Saturday, November 19, 2011

ဗုဒ္ဓ၏ သဗ္ဗညုတဥာဏ်တော်ကို ဆန်းစစ်လေ့လာခြင်း (၃)

by Boston Cat on Saturday, November 19, 2011 at 8:53pm
အဇာတသတ်ရှင်ဘုရင်သည် တိုင်းပြည်တစ်ခုကို စစ်တိုက်ပြီး သိမ်းယူမည့်အရေး ဗုဒ္ဓအားအဘယ့်ကြောင့် ဆွေးနွေးစေရပါသနည်း……..၊၊
 
မြတ်စွာဘုရားရှင်သည် စစ်ရေးနိုင်ငံရေး ပရိယာယ်ကျွမ်းကျင်လှသည့် ၀ဿကာရပညာရှင်အမတ်ကြီး နည်းရသွားစေ လောက်သည့် အရိပ်အမြွက်စကားကို အဘယ့်ကြောင့် မိန့်တော်မူခဲ့ပါသနည်း……..၊၊
 
သဗ္ဗညုတဥာဏ် ကို ပိုင်ဆိုင်တဲ့ အကြမ်းဖက်မှုကို မလိုလားတဲ့ ဗုဒ္ဓရှင်တော်သည် လူပေါင်းသန်းနှင့်ချီ သေဆုံးရမည့် စစ်ပွဲကြီးကိုဆင်နွှဲရန် လာရောက်တိုင်ပင်သည်ကို ဗုဒ္ဓရှင်တော် အဘယ့်ကြောင့်မတားမြစ်ခဲ့ပါသနည်း…..၊၊
ဗုဒ္ဓရှင်တော်၌ အဇာတသတ်ရှင်ဘုရင်အား စစ်အောင်နိုင်ရေးအတွက်ကူညီရန် ဆန္ဒရှိခဲ့ပါသလား………၊



စတဲ့ မေးခွန်းတွေက ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ်ကို စောဒကတက်ချင်သူ ပါဠိစာပေ ပညာရှင်တို့အတွက်သံသယ ဖြစ်စေတဲ့  မေးခွန်းများ ဖြစ်နေခဲ့ပါတယ်။ ဗုဒ္ဓရှင်တော် ဟာ မဟာကရုဏာတရားနဲ့ ပြည့်ဝသူဖြစ်လို့  ၀ဿကာရပညာရှင် အမတ်ကြီး က အပရိဟာနိယဓမ္မတရားတွေ ကို ပြောင်းပြန် အနက်ကောက် အသုံးချ နည်းယူ ပြီးတော့  လူပေါင်းသိန်းနှင့်ချီ သေဆုံးရမည့် စစ်ပွဲကြီး ကို ဖြစ်စေခဲ့မယ်ဆိုတာကို ကြို မသိခဲ့လို့ သာ ဒီ လို ဟောတော်မူခဲ့တာ ဖြစ်နိုင်တယ်လို့   ပါဠိစာပေ ပညာရှင်တို့ က ကောက်ချက်ချကြပါတယ်။


သဗ္ဗညုတဥာဏ်တော်အပေါ် စောဒနာချက် (၆)


