Wednesday, November 23, 2011

မြန်မာပြည်ပညာရေး အဆိုးသံသရာထဲက အင်္ဂလိပ်စာ




ပထမကမ္ဘာစစ်ကြီး အတွင်းတွင်၊ ဗြိတိသျှ အစိုးရက မြန်မာလူမျိုးတချို့ကို ဗြိတိသျှစစ်တပ်အတွင်း သွင်းကာ၊ မက်ဆိုပိုတေးမီးယား စစ်ဒေသသို့ စေလွှတ်ခဲ့ပါသည်။
စစ်ပွဲမှပြန်လာသော မြန်မာစစ်ပြန်များသည် နိုင်ငံခြားအတွေ့အကြုံများရရှိလာကာ၊ အမျိုးသားရေး စိတ်ဓာတ်များလည်း ရှင်သန်ပေါက်ဖွားလာခဲ့ကြပါသည်။
၁၉၂၀ပြည့် တက္ကသိုလ်ကျောင်းသားသပိတ်ကြီး ဖြစ်ပွားပြီးနောက်၊ အမျိုးသားရေးစိတ်ဓာတ်နှင့်အတူ မြန်မာအမျိုးသားကျောင်းများ စတင်ပေါက်ဖွားလာခဲ့ကြသည်။ ယခင်က ကျောင်းများတွင် ဘာသာရပ်တိုင်းကို အင်္ဂလိပ်ဘာသာနှင့်သာ သင်ကြားခဲ့ပါသည်။ တက္ကသိုလ်သပိတ်ကြီးပြီးနောက် ပေါ်ထွက်လာသော မြန်မာအမျိုးသားကျောင်းများတွင်၊ အင်္ဂလိပ်ဘာသာမှလွဲ၍ ကျန်ဘာသာရပ်များကို၊ မြန်မာဘာသာနှင့် သာသင်ကြားလာကြသည်။
ယင်းသို့သင်ကြားခြင်းအတွက်၊ မြန်မာဘာသာစာပေ ပိုမိုတိုးတက်ထွန်းကားခဲ့သည်ဟု မဆလခေတ် အထက်တန်းစကားပြေလက်ရွေးစင်တွင် 'ကမ္ဘာစစ်ကြီးအမျိုးသားကျောင်းများနှင့် မြန်မာစာ' ဟူသော ခေါင်းစဉ်ဖြင့်၊ ဆရာကြီးမောင်ထင်က ရေးသားခဲ့ပါသည်။
မြန်မာစာပေ တိုးတက်ထွန်းကားခဲ့သည် မှန်သော်လည်း၊ တဖက်မှပြန်ကြည့်လျှင်၊ အင်္ဂလိပ်စာပေ ဆုတ်ယုတ်သွားခဲ့သည်ဟု ပြောနိုင်ပါသည်။ မစ်ရှင်ကျောင်းများတွင် ဘာသာရပ်တိုင်းကို အင်္ဂလိပ်ဘာသာနှင့် သာသင်ကြားခြင်းဖြစ်ပြီး၊ အမျိုးသားကျောင်းများက၊ အင်္ဂလိပ် တဘာသာမှလွဲ၍ ကျန်ဘာသာရပ်အားလုံးကို မြန်မာဘာသာနှင့်သာ သင်ကြားခဲ့သောကြောင့် ဖြစ်ပါသည်။
ယင်းနောက်ပိုင်းတွင်လည်း၊ ဆရာကြီးသခင်ဘသောင်း စတင်တည်ထောင်သော၊ ဒို့ဗမာအစည်းအရုံးကလည်း၊ "မြန်မာစာသည်ဒို့စာ၊ မြန်မာစကားသည် ဒို့စကား၊ မြန်မာပြည်သည်ဒို့ပြည်" ဟူသောဆောင်ပုဒ်ဖြင့်၊ အမျိုးသားရေးကို နှိုးဆွပေးခဲ့ပါသည်။ အထက်ပါ ဒို့ဗမာအစည်းအရုံး၏အမျိုးသားရေး၊ဆောင်ပုဒ်သည်လည်း အင်္ဂလိပ်စာပေ သင်ကြားတိုးတက်ရေးကို တနည်းအဟန့်အတားဖြစ်စေသည်ဟုယူဆပါသည်။
