Sunday, November 20, 2011

ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၉)


လွတ်လပ်မှု၏ သဘာဝ

        လွတ်လပ်မှု (freedom သို့မဟုတ် liberty) ကို အမြတ်တနိုး တန်ဖိုးထားလေ့မရှိသည့် ဒီမိုကရေစီနိုင်ငံဟူ၍ မရှိနိုင်ကောင်းပါ။ စစ်မှန်သော ဒီမိုကရေစီလူ့အဘောင်ဟူသည် လူသားတစ်ဦးချင်းအား တပြေးညီတန်ဖိုး ထားဆက်ဆံသည့် လွတ်လပ်သောနိုင်ငံသားများ၏ လူ့အဖွဲ့အစည်းဖြစ်ပါသည်။ (ဤအချက်ကို အခန်း ၁ တွင် ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။) ဘီစီ ၅ ရာစုနှစ် အေသင်မြို့ပြနိုင်ငံ ခေါင်းဆောင် ပယ်ရီကလဲစ်၏ ကျဆုံးစစ်သည် မိန့်ခွန်းတွင် အေသင်ဒီမိုကရေစီကျင့်စဉ်၌ နိုင်ငံသားတို့၏ လွတ်လပ်စွာ ပြုမူနေထိုင်ခွင့်အား နိုင်ငံသား အချင်းချင်းတို့က တန်းဖိုးထားခွင့်ပြုခဲ့ကြပုံအကြောင်းကို ဖော်ညွှန်းခဲရာတွင် “………နိုင်ငံသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး ၀န်တိုစိတ်ဖြင့် စောင့်ကြပ်ကြည့်ရှုရန်ဝေးစွ၊ တစ်ပါးသူက သူ၏ဆန္ဒအလျောက် ပြုမူဆောင် ရွက်နေသည်ကို မိမိ၏ဆန္ဒနှင့် မညီရကောင်းလားဟူ၍ ဒေါသစိတ်မျှပင် မဖြေစ်ပေါ်ကြပါ…..” ဟူ၍ ပြောဆိုခဲ့ပါသည်။
          မကြာသေးမီက ရာစုနှစ်များအတွင်းတွင်မူ ဤအယူအဆသည် လစ်ဘရယ်ဝါဒ (liberalism) နှင့် လစ်ဘရယ်ဒီမိုကရေစီကျင့်စဉ် (Liberal Democracy) တို့၏ ပင်မ အယူအဆ ဖြစ်လာခဲ့သည်။ ၂၀ ရာစု အမေရိကန်ဒဿနပညာရှင် ဂျွန်ရောလ်စ် (Johan Rawls) ကသူ၏ Theory of Justic စာအုပ်တွင် “လူတိုင်း၌ အခြားလူသားတို့ ပိုင်ဆိုင်သော လွတ်လပ်မှုမျိုးနှင့် သဟဇာတ ဖြစ်နိုင်မည့် အကျယ်ပြန့်ဆုံးသော အခြေခံ လွတ်လပ်မှုကို တန်းတူညီမျှ ခံစားပိုင်ခွင့်ရှိသည်” ဟု ရေးသားခဲ့ဖူးပါသည်။ (Theory of Justice, p.60) ။ ၁၉ ရာစုနှစ် ဗြီတိသျှဒဿနိကပညာရှင် ဂျွန်စတူးဝပ်မီးလ် (Jon Stuart Mill) ကလည်း ၄င်းရေးသားသော On liberty စာအုပ်၏ ပထမအခန်း၌ “လွတ်လပ်မှု” အား အခြားတစ်နည်းဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ ၄င်းက “လူပုဂ္ဂိုလ်တစ်ဦးချင်း၏ သဘောသဘာဝနှင့် ခြားနားစွာပင် လူ့အဖွဲ့အစည်း၏ အာရုံစိုက်မှုမှကင်းလွတ်သော သို့မဟုတ် သွယ်ဝိုက်သော အာရုံစိုက်ခြင်းမျှကိုသာ ခံရသော လှုပ်ရှားမှုနယ်ပယ်တစ်ရပ် ရှိပါသည်။ ယင်းနယ် ပယ်အတွင်း၌ ကောင်းကျိုး ဆိုးကျိုးမှန်သမျှ မိမိနှင့်သာ သက်ဆိုင်သော ပုဂ္ဂလိကဘ၀နှင့် အပြုအမူ အကျင့်အကြံတို့ ပါဝင်ကြပါသည်။ အကယ်၍ အဆိုပါပုဂ္ဂိုလ်၏ ဘ၀နှင့် အပြုအမူအကျင့်အကြံတို့သည် အခြားသူတို့အပေါ်တွင် သက်ရောက်မှုတစ်စုံတစ်ရာ ရှိသည်ဟု ဆိုပါလျှင်လည်း သက်ဆိုင်ရာပုဂ္ဂိုလ်တို့က လိုလားစွာ ပေးအပ်သည့် လွတ်လပ်သောဆန္ဒအရ သော်လည်းကောင်း၊ လှည့်ဖျားမှုတို့အားဖြင့် လည်းကောင်း သက်ရောက်ခြင်းမျိုးသာ ဖြစ်ရပါမည်” ဟုရေးသားဖော်ပြခဲ့ပါသည်။ ဂျွန်ရောလ်စ်နှင့် ဂျွန်စတူးဝပ်မီးလ် တို့ နှစ်ဦး စလုံးက ယုံကြည်ခဲ့ကြသည်မှာ ဒီမိုကရေစီနိုင်ငံတော်တစ်ရပ်၏ အဓိကတာဝန်မှာ
    (၁) လူသားတိုင်း လွတ်လပ်မှုကို အပြည့်အ၀ ခံစားရရှိနိုင်ကြစေရန်အတွက်လည်းကောင်း
    (၂) ထိုသို့ လွတ်လပ်မှုကို ခံစားကြရာ ၌ လူ့အဖွဲ့အစည်းအတွင်းရှိ လူသားတိုင်းတန်းတူညီမျှ            ခံစားနိုင်ကြစေရန်အတွက် လည်းကောင်း
    (၃) လူပုဂ္ဂိုလ် တစ်ယောက်၏ လွတ်လပ်မှုသည် အခြားသူတို့ ညီမျှစွာ ပိုင်ဆိုင်ခံစားထိုက်သည့် လွတ်လပ်မှုအားထိပါးခြင်း  ဟန့်တားခြင်းများ မဖြစ်ပေါ်စေရန်အတွက်လည်းကောင်း အာမခံချက် ပေးနိုင်ရေးပင်ဖြစ်သည်။ 

