ကျမချစ်သူ လူဆိုး
ကျမက လူဆိုးလို့ အမြဲခေါ်နေကျ သူက ကျမရဲ့ ချစ်သူ မောင်ပေါ့….
သူက ကျမကို ဘာလို့ ချစ်တာလဲဆိုတာ ကျမ သေခြာမသိပါဘူး။ အဲဒီလိုပဲ ကျမကိုယ်တိုင်တောင် သူ့ကို ဘယ်တုန်းက ချစ်မိလည်းဆိုတာ သေခြာမသိပါဘူး။ တကယ်တော့လည်း ဒါတွေသိဖို့ထက် ကျမတို့ ၂ယောက် အမြဲတမ်းချစ်နေဖို့အဓိက မဟုတ်လား…သူ့ကြောင့် ကျမအမြဲတမ်း ပျော်ရွှင်နေချင်သလို ကျမကြောင့်လည်း သူ့ကိုပျော်ရွှင်စေချင်တာပေါ့.. ဒါဟာ ဘယ်တုန်းက စချစ်သွားလဲဆိုတာထက် အဓိပါယ်ရှိတယ်မဟုတ်လား…
အစက ကျမသူ့ကို မုန်းတဲ့ထိမဟုတ်တောင် တော်တော်အမြင်ကပ်တယ်ဆိုရင် အံ့သြမလားပဲ။ သူ့ ဓါတ်ပုံမြင်ရင်တောင် (သူတင်ထားတဲ့ Facebook ကပုံတွေကော) ကြည့်လို့ကို မရခဲ့တာပါ။ ခုတော့ ကျမက သိပ်ချစ်နေမိတာကိုး..တခါတလေ ဟုတ်ရဲ့လားလို့ ကိုယ်တိုင် တွေးမိပါတယ်။ အချစ်စိတ်က တဘက်လူက လုပ်လို့လား… ကိုယ်တိုင်လုပ်ယူခြင်းလား ကျမမသိပါဘူး။ အမှန်ပြောပြရရင် သူ့ကို ချစ်ဖို့လည်း စိတ်ကူးမရှိခဲ့ပါဘူး။
အသိတယောက်က မိတ်ဆက်ပေးလို့ သူနဲ့ စသိခဲ့ပါတယ်။ သူက ခပ်သွက်သွက်နဲ့ ကျမကို အမေးအမြန်းထူနေတော့ ကြည့်လို့မရပဲ အမြင်ကပ်မိပါတယ်။ ဒါပေမယ့်ကျမရေးတဲ့ စာတွေကို ဖတ်တယ် သဘောကျတယ်ဆိုတာနဲ့ သူမေးတာတွေကို ဖြေခဲ့ပါသေးတယ်။
တွေ့ကာစကထဲက သူက ကျမကို စလိုက်နောက်လိုက်နဲ့ ကျမပြန်လို့မရအောင် ကျမမျက်မှန်နဲ့ ပိုက်ဆံအိပ်ကို လုယူထားခဲ့ပါတယ်။ လူတွေကြားထဲမှာဆိုတော့စိတ်တွေတိုခဲ့မိပါတယ်။
နောက်တခါပြန်ဆုံဖို့ဖြစ်လာပြီးတော့ သူသဘောကောင်းတာ သတိထားမိခဲ့တယ်။ သူက တွေ့တာတောင်ရက်ပိုင်းပဲရှိသေးတာ ရီးစားစကားပြောပြီး လူကို လက်ကို အတင်းဆွဲတော့တာပါပဲ… ရှက်တာကော၊ ရင်ခုန်တာကောနဲ့ ဘာလုပ်ရမှန်း မသိပဲ ... ဒီလိုနဲ့ သူ့ကိုချစ်ခဲ့တယ်။ ချစ်သူဖြစ်ပြီးစက ကျမတို့ ၂ယောက် တညလုံးဖုံးတွေဆက်ကြတာ ဘာတွေပြောမိလဲဆိုတာတောင် မသိလောက်အောင်ပါပဲ… ဒါပေမယ့် ကျမတို့က အရာရာ ဆန့်ကျင်ဘက်ပါ။
သူက ဆိုးတယ်လေ… ကျမကဆေးလိမ်နံ့ကို မုန်းတယ်… သူကဆေးလိပ်သိပ်ကြိုက်တယ်… သူက တခါတလေ ကျမက အလေးအနက်ထားတတ်တဲ့ အရာတွေကို ပေါ့ပျက်ပျက်နဲ့။ အချစ်ဆိုတာ ဇွတ်အတင်းရယူခြင်းလို့ သူခံယူတတ်တယ်လေ။ အခန်းထဲမှာပဲ ခပ်ကုပ်ကုပ်နေတတ်တဲ့ကျမက သူ့ကို အနားမှာပဲ နေစေချင်တယ်။ သူက အပြင်ပဲထွက်ချင်တယ်။ အပေါင်းအသင်းသင်းပေါလွန်းတဲ့ သူက ကျမထက်တောင် သူ့သူငယ်ချင်းတွေကို ပိုလို့မင်နေသလိုပါပဲ။ သူက ကျမနဲ့ ဆန့်ကျင်စွာ မနူးညံ့တတ်သလို၊ သိပ်လည်း ကဗျာမဆန်တတ်ဘူး။ ကျမက အချစ်ကို စိတ်ကူးယဉ်ဆန်နေတတ်သူ တိတ်တိတ်ကလေး လွမ်းနေချင်တာ… သူမသိအောင်တခုခု ပျော်ရွှင်အောင်လုပ်ပေးချင်တာ၊ စိတ်ကူးလေးတွေနဲ့ တွေးနေတတ်တာ။ သူကတော့ တခါတလေ လူကြားသူကြားမှာ ကျမလက်ကို အတင်းဆွဲပြီးခေါ်သွားတတ်တယ်။ လူလစ်ရင်လည်း သူက ဖျက်ကနဲ ဖက်နမ်းတတ်တယ်။ ရှက်တတ်တဲ့ ကျမက လန့်ဖြန့်ပြီး စိတ်တိုရတာအကြိမ်ကြိမ်ပါ။ ဒါပေမယ့် ဒါတွေကိုပဲ နောက်တော့ ကျမကြည်နူးနေမိတယ်ဆိုရင် ယုံကြပါ့မလားပဲ….
သူဘယ်လောက် ကျမကို ချစ်လဲဆိုတာ ကျမ သိပေမယ့် သူက သိပ်သိစေချင်သူလေ။ မကြာမကြာ မေးတတ်တယ် " မောင်ချစ်တာ သိရဲ့လား"တဲ့… သူက အားတဲ့အခါ ကျမကို ဟင်းတွေစိတ်ရှည်လက်ရှည်ချက်ကျွေးတတ်သလို သေခြာထည့်ပေးပြီး ခွံလည်းကျွေးတတ်သေးတယ်လေ… နေမကောင်းတဲ့အခါ ကျမ အနားမှာ နေပေးတတ်တယ်။ ကျမကို ကလေးသေးသေးလေးလို ဂရုစိုက်ပေးတယ်။ သိပ်ချစ်ဖို့ကောင်းတဲ့ မောင်ပေါ့….
ဒါပေမယ့် သူက သ၀န်တိုလွန်းတယ်။ ကျမကို အရုပ်လေးတရုပ်လိုပဲ သဘောထားတတ်တယ်။ ကျမက ပြောတော့လည်း "ဟုတ်တယ်တဲ့ မောင့်ရဲ့ အရုပ်လေးပဲ"တဲ့… သူထားသလိုနေရမယ်တဲ့… ဒါဟာတရားသလား…
လွတ်လပ်မူကို နှစ်သက်တဲ့ တယောက်ထဲပဲနေမယ်လို့ စိတ်ကူးနဲ့ ကျွေးကြော်ခဲ့တဲ့ ကျမက အရုပ်လေးလို ဘယ်နေနိုင်ပါ့မလဲ… ဒါပေမယ့် တိတ်တိတ်လေးတော့ ကြေနပ်နေမိခဲ့ပါတယ်။ ဒါကိုသူမသိပါဘူး…. မောင်က သိပ်ချစ်တယ်လို့ဆိုပေမယ့်လေ သ၀န်တိုလွန်းတဲ့မောင့်ကြောင့် ခုဆိုကျမတယောက်ထဲ တခါတလေ ပျင်းနေရတာ အထီးကျန်နေတော့တာ မောင်မှမသိပဲ…. အခံရခက်ဆုံးက သူက (မောင်ကပေါ)့ မယုံကြည်တာပါပဲ။ ဒါကြောင့် ကျမတို့၂ယောက်အမြဲရန်ဖြစ်ကြရတယ်။ ကျမ ငိုရတာအကြိမ်ကြိမ်ပေါ့… တခါတလေ အဝေးကို ပြေးထွက်သွားချင်မိတယ်။ မောင့်ကို မချစ်လို့တော့ မဟုတ်ပါဘူး…ဒါကိုလည်းသူမသိပါဘူး။ သူသိတာက သူက ချစ်နေမယ်။ သူ့ကိုပြန်ချစ်ရမယ် သူကလွဲလို့ တခြားယောက်ကျားလေးတွေနဲ့ စကားတောင်မပြောရဘူး။ သူ့အနားမှာပဲနေရမယ်။ အဲသည်လို ဘိုကျတတ်ပါတယ်။ ဒါပေမယ့် ကျမကလည်း ချစ်နေတော့ ဒါတွေဟာ မောင် သိပ်ချစ်လို့ပါလားဆိုပြီး ခွင့်လွှတ်ခဲ့ပါတယ်။
ကျမငိုနေတုန်း ဇွတ်အတင်းဖက်နမ်းတာကအစ တခြားအသေးအဖွဲလေးတွေရော အနိုင်ကျင့်တတ်တာတွေကို ကျမက သူ့ကို ပြောရင် သူက "ချစ်လို့ပါ"လို့သာ ဖြေတတ်တယ်။ သ၀န်တိုတာ မိန်းကလေးတိုင်းကြိုက်ပေမယ့် ချုပ်ခြယ်တာကိုတော့ ဘယ်သူက ကြိုက်ပါ့မလဲ။ ကျမက စိတ်သိပ်ပျော့တဲ့သူ တခုခုဆို မျက်ရည်က ကျလာပြီ၊ သူက ငိုတာမကြိုက်ဘူး။ နူးနူးညံ့ညံ့နဲ့လည်း မချော့တတ်ဘူး။ ကျမစိတ်ကောက်တာလည်း သိချင်မှ သိတာ… ဘာပဲဖြစ်ဖြစ် နဖူးလေးကို နမ်းပြီး ကြင်ကြင်နာနာပြောပြီးချော့ပါ့လား… အသံတိုးတိုးလေးနဲ့ပေါ့…. သူက ၀ုန်းဆိုထထွက်သွားပြီ၊ ကျမက စိတ်ကောက်နေတာ ဘယ်လိုလိုက်ခေါ်ရပါ့မလဲ။
ကျမကို ချစ်ပေမယ့် အလိုက်မသိတတ်သူလေ.. တကယ်ဆို ဂရေဟန်ဆိုတဲ့ "အချစ်စွမ်းအား" လို သီချင်းမျိုးလေးတွေ ဆိုမပြတတ်ရင်တောင် ကျမနားထောင်ဖို့ ပို့ပေးပါတော့လား။ ဆူညံ့နေတဲ့ ကိုရီးယားမလေးတွေ ပေါင်ပေါ်ပြီးကနေတဲ့ သီချင်းတွေကို သူကကြိုက်တော့ နားထောင်ခိုင်းတတ်တယ်။ ကဲ .. ဘယ်လောက်တောင် ကဗျာမဆန်လိုက်သလဲ….
ကျမရေးတဲ့ ကဗျာလေးတွေကို ခံစားပြီး မဖတ်ဘူး။ ဘောလုံးပွဲသတင်းကိုသာ စိတ်ဝင်တစားဖတ်တတ်တယ်လေ။ ကျမက စာလေးတွေပို့ရင် ပြန်မပို့ပေးတတ်ဘူး၊ ကျမကြိုက်တတ်တဲ့ ပုံလှလှလေးတွေနဲ့လေ… ကျမကြိုက်တတ်တဲ့ နှင်းဆီပန်းကို မသိအောင် တိတ်တိတ်လေး ၀ယ်လာပြီးမပေးတတ်ဘူး။ ချောကလက်လေးတွေကို ၀ယ်မကျွေးတတ်ဘူး… ၀ယ်ခိုင်းမှသာ ၀ယ်ပေးတတ်တယ်။ ကျမ မစားချင်တဲ့ ဟာတွေကိုလည်း အတင်းကျွေးတတ်တယ်။ တခါတလေ သူ့အပေါင်းအသင်းတွေကြားမှာ အနေရခက်နေတာ သူသိပ်မသိတတ်ဘူး၊ ကျမ ပုခုံးကိုဖက်ရင်း သူက တဟဲဟဲနဲ့ပေါ့… မုန်းစရာကောင်းတဲ့ သူ့ကို ကျမက ချစ်နေတာ သူက မကျေနပ်သေးဘူးလေ။ ကျမရဲ့ စိတ်ဝိဥာဉ်အားလုံးက သူ့ဆီမှာပဲ ရှိစေချင်သတဲ့လေ။ မိန်းကလေးတယောက်ရဲ့ စိတ်ကို သူနားမလည်ဘူး…. ကျမက သူသိအောင် နိုင်းနိုင်းစနေရဲ့ စာလေးတွေ ပို့ပေးတတ်တယ်။ " မောင် ရလားဟင်"လို့ မေးတာ သူဘာပြန်ပြောမယ် သိချင်လို့ဆိုတာ သူက မသိချင်ယောင်ဆောင်နေတတ်တဲ့ သူပါ့…
ဒါတွေဟာ အရေးမကြီးဘူးလို့ သူခံယူတတ်တယ်ထင်ပါရဲ့။ ဒါတွေသိဖို့ထက် အမြဲတမ်း ချစ်နေကြဖို့လိုတယ်လို့ သူထင်တာကလည်း မှန်ပါတယ်။ ဒါပေမယ့် ကျမက မိန်းကလေးမဟုတ်လား…ကိုယ့်ချစ်သူက အမြဲ သိတတ်တာလိုလားတာပေါ့...
လိမ်ညာလှည့်ဖြားပြီး ရလာတဲ့ ပျော်ရွှင်မှုမျိုးလည်း မလိုချင်ပါဘူး။ မောင်ကို တသက်လုံးချစ်ပါ့မယ်လို့ မပြောတောင် မောင့်ရဲ့ အနားမှာ အမြဲနေပေးမှာပါ။
တစ်နေ့နေ့မှာ"ပျော်ရွှင်ခြင်းက ဘယ်မှာလဲ"လို့ သူမေးလာခဲ့ရင် " ပျော်ရွှင်ခြင်းက မောင့်ဆီမှာ"လို့ သူ့ကို တိုးတိုးလေးပြောပြမယ်။ သူက( မောင်က)ရော… ဘယ်လို ဖြေမှာပါလိမ့်…
အင်ကြင်း
6:30 pm
25 Oct. 2011
(၁၁.၁၁.၁၁)အမှတ်တရ

0 comments:
Post a Comment