင် မရနိုင်ဘူး။ ပြည်သူ တွေခံစားခဲ့ရတာ ၅မိနစ်တည်းမဟုတ်သလို၊ ၅နာရီ၊ ၅နှစ်မဟုတ်ဘူး။ မျိုးဆက်တစ်ဆက်နီးပါး သံသရနဲ့ အသက် ရှုခဲ့ရတာဆိုတော့ သံသရမပါဘဲအသက်ရှုကြဖို့ဆိုတာ သမ္မတသက်တမ်းတစ်ခုလောက် နဲ့လုံးဝမရနိုင်ဘူးလို့ ရဲရဲပြော ရ တာပါ။


တဖက်ကိုပြန်ကြည့်တော့လည်း ကိုယ်စိုက်ခဲ့တဲ့အဆိပ်ခင်းကို မြွေပါးကင်းပါးကြားမှာ ခြေဗလာ၊ လက်ဗလာနဲ့ ပြန်ရိတ်ပြီး ပျိုးသစ်ပြန်ခင်းဖို့ကြိုးစားနေရှာတဲ့ အစိုးရဟာလည်း “အကြောက်တရား”ဆိုတဲ့ ဇောချွေးမထွက်ဘဲ ဘာအလုပ်မှလုပ်လို့မ ရနိုင်ဘူး။ အဲဒိ “အကြောက်တရား”ဆိုတဲ့ ဇောချွေးမထွက်ပါပဲ စိတ်အေးလက်အေး ပျိုးခင်း အသစ်ကျဲဖို့ဆိုတာ ချာလီချက်  ပလင် နိဗ္မာန်ရောက်ကြောင်းတရားကို တရားဟောပလ္လင်ပေါ်တက်ဟောနေသလို ဖြစ်မှာဘဲ။


အကြောက်တရားဘဲဖြစ်ဖြစ်၊ သံသရဘဲဖြစ်ဖြစ် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုတော့ အနှောင်အယှက်ဖြစ်တာ အမှန်ဘဲ။


စစ်မှန်သော ငြိမ်းချမ်းမှုဆိုတာ သတင်းစာပေါ်မှာ၊ စာချုပ်ပေါ်မှာ၊ သတင်းရုပ်မြင်သံကြားမှာ၊ ရေဒီယိုမှာထုတ်ပြော ကြေငြာ နေယုံနဲ့ ဖြစ်လာမှာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုလည်း ငြိမ်းချမ်းရေးကို ယုံကြည်သထက်ယုံကြည်အောင် စစ်မှန်တဲ့အလုပ် တွေကို ရှေးရှုအားထုတ်ရမှာပါ။ ထင်သာမြင်သာရှိပြီး အားလုံးပါဝင်နိုင်တဲ့ လှုပ်ရှားမှုမျိုးတွေလည်းဖြစ်ရပါမယ်။
ဗိုလ်ချုပ်သမိုင်းကိုပြန်လေ့လာလိုက်လို့ရှိရင် သူစွန့်လုပ်ခဲ့တဲ့ လွတ်လပ်ရေးကျိုးပမ်းမှုတိုင်းမှာ စမ်းပြော၊ ရမ်းလုပ် ခဲ့တာ တစ်ခုမှမတွေ့ရဘူး။ ဒီလိုဘဲ တိုင်းပြည်လွတ်လပ်ရေးအတွက် သင်္ဘောထမင်းချက်၊ ကုန်ထမ်းမှသည် တောထဲမှာ လက် နက် ကိုင်တော်လှန်ခဲ့သည်အထိ တည်တည်ငြိမ်ငြိမ်အားထုတ်ခဲ့တဲ့ ဗီယက်နမ်ပြည်သူတို့ရဲ့ ဦးလေးဟို ခေါ် ဟိုချီမင်းရဲ့ အထုပ္ပတ္တိထဲမှာဆိုရင်လည်း ကောင်းနိုးရာရာလျောက်လုပ်တာမျိုးမဟုတ်ဘဲ။ ယုံ ကြည်ကြည်၊ ရိုးရိုးသားသား လုပ်ခဲ့တာ ချည်းဘဲ။ အဲဒါကြောင့်လည်း သူတို့သမိုင်းက လူတွေသာသေသွားခဲ့တာ လုပ်ရပ်တွေက မမေ့နိုင်မပျောက်နိုင် အဓွန့်ရှည် နေခဲ့တာပါ။