ဆရာကြီးသခင်ဘသောင်းကိုယ်တိုင်မှာ အင်္ဂလိပ်အစိုးရကစီစဉ်သော၊ "ဝေလမင်းသား ဘာသာပြန်ဆု"ကို ၃ ကြိမ်တိုင်တိုင် ဆက်တိုက်ပထမချည်းသာ ရနေ၍ နောက်ဆုံးတွင်ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံခဲ့ရပါသည်။ ဘာသာပြန်နည်းပြအဖြစ်လည်း ရန်ကုန်တက္ကသိုလ်တွင် ခန့်အပ်ခြင်းခံခဲ့ရပါသည်။
၎င်းအပြင်၊ မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရပြီးနောက် တက္ကသိုလ်ကောလိပ်များတွင် သင်ကြားသောဘာသာရပ်များကို၊ အင်္ဂလိပ်ဘာသာနှင့်ပင်သင်ကြားရေးနှင့် မြန်မာဘာသာသို့ ပြန်ဆိုပြီးမှ သင်ကြားရေးဟူသောအချက်ကို ပညာရေးဌာနတွင် အငြင်းပွားကြရာမှ၊ နောက်ဆုံး မဲခွဲဆုံးဖြတ်ကြသည်ဟု သိရပါသည်။
ထိုစဉ်ကပညာရှင်တချို့၏ အယူအဆမှာ "မြန်မာကျောင်းသားများကို နိုင်ငံခြားတက္ကသိုလ်များသို့စေလွှတ်၍ ပညာသင်ကြားရန် လိုအပ်ကြောင်း၊ နိုင်ငံခြားတက္ကသိုလ်များတွင် အင်္ဂလိပ်ဘာသာနှင့် သာသင်ကြားရမည်ဖြစ်၍ ဘာသာရပ်များကို မြန်မာဘာသာသို့ မပြန်ဆိုဘဲ အင်္ဂလိပ်ဘာသာနှင့်သာ သင်ကြားသင့်ကြောင်း" အယူအဆဖြစ်ပါသည်။
ထိုစဉ်က ပညာရေးဌာနရှိ ပညာရှင်များထဲတွင်၊ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သူများလည်း ပါဝင်နေသဖြင့်၊ ၄င်းတို့က အထက်ပါအကြောင်းပြချက်ကို လက်မခံသောကြောင့်၊ မဲခွဲဆုံးဖြတ်ရာမှ၊ ယင်းအမျိုးသားဝါဒီများ ဘက်မှ အနိုင်ရရှိသွားခဲ့သည်ဟုဆိုပါသည်။ အထက်ပါကိစ္စကို ၁၉၉၅ ခုနှစ်ခန့်ကထုတ်ဝေသော၊ မိုးဂျာနယ်တစောင်တွင် ရေးသားဖော်ပြခဲ့သည်ကို ဖတ်ဖူးပါသည်။
မြန်မာနိုင်ငံတွင် ကျောင်းသားများ အင်္ဂလိပ်စာတတ်မြောက်မှု ဆုတ်ယုတ်လာရခြင်းအကြောင်းတရားများတွင် အထက်ပါကိစ္စများလည်း အမှန်တကယ်ပါဝင်သည်ဟု ယူဆရပါသည်။
နောက်ထပ်ပေါ်ပေါက်လာသော အကြောင်းတရားများသည်၊ ခေတ်အဆက်ဆက်ပညာရေးစနစ်ညံ့ဖျင်းမှုနှင့်၊ ယင်းသို့ညံ့ဖျင်းမှုကြောင့် ဆရာများ၏ သင်ကြားမှု ညံ့ဖျင်းယိုယွင်းလာသော အပြောင်းအလဲများပင် ဖြစ်ပါသည်။