လွတ်လပ်မှုဆိုသည်မှာ
          “လွတ်လပ်မှု” ဟူသည် လွယ်ကူစွာနားလည်သဘောပေါက်နိုင်မည့် သဘောတရားအဖြစ် ထင်မြင် ယူဆရသော်လည်း ယင်းသည် အခြားသောနိုင်ငံရေးသဘောတရားများကဲ့သို့ပင် ခက်ခဲနက်နဲ၍ ရံဖန်ရံခါ အဓိပ္ပါယ်ထွေပြား တတ်လေသည်။ သို့ဖြစ်ရာ ရိုးစင်းသော သဘောတရားဖြစ်သည့် “လွတ်လပ်သည်” ဆိုခြင်း၏ အဓိပ္ပါယ်ကို စတင်လေ့လာကြပါစို့။
          လွတ်လပ်သည်ဆိုခြင်းမှာ အခြားသူတို့၏ တားဆီးနှောက်ယှက်ခြင်း သို့မဟုတ် အတင်းအကျပ်ခိုင်းစေ ခြင်းမှ လွတ်ကင်းပြီး မိမိ၏ သဘောဆန္ဒအလျောက် ပြုမူဆောင်ရွက်ခြင်းကို ဆိုလိုပါသည်။ “လူသားတို့အနေ ဖြင့် မိမိတို့ရရှိအပ် တောင့်တအပ်သော အရာကို ရယူပိုင်ဆိုင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ကန့်သတ်မှုနှင့် ဟန့်တားမှုကင်းစွာ ကြိုးပမ်းဆောင်ရွက်ခြင်း” ဟုလည်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။ အင်္ဂလိပ်ဝေါဟာရဖြစ်သော liberty (လွတ်လပ်မှု) ၏ ဇာတိဝေါဟာရကို လေ့လာပါက တားဆီးနှောက်ယှက်ခံရခြင်း သို့မဟုတ် အတင်းအဓမ္မ ခိုင်းစေခံရခြင်းတို့မှ ကင်းလွတ်သည့် သဘောသဘာဝကို လွယ်ကူစွာ သိရှိနိုင်မည် ဖြစ်သည်။ Liberty သည် လက်တင်ဝေါဟာရများဖြစ်သည့် Liber (လွတ်လပ်သော) နှင့် Libertus (လွတ်လပ်သူ) အစရှိ သည့် ဝေါဟာရများမှ ဆင်းသက်လာခြင်းဖြစ်သည်။ ရှေးဟောင်းရောမ လူ့အဖွဲ့အစည်းတွင် “လွတ်လပ်သူ” ဆိုသည်မှာ “ကျွန်” နှင့် ခြားနားအောင် ခွဲခြားခေါ်ဆိုသော ဝေါဟာရတစ်ရပ်ဖြစ်ပါသည် “ကျွန်” ဆိုသည်မှာ အခြားလူပုဂ္ဂိုလ်တစ်စုံတစ်ယောက်၏ ပိုင်ဆိုင်ခြင်းကို ခံရသူဖြစ်ပြီး ၄င်း၏ဆန္ဒနှင့် လိုလားတောင့်တမှုတို့သည် သခင်၏ ထိန်းချုပ်မှုအောက်တွင် လုံးဝဥဿုံရှိနေပါသည်။ “လွတ်လပ်မှု” မှာမူ “ကျွန်” တို့နှင့်မတူဘဲ တရားဥပဒေဘောင် အတွင်းတွင် အခြားသူများ သို့မဟုတ် နိုင်ငံတော်၏ ထိန်းချုပ်မှုတို့မှ ကင်းလွပ်စွာဖြင့် မိမိဆန္ဒအလျောက် ပြုမူနေထိုင်ပိုင်ခွင့် ရှိသူဖြစ်ပါသည်။ ရောမခေတ်က ကျွန်ဘ၀မှာ ၀န်ပိနေသောတိရစ္ဆာန် သို့မဟုတ် ကျွန်ပိုင်ရှင်၏ စက်ကိရိယာသာသာမျှသာ တန်ဖိုးရှိပါသည်။ ကျွန်တို့ကို လက်တင်ဘာသာစကား အားဖြင့် instrumenta vocalia  (အသံထွက်သော ကိရိယာတန်ဆာပလာများ) ဟု ခေါ်ဆိုပါသည်။ “ကျွန်” တို့သည် လူသားများပင် ဖြစ်သော်လည်း လွတ်လပ်မှုလုံးဝ ကင်းမဲ့နေသူများသာ ဖြစ်ကြပါသည်။ လွတ်လပ်သူ နှင့် ကျွန်တို့အကြား တည်ရှိသော ခြားနားမှုသည် သိသာထင်ရှားလှသောကြောင့် ရှေးခေတ်ရောမနိုင်ငံ၏ “လွတ်လပ်မှုအယူအဆ” အားထူးခြားစွာ အဓိပ္ပါယ်ပေါ်လွင်စေခဲ့ပါသည်။ ယခုခါတွင် ကျွန်စနစ်ပပျောက်သွားပြီ ဖြစ်သော်လည်း ဤ “လွတ်လပ်မှု အယူအဆ” သည် အနောက်တိုင်း နိုင်ငံရေးသဘောတရားတွင် အမြစ်တွယ် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ 

          ယခုတစ်ဖန် တစ်စုံတစ်ရာကို “ပြုလုပ်ပိုင်ခွင့်” နှင့် တစ်စုံတစ်ရာကို “ပြုလုပ်နိုင်စွမ်း” တို့အကြား တည်ရှိ သော အရေးပါသည့် ခြားနားချက်ကို ဥပမာ ဥပမေယျတို့ဖြင့် လေ့လာကြည့်ကြပါစို့။ လူတစ်ယောက်သည် အကျဉ်းထောင်ကဲ့သို့သော နေရာတစ်ခုမှ ပြင်ပသို့ လွတ်လပ်စွာထွက်ခွာခွင့် ရှိချင်မှ ရှိပေလိမ့်မည်။ “ဤအကျဉ်းထောင် မပြင်သို့ ကျွန်တော်သွားနိုင်ပြီလား” ဟု မေးမြန်းခြင်းသည် အကယ်၍ ထိုသူသွားချင်ပါက သူ့အား တားဆီးမည်သူ ရှိမရှိ သိလို၍ မေးမြန်းခြင်းပင်ဖြစ်ပါသည်။ တစ်နည်းဆိုရလျှင် လွတ်လပ်ခွင့်သည် (အကျဉ်းထောင်တွင် ထောင်ကျခံနေရခြင်း ကဲ့သို့” လူတစ်ဦး တစ်ယောက်က ပြုလုပ်ရန် ဆန္ဒမရှိသည့် ကိစ္စတစ်ခုကို အခြားသူများက အင်အားသုံး၍ အတင်းအကျပ် ခိုင်းစေခြင်းပြုမည် မပြုမည် ဆိုသည့်ကိစ္စနှင့် ပတ်သက်ပါသည်။ အကျဉ်းသားတစ်ဦးအနေနှင့် ထောင်ပြင်ပသို့ လွတ်လပ်စွာ လွက်ခွာနိုင်ခွင့်မရှိပါ။ ထောင်ဝန် ထမ်းတို့က တားဆီးကြပေလိမ့်မည်။ သို့ရာတွင် ထောင်ဝင်စာ လာတွေ့သူ (ဥပမာ ထောင်ကျနေသူ၏ ဆွေးမျိုး တစ်ဦး) အနေဖြင့် ထောင်ပြင်ပသို့ လွတ်လပ်စွာ ထွက်ခွာနိုင်ပါသည်။
          လူတစ်ဦးသည် ထောင်ပြင်ပသို့ လွတ်လပ်စွာထွက်ခွာခွင့်ရှိသည် ဆိုရုံဖြင့်လည်း မည်သည့် အခြေအနေမျိုးတွင် မဆို ထိုသူအနေနှင့် ထောင်တွင်းမှ ထွက်ခွာရန် ဆန္ဒရှိလိမ့်မည်ဟု မဆိုနိုင်ပေ။ ဥပမာ လေပြင်းမုန်တိုင်းကျရောက်နေစဉ် ထူထဲလုံခြုံသော ထောင်ထဲတွင် ရှိနေသည့်အကျဉ်းသားမဟုတ်သူတစ်ဦး အဖို့ ထောင်ပြင်ထွက်လျှင်အန္တရာယ်ရှိနိုင်သည်ဖြစ်ရာ ထောင်အတွင်း၌ ခဏတာ ဆက်လက်ခိုလုံခွင့်အတွက် အကျဉ်းထောင်မှ တာဝန်ရှိသူတို့ကို ခွင့်တောင်းကောင်း ခွင့်တောင်ပေလိမ့်မည်။ သို့ရာတွင် ထိုသူနှင့် အကျဉ်းသားတစ်ဦးတို့ အကြား ခြားနားချက်မှာ ပြင်ပတွင်လေမုန်တိုင်း တိုက်ခတ်နေဆဲ ဖြစ်သည့်တိုင် ထိုသူ အနေနှင့် ဆန္ဒရှိလျှင် ထောင်ပြင်ထွက်ခွင့် ရှိခြင်းပင်ဖြစ်သည်။
          ရှေးခေတ်ရောမနိုင်ငံတွင် တွေ့ခဲ့ရသော “ကျွန်”နှင့် “လွတ်လပ်သူ” တို့အကြား ခြားနားချက်ကဲ့သို့ ယခုအခါ “အကျဉ်းသား” နှင့် “လွတ်လပ်သူ” တို့အကြား ခြားနားချက်ရှိနေခြင်း အကြောင်းအရင်းမှာ သက်ဆိုင်ရာပုဂ္ဂိုလ်၏ သဘောဆန္ဒကို လွန်ဆန်၍ တရားဥပဒေနှင့်အညီ လုပ်သင့်လိုအပ်သည်ကို အတင်းခိုင်း စေခံရသင့်သည့် လူတန်းစားတစ်မျိုး (အကျဉ်းသား၊ ကျွန် စသည်တို့) နှင့် ထိုသို့ အတင်းအကျပ် ခိုင်းစေ၍ လည်းမရ၊ ခိုင်းစေရန်လည်း မသင့်သည့် လူတန်းစားတစ်မျိုး (လွတ်လပ်သူ) ဟူ၍ ခွဲခြားသတ်မှတ်ထားသည့် လူ့ဓလေ့ကြောင့်ပင် ဖြစ်သည်။
        