သတင်းဓာတ်ပုံရိုက်တာမှသည် လွှတ်တော်တွင်း ဥပဒေတစ်ခုခုကို အတည်ပြုခြင်း၊ ထောက်ခံခြင်းအထိ ယုံကြည် ပွင့် လင်းမှုမရှိဘဲ ငြိမ်းချမ်းခြင်း၊ ပြေလည်ခြင်းအဆင့်ကိုရောက်လာမှာမဟုတ်ဘူးဆိုတာ လုပ်နေသူတွေ ရော။ ဘေးကစောင့် ကြည့်နေသူတွေရောက သိမှတ်ထားရမှာဖြစ်တယ်။ တိုင်းပြည်တိုးတက် တည်ငြိမ်ရေးရဲ့ အဓိကမဏ္ဏိုင်က တော့ ပြည်သူ တွေဘဲ။ အဲတော့ မိမိကိုယ် ဘယ်အရွယ်အတန်းအစားထဲကဖြစ်ဖြစ် တိုင်းပြည် ကိုတစ်ကယ်ချစ်တယ်။ တိုင်းပြည်တိုးတက် တည်ငြိမ်ရေးကို တစ်ကယ်မျှော်လင့်တယ်ဆိုရင် တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တိုင်းကို ဝန်းဝိုင်းစောင့်ကြည့် ပေးပြီး ထောက်ခံဖို့လိုအပ်က ထောက်ခံအားပေး၊ ကန့်ကွက်ဖို့လိုအပ်က ဘယ်သူ့ဘက်ကဖြစ်ဖြစ်၊ ဘယ်သူ့မျက်နှာမှမ ထောက် မညှာဘဲ ကန့်ကွက်ပေးပြီး မျှတရေး၊ မှန်ကန်ရေးတွေဖြစ် လာအောင်လုပ်ပေးကြရမှဖြစ်တယ်။


အစိုးရကိုချည်း၊ အတိုက်အခံကိုချည်း ဘုထိုင်ပြော၊ လက်ခုပ်ထိုင်တီးနေယုံနဲ့ မပြီးသလို ငါတို့ကအစိုးရပဲ စင်ပေါ်ကပဲ။ ဘာလုပ်လုပ်တင့်တယ်တယ်။ လုပ်လို့ရတယ်ဆိုပြီး လုပ်ချင်တာဇွတ်လုပ်လာရင် ပြည်သူ့အချစ်မရပါပဲ ပြည့်သူ့အမုန်းနဲ့ နပန်းလုံးရနိုင်ပါတယ်ဆိုတာ သတိမူသင့်ပါတယ်။ ဒါကို ဘက်တစ်ခုမှာအသေရပ်ပြီး မျက်စိပိတ်၊ နားပိတ်အော်ချင် တာ အော်၊ လုပ်ချင်တာလုပ်မယ်ဆိုတဲ့ သူတွေအထူးသတိထားသင့်ပါတယ်။


အထူးသဖြင့် အစွဲအလမ်းကင်းပြီး လောကမာယာနည်းသော၊ အမှန်တရားကို ရဲရဲရင့်ရင့် ပွင့်ပွင့်လင်းချစ်ရဲသော လူငယ် တွေဟာ ဒီတာဝန် ကိုပိုယူသင့်တယ်။ တစ်နေ့မှာ တိုင်းပြည်ရဲ့ကောင်းမွေဆိုးမွေတွေအားလုံးဟာ လူငယ်တွေလက်ထဲ ကျန်ခဲ့မှာ ဖြစ်တဲ့အတွက် ကိုယ်ဆောင်းရမယ့် သရဖူကို ရွံ့နဲ့လုပ်တာ လိုချင်သလား။ ရွှေနဲ့လုပ်တာလိုချင်သလားဆိုတာ ဆုံးဖြတ်ရွေးချယ်ကြရမယ်လို့ ဆိုချင်ပါတယ်။


(ဆက်လက်ရေးသားပါဦးမည်။ ရေချင်မှလည်းဆက်ရေးပါမည်။ )


စိမ်းခက်စိုး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...