အင်္ဂလိပ်အစိုးရလက်ထက်တွင် သင်ကြားသောဆရာများက အင်္ဂလိပ်လူမျိုးများ ဖြစ်ကြသည်။ ယင်းဆရာများက မြန်မာကျောင်းသားတပည့်များကို သင်ကြားပေးမည်။ တဖန် ယင်းမြန်မာကျောင်းသားများက၊ ဆရာများ ပြန်ဖြစ်လာသောအခါ၊ အင်္ဂလိပ်ဆရာများကဲ့သို့ သင်ကြားနိုင်တော့မည်မထင်ပါ။ အနည်းနဲ့အများဆိုသလို ချို့ယွင်းလာမည်မှာ အမှန်ဖြစ်သည်။
ယင်းသို့ အနည်းငယ်ချို့ယွင်းလာသော ဆရာများက၊ နောက်တဖန်ကျောင်းသားများကို သင်ကြားပေးမည်၊ ယင်းတပည့်များက ဆရာပြန်ဖြစ်လာသောအခါ ချို့ယွင်းချက်များထပ်မံပေါ်ပေါက်လာရင်း၊ ယခုလိုခေတ်ကို ရောက်လာသည့်အခါ၊ ချို့ယွင်းအားနည်းချက်များသည် ဆိုဘွယ်ရာမရှိတော့ဟု ထင်ရပါသည်။
ကျွန်တော်ကိုယ်တိုင်၏ အတွေ့အကြုံများကိုလည်း တင်ပြချင်ပါသည်။
ကျွန်တော် ပညာသင်ခဲ့ရသောခေတ်သည် တော်လှန်ရေးကောင်စီခေတ်နှင့် မဆလခေတ်တို့တွင် ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာ တခုတည်းကို၊ ဆရာနှစ်ယောက်က သင်ပါသည်။ Text book ကို သင်သောဆရာက တယောက်၊ Grammar သင်သော ဆရာကတယောက် ဖြစ်ပါသည်။ Text book ကိုသင်သောဆရာက စာအုပ်ထဲမှ သင်ခန်းစာကို၊ ကိုယ်တိုင်ဖတ်ပြပါသည်။ ၄င်းနောက်တပိုဒ်ချင်း၊ တကြောင်းချင်း ဘာသာပြန်၍ ရှင်းပြပါသည်။ ရှင်းပြပြီးသောအခါ စကားလုံးအသစ်များကိုထုတ်ပေးပါသည်။
တဖန်ယင်းစကားလုံးများကို ၀ါကျတကြောင်းစီ ရေးပေးပါသည်။ ကျောင်းသားများကို ကူးရေးခိုင်းပြီး၊ အိမ်တွင် ကျက်ခိုင်းလိုက်ပါသည်။ နောက်တဖန် မေးခွန်းတိုများကိုလည်း ဆရာကိုယ်တိုင် ဖြေပေးပါသည်၊ ကျောင်းသားများကို ကူးခိုင်းပြီး၊ အိမ်တွင်ကျက်ခိုင်းပါသည်။ မေးခွန်းရှည်လည်း ၄င်းနည်းအတိုင်းပင် ဖြစ်ပါသည်။
ထိုစဉ်က န၀မတန်းအတွက်Text book မှာ ရှိတ်စ်ပီးယားပြဇာတ်၆ပုဒ်နှင့်၊ ဒသမတန်းအတွက်၊ ယင်းရှိတ်စ်ပီးယား စာအုပ်အပြင်၊ တီထွင်သူ၇ဦး (seven inventor) တို့ ဖြစ်ပါသည်။ ၁၀ တန်းစတက်သည့်နှစ်တွင်၊ အင်္ဂလိပ်စာကိစ္စနှင့် ကျောင်းထုတ်ခံရမလိုလည်း ဖြစ်ခဲ့ပါသည်။ ထိုနှစ်တွင်အင်္ဂလိပ်စာမဖြေနိုင်၍ စာမေးပွဲကျရာမှ၊ နောက်တနှစ်ပညာသင်နှစ်တွင် ယခင်နှစ်ကဖြစ်ခဲ့သော ပြသနာကို အကြောင်းပြုပြီး၊ ကျောင်းအုပ်ဆရာမကြီးက လက်မခံတော့သဖြင့် အပြင်ထွက်ခဲ့ရပါသည်။