  အခြားဥပမာများလည်း ရှိပါသေးသည်။ လူတစ်ဦးတစ်ယောက်တွင် နှစ်သက်ရာ ဘာသာတရားကို ကိုးကွယ်ပိုင်ခွင့် ရှိ၊မရှိ နိုင်ငံရေးပါတီတစ်ခုကို လွတ်လပ်စွာ တည်ထောင်ပိုင်ခွင့် ရှိ၊ မရှိ၊ ရွေးကောက်ပွဲဝင်၍ နိုင်ငံ့တာဝန်ထမ်းဆောင်ပိုင်ခွင့် ရှိ၊ မရှိ စသော ကိစ္စရပ်များတွင် လွတ်လပ်စွာ အနားယူပိုင်ခွင့် ရှိ၊ မရှိ စသော ကိစ္စရပ်များသည် (အခြားသူတို့က တားဆီးကန့်သတ်ရန် မသင့်သည့်) လွတ်လပ်သော ကိုယ်ပိုင်ဆန္ဒများကို မည်ရွေ့မည်မျှ လေးစားခံရသည် ဆိုသော အချက်တွင် မူတည်လျက်ရှိပေသည်။ ဤသို့သော လွတ်လပ်ခွင့်မျိုး ကို နိုင်ငံသားအခွင့်အရေး သို့မဟုတ် လူ့အခွင့်အရေးဟု ဖော်ပြလေ့ရှိသည်။ လူသားတို့၌ အချို့သော ကိစ္စရပ် များကို လွတ်လပ်စွာလုပ်ပိုင်ခွင့် ရှိမှသာလျှင် လူ့အခွင့်အရေးကို ပိုင်ဆိုင်နိုင်ကြမည် ဖြစ်သည်။ သို့ဖြစ်ရာ ပြီးခဲ့သောအခန်းနှစ်ခု၌ ဖော်ပြခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ အယူအဆတို့သည် လွတ်လပ်မှု အယူအဆနှင့် နီးကပ်စွာ ဆက်နွယ်လျက်ရှိပေသည်။ စင်စစ် ရပိုင်ခွင့်များကို “လွတ်လပ်မှုများ” ဟူ၍ လူတို့မကြာခဏ သုံးနှုန်း ဖော်ပြလေ့ရှိသည်။
          လွတ်လပ်မှု ရှိခြင်း မရှိခြင်း သို့မဟုတ် ပြုလုပ်ပိုင်ခွင့် ရှိခြင်း မရှိခြင်းတို့သည် ပြုလုပ်ပိုင်ခွင့် ရှိခြင်း မရှိခြင်း နှင့် ခြားနားပါသည်။ ခြေလက်မသန်စွမ်းသူတစ်ဦးတွင် လမ်းလျှောက်ပိုင်ခွင့်မရှိဟု ကျွန်ုပ်တို့မသုံးနှုန်း ကြပါ။ ထိုသူတွင် လမ်းလျှောက်နိုင်စွမ်းရှိခြင်း မရှိခြင်းမျှသာ ဖြစ်ပါသည်။ လူတို့တွင် ပင်လယ်ကိုဖြတ်၍ လမ်းလျှောက်ပိုင်ခွင့်ရှိသည့်တိုင် ထိုသို့လမ်းလျှောက်ပိုင်ခွင့် မရှိကြပါ။ ရောဂါဘယဒဏ်ကြောင့် ကိုယ်လက် အင်္ဂါမသန်မစွမ်းဖြစ်နေရသူတစ်ဦး၏ အခြေအနေသည် အခြားသောလူပုဂ္ဂိုလ်တို့၏ ပယောဂကြောင့် သံခြေကျင်းဖြင့် နှောင်တည်းခံထားရသည့် အကျဉ်းသားတစ်ဦး၏ အခြေအနေနှင့် များစွာခြားနားပါသည်။ ထိုအကျဉ်းသားအနေနှင့် လွတ်လပ်စွာလမ်းမလျှောက်နိုင်ခြင်းသည် အခြေထောက်တွင် ခတ်ထားသော သံခြေကျင်းတို့ကြောင့် သာမကပဲ ထိုအခြေအနေမျိုးတွင် ရှိနေစေရန် သူအပေါ်၌ အခြားသူများက အတင်းအကျပ်ပြဋ္ဌာန်းထားသော အခြေအနေတစ်ရပ်ကြောင့် လမ်းမလျှောက်နိုင်ခြင်း ဖြစ်ပါသည်။
          အချုပ်ဆိုရလျှင် လူတစ်ဦး၏ လွတ်လပ်ခွင့်တွင် တစ်စုံတစ်ရာကို ပြုလုပ်နိုင်စွမ်းရှိ မရှိဆိုသော အခြေ အနေတစ်ရပ်သာမက ထိုသူ၏ ပြုလုပ်နိုင်စွမ်းအပေါ်တွင် နိုင်ငံတော်သို့မဟုတ် အခြားသူသားတို့က တစုံတရာ ကန့်သတ်ချုပ်ချယ်မှု ရှိ မရှိ ဆိုသော အခြေအနေပါ အကျုံးဝင်လျက် ရှိပါသည်။