နောက်ဆုံးတွေ့  ရတဲ့ စောဒနာချက်ကတော့ ၀ိဋဓူပ မင်းကြောင့် သကျသာကီဝင် တွေ ပျက်စီး ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်နေပါတယ်။ ဗုဒ္ဓဘုရားရှင် လက်ထက်တော်အခါက ဗုဒ္ဓ ရဲ့   မွေးရပ်တိုင်းပြည် ကပ္ပီလ၀တ်နှင့် ဗုဒ္ဓကို အလွန် ကြည်ညို လေးစားသော ကောသလမင်းကြီး ရဲ့   ကောသလတိုင်း နိုင်ငံတို့မှာ အိမ်နီးချင်းများ ဖြစ်ပါတယ်။ ကောသလတိုင်း သားတို့သည် ဗုဒ္ဓ ရဲ့  ကပ္ပီလ၀တ် တိုင်းသားတို့ကဲ့သို့ သကျသာကီဝင်အနွယ်များ မဟုတ်ကြပါ။ ကောသလမင်းကြီး က ဗုဒ္ဓဘုရားရှင်အား အလွန်ကြည်ညိုလှသောကြောင့် တစ်ကြောင်း မြောက်ပိုင်းမှာ ရှိတဲ့ ဂဏ နိုင်ငံခယ်များနဲ့ မိတ်ဖက်ဖြစ် လိုတဲ့ သဘောကြောင့် တစ်ကြောင်း ကပ္ပီလ၀တ်ပြည်သို့ သာကီဝင် မင်းသမီးတပါးအား လက်ဆက်လိုကြောင်း ကမ်းလှမ်း ခဲ့ပါတယ်။  ထိုခေတ် ထိုအချိန်က အလွန်မာန ထောင်လွှားသော သာကီဝင် တို့က ၄င်းတို့ထက် အမျိုးဇာတ်နိမ့် တယ်လို့ ယူဆတဲ့ ကောသလမင်းအား သာကီဝင် မင်းသမီးကို မပေးလိုပါဘူး။ ဒါပေမဲ့ ကောသလတိုင်းဟာ ထိုစဉ်က ၄င်းတို့ထက် စစ်အင်အားလည်း သာလွန်နေတာကြောင့် ငြင်းလည်း မငြင်းဆန်ဝံ့ပါဘူး။ ဒါကြောင့် မဟာနာမ် သာကီဝင်မင်း ဟာ သူ ကျွန်မနှင့်ရပြီး မွေးထားတဲ့ ကျွန်ဇာတ်သာသာရှိတဲ့ ဇာတ်နိမ့် မင်းသမီးတပါးကို သာကီဝင်အစစ်အဖြစ် လိမ်လည်ပြီး ဆက်သလိုက် ပါတယ်။


ကောသလမင်းကြီးလည်း သာကီဝင် မင်းသမီး အမှတ်နှင့် ပေါင်းသင်းခဲ့ပြီး ၀ိဋဓူပ မင်းသားကို ဖွားမြင်ခဲ့ပါတယ်။ ထိုမင်းသားဟာ တနေ့၌ ၎င်း၏ ဆွေတော်မျိုးတော်များဟု မှတ်ယူထားသော သာကီဝင်များနေထိုင်ရာ ကပ္ပီလ၀တ်ပြည်သို့ သွားရောက် လည်ပတ်စဉ်တွင် ဇာတ်ခွဲခြား ဆက်ဆံခြင်းကို ခံရရာမှ အစပြုပြီး ၎င်းသည် ကျွန်မသား ဖြစ်သည်ဟူသော အဖြစ်မှန်ကို သိရတော့  ကောသလမင်းကြီးလည်း ၀ိဋဓူပ နဲ့ သူ့မယ်တော် ကို အရာကနေချပါတယ်။ ဗုဒ္ဓ က ကောသလ မင်းကြီးကို သွားရောက် မေတ္တာရပ်ခံမှသာ ပြန်ပြီးချီးမြောက်ပါသတဲ့။ ဒီ အချိန်ကစလို့   ၀ိဋဓူပ မင်းသား ဟာ သာကီဝင် များကို လွန်စွာ အမျက်ထွက်ပြီး တနေ့ ပြန်လည် လက်စားချေရန် ကြုံးဝါးခဲ့ပါသတဲ့။ ဒါကြောင့် သူ မင်းဖြစ် တဲ့ အခါမှာ ကပ္ပီလ၀တ်ကို တိုက်ခိုက်ဖျက်ဆီးရန် တပ်အင်အား အလုံးအရင်းနှင့် စစ်ချီလေတော့တယ်။ ဒီအချင်းအရာကို သိနေတဲ့ ဗုဒ္ဓရှင်တော်ဟာ စစ်ချီရာလမ်းကြောင်း မှာ တရားထိုင်နေရင်း ၀ိဋဓူပမင်းအား တားမြစ်ခဲ့ရာ ၎င်းက စစ်ကြောင်းကို ပြန်လှည့်ခဲ့ပါတယ်။ ဒုတိယနှင့် တတိယအကြိမ်တို့တွင်လည်း ထိုသို့ တားမြစ်ခဲ့၍ ပြန်လှည့်ခဲ့ရပြန်တယ်။ စတုတ္ထအကြိမ် မှာတော့ ဗုဒ္ဓရှင်တော်ဟာ သာကီဝင်တို့၏ အတိတ် အကုသိုလ်ကံအရ ၀ိရူဓူပမင်းအား တားမြစ်လို့  မရနိုင်တော့တာကို သိလို့   မတားမြစ်ခဲ့တော့ခြင်းပင် ဖြစ်တယ်လို့ အဋ္ဌကထာစာပေတွေ က ဆိုပါတယ်။ သာကီဝင်တွေ ဟာ တံငါသည်ဘ၀ တစ်ခုက ငါးတွေ ကို သတ်ဖြတ်ခဲ့ကြတဲ့ အတိတ် အကုသိုလ်ကံအရ (သေသင့်သေထိုက်လို့  ) ပျက်စီးကြရတာပဲ လို့ ဆိုပါတယ်။


ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ်ကို စောဒကတက်ချင်သူတွေက ဒီဖြစ်ရပ်မှာ အချက် နှစ်ချက်ကို ထောက်ပြ စောဒနာကြပါတယ်။

(၁) ဗုဒ္ဓရှင်တော် ဟာ သဗ္ဗညုတဥာဏ် နဲ့ အလုံးစုံကို သိနိုင်မယ်ဆိုရင် ဒီပြဿနာ မီးပွား စကတည်း က သိပြီး သာကီဝင်တွေ ကို ရှင်းပြသင့်တယ်။ ကောသလမင်းကြီး ကို မလိမ်ဖို့ သာကီဝင်တွေ ကို သတိပေးသင့်တယ်။ ဒီလို သတိပေးခဲ့တာ မရှိတော့ ဒီလို အကျိုးဆက်တွေ ဖြစ်ပွားလာလိမ့် မယ်ဆိုတာ ကြိုမသိခဲ့ ပုံပေါ်နေတယ်။

(၂) ၀ိဋဓူပမင်းကို တားမြစ်ခဲ့ရာမှာ (၃) ကြိမ်တိုင်အောင် တားမြစ်ပြီးတော့ စတုတ္ထအကြိမ် ကျမှ သာကီဝင်တို့၏ အတိတ် အကုသိုလ်ကံအရ ၀ိရူဓူပမင်းအား တားမြစ်၍ မရနိုင်တော့သည်ကို သိ လို့ မတားတော့ဘူး ဆိုတာ က လဲ ယုတ္တိ လွဲနေတယ်။ အတိတ်ကံ ကြောင့် သာ တားမရ ရင် (၃) ကြိမ်တိုင်အောင် တား နေတာကလဲ အချည်းနှီးပေါ့။ တကယ်တော့ ၀ိဋဓူပမင်း ရဲ့   အညိုးအတေး အာဃာတကြီးမှု ရဲ့  သဘော ကို စတုတ္ထအကြိမ် ကျမှ မြင်လို့ မတားတော့ တာပဲ ဖြစ်နိုင်ပါတယ်။ ၀ိဋဓူပမင်း ရဲ့   အညိုးအတေး အာဃာတကြီးမှု ကို အစက မသိခဲ့လို့ သာ (၃) ကြိမ်တိုင်အောင် တားဖို့ ကြိုးးစားခဲ့တာပဲဖြစ်နိုင်ပါတယ်