၎င်းနှစ်တွင်ပင် အင်္ဂလိပ်စာသင်ရိုးလည်းပြောင်းလိုက်သောကြောင့်၊ ကျူရှင်မယူ၍ မဖြစ်တော့သည့်အခြေအနေ ဖြစ်ခဲ့ပါသည်။ ကျွန်တော် အလွန်ကြောက်သော၊ အလွန်ညံ့သော အင်္ဂလိပ်စာဘာသာလည်း ထိုကျူရှင်ဆရာ၏ ကျေးဇူးကြောင့်၊ အင်္ဂလိပ်စာလေ့လာရန် တံခါးကြီးပွင့်သွားသလိုခံစားလိုက်ရပါသည်။
ယခင်ကအင်္ဂလိပ်စာကို ဖတ်ရန်လည်းကြောက် ရေးရန်လည်းကြောက် ကျက်ရန်လည်းကြောက်နေခဲ့ရာမှ ဖတ်မှတ်လေ့လာလိုစိတ် ဖြစ်ခဲ့ပါသည်။
ဆရာက စသင်သင်ချင်း Pronounsကို စသင်ပါသည်။ မြန်မာလို အတိအကျလည်းရေးပေးပြီး၊ ရအောင်လည်း ကျက်ခိုင်းပါသည်။ အဲသည်တော့မှ ကျောင်းသားများအားလုံးလည်း ကိုယ့်အကြောင်းကိုယ် စတင်သိရှိကြပါတော့သည်။ အတန်းက ၁၀တန်း နှစ်ရှုံးသမားများချည်း စုစည်းထားသောအတန်း၊ ၁၀တန်းနှစ်ရှုံးများ ဖြစ်ကြသည့်တိုင်၊ Pronouns စကားလုံးတိုင်း၏ အဓိပ္ပါယ်အတိအကျကို မသိကြသူများသာ ဖြစ်ပါသည်။
နောက်ပိုင်းverb to be, verb to have, Nouns, Article တို့ကို သေသေချာချာ ရှင်းလင်းသင်ကြားပေးပါသည်။ Verb to be နှင့် Verb to have ကို ကွဲပြားအောင် ရှင်းလင်းသင်ကြားပေးပါသည်။ ၄င်းနောက်ဝါကျများကို ဖွဲ့စည်းတည်ဆောက်ခြင်းမစတင်မီ၊ ဆရာက"၀ါကျများကို ရိုက်ချိုးပြမည်" ဆိုသောအချက်ပြောပြီး၊ ၀ါကျတကြောင်းမှာ ပါဝင်တဲ့ အကန့်များကို ခွဲခြားရှင်းလင်းပြပါသည်။
အဲသည်တော့မှ အင်္ဂလိပ်ဝါကျတွေကို ဘယ်လိုတည်ဆောက်ထားသည်ကို သဘောပေါက်နားလည်ကြပါသည်။ ၄င်းနောက်ဝါကျများကို ရေးခိုင်းပါသည်။ ဆရာကမြန်မာလိုရေးပေးပါသည်။ ကျောင်းသားများက အင်္ဂလိပ်လို ပြန်ရေးရပါသည်။ အဲသည်အခါမှာ Pronouns များအဓိပ္ပါယ်အတိအကျ မသိတာတွေ၊ နေရာမှန်မှန် မထားတတ်တာတွေ ပေါ်လာပါတော့သည်။