လွတ်လပ်မှုနှင့် ယင်း၏နယ်ပယ်
        လွတ်လပ်ခြင်း၏ ဆန်းကျယ်သော ဖြစ်ရပ်တစ်ခုမှာ တရားဥပဒေ၏ ကန့်သတ်ချက်တစ်စုံတရာ မပါပဲ လူတိုင်းစိတ်ထင်သလို ပြုမူကျင့်ကြံနိုင်မည့် ပတ်ဝန်းကျင်အနေအထား တစ်ခုတွင် လူများစုအတွက် စစ်မှန်သော လွတ်လပ်ခွင့်တို့ မရှင်သန်နိုင်ခြင်း ပင်ဖြစ်သည်။ တရားဥပဒေနှင့် အစိုးရမရှိသည့် ဤကဲ့သို့သော မင်းမဲ့စရိုက်လွှမ်းမိုးသည့် လူ့အဖွဲ့အစည်းတစ်ခုတွင် အင်အားကြီးသူတို့ကသာ အင်အားချိနဲ့သူတို့အား လွတ်လပ်စွာဖိနှိပ်ချုပ်ချယ်ပေလိမ့်မည်။ ခုနှစ်ရာစု အင်္ဂလိပ်အတွေးအခေါ်ပညာရှင် သောမတ်စ်ဟော့ဘ် (Thomas Hobbes) ၏ အဆိုအမိန့်အတိုင်း ဆိုရလျှင် ထိုကဲ့သို့သော အခြေအနေမျိုးတွင် လူ့ဘ၀သည် တိုတောင်းကြမ်းတမ်း၍ စက်ဆုတ်ဖွယ်အထိ ဖြစ်နေပေလိမ့်မည်။ ပြည်တွင်းစစ်ဖြစ်နေသော နိုင်ငံများကဲ့သို့ အုပ်ချုပ်ရေးစနစ်တစ်ရပ် ပြိုကွဲပျက်စီးသွားသော နိုင်ငံများတွင် လူတို့၏ဆန္ဒကို ချွန်းအုပ်မည့် တရားဥပဒေမရှိ တော့သဖြင့် တစ်နည်းတစ်ဖုံ လွတ်လပ်သည်ဟု ဆိုနိုင်သော်လည်း မြေနိမ့်ရာ လံစိုက်ချင်သည့် လူ့ဓလေ့ကြောင့် အင်အားကြီးသူတို့တွင်သာ ထင်ရာစိုင်းနိုင်သည့် အခွင့်အရေးရှိပေလိမ့်မည်။ ထို့ကြောင့်ပင် အထက်တစ်နေရာတွင် ဖော်ပြခဲ့သော ဥပဒေကဲ့သို့ “လူပုဂ္ဂိုလ်တစ်စုံတစ်ယောက်၏ လွတ်လပ်မှုသည် အခြားသူ တို့ ညီမျှစွာ ပိုင်ဆိုင်ခံစားထိုက်သည့် လွတ်လပ်မှုတွင် နယ်နိမိတ် ရှိရမည်ဖြစ်ပြီး ပုံမှန်အားဖြင့် ယင်းနယ်နိမိတ် ကို တရားဥပဒေက သတ်မှတ်ပေးရလေ့ ရှိသည်။
          လစ်ဘရယ်တွေးခေါ်ပညာရှင်များအနက် အထင်ရှားဆုံး ဖြစ်နိုင်လောက်သည့် ဂျွန်စတူးဝပ်မီးလ်က လူ့အဖွဲ့အစည်းအတွင်း နေထိုင်ကြသည့် သူသားတိုင်း၏ လွတ်လပ်ခွင့်ကို အာမခံချက်ပေးနိုင်ရန် ရည်ရွယ်၍ လွတ်လပ်မှု၏ နယ်ပယ်ကို အဓိပ္ပါယ်ဖွင်ဆိုသတ်မှတ်နိုင်မည့် နည်းလမ်းများကို ကြံဆခဲ့ကြသည်။ ယင်းတို့သည် လစ်ဘရယ်ဒီမိုကရေစီကျင့်စဉ်၏ ဥပဒေဆိုင်ရာ အတွေးအမြင်နှင့် ဥပဒေပြုခြင်းတို့၏ အခြေခံနည်းလမ်းများ ဖြစ်လာခဲ့သည်။ လစ်ဘရယ်တွေးခေါ်ပညာရှင်တို့က လူ့အဖွဲ့အစည်းအား လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အစုအဖွဲ့ဟူ၍ ရှုမြင်လာကြသည်။ ထိုပုဂ္ဂိုလ်တစ်ဦးချင်းစီသည် ကိုယ်ပိုင်ပရိဝုဏ်တစ်ခုစီကို ပိုင်ဆိုင်ကြပြီး အခြားသူတို့ပိုင်ဆိုင် သော ကိုယ်ပိုင်ပရိဝုဏ်တို့အား သွားရောက်ထိပါးသရွေ့ မိမိ၏ အတွေးအကြံနှင့် အပြုအမူတို့ကို ဆိုင်ရာပရ၀ုဏ်အတွင်း၌ လွတ်လပ်စွာ ကွန့်မြူးဆောင်ရွက်ပို်င်ခွင့် ရှိသည်ဟူ၍လည်း ယူဆကြသည်။ ဂျွန်စတူးဝပ်မီးလ်သည် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် သက်ဆိုင်သော “ပုဂ္ဂလိက ကဏ္ဍ” အား အများပြည်သူတို့၏ အကျိုးစီးပွားနှင့် သက်ဆိုင်သော “ပရဟိတ ကဏ္ဍ” နှင့် ထင်ရှားစွာ ခွဲခြားပြဆိုသွားခဲ့သည်။
          ဤအယူအဆသည် ကနဦးပိုင်းတွင် နားလည်သဘောပေါက်ရန် လွယ်ကူသော်လည်း အချို့သော ထူးခြားသည့် အခြေအနေများတွင်မူ အတန်းငယ် ရှုတ်ထွေးသွားနိုင်ဖွယ် ရှိပါသည်။ သူတစ်ပါး၏ပစ္စည်းဥစ္စာကို ခိုးယူသော အမှုကဲ့သို့ လူတို့၏ အချို့သော အပြုအမူများသည် အခြားသူတို့အား ထိခိုက်နစ်နာစေနိုင်ပါသည်။ ယင်းသည် အများ၏ “ပရဟိတ ကဏ္ဍ” အား ထိပါးခြင်း ဖြစ်ပါသည်။ သို့ဖြစ်ရာ ဤအပြုအမူမျိုးကို တားဆီးရန် အတွက် ထိုပုဂ္ဂိုလ်၏ လွတ်လပ်ခွင့်အား တရားဥပဒေအရ ကန့်သတ်ရခြင်းမျိုး ရှိတတ်ပါသည်။ သို့ရာတွင် စားသောက်ဆိုင်တွင် နှစ်သက်ရာကို မှာယူစားသောက်ခြင်း၊ နှစ်သက်ရာစာပေနှင့် ဂီတကို ဖတ်ရှုခံစားခြင်း စသည်တို့သည် အခြားသူတို့အား သိသာစွာ ထိခိုက်စေခြင်းမရှိသည့် အပြုအမူမျိုးဖြစ်သောကြောင့် ဤသို့ သော ပုဂ္ဂလိက လွတ်လပ်ခွင့်အား အခြားသူများ သို့မဟုတ် အာဏာပိုင်တို့၏ စွက်ဖက်နှောက်ယှက်မှုမှ ကင်းလွတ်စွာ ကျင့်ကြံဆောင်ရွက် ပိုင်ခွင့် ရှိသင့်ပါသည်။ 