သဗ္ဗညုတဥာဏ်တော် ရဲ့  အနက်မှန်

အထက်မှာ တင်ပြခဲ့တဲ့ စောဒနာချက်တွေ က သဗ္ဗညုတဥာဏ်တော် ဆိုတာ မရှိဘူး လို့   အပ်ချမတ်ချ သက်သေပြနိုင်တဲ့ အချက်တွေ တော့ မဟုတ်ပါဘူး။ သဗ္ဗညုတဥာဏ်တော် ကို ယုံကြည်သူတွေ ဖက်က လဲ ဒီ စောဒနာတွေ ကို ရှင်းပြဖို့  ရှိမှာ အမှန်ပါ။ ဒါပေမဲ့ ဒီ ဖြစ်ရပ်တွေ က ညွှန်ပြနေတာကတော့ သဗ္ဗညုတဥာဏ်တော် ကို လက်ခံ ရင် ဒီ အဖြစ်တွေ ကို ယုတ္တိ ရှိစွာ (သက်ဝင်ယုံကြည်မှုမပါပဲနဲ့) ရှင်းပြဖို့   အတော်ခက်ခဲတယ် ဆိုတဲ့ အချက်ပါပဲ။ နိကာယ်စာပေတွေထဲမှာ တွေ့ ရတဲ့ ဗုဒ္ဓရှင်တော် ရဲ့   ရုပ်ပုံလွှာ က ထာဝရဘုရား နဲ့ မတူပဲ မဟာလူသားတစ်ယောက် နဲ့ ပဲ ပိုတူနေပါတယ်။ မဟာလူသား ဟာ လဲ လူသား ပဲ ဖြစ်လို့   လူသားဘ၀ ရဲ့   အကန့်အသတ်တွေ မုချရှိနေမှာပါပဲ။

ရှင်တော်ဗုဒ္ဓ မှာ သဗ္ဗညုတဥာဏ်တော် ရှိတယ် ဆိုတဲ့ အယူအဆ က သူ ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက်မှ
ာ ပိုလို့တိုးတက် ထွန်းကားလာ ပုံရပါတယ်။ နောက်ပိုင်း ဗုဒ္ဓဘာသာ ဂိုဏ်းကွဲ တွေ မှာ ရှင်တော်ဗုဒ္ဓ ရဲ့  ရုပ်ပုံလွှာဟာ မဟာလူသား တစ်ယောက် အဖြစ်ကနေ နတ်ဒေ၀တာ ဘုရားတစ်ဆူ သဖွယ် ပြောင်းလဲ လက်ခံလာ ကြတာကို ကြည့် ရင် ဒီ အရွေ့   ဟာ မြင်သာ ပါတယ်။ ဗုဒ္ဓဘာသာ ဂိုဏ်းကွဲ တွေ မှာ တွေ့  ရတဲ့ မဟာဝတ္တု လလိတာဝတ္တာရ သဒ္ဓမ္မပုဏ္ဍရိကာ စတဲ့ ကျမ်းတွေ မှာ ရှင်တော်ဗုဒ္ဓ ကိုယ်တိုင် လက်မခံခဲ့တဲ့ အလွန် အကျုး ဖွဲ့နွဲ့မှုတွေ ကို တွေ့  ရပါတယ်။ ထေရ၀ါဒ ဂိုဏ်းမှာ ရှိတဲ့ နောက်ပိုင်း လက်ရာတွေဖြစ်တဲ့ ဗုဒ္ဓ၀ံသ ပါဠိတော် နဲ့ စရိယာပိဋကတ် တွေ မှာ ဒီလို အဖွဲ့  အနွဲ့ တွေ ပါ ၀င် နေတာကို တွေ့  ရပါတယ်။

ရှေးဟောင်းနိကာယ်ကျမ်းကြီးတွေထဲမှာ တွေ့  ရတဲ့ ဗုဒ္ဓရှင်တော် ရဲ့   ရုပ်ပုံလွှာ က လူသားဆန် သလောက် နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ထေရ၀ါဒနဲ့ မဟာယာန အဋ္ဌကထာကျမ်းတွေ က ချယ်မှုန်းထားတဲ့ ဗုဒ္ဓရှင်တော် ရဲ့   ရုပ်ပုံလွှာ ကတော့ လူ့  အတိုင်းအတာ ကို လွန်နေတဲ့ ရုပ်ပုံလွှာ မျိုးဖြစ် နေပါတယ်။ ဒါတွေက အသေးစိတ် ထပ်ပြီး သုတေသန ပြုရင် ပိုပြီးထင်ရှား လာပါလိမ့် မယ်။ ဒီနေရာမှာ တော့ အကျယ်မချဲ့  လိုတော့ ပဲ ရှေးဟောင်းနိကာယ်ကျမ်းကြီးတွေထဲ
မှာ တွေ့  ရတဲ့ ဗုဒ္ဓရှင်တော် က သူ့ ကိုယ်သူ ဘယ်လို ပုံဖေါ် ခဲ့ သလဲ ဆိုတာ လေ့ လာကြည့် ကြပါစို့  ။