ကျွန်တော်တို့ အမှားများကို ဆရာက ပြစ်ဒဏ်ပေးပါသည်။ ၀ါကျတကြောင်းတွင် အမှားတခုဖြစ်ရုံနှင့် ၀ါကျတကြောင်းလုံးကို ၀ါကျအမှန် ၁၀ကြောင်းစီ ပြန်ရေးရပါသည်။ ၀ါကျ ၁၀ ကြောင်းမှားလျှင် အမှန်ဝါကျ ၁၀၀ ပြန်ရေးရပါသည်။ ၂၀ မှားလျှင် အမှန်ဝါကျ ၂၀၀ ပြန်ရေးရပါတော့သည်။ သည်တော့မှ နောင်အမှားမရှိစေရန် ကြိုးစားရင်း၊ အင်္ဂလိပ်စာဝါကျများ မှန်မှန်ကန်ကန် ရေးတတ်လာပါတော့သည်။ ၄င်းနည်းနှင့် ဂရမ်မာကို အတော်စုံအောင် သင်ကြား၊ ၀ါကျများများ ရေးသားလေ့ကျင့်ပြီးမှ၊ Text book နှင့် word book ကို စတင်သင်ကြားပေးပါသည်။
ဆရာက သူသင်ထားသောဂရမ်မာနှင့် Text book မှာ ရေးထားသောဝါကျများကို ဆက်စပ်ပြပါသည်။ ၄င်းနည်းနှင့်Text book မှ သင်ခန်းစာ၂ခုလောက်သာ သင်ပေးပါသည်။ ကျန်တာတွေကိုယ့်ဟာ ကိုယ်ဖတ်ကြ၊ လေ့လာကြ၊ လေ့ကျင့်ခန်းတွေ ကိုယ့်ဟာကိုယ်လုပ်လို့ရပြီလို့ပြောပြီး၊ Text book ရော Word book ကိုပါ ဆက်မသင်တော့ပါ။ Essay နှင့် Letter writing များလည်းခေါင်းစဉ်ပေး၍ လေ့ကျင့်ခန်း တပတ်တပုဒ်လောက် ပေးပါသည်။ Essay နှင့် Letter writing တို့ကိုလည်း၊ ဟိုးယခင်ကကဲ့သို့ ကျက်ရန် မလိုတော့ပါ။
ဆရာသင်ကြားပေးလိုက်သောကြောင့်၊ ကျတော်တို့တကယ်လည်းအကျိုးရှိပါသည်။ နောက်ပိုင်းတွင် အင်္ဂလိပ်လို ရေးထားသောစာအုပ်နှင့်အခြားစာများကိုဖတ်ရဲလာပါသည်။ ဟိုစပ်စပ်ဒီစပ်စပ်လည်း လေ့လာဖြစ်ပါသည်။
သည်လိုနှင့် ၁၀ တန်းအောင်ပြီး၊ အစိုးရအလုပ် လုပ်နေစဉ်အချိန်များတွင်၊ နှစ်စဉ်လိုလို နီးစပ်ရာ ၅ တန်းမှ ၁၀ တန်းထိ ကျောင်းသားများကို အင်္ဂလိပ်စာသင်ပေးဖြစ်ပါသည်။ အဝေးသင်ကျောင်းသား တချို့ကိုလည်း သင်ပေးဖြစ်ပါသည်။ ကျွန်တော်တို့ ကျောင်းသားဘ၀ကထက်ပင်၊ အင်္ဂလိပ်စာဘာသာ ဆိုးဝါးညံ့ဖျင်းကြသည်ကို တွေ့ရပါသည်။
အဝေးသင်တက္ကသိုလ်ကျောင်းသားများဖြစ်နေကြသည့်တိုင် I, me, my, mine ကိုကွဲကွဲပြားပြားလည်းမသိကြ၊ မည်သည့်နေရာ ထားသုံးသည်ကိုလည်းမသိကြပါ။ သူတို့အဓိက သင်ခိုင်းသည်မှာ ကွက်လပ်ဖြည့်နည်းများသာ ဖြစ်ပါသည်။
