Thursday, November 17, 2011

ဦးသုဝေပြောသော ပါလီမန်ဆိုသည်မှာ

by Padauk Myay on Thursday, November 17, 2011 at 6:21pm
 
မင်းဟိန်းကျော်

(၂၀၁၁ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့ထုတ် Venus News ဂျာနယ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။)
နှစ်ပေါင်း ၂၀ ကျော်ကြာ လွှတ်တော် အုပ်ချုပ်ရေးဖြင့် ကင်းဝေးခဲ့သော မိမိတို့ နိုင်ငံတွင် ယခုအခါ ဒီမိုကရေစီ စနစ်အရ လွှတ်တော်များ အသက်ဝင်လာပြီ ဖြစ်သည်။ ထိုကဲ့သို့ လွှတ်တော်များ အသက်ဝင် လာသည့် နည်းတူ ပါလီမန်ဟူသော စကားရပ်မှာလည်း လူပြောများ လာခဲ့သည်။ လွှတ်တော် ဥက္ကဋ္ဌများမှလည်း မိမိတို့ လွှတ်တော်သည် ပါလီမန် လွှတ်တော်များ ဖြစ်သည်ဟု ပြောဆိုလာသည်။ သို့သော် ပြည်သူ အများစုမှာ အချိန်အတော်ကြာ ကင်းကွာခဲ့သော စကားရပ်နှင့် ရင်းနှီးမှု မရှိသေး။ ပါလီမန် ဟူသည့် အဓိပ္ပာယ်ကို ရေရေရာရာ မဖွင့်ဆိုနိုင်။ သို့ဖြစ်၍ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလမှသည် ယနေ့ခေတ် တိုင်အောင် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များ၌ လှုပ်ရှား ပါဝင်ခဲ့သော ဝါရင့်နိုင်ငံရေး သမားကြီး ဦးသုဝေ (ဒီမိုကရက် တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ) နှင့် ပါလီမန်အကြောင်း ဆွေးနွေး မေးမြန်း ဖြစ်ခဲ့သည်။


အခုအချိန်မှာ ပါလီမန်ဆိုတဲ့ စကားရပ်ကို လူသုံး တော်တော် များလာတာ တွေ့ရပါတယ်။ အဘ အနေနဲ့ ခေတ်အဆက်ဆက် နိုင်ငံရေး လောကမှာ ပါဝင် လာတာလည်းဖြစ်၊ ဝါရင့် နိုင်ငံရေး သမားကြီးလည်း ဖြစ်တော့ ဒီပါလီမန် ဆိုတဲ့ ဝေါဟာရကို အနက် အဓိပ္ပာယ် ဖွင့်ပေးပါဦး။
ပါလီမန် ဆိုတာကတော့ အစိုးရ စနစ်ပေါ့။ လူထုက ရွေးကောက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက တစ်ဆင့် အစိုးရကို ရွေးချယ် ခန့်ထားတာဟာ ပါလီမန်ပေါ့။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံက စနစ်တော့ မတူဘူး။ နည်းနည်း ကွဲတယ်။ အခြေခံကတော့ ခုနပြောခဲ့တဲ့ အတိုင်းပါပဲ။ ဖ.ဆ.ပ.လ ခေတ်က အုပ်ချုပ်မှုကတော့ ပါလီမန် ဒီမိုကရေစီပေါ့။ ဒါပေမယ့် ပါလီမန် ဆိုတိုင်း လည်း ဒီမိုကရေစီ ရှိတာ မဟုတ်ဘူး။ တချို့ အာဏာရှင် စနစ်တွေမှာလည်း ပါလီမန် ရှိတယ်။ သူက တစ်စုံတစ်ဦးရဲ့ အမိန့်နဲ့ အစိုးရကို ရွေးချယ်တာ။ လမ်းစဉ် ပါတီခေတ်က ပါလီမန် ရှိတာပဲ။ ဒါပေမယ့် ဒီမိုကရေစီ မဟုတ်ဘူးလေ။ ဒါက အစိုးရပိုင်းပေါ့။ ပါလီမန် လွှတ်တော် ဆိုတာကတော့ လူထု ကိုယ်စားလှယ်တွေ ပါလာရင် ပါလီမန် လွှတ်တော် ခေါ်တာပဲ။ အမေရိကန်မှာတော့ လွှတ်တော်က ပါလီမန်။ အစိုးရကတော့ သမ္မတ အစိုးရပေါ့။