သံယုတ္တနိကာယ်-သီသပါဝန၀ဂ် သီသပါဝနသုတ် မှာ တော့ ဗုဒ္ဓရှင်တော် က သူ သိပြီး ရဟန်း တွေကို မဟောပဲထားတဲ့ တရားတွေ က ဟောခဲ့တဲ့တရားတွေ ထက် အဆပေါင်း များစွာ ကြီးမား ကြောင်းကို လက်ထဲမှာကိုင်ထားတဲ့ ယင်းတိုက်ရွက် တွေ ကို ပြ ပြီး ဥပမာ ပေးခဲ့ ပါတယ်။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ယင်းတိုက်တော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အနည်းငယ်သော ယင်းတိုက်ရွက်တို့ကို လက်ဖြင့် ကိုင်၍ ရဟန်းတို့ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ငါ လက်ဖြင့် ကိုင်ထားအပ်ကုန်သောအနည်းငယ်သောယင်းတိုက်ရွက်တို့နှင့် ယင်းတိုက်တော အတွင်းရှိ ယင်းတိုက်ရွက်တို့သည် အဘယ်ကများပြားသနည်း ဟု ရဟန်းတို့ကို မိန့်တော်မူ၏။ အသျှင်ဘုရား မြတ်စွာဘုရားလက်ဖြင့်ကိုင်ထားအပ
်ကုန်သော ယင်းတိုက်ရွက် တို့သည် နည်းလှပါကုန်၏၊ စင်စစ်သော်ကား ယင်းတိုက်တောအတွင်းရှိ ယင်းတိုက်ရွက်တို့သာ များလှပါ ကုန်၏ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ ဤအတူပင် ငါသည် ထူးသောဥာဏ်ဖြင့် သိ၍ မဟောအပ်သော တရားသည်သာ များပြား၏၊ အဘယ့်ကြောင့် ထိုတရားကို ငါ မဟောသနည်းဟူမူ- ရဟန်းတို့ ထိုတရားသည် အကျိုးစီးပွားနှင့် မစပ်၊ မဂ်တည်းဟူသောအကျင့်မြတ်၏ အစမဟုတ်၊ ငြီးငွေ့ရန် တပ်မက်မှု ကင်းရန် ချုပ်ရန် ငြိမ်းရန် ထူးသောဥာဏ်ဖြင့် သိရန် ကိုယ်တိုင် သိရန် တဏှာမှ ထွက်မြောက်ရန် မဖြစ်၊ ထို့ကြောင့် ထိုတရားကို ငါ မဟောအပ်။

ရဟန်းတို့ အဘယ်တရားမျိုးကို ငါ ဟောအပ်သနည်းဟူမူ-ရဟန်းတို့ ]]ဤကား ဆင်းရဲတည်းဟု ငါဟောအပ်၏၊ ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်းဟု ငါ ဟောအပ်၏၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း}}ဟု ငါ ဟောအပ်၏၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင့်းအကျင့်တည်း ဟု ငါ ဟောအပ်၏။

ရဟန်းတို့ အဘယ့်ကြောင့် ထိုတရားကို ဟောသနည်းဟူမူ- ရဟန်းတို့ ထိုတရားသည် အကျိုးစီးပွားနှင့် စပ်၏၊ မဂ်တည်းဟူသောအကျင့်မြတ်၏ အစဖြစ်၏၊ ထိုတရားသည် ငြီးငွေ့ရန် တပ်မက်မှုကင်းရန် ချုပ်ရန် ငြိမ်းရန် ထူးသောဥာဏ်ဖြင့် သိရန် ကိုယ်တိုင် သိရန် တဏှာမှ ထွက်မြောက်ရန် ဖြစ်၏၊ ထို့ကြောင့် ထိုတရားကို ဟောအပ်၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ]ဤကား ဆင်းရဲတည်း-ဟု သိရန် အားထုတ်ရမည်။ပ။ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း}}ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