၂၀၀၀ ပြည့်နှစ်ကျော်ကျော် အချိန်လောက်တွင်၊ အလုပ်တခုနှင့် ကျေးရွာတရွာတွင်၃ နှစ်ခန့်နေထိုင်စဉ်၊ ရွာမှ ကျောင်းသားတချို့ကို အင်္ဂလိပ်စာသင်ပေးဘူးပါသည်။ အစပိုင်း တလလောက်အထိ ကျောင်းသား ၂၀ ခန့် လာသင်ကြသော်လည်း၊ နောက်ပိုင်းတွင် ၃ ယောက်သာ ကျန်ပါသည်။ ၅တန်း တယောက်၊ ၆တန်းတယောက်နှင့် ၇တန်းတယောက် ဖြစ်ပါသည်။ အခြားကျောင်းသားများမှာ မိဘများ၏ လယ်ယာ၊ ယခင်းကိုင်းခင်းများကို ကူညီလုပ်ကိုင်ပေးကြရသောကြောင့် လာမသင်ကြတော့ပါ။
ကျောင်းသား ၃ ယောက်သာ မိဘများကလည်းသူတို့သားသမီးများကိုပညာတတ်စေချင်သောကြောင့်၊ မည်သည့်အလုပ်ကိုမှ ကူညီခိုင်းစေခြင်းမရှိ၊ ကျောင်းသားများကိုယ်တိုင်ကလည်း ကြိုးစားကြသည့်အပြင်၊ ဥာဏ်လည်းအလွန်ထက်မြက်သူများဖြစ်သည့်အတွက် နေ့စဉ်သင်ကြားနေပါသည်။
နောက်ပိုင်းတွင် သူတို့ ၃ ဦးမှာ၊ သူတို့ကျောင်းတွင် အင်္ဂလိပ်စာအတော်ဆုံး ကျောင်းသားများ ဖြစ်လာပါသည်။ ထိုအချိန်တွင် သူတို့ကျောင်းမှ အင်္ဂလိပ်စာသင်သောဆရာလည်း သူတို့ ၃ ဦးကို ကျွန်တော်က အင်္ဂလိပ်စာ သင်ပေးနေသည်ကို သိရှိသွားပါသည်။
တနေ့ကျတော်နှင့်တွေ့သည့်အချိန်တွင် ကျွန်တော့်ကို ပြောပါသည်။ ဆရာအင်္ဂလိပ်စာသင်ပေးတဲ့တပည့်တွေ ကျောင်းမှာအင်္ဂလိပ်စာ တော်ကြကြောင်း ကျတော့်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါသည်။ သူ့အကြောင်းကိုလည်း ပြောပြပါသည်၊ သူက ဒီကျောင်းမှာ အင်္ဂလိပ်စာသင်ပေးသည့်ဆရာ မရှိလို့သာ သင်ပေးနေရကြောင်း သူကိုယ်တိုင်လည်း အင်္ဂလိပ်စာသိပ်မတတ်ကြောင်း ၀န်ခံပြောပါသည်။
နောင် ၃ လလောက်အကြာ နွေရာသီကျောင်းပိတ်ရက်တရက်တွင်၊ ၄င်းဆရာ ကျွန်တော့်ဆီရောက်လာပါသည်။ ဒီနွေရာသီကုန်လျှင် ကျွန်တော် ဒီအလုပ်ကို သိမ်းပြီးပြန်တော့မည် ဆက်မလုပ်တော့ကြောင်းကြားသဖြင့် ဆရာနဲ့ တွေ့ဖို့ တမင်လာခဲ့ကြောင်း၊ ဒီအလုပ်မလုပ်တော့လျှင် နောက်နှစ်ပညာသင်နှစ်တွင် သူနေထိုင်သော ရွာမှ တွဲဘက်အထက်တန်းကျောင်းတွင်၊ အင်္ဂလိပ်စာ သင်ကြားပေးပါရန် လာပြောတာပါလို့ပြောပါတယ်။
သူတို့လို ရွာကျောင်းများတွင် အင်္ဂလိပ်စာသင်ကြားပေးရန် မြို့ပေါ်မှာအင်္ဂလိပ်စာဆရာ ကောင်းကောင်းများကို မငှားနိုင်ကြကြောင်း၊ မြို့ပေါ်မှ အင်္ဂလိပ်စာသင်ကြားရေး ကျွမ်းကျင်သော ဆရာများကလည်း ရွာကျောင်းများသို့ လာရောက်မသင်ပေးကြကြောင်း၊ ရွာကျောင်းများအနေနှင့် အင်္ဂလိပ်စာ ကောင်းကောင်းသင်ကြားပေးမည့်ဆရာ အလွန်ရှားပါးကြောင်းပြောပါသည်။