ဟုတ်ကဲ့ ဒီလောက်ဆို ပါလီမန် အကြောင်း တော်တော်လေး နားလည် သွားပါပြီ။ ဆက်ပြီး ဖက်ဒရယ် ဆိုတာလေး ရှင်းပြပေး ပါဦး။ ၁၉၄၇ အခြေခံ ဥပဒေ ပျက်စီးသွားရ လောက်တဲ့ အခြေအနေထိ ဖြစ်ခဲ့တဲ့ အကြောင်းလေး သိချင်ပါတယ်။ ကျွန်တော် သိထားသလောက်တော့ ဖ.ဆ.ပ.လ အုပ်ချုပ်ရေးဟာ နည်းနည်း ဗဟိုဦးစီးစနစ် ဆန်တယ်ထင်တယ်။
ဒီအကြောင်း ပြောရမယ် ဆိုရင်တော့ ခုနက ပါလီမန်ကို ပြန်ကောက်ရမှာပဲ။ ပါလီမန် အုပ်ချုပ်ရေးမှာ နှစ်မျိုးရှိတယ်။ အများ နားလည်အောင် ပြောရရင်တော့ တစ်ပြည်ထောင်နဲ့ ပြည်ထောင်စု ဆိုပြီး  ရှိတယ်။ ဥပမာ ယိုးဒယား နိုင်ငံရေးရဲ့ အုပ်ချုပ်ပုံက တစ်ပြည်ထောင်၊ အမေရိကန် အုပ်ချုပ်ပုံက ပြည်ထောင်စု။ ဘယ်လို ကွာသလဲ ဆိုတော့ တစ်ပြည်ထောင် စနစ်မှာ ဗဟိုအစိုးရက လုပ်ပိုင်ခွင့် အာဏာတွေ များများ ယူထားပြီး ပြည်နယ်တွေကို လုပ်ပိုင်ခွင့်  နည်းနည်းပဲ ပေးထားတာ။ ပြည်ထောင်စု (ဖက်ဒရယ်) စနစ်ကျတော့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့် များများ ပေးပြီး ဗဟိုက လုပ်ပိုင်ခွင့် နည်းနည်းပဲ ယူတာ။ ဆိုလိုတာကတော့ ဖက်ဒရယ်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ဗဟိုအစိုးရထက် အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ ပိုရတာပေါ့။ ၁၉၄၇ အခြေခံ ဥပဒေ ပျက်စီး လောက်အောင် ဖြစ်ခဲ့တဲ့ အခြေအနေကို ပြောရမယ် ဆိုရင် ဖ.ဆ.ပ.လ ခေတ် အုပ်ချုပ်ရေး ပုံစံကို ပြန်သွားရမယ်။ ဖ.ဆ.ပ.လ အုပ်ချုပ်ရေးက အများအမြင်မှာ ဖက်ဒရယ်ပုံစံ ဆိုပေမယ့် တကယ်တော့ တစ်ပြည်ထောင်စနစ် ဖြစ်သွားတယ်။ ဘာကြောင့် အဲဒီလို ဖြစ်သလဲဆိုတော့ ဗိုလ်ချုပ် အပါအဝင် ခေါင်းဆောင်တွေက လွတ်လပ်ရေး ရပြီးရင် ဖက်ဒရယ်ထက် တစ်ပြည်ထောင် စနစ်ကမှ တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် ထိရောက် မြန်ဆန် နိုင်မယ်လို့ ယုံကြည်တဲ့ အတွက် ဒီစနစ်ကို ရွေးလိုက်တာပါ။ ဒါပေမယ့် တိုင်းရင်းသားတွေက ဒီစနစ်ကို မကြိုက်ဘူး။ ပင်လုံမှာ စာချုပ်ချုပ်တော့ ပြည်ထောင်စု စနစ်လုပ်ရမယ် ဆိုတာ မပါဘူး။ အစည်းအဝေး ပြင်ပမှာတော့ ဗိုလ်ချုပ်ကို ရှမ်း၊ ကချင်၊ ချင်း စတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြည်ထောင်စု စနစ်ပဲ လိုချင်တယ်လို့ ပြောတယ်။ အဲဒီအချိန်မှာ လွတ်လပ်ရေးက အရေးကြီးတဲ့ အတွက် ပြည်ထောင်စု စနစ် ဖြစ်စေရမယ်လို့ ဗိုလ်ချုပ်က ပြောခဲ့တယ်။ လက်တွေ့မှာ အဲဒီပုံစံကို ချက်ချင်းကြီး မသွားနိုင်ခဲ့ဘူး။ နောက်ဘာဖြစ်လာလဲ ဆိုတော့ ၁၉၄၇ ဥပဒေ လွှတ်တော်မှာ မတင်ခင် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ စောခွန်ချိုတို့၊ ဦးထွန်းအေးတို့က ဦးနုဆီ ရောက်လာပြီး ဖက်ဒရယ် မဟုတ်ရင် သူတို့ သဘောမတူဘူး ဆိုပြီး လွတ်လပ်ရေး ရလို့ ၁၀ နှစ်ကြာရင် ပြည်ထောင်စုက ခွဲထွက်ချင် ထွက်လို့ရတယ် ဆိုတဲ့ အချက်ကို ထည့်သွင်းပေးခဲ့ရတယ်။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ ဒီလိုထည့်သွင်းတာ မရှိဘူး။ အဲဒီ အချက်ကို ဘာကြောင့် ထည့်ခဲ့ရသလဲ ဆိုတော့ ၁၀ နှစ် ဆိုတဲ့ ကာလမှာ တိုင်းပြည် ဖွံ့ဖြိုးရေး လုပ်ရင်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက လုပ်ငန်းတွေ နားလည်လာပြီး ဥပဒေကို ပြင်လို့ ရလောက်တယ် ဆိုပြီးလုပ်ခဲ့တာ။ လက်တွေ့မှာတော့ တိုင်းပြည်က ကံဆိုး မိုးမှောင်ကျပြီး သူပုန် ထတာနဲ့ပဲ တိုင်းပြည် ဖွံ့ဖြိုးမှုတွေ နောက်ကျကုန်တယ်။ အဲဒီမှာ ၁၀နှစ်လည်း ပြည့်ရော ခုနက အချက်ကို  ထောက်ပြီး ရှမ်းပြည်နယ်က ခွဲထွက်မယ် လုပ်တော့ စစ်တပ်က အာဏာသိမ်းပြီး ၁၉၄၇ အခြေခံ ဥပဒေလည်း ရပ်ဆိုင်းသွားတာပါပဲ။