ဒီလို ပြောခဲ့ တာဟာ ရှင်တော်ဗုဒ္ဓ ဟာ သဗ္ဗညုတဥာဏ်တော် ကို  (သွယ်ဝိုက်သောနည်းနဲ့ ) ၀န်ခံ ပါတယ် လို့ ပြောမလား။ တကယ်တော့ ဒီသုတ် က ညွန်ပြနေတာ က သဗ္ဗညုတဥာဏ်တော် ကို မဟုတ်ပဲ အရိယာသစ္စာ (၄) ပါး ရဲ့   လေးနက်မှု အသုံးကျမှု တန်ဖိုးရှိမှု လက်တွေ့  ဆန်မှု ဆိုတာတွေ ကို ပဲ ဖြစ်တယ်။ ရှင်တော်ဗုဒ္ဓ ဟာ လောက ရဲ့  ဆရာတစ်ဆူ ဖြစ်လို့ တပည့်သာဝက တွေထက် အများကြီး ပို အသိပညာ ကြွယ်ဝ နက်ရှိုင်းနေမယ် ဆိုတဲ့ အချက် ကတော့ သံသယ ဖြစ် စရာ မရှိ ပါဘူး။ ဒါ ပေမဲ့ ရှင်တော်ဗုဒ္ဓ ကိုယ် တိုင် က ဂျိန်းတွေ ရဲ့  သဗ္ဗညုတဥာဏ်တော်မျိုးကို ငြင်းခဲ့ သလို စစ်မှန်တဲ့သဗ္ဗညုတ ဥာဏ်တော် တစ်မျိုး ကို လဲ လက်ခံ ခဲ့ တာ အမှန်ပါပဲ။ ဒီ လို သဗ္ဗညုတဥာဏ်တော်မျိုး ကို သူ ရရှိ ပိုင်ဆိုင်ထားတယ် လို့ လဲ ၀န်ခံခဲ့တာ တွေ အပေါ်မှာ ရေးသားခဲ့ ပြီးပါပြီ။ ဒီတော့ ရှင်တော်ဗုဒ္ဓ ရဲ့  သဗ္ဗညုတဥာဏ်တော်က ဘယ်လို ဥာဏ်မျိုး ဖြစ်နိုင်မလဲ။

ရှင်တော်ဗုဒ္ဓ လက်ခံခဲ့ တဲ့ အလုံးစုံသော တရားသဘော (သဗ္ဗဓမ္မ)

ရှင်တော်ဗုဒ္ဓ ဟာ သဗ္ဗညုတဥာဏ်တော် ကို ၀န်ခံသည်ဖြစ်စေ ၀န်မခံသည်ဖြစ်စေ အဓိက ဟောကြားခဲ့တဲ့တရားတွေ ကတော့ ဒုက္ခ- ဒုက္ခ ရဲ့  အကြောင်းတရား ဒုက္ခချုပ်ငြိမ်းမှု  ဒုက္ခချုပ်ငြိမ်းကြောင်း အကျင့်လမ်းအမှန် စတာတွေ ကို ပဲ မူတည်ပြီး ဟောခဲ့တာပါပဲ။

လောကသုတ် မှာ ရှင်တော်ဗုဒ္ဓဟာ လူနတ်ဗြဟ္မာတို့ ရဲ့  အာရုံကျက်စားရာ လောက အလုံးစုံကို သိကြောင်းပြောခဲ့

သူ့ရဲ့  လောက အနက်က လူနတ်ဗြဟ္မာတို့ ရဲ့  သစ္စာလေးပါး ကို သာ ဆိုလိုတယ်။


ရဟန်းတို့ မြတ်စွာဘုရားသည် လောကကို ထိုးထွင်း၍ သိတော်မူ၏၊ မြတ်စွာဘုရားသည် လောကမှ ကင်းတော်မူ၏၊ ရဟန်းတို့ မြတ်စွာဘုရားသည် လောက၏ ဖြစ်ကြောင်းကို ထိုးထွင်း၍ သိတော်မူ၏၊ မြတ်စွာဘုရားသည် လောက၏ ဖြစ်ကြောင်းကို ပယ်တော်မူ၏။ ရဟန်းတို့ မြတ်စွာဘုရားသည် လောကချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို ထိုးထွင်း၍ သိတော်မူ၏၊ မြတ်စွာဘုရားသည် လောကချုပ်ငြိမ်းရာ (နိဗ္ဗာန်)ကို မျက်မှောက်ပြုတော်မူ၏၊ ရဟန်းတို့ မြတ်စွာဘုရားသည် လောက၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကို ထိုးထွင်း၍ သိတော်မူ၏၊ မြတ်စွာဘုရားသည် လောက၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းဖြစ်သော အကျင့်ကို ပွါးများတော်မူ၏။