တဖန် ကျွန်တော်အ င်္ဂလိပ်စာသင်ကြားပေးသော ကျောင်းသားမိဘများကလည်း၊ ကျတော့်အလုပ်ကို သိမ်းဆည်း၍ ပြန်ကာနီးတွင်၊ သူတို့ကလေးများကို တတ်နိုင်သလောက် လက်ဆောင်ပစ္စည်းလေးများနှင့် လာကန်တော့ခိုင်းရင်း၊ သူတို့ရွာမှာပဲဆက်နေဖို့၊ ကျွန်တော့်အတွက် ယာခင်းကိုင်းခင်းများလည်းစီစဉ် ပေးပါမည့်အကြောင်း စိုက်ပျိုးစရိတ်လည်း ကျခံပေးမည့်အကြောင်း၊ သူတို့ကလေးများကိုသာ စာသင်ပေးစေလိုကြောင်း ပြောလာပါသည်။ ကျွန်တော့်မှာလည်း ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလို ဖြစ်နေသဖြင့်၊ စိတ်မကောင်းစွာပဲပြန်ခဲ့ရပါသည်။
တဖန် ထိုင်းနိုင်ငံသို့ ရောက်လာသည့်အခါ၊ အင်္ဂလိပ်စာသင်ကြားရေးတွင် skill ၄မျိုးဆိုတာ သိလာရပြန်ပါသည်။ ယင်းစကေးလ် ၄ မျိုးကို သင်ကြားသည်မှာ မြန်မာပြည်တွင် ရန်ကုန်၊ မန္တလေးလို မြို့ကြီးများရှိ ပုဂ္ဂလိကကျောင်းများနှင့် အမေရိကန်စင်တာ၊ ဗြိတိသျှကောင်စီလို နေရာမျိုးလောက်သာ ဖြစ်မည်ထင်ပါသည်။ နယ်မြို့များတွင်မဖြစ်နိုင်သေးဟု ထင်ပါသည်။ အဆိုးဆုံးက တောရွာကျောင်းများတွင် လုံးဝမိုးနဲ့မြေလို ဝေးကွာနေဆဲလို့ ထင်ပါသည်။
တောရွာများတွင် ကျောင်းသားများအနေနှင့် မိဘက ငွေကြေးတတ်နိုင်သောကြောင့် အင်္ဂလိပ်စာကျူရှင်ထားချင်သည့်တိုင်၊ မြို့မှာကဲ့သို့ ကျူရှင်များလည်းမရှိသဖြင့် တောရွာနေကျောင်းသားများအတွက် စိတ်မအေးစရာကြီးမားနေဆဲဖြစ်ကြောင်းလည်း တင်ပြလိုက်ရပါသည်။
တနိုင်ငံလုံးအတိုင်းအတာနှင့် နိုင်ငံတကာပညာရေးကိုအမှီလိုက်နိုင်စေရန်၊ အင်္ဂလိပ်စာသင်ကြားရေးကို ပညာရှင်များကော အစိုးရကပါ၊ ပညာရေးစနစ်ကို သေသေချာချာသုတေသနလုပ်၊ ပြောင်းလဲသင့်ပါပြီ။ ပညာရေးအသုံးစရိတ်လည်း ပိုမိုသုံးစွဲဆောင်ရွက်လျှင်၊ ယခုလို အဆိုးသံသရာမှ အမြန်လွတ်မြောက်နိုင်မည် ဖြစ်ကြောင်းပါ။
စိန်စိုး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...