          အထက်တွင်ဆိုခဲ့သကဲ့သို့ လူ့အဖွဲ့အစည်းတစ်ခုအတွင်းရှိ လူသားတိုင်းတွင် အခြားသူတို့၏ လွှမ်းမိုး နှောက်ယှက်မှုမှ ကင်းလွတ်ပြီး မိမိတို့၏ သဘောဆန္ဒ အတိုင်း ပြုမူကျင့်ကြံနိုင်သည့် အတန်အသင့် ကျယ်ဝန်း သော “ကိုယ်ပိုင်ပရိဝုဏ်” တစ်ခုစီရှိပါသည်။ လူတစ်ဦးစီ၏ အပြုအမူသည် မိမိ၏ ပုဂ္ဂလိကပရိဝုဏ် နယ်နိမိတ် ကို ကျော်လွန်၍ အခြားသူတို့၏ “ပုဂ္ဂလိက ပရိဝုဏ်” တို့ကို သိသိသာသာ ကျူးကျော်ထိပါးလာပြီဆိုလျှင်မူ ဤအပြုအမူတို့ကို တရားဥပဒေအရဖြစ်စေ၊ အခြားသောနည်းလမ်းတို့အရဖြစ်စေ ကန့်သတ်ရန် လိုအပ်လာပါ သည်။ သို့ရာတွင် လူတို့၏ “ကိုယ်ပိုင် ပရိဝုဏ်” များကို တိကျစွာ ပိုင်းခြား၍ မည်သည့်အပြုအမူသည် “ပုဂ္ဂလိက ကဏ္ဍ” တွင် အကျုံးဝင်သည် မည်သည့်အပြုအမူသည် “ပရဟိတ ကဏ္ဍ” တွင် အကျုံးဝင်သည် ဆိုသည်ကို နယ်နိမိတ်သတ်မှတ် ဖော်ပြရန်မှာ အခါခပ်သိမ်း လွယ်ကူလှသည်မဟုတ်ပါ။
          ဆေးလိပ်သောက်ခြင်းကို ဥပမာပြု၍ လေ့လာကြပါစို့။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးနှင့် မညီညွှတ်သောအကျင့်တစ်ခုဖြစ်ပြီး အဆုတ်ကင်ဆာရောဂါ၊ နှလုံးရောဂါ၊နှင့် အခြားသေစေလောက်သော ရောဂါများ၏ အဓိကအကြောင်းရင်းခံ ဖြစ်သည်ဆိုခြင်းကို ဆေးပညာရှင်များက သိရှိခဲ့ပြီး ဖြစ်ပါသည်။ သို့ရာတွင် ဆေးလိပ်သောက်ခြင်း မသောက်ခြင်းသည် ကိုယ်ပိုင်ဆန္ဒ နှင့်သာပတ်သက်သည်ဟု သာမန်အား ဖြင့် ယူဆကြပါသည်။ ဆေးလိပ်သောက်ခြင်းသည် သောက်သုံးသူ ပုဂ္ဂိုလ်၏ ကျန်းမာရေးကို ထိခိုက်စေနိုင် သည့် တိုင်အောင် ထိုသူ၏ ဆေးလိပ်သောက်ခြင်းကို အခြားသူတို့က ကန့်ကွက်တားဆီးလေ့ မရှိကြပါ။ ကိုယ်ပိုင်ကိစ္စဖြစ်သော ဆေးလိပ်သောက်ခြင်းသည် အများပြည်သူတို့၏ အကျိုးစီးပွားကို သိသာစွာ မထိခိုက်ဟူ၍လည်း ယူဆခဲ့ကြပါသည်။ သို့ရာတွင် ဆေးလိပ်သောက်သူတို့ရူထုတ်လိုက်သော အခိုးအငွေ့တို့ ကို ပမာဏများပြားစွာ ရူရှိုက်မိပါလျှင် ဆေးလိပ်မသောက်သူတို့တွင်လည်း အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားစေ နိုင်ကြောင်း သိပ္ပံပညာရှင်များက မကြာသေးမီက တွေ့ရှိခဲ့ကြပါသည်။ ထိုအခါ ယခင်က ပုဂ္ဂလိက အပြုအမူ အဖြစ် ယူဆခဲ့ကြသည့် ဆေးလိပ်သောက်ခြင်းသည် အများပြည်သူတို့၏ အကျိုးစီးပွားကို သိသာစွာ ထိခိုက်စေ နိုင်သဖြင့် အများနှင့် သက်ဆိုင်သောနေရာဌာနများ၌ ဆေးလိပ်သောက်ခြင်းကို ခွင့်မပြုသင့်ဆိုသည့် အယူအဆ တစ်ရပ် အနောက်တိုင်းနိုင်ငံတို့၌ ပေါ်ထွန်းလာပြီဖြစ်သည် ဆေးလိပ်သောက်ခြင်းသည် ကိုယ်ပိုင်ပရိဝုဏ်ကို ကျော်လွန်၍ အခြားသူတို့အား ထိပါးနေပြီဟူသော အသိကြောင့် ယခုအခါ ဆေးလိပ်သောက်သူတို့သည် မီးရထား လေယာဉ်ပျံစသည်တို့နှင့် ခရီးသွားလာလျှင်ဖြစ်စေ၊ ဆေးလပ်သောက်ခြင်းကို တစ်စထက်တစ်စ ရှောက်ကျဉ်လာကြပြီ ဖြစ်သည်။

          ဆေးလိပ်သောက်ခြင်းကို ကိုယ်ရေးကိုယ်တာ ကိစ္စရပ်အဖြစ် သတ်မှတ်ထားခြင်းကို အားပြိုင်လာသည့် အယူအဆတစ်ခု ပေါ်ပေါက်လာပြီဖြစ်ရာ၊ ဆေးလိပ်သောက်ခြင်းကို အရင်းခံ၍ ဖြစ်ပေါ်လာသည့် အဆုတ်ကင်ဆာကဲ့သို့သော ရောဂါများကို ကုသရာတွင် ကုန်ကျသောစရိတ်စကများကို လူ့အဖွဲ့အစည်းတစ်ရပ် လုံးက ကုန်ကျခံရသည့် အဖြစ်အားဆေးလိပ်သောက်ခြင်းကို မနှစ်သက်သူများက မကြာခဏ ထောက်ပြလေ့ ရှိကြသည်။ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက်ပို၍ ရောဂါဘယဒဏ်ကို ခံစားရဖွယ် ရှိသောကြောင့် လူ့အဖွဲ့အစည်း၏ ကျန်းမာရေးလုပ်ငန်းအပေါ် ထပ်ဆင့်၍ ၀န်ထုတ်ဝန်ပိုး ဖြစ်စေနိုင် သည် ဟူ၍လည်း ဆိုကြသည်။ သို့ဖြစ်သောကြောင့် ထိုသူတို့ကို တာဝန်သိစွာ ဆေးလိပ်ဖြတ်စေခြင်း သို့မဟုတ် အနည်းဆုံးအားဖြင့် ဆေးလိပ်သောက်ခြင်းကို နွယ်၍ ဖြစ်ပေါ်လာသော ဆေးကုခများကို ကိုယ်တိုင်ကျခံစေခြင်း တို့ကို ပြုလုပ်သင့်သည် ဟူ၍လည်း ဆိုကြသည်။ ဤသည်မှာ ဆေးလိပ်သောက်ခြင်းကို “ပရဟိတ ကဏ္ဍ” အတွင်း ထည့်သွင်းလိုက်ခြင်းပင် ဖြစ်သည်။
          ပုဂ္ဂလိကနှင့် ပရဟိတ ကဏ္ဍတို့အကြား နယ်နိမိတ်သတ်မှတ်ရန် ခက်ခဲသည့် အခြားဥပမာတစ်ရပ် အဖြစ် လွတ်လပ်စွာ ပြောဆိုခွင့် နှင့် မိမိ၏ သဘောဆန္ဒကို လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်တို့ကို လေ့လာကြပါဦးစို့။ လစ်ဘရယ်ဒီမိုကရေစီကျင့်စဉ်တွင် လွတ်လပ်သောပြောဆိုခွင့်သည် ရှေးအကျဆုံးနှင့် ကျယ်ပြန့်စွာ အသိအမှတ်ပြုခံရဆုံး အခွင့်အရေးတစ်ရပ် ဖြစ်ခဲ့ပါသည်။ သဘောတရားအရဆိုလျှင် လူတို့၏ အတွေးအခေါ် အယူအဆများကို လွတ်လပ်စွာထုပ်ဖော်ခွင့်အား မည်သည့်အကြောင်းကြောင့်မဆို မကန့်သတ်သင့်ပါ။ သို့ရာတွင် အိန္ဒိယနိုင်ငံကဲ့သို့ လူမျိုးရေးတင်းမာမှုနှင့် ပဋ္ဋိပက္ခဖြစ်ပွားမှုတို့ကို ဆိုးရွားစွာရင်ဆိုင်နေရသည့် နိုင်ငံများတွင် ခြားနားသောလူမျိုးစုများ သို့မဟုတ် ဘာသာရေးအုပ်စုများအား ထိခိုက်နစ်နာစေမည့် ဝေဖန်ချက် မျိုးနှင့် အလားတူ အခြားထုတ်ဖော်ပြောဆိုခွင့် တို့ကို ကန့်သတ်သည့်ဥပဒေမျိုး တည်ရှိနိုင်ပါသည်။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ အဆိုပါ ဝေဖန်ချက်မျိုးကိုသာ သတင်းလောကမှတစ်ဆင့် ပြန့်နှံ့သွားခဲ့ပါလျှင် စော်ကားခံ ရသည့် အုပ်စုဖက်မှ ပြင်းထန်သောတုံ့ပြန်ချက်မျိုး ပေါ်ထွက်လာနိုင်သည်ဖြစ်ရာ ယင်း၏အကျိုးဆက်အဖြစ် လူထုအတွင်း ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားလာနိုင်ပါသည်။ အချို့သော အခြေအနေမျိုးတွင် လူတစ်ဦး တစ်ယောက်၏ စကားတစ်ခွန်းတလေသည် အခြားသူတို့၏ အကျိုးစီးပွားကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။ 