ရဟန်းတို့ မြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရအပ် ရှာမှီးအပ် စိတ်ဖြင့် အဖန်ဖန် ကျက်စားအပ်သော အာရုံ အလုံးစုံကို ထိုးထွင်း၍ သိတော်မူ၏၊ ထို့ကြောင့် တထာဂတ ဟု ဆိုအပ်၏။

သဠာယတနသံယုတ်-သဗ္ဗဝဂ်-သဗ္ဗသုတ် မှာ တော့ ရှင်တော်ဗုဒ္ဓ လက်ခံခဲ့ တဲ့ အလုံးစုံသော တရားသဘော (သဗ္ဗဓမ္မ) ဆိုတာဘာလဲလို့ သိနိုင်မဲ့ သဲလွန်စတွေ ကို တွေ့  ရတယ်။ ဒီသုတ် ရဲ့  အလိုအရ ဆိုရင် အလုံးစုံသော တရားသဘော တွေ ဆိုတာ အာရုံ(၆) ပါး အာယတန (၁၂) ပါး ဓါတု (၁၈) ပါး စတဲ့ တရား တွေ ပဲ ဖြစ်ကြောင်း အတိအကျ မိန့်ဆိုထားပါတယ်။

ရဟန်းတို့ အလုံးစုံကို သင်တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အလုံးစုံဟူသည် အဘယ်နည်း။ မျက်စိနှင့် အဆင်းတို့လည်းကောင်း၊ နားနှင့်အသံ တို့လည်းကောင်း၊ လျှာနှင့် အရသာတို့လည်းကောင်း၊ကိုယ်နှင့် အတွေ့အထိတို့လည်းကောင်း၊ စိတ်နှင့် သဘောတရားတို့လည်းကောင်းတည်း။ ရဟန်းတို့ ဤသည်ကို အလုံးစုံဟု ဆိုအပ်၏။

ရဟန်းတို့ ''ငါသည် ဤအလုံးစုံကို ပယ်စွန့်၍ တစ်ပါးသော အလုံးစုံကို ပညတ်မည်''ဟု တစ်ဦးတစ်ယာက်က ဆိုခဲ့ပါလျှင် ထိုသူ၏ စကားသည် အပြောမျှသာ ဖြစ်ရာ၏၊ မေးသည်ရှိသော်ကား အပြည့်အစုံ မဖြေဆိုနိုင်ရုံသာမက ပင်ပန်းခြင်းသို့လည်း ရောက်ရာ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ အရာ မဟုတ်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။


ဒီ သုတ် ရဲ့  နောက် က လာတဲ့ ပဟာနသုတ် မှာ ဒီ အလုံးစုံသော သိအပ်တဲ့တရားတွေ ကို (၀ိပဿနာဥာဏ်-မဂ်ဥာဏ် စတာတွေနဲ့) အမှန်အတိုင်းသိပြီးတော့ စွဲလန်းတပ်မက်တဲ့ တဏှာ ဥပါဒါန်တွေ ကို ပယ် အပ်ကြောင်း ထပ်ပြီးဟောပါတယ်။


ရဟန်းတို့ အလုံးစုံကို ပယ်ခြင်းငှါ သင်တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အလုံးစုံကို ပယ်ခြင်းငှါ ဟောမည့် တရားဟူသည် အဘယ်နည်း။