ဖ.ဆ.ပ.လ ခေတ်မှာ စီးပွားရေး တော်တော် ကောင်းခဲ့ပုံပံနော်။  အဲဒီတုန်းက ကျွန်တော်တို့ နိုင်ငံရဲ့ လေဆိပ်တွေ၊ စည်ပင် သာယာရေး စနစ်တွေကို တခြား ဒေသတွင်း နိုင်ငံတွေကတောင် လာပြီး လေ့လာရတယ်ဆို။
ဟုတ်တယ်။ အဲဒီခေတ်မှာ အစိုးရကလည်း တော်တော်ကို ကြိုးစားခဲ့ပါတယ်။ လူတွေကို လွတ်လပ်မှု ပေးထားတယ်။ လွတ်လွတ် လပ်လပ် ပြောဆိုနိုင်တယ်။ ရေးသားနိုင်တယ်။ အဲဒီခေတ်က ဗန္ဓုလ ပန်းခြံထဲမှာ စင်ထိုးပေးထားတယ်။ ကြိုက်တဲ့လူက ကြိုက်တာ တက်ပြောလို့ရတယ်။ ကိုယ့်အယူအဆတွေ၊ ထင်မြင်ချက်တွေ လွတ်လွတ်လပ်လပ် ပြောနိုင်တယ်။ ဘယ်သူမှ လာမဖမ်းဘူး။ အဲလို လုပ်ပေးထားတဲ့ အတွက် လူတွေရဲ့ တွေးခေါ်လုပ်ကိုင်မှု အရည်အသွေး တွေ မြင့်လာတယ်။ စီးပွားရေး ဘက်မှာလည်း ကောင်းလာအောင် လယ်ယာမြေ ဥပဒေတွေ ပြင်တယ်။ လယ်ယာမြေ အသစ်တွေ ဖန်တီးပေးတယ်။ အဲဒီလို လုပ်ခဲ့တဲ့ အတွက် ဖ.ဆ.ပ.လ ခေတ်မှာ မြန်မာနိုင်ငံဟာ ဆန်တင်ပို့မှု ထိပ်တန်း ရောက်ခဲ့တယ်။ စက်မှုကဏ္ဍ ဖွံ့ဖြိုးဖို့ကိုလည်း လုပ်ငန်းရှင်တွေ ပါဝင်လာအောင် အစိုးရက ငွေထုတ်ချေးတယ်။ အဖွဲ့တွေ ဖွဲ့ပေးတယ်။ အဲဒီမှာ စက်ရုံတွေ အများကြီး ဖြစ်လာတယ်။ တရုတ်၊ ကုလားတွေပဲ လွှမ်းမိုးထားတဲ့ ကုန်သည်လောကကို တိုင်းရင်းသား ကုန်သည်တွေ ဝင်လုပ်နိုင်ဖို့ အခွင့်အရေးတွေ ဖန်တီးပေးခဲ့တယ်။ အဲဒါကြောင့်လည်း အဲဒီခေတ် အခါမှာ မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတွေထက် စာရင် ထိပ်ပိုင်းမှာ ရှိခဲ့တာပေါ့။ နောက်ပိုင်း ဦးနေဝင်း အစိုးရက အာဏာ သိမ်းပြီးတဲ့နောက် ရပြီးဖြစ်တဲ့ လွတ်လပ်ခွင့်တွေပိတ်၊ စက်ရုံတွေ ပိတ်ပစ်တဲ့ အတွက် နိုင်ငံက ကျဆင်း လာတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရရဲ့ စိတ်ကူးကတော့ ကောင်းပါတယ်။ ဒါပေမယ့် စိတ်ကူးနဲ့ လက်တွေ့ကွာဟလာတဲ့ အတွက် ဒီစနစ် မအောင်မြင်ဘဲ နိုင်ငံက ကမ္ဘာ့ အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံဖြစ်သွား တယ်။ အဲဒီခေတ်မှာလည်း ပါလီမန် ရှိပေမယ့် ပါလီမန်မှာ အာဏာမရှိဘူး။

ဒါကတော့ အဘ ဖြတ်သန်းခဲ့ရတဲ့ ခေတ်တွေပေါ့။ အခုလက်ရှိ စနစ်ကရော၊ ခုနက ပြောတဲ့ အချက်တွေအရ ဖက်ဒရယ် ဖြစ်လာပြီလို့ ဆိုနိုင်လား။ ကျွန်တော်ကတော့ ဖက်ဒရယ် ပီပီပြင်ပြင် မဖြစ်သေးဘူး ထင်တယ်။
လက်ရှိ အစိုးရကတော့ ပါတီစုံ စနစ်ပေါ့လေ။ စနစ်တွေ ပြောင်းလာပြီ။ အရင်တုန်းက ဗဟိုကနေ အထက် အမိန့်နဲ့ အာဏာ စီးဆင်းရာက အခု လွှတ်တော်က အုပ်ချုပ်တဲ့ စနစ်ပေါ့လေ။ ပါလီမန် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတယ်လို့ ပြောတာပေါ့။ ဒီလို တိုးတက်မှု ရှိလာတာကို ကြိုဆိုတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် ကောင်းတာ လုပ်ရင် ထောက်ခံမယ်။ မကောင်းတာ လုပ်ရင် ကန့်ကွက်မှာပဲ။ ဒါ ကျွန်တော်တို့ ပါတီ မူဝါဒပဲ။ ဖ.ဆ.ပ.လ အစိုးရတုန်းကတော့ ဝန်ကြီးချုပ်ကို လွှတ်တော်က ရွေးတယ်။ ဝန်ကြီးချုပ်က လွှတ်တော် အမတ်တွေထဲကပဲ အစိုးရ ဖွဲ့တယ်။ အခုကတော့ သမ္မတနဲ့ ဒုသမ္မတတွေကိုပဲ လွှတ်တော်က ရွေးပေးတယ်။ အစိုးရအဖွဲ့ကို သမ္မတကြိုက်တဲ့ လူနဲ့ ဖွဲ့နိုင်တယ်။ ပါလီမန်ရဲ့ အစိုးရ အဖွဲ့မဟုတ်ဘူး။ သပ်သပ်စီ ဖြစ်သွားတာပေါ့။ အခုပုံစံနဲ့ပဲ ပြည်နယ်တွေကို အာဏာအပြည့်ပေးနိုင်ရင် ဖက်ဒရယ် ဖြစ်လာမယ်။ အခုအချိန်က အပြောင်းအလဲ ဆိုတော့ သေချာ မပြောနိုင်သေးဘူး။ ဖက်ဒရယ် ဖြစ်လာရင် ပြည်နယ်၊ တိုင်းဒေသကြီးတွေက သူတို့ရဲ့ ဝန်ကြီးချုပ်တွေကို သူတို့ ကိုယ်တိုင် တင်မြှောက်ခွင့် ရှိရမယ်။ အခုလို သမ္မတ တိုက်ရိုက်ခန့်တာ မဟုတ်ဘဲနဲ့ပေါ့။ တစ်ခု ပြောလို့ရတာက လက်ရှိမှာ စစ်တပ်ရဲ့ ဩဇာက ကြီးနေသေးတယ်။ ဖက်ဒရယ် စစ်ရင် စစ်တပ် မပါရဘူး။ ဖွဲ့စည်းပုံထဲက စစ်တပ် ၂၅ ရာခိုင်နှုန်း ပျောက်သွား ရင်တော့ ဖက်ဒရယ် စစ်လာပြီလို့ ပြောလို့ရပြီ။

မင်းဟိန်းကျော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...