          ပြဿနာပေါင်းစုံ ဖြစ်ပွားနေသည့် လူမျိုးစုံ လူ့အဖွဲ့အစည်းတစ်ခုတွင် လူမျိုးရေး၊ ဘာသာရေးနှင့် ပတ်သက်ပြီး ပုတ်ခတ်စော်ကားသည့် ဝေဖန်ချက်များပေးခြင်းသည် လူများပြည်ကြပ်နေသော ဇာတ်ရုံကြီးတစ်ခု တွင် အမှန်တကယ် မီးမလောက်ပါပဲလျှက် မီး-မီး ဟု အလန့်တကြားထအော်လိုက်သည်နှင့် အလားတူလေ သည်။ လူတို့သည် ထွက်ပေါက်ရှိရာသို့ ဦးတည်၍ ပရမ်းပတာ ပြေးလွှားကြရမည်ဖြစ်ရာ တစ်ဦးနှင့်တစ်ဦး တက်နင်းမိသဖြင့် လူများစွာတို့ ထိခိုက်သေကြေသွားနိုင်ပါသည်။ အမေရိကန် တရားဥပဒေနှင့် ယင်းကို “ဒိဋ္ဌဓမ္မ အန္တရာယ်ကျင့်ထုံး” ဟု ခေါ်ဆိုပါသည်။ ယင်းမှာ ကိုယ်ပိုင်အတွေးအခေါ် အယူအဆများကို လွတ်လပ်စွာ ထုတ်ဖော်နိုင်ခွင့် ရှိသည်ဆိုသည့်တိုင် ထိုသို့ထုတ်ဖော်ပြောဆိုခြင်းအားဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခြင်း သို့မဟုတ် အခြားသူတို့တွင် ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်ခြင်းတို့ သေချာပေါက်ဖြစ်ပွားမည် ဆိုပါလျှင် ဤသို့သော ထုတ်ဖော်ပြောဆိုခွင့်မျိုးကို တရားဥပဒေအရ ကန့်သတ်ရမည်ဆိုသည့် ကျင့်ထုံးဖြစ်ပါ သည်။
          ဂျာမနီနိုင်ငံတွင်လည်း နာဇီ အတွေးအခေါ်နှင့် အခြားနာဇီသင်္ကေတများဖြစ်သည့် စကြာတံဆိပ်နှင့် ဟစ်တလာအလေးပြုနည်း စသည်တို့ကို တရားဥပဒေအရ ပိတ်ပင်ထားပါသည်။ အကြောင်းမှာ စစ်ပြီးခေတ် ဂျာမနီနိုင်ငံ၏ ဥပဒေပြုသူများအနေဖြင့် ဂျာမနီနိုင်ငံတွင် နာဇီစနစ်ပြန်လည် ခေါင်းထောင်မလာစေရန် အတတ် နိုင်ဆုံးကြိုးစားကာကွယ် ကြရမည် ဟုယုံကြည်ကြသောကြောင့် ဖြစ်သည်။ ၄င်းတို့အနေနှင့် နာဇီစနစ်ပြည်လည် ပေါ်ပေါက်လာမည့် အန္တရာယ်ကို ကာကွယ်ရန်အတွက် အခြားကဏ္ဍတို့တွင် လွတ်လပ်မှု အပြည့်အ၀ ရရှိထား ကြသော ဂျာမနီနိုင်ငံသားများ၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် တစ်စိတ်တစ်ဒေသကို ကန့်သတ်ရခြင်းသည် တရာမျှတမှု ရှိသည်ဟု ယူဆကြသည်။ 

          အထက်ပါဥပမာများအရ လူပုဂ္ဂိုလ်တစ်ဦးစီ၏ ကိုယ်ပိုင်လွတ်လပ်မှု ပရိဝုဏ်ကို အတိအကျ ပိုင်းခြား သတ်မှတ်ရန်  အမြဲတစေ မလွယ်ကူကြောင်း သိရှိနိုင်ပါသည်။ သဘောတရားအရ ဆိုပါလျှင် လစ်ဘရယ်ဒီမို ကရေစီကျင့်စဉ်သည် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ ကိုယ်ပိုင်လွတ်လပ်မှု ပရိဝုဏ်ကို အကျယ်ဝန်းဆုံး အနေအထား တွင် ရှိစေနိုင်ရန် ကြိုးပမ်းဆောင်ရွက်လေ့ ရှိပါသည်။ သို့ရာတွင် အများ၏ အကျိုးစီးပွားနှင့် စပ်လျဉ်းလာသော အခါတွင်မူ ကိုယ်ပိုင်လွတ်လပ်မှု ပရိဝုဏ်အား တစ်စုံတရာကန့်သတ်ညှိနှိုင်းရလေ့ ရှိပါသည်။ အဓိပ္ပါယ်မှာ အချို့သော ကိုယ်ပိုင်အပြုအမူတို့သည် ပုဂ္ဂလိကကဏ္ဍ တစ်ခုတည်းနှင့် ပတ်သက်သည်မဟုတ်ပဲ အခြားသူများ ၏ ဘ၀တွင်ပါ အရေးကြီးသော အကျိုးသက်ရောက်မှုများ ရှိနိုင်သည်ဆိုခြင်းကို အသိအမှတ်ပြုသည့် သဘောပင် ဖြစ်ပါသည်။

ဗဟိဒ္ဓ လွတ်လပ်မှုနှင့် အဇ္ဈတ္တ လွတ်လပ်မှု
        အထက်တွင်ဖော်ပြပြီးသမျှမှာ သူတစ်ပါး၏ ဖိအားပေးမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုတို့ ကင်းဝေးသောအခါတွင် မှ မိမိတွင် ရှိအပ်သည့် “ဗဟိဒ္ဓ လွတ်လပ်မှု” ဖြစ်ပါသည်။ ယခုတစ်ဖန် အရှေ့တိုင်းယဉ်ကျေးမှုနှင့် ပိုမိုနီးစပ်သည့် “အဇ္ဈတ္တ လွတ်လပ်မှု” ကို လေ့လာကြည့်ပါဦးစို့။
          ““ဗဟိဒ္ဓ လွတ်လပ်မှု” သည် အခြားသူတို့၏ ပြင်ပ ပယောဂတို့မှ ကင်းလွတ်သည့် သဘောရှိပါသည်။ “အဇ္ဈတ္တ လွတ်လပ်မှု” မှာမူ မိမိကိုယ်ကို မိမိ အစိုးရအောင် ကြိုးပမ်းဆောင်ရွက်ခြင်းအားဖြင့် ပြင်ပ ကယောဂ တို့မှသာမကပဲ အတွင်းစိတ်သန္တာန်၏ နှောင်ဖွဲ့ခြင်းတို့မှ လွတ်မြောက်နိုင်သည့် အစွမ်းသတ္တိ ရှိပါသည်။ “အဇ္ဈတ္တ လွတ်လပ်မှု” ၏ သဘောတရားအရ မိမိ၏ လောဘ၊ ဒေါသ၊ မောဟ တရားတို့၏ နှောင်ဖွဲ့ခြင်းကို ခံနေရသူ သည် တစ်ပါးသူ၏ နှောင်ဖွဲ့ခြင်းခံနေရသည့် ကျွန်ဘ၀နှင့် အလားတူပါသည်။ ဗုဒ္ဓ၊ ကွန်ဖြူးရှပ်၊ ပလေတို၊ အီမန်နျူဝယ်လ် ကန့်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များအရ လူသားတို့၏ အဆင့်နိမ့် သဘာဝများ ဖြစ်ကြသည့် ကြမ်းတမ်းခတ်ထန်မှုနှင့် အလိုရမက်ပြင်းပြခြင်းတို့ကို ချွန်းအုပ်နိုင်စွမ်း ရှိသည့် အဆင့်မြင့် သဘောဝတစ်ရပ်ကို လူသားများက ပိုင်ဆိုင်ကြပါသည်။ ရံဖန်ရံခါ ဤအဆင့်မြင့်သဘာဝတစ်ရပ်ကို ဆင်ခြင်တုံတရား ဟူ၍လည်း အဓိပ္ပါယ်သတ်မှတ်ကြပါသည်။ လူသားတို့သည် အခြားတိရစ္ဆာန်များထက် တမူထူးခြားစွာ ဆင်ခြင်တုံတရား နှင့် အသိဥာဏ်တို့ကို ပိုင်ဆိုင်ကြသည့် အလျောက် အနှောင်အဖွဲ့မှ ကင်းလွတ်ရုံသက်သက်ထက် ပို၍ ထူးမြတ်ပြည့်စုံသော လွတ်လပ်မှုကို ရှာဖွေရယူနိုင်စွမ်း ရှိကြပါသည်။ အနှောင်အဖွဲ့မရှိသော ခွေးတစ်ကောင် သည် ယင်း၏ ဗီဇအတိုင်းသာ လှုပ်ရှားပြုမူပါသည်။ လူသားတို့မှာမူ အနှောင်အဖွဲ့မှ ကင်းလွတ်အောင် မိမိကိုယ် မိမိပြုစုပျိုးထောင်ခြင်းအားဖြင့် မိမိ၏ အဇ္ဈတ္တ အတွင်းသန္တာန်ကို ရှာဖွေတွေ့ရှိနိုင်ပါသည်။ ဤအခွင့်အလမ်းမျိုး မှာ အခြားသော တိရစ္ဆာန်များ အနှောင်အဖွဲ့တွင် တွယ်ငြိနေသူ အခြားသူများနှင့် အထိုက်တန်သည့် မဟာ အခွင့်အလမ်း ဖြစ်ပါသည်။

          “ဗဟိဒ္ဓလွတ်လပ်မှု” တွင် လွတ်လပ်သူသည် ပြင်ပ ပယောဂ၏ အနှောင်အဖွဲ့မှ ကင်းဝေးသူဖြစ်ပါသည် “အဇ္ဈတ္တ လွတ်လပ်မှုတွင်”  လွတ်လပ်သူသည် မိမိ၏ လောဘ၊ ဒေါသ၊ မောဟတရားတို့မှ ကင်းဝေသူဖြစ်ပါ သည်။ ထိုသူသည် မိမိကိုယ်မိမိ အစိုးရပါသည်။ ဤအယူအဆသည် အလွန်ရှေးဆန်သော အယူအဆဖြစ်သည့် တိုင် အနောက်တိုင်းနိုင်ငံရေး အတွေးအခေါ်တွင်လည်း အလွန်အရေးပါသော အယူအဆဖြစ်ပါသည်။
          လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံရေးပညာရှင်များက စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်တစ်ရပ်၏ နိုင်ငံသား တို့သည် “မိမိတို့၏ အတွေ့အကြံနှင့် အပြုအမူတို့အတွက် တာဝန်ယူနိုင်စွမ်းရှိသည့် အသိဥာဏ်ရင်ကျက်သူများ ဖြစ်ရမည်” ဟု ဆိုပါသည်။ နိုင်ငံသားတို့၏ အသိဥာဏ်အား လွတ်လပ်စွာအသုံးချခွင့်ကို ပိတ်ပင်တားဆီးထား သည့် သက်ဦးဆံပိုင်စနစ်အောက်တွင် ပြည်သူတို့သည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်မရကြပဲ ၄င်းတို့၏ ကြမ္မာ ကို အုပ်ချုပ်သူတို့ကသာ စီရင်ကြလေ့ ရှိပါသည်။ ပြည်သူတို့ကို စက်ယန္တရားသဖွယ် သဘောထား၍ အုပ်ချုပ်သူ တို့က ထိန်းသိမ်းမောင်းနှင်ကြသည်နှင့် အလားတူပါသည်။ သို့ရာတွင် ဒီမိုကရေစီနိုင်ငံတစ်ခုတွင် ပြည်သူတို့ အနေဖြင့် မိမိတို့၏ လူ့အဖွဲ့အစည်း၊ မိမိတို့နိုင်ငံ၏ မူဝါဒရေးရာ စသည်တို့နှင့် ပတ်သက်ပြီး အသိဥာဏ်နှင့် ယှဉ်သောဆုံးဖြတ်ချက်များ ချမှတ်ခြင်းအားဖြင့် ကိုယ့်တာဝန်ကိုယ်ယူ ကြရသည်။ သူတို့သည် ကိုယ့်ကြမ္မာ ကို ကိုယ်ဖန်တီးခွင့် ရကြသူများဖြစ်သည်။
          ထို့ကြောင့်ပင် ဂျွန်စတူးဝပ် မီးလ် ကဲ့သို့သော လစ်ဘရယ်တွေးခေါ်ပညာရှင်များက ဒီမိုကရေစီလူ့အဖွဲ့ အစည်းတစ်ရပ်တွင် မသင်မနေရ ပညာရေးစနစ်ကို လိုအပ်သည်ဟု ဆိုကြခြင်းဖြစ်သည်။ အိမ်တွင်ဖြစ်စေ၊ ကျောင်းတွင်ဖြစ်စေ၊ ပညာသင်ယူစေခြင်းဖြင့် လူငယ်လူရွယ်တို့၏ ဆင်ခြင်ဥာဏ် ထက်မြက်စေရန်နှင့် စည်းကမ်းရှိစေရန် ပြုစုပျိုးထောင်ပေးရမည် ဖြစ်သည်။ အများပြည်သူတို့နှင့် သက်ဆိုင်သော ကိစ္စရပ်များကို နားလည်သဘောပေါက်နိုင်လောက်သည့် ပညာရေးမျိုးသာမက နိုင်ငံရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆင်ခြင်ဥာဏ်ပြည့်ဝစွာ ပိုင်းဖြတ်သုံးသပ်နိုင်စွမ်းရှိလောက်သည့် ပညာရေးမျိုးကိုလည်း နိုင်ငံသားတို့ ရရှိစေရ မည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ အမျိုးသားအကျိုးစီးပွားနှင့် ပတ်သက်သော ကိစ္စရပ်များတွင် ပါဝင်ဆွေး နွေး၍ ထိုက်သင့်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်လောက်သည့် အသိဥာဏ်မျိုး နိုင်ငံသားတို့ထံတွင် ရှိနေရ မည်ဖြစ်သည်။

          အနောက်တိုင်းတွင် နားလည်လက်ခံထားသည့် လွတ်လပ်မှုအယူအဆကို ယခင်က မသိခဲ့ကြသည့် အာရှတိုက်ရှိ နိုင်ငံအချို့၏ နိုင်ငံရေးတိုးတက်မှုဖြစ်စဉ်တွင် အဆိုပါ “အဇ္ဈတ္တ လွတ်လပ်မှု” ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ထိုင်ဝမ်၊ တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့တွင် စစ်အစိုးရအဆက်ဆက်၏ ဖိနှိပ်ချုပ်ချယ် မှုများအား လိုလားစွာလက်ခံခဲ့ကြသည့် တစ်စထက်တစ်စ မြို့ပြဆန်လာခြင်း၊ ပညာရေး၊ စီးပွားရေး တိုးတက်ဖွံ့ ဖြိုးလာခြင်း၊ ပြင်ပကမ္ဘာနှင့် ပိုမိုထိတွေ့လာခြင်း စသည့်အချက်များကြောင့် ထိုနိုင်ငံရှိ ပြည်သူများ-အထူးသဖြင့် ပညာတတ်လူတန်းစားများသည် စစ်အာဏာပိုင်များအား တဖြည်းဖြည်းငြိုငြင်လာကြသဖြင့် ဒီမိုကရေစီရေးကို ရှေးရှုသည့် လူထုလှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။ ပြည်သူတို့သည် စစ်အာဏာပိုင်အရှင်သခင်များ၏ အမိန့်အာဏာပြုမှုများအား မလိုလားကြတော့ပြီ။ ထိုင်းနိုင်ငံတွင် ၁၉၉၂ ခုနှစ် မေလ၌ စစ်အစိုးရတစ်ရပ်ကို ဖြုတ်ချနိုင်ခဲ့သော ဒီမိုကရေစီလူထုလှုပ်ရှားမှုကြီးအတွင်း ဤနိုးကြားမှုကို ထင်ရှားစွာတွေ့မြင့်ခဲ့ရသည်။ ပြည်သူတို့အနေနှင့် အသိဥာဏ်နှင့် စွမ်းရည်တို့ကို ပိုမိုတိုးမြင့် ပိုင်ဆိုင်ကြလေလေ၊ ဒီမိုကရေစီကို ပိုမိုလိုလား ကြလေလေဖြစ်ကြောင်း စစ်ပြီးခေတ်အာရှသမိုင်းက သက်သေပြခဲ့သည်။  မြန်မာနိုင်ငံတွင်လည်း အလားတူဖြစ် ရပ်မျိုး ပေါ်ပေါက်ခဲ့ပါသည်။ သို့ရာတွင် မြန်မာစစ်အာဏာပိုင်များသည် ပြည်သူတို့၏ အသိဥာဏ်နှင့် စွမ်းရည်တို့ ကို အသိအမှတ်ပြုလေးစားရန် ပျက်ကွက်ခဲ့ကြသည့် ဖြစ်ရပ်မှာ ၀မ်းနည်းဖွယ်ကောင်းလွန်းလှပါသည်။ 

          “အဇ္ဈတ္တ လွတ်လပ်မှု” အယူအဆအရ လွတ်လပ်သော လူသားတိုင်းသည် ဆင်ခြင်ဥာဏ်နှင့် ပြည့်စုံပြီး မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းရှိကာ ပြည်သူ့ရေးရာများကို မှန်ကန်စွာ ပိုင်းဖြတ်သုံးသပ်တတ်ရမည် ဟုဆိုသည်။ ဒီမိုကရေစီ ဥပဒေများနှင့် ဒီမိုကရေစီနိုင်ငံရေးယန္တရားတစ်ရပ် ရှိရုံဖြင့် စစ်မှန်သော ဒီမိုကရေစီလူ့အဖွဲ့အစည်း တစ်ရပ်ကို ထူထောင်နိုင်လိမ့်မည် မဟုတ်ပါ။ ဥပမာ ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီရှိခဲ့သော ဂျာမန် ၀ိုင်မာသမတ နိုင်ငံတွင် ဒီမိုကရေစီယန္တရားတစ်ရပ် ရှိခဲ့ဖူးပါသည်။ သို့ရာတွင် ဂျာမန်ပြည်သူတို့သည် နိုင်ငံရေးအရ ရင့်ကျက်မှု မရှိခဲ့သဖြင့် အဒေါ့ဖ်ဟစ်တလာ၏ ဖြားယောင်းမှုဒါဏ်ကို ခံခဲ့ကြရသည်။ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်တွင် ပြည်သူတို့ထံ၌ အုပ်ချုပ်မှုဆိုင်ရာ နိုင်ငံရေးအသိပညာ နှင့် စည်းကမ်းသေ၀ပ်မှုတို့ ရှိကြရပေလိမ့်မည်။ ပြည်သူတို့အနေဖြင့် (ဒီမိုကရေစီနည်းမကျသော ထက်အောက်စဉ်ဆက် လူ့အဖွဲ့အစည်းတို့တွင် တွေ့ရလေ့ရှိ သည့်) ပဒေသရာဇ်ဆန်ဆန် လက်သင့်ရာ စားတော်ခေါ်တတ်သော ဓလေ့၊ ဆရာမွေး တပည့်မွေး ဓလေ့နှင့် တရားမျှတမှု ရှင်သန်ရသော အခြားဓလေ့များကို ရှောင်ကျဉ်ကြရမည် ဖြစ်သည်။ သို့ဖြစ်ရာ “အဇ္ဈတ္တ လွတ်လပ် မှု” အမြင်အရ အမှန်တကယ် လွတ်လပ်သည့် ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ထောင်ရန်အတွက် စစ်မှန်သည့် “ယဉ်ကျေးမှု တော်လှန်ရေး” တစ်ရပ် လိုအပ်ပေသည်။ 


ဆက်လက်ဖေါ်ပြပါမည်။  
ကက်နက်အေ မက်ကေးရေးသား၍ ဒေါင်းညိုဘာသာပြန်ဆိုသော
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...