ရဟန်းတို့ မျက်စိကို ပယ်ရမည်၊ အဆင်းတို့ကို ပယ်ရမည်၊ စက္ခုဝိညာဏ်ကို ပယ်ရမည်၊ စက္ခုသမ္ဖဿကို ပယ်ရမည်၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုလည်း ပယ်ရမည်။ နားကို။ပ။ နှာခေါင်းကို။ပ။ လျှာကို ပယ်ရမည်၊ အရသာတို့ကို ပယ်ရမည်၊ ဇိဝှါဝိညာဏ်ကို ပယ်ရမည်၊ ဇိဝှါသမ္ဖဿကို ပယ်ရမည်၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း ပယ်ရမည်။ကိုယ်ကို ပယ်ရမည်၊ စိတ်ကို ပယ်ရမည်၊ သဘောတရားတို့ကို ပယ်ရမည်၊ မနောဝိညာဏ်ကို ပယ်ရမည်၊ မနောသမ္ဖဿကို ပယ်ရမည်၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ် ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း ပယ်ရမည်။

ရဟန်းတို့ ဤသို့လျှင် အလုံးစုံကို ပယ်ခြင်းငှါ ဟောပြအပ်သော တရားတည်းဟု (မိန့်တော်မူ၏)။


ဒီ နောက်မှာတော့ ဒီ အလုံးစုံသဘော ကို အခြေခံပြီး  အဘိညာပရိညာပဟာနသုတ် (အလုံးစုံကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ခြင်း အကြောင်း) ပဌမ+ဒုတိယ အပရိဇာနနသုတ် (အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက် ကြောင်း) အာဒိတ္တသုတ် (စွဲမက်မှု 'ရာဂ' မီးဖြင့်,အမျက် ထွက်မှု 'ဒေါသ' မီးဖြင့်, တွေဝေမှု 'မောဟ' မီးဖြင့် အလုံးစုံသော တရားတွေ ဟာ ပြောင်ပြောင်တောက်လောင် နေကြောင်း--ပဋိသန္ဓေနေမှု 'ဇာတိ' အိုမှု 'ဇရာ' သေမှု 'မရဏ' စိုးရိမ်မှု 'သောက' ငိုကြွေးမှု'ပရိဒေဝ'ကိုယ်ဆင်းရဲမှု 'ဒုက္ခ' စိတ်ဆင်းရဲမှု 'ဒေါမနဿ' ပြင်းစွာ ပင်ပန်းမှု 'ဥပါယာသ' တို့ဖြင့်ပြောင်ပြောင်တောက်လောင
်နေကြောင်း)--စတဲ့ သုတ္တန်တွေ ကို တွေ့ ရပါတယ်။


အလုံးစုံ တကာ့ အလုံးစုံ သဘော တွေ ကိုသိတဲ့ ဥာဏ်တော်


မဇ္ဈိမနိကာယ်-မူလပဏ္ဏာသပါဠိတော်-မ
ူလပရိယာယဝဂ်- မူလပရိယာယသုတ် မှာ တော့ အထက်မှာ ဖေါ်ပြခဲ့တဲ့ သုတ္တန်တွေ အပြင် ပိုလို့ နက်ရှိုင်းကျယ်ဝန်း အသေးစိတ်တဲ့ အလုံးစုံသဘော အနက်ဖွင့်ဆိုချက်ကို တွေ့ ရပြန်ပါတယ်။ဒီနေရာမှာ တော့ တထာဂတ (မြတ်စွာဘုရား) ဟာ မြေ-ရေ-လေ-မီး၊ ပုဂ္ဂိုလ်သတ္တ၀ါ လူနတ်ဗြဟ္မာ ခန္ဓာ အာယတန ဓါတု သစ္စာ ဈာန် မဂ်ဖိုလ် -အလုံးစုံသဘော (လောက) နဲ့ အလုံးစုံသဘောမှ ဆိတ်သုဉ်းလွန်မြောက်နေတဲ့ ၀ိမုတ္တိတရား (နိဗ္ဗာန်)- စတဲ့ အလုံးစုံ တကာ့ အလုံးစုံ သဘော တွေ ကို ဥာဏ်ပညာနဲ့ အထူးသိပြီးတော့ အတ္တ-အတ္တနိယ အနေနဲ့ မစွဲလန်းတဲ့ အကြောင်း ကို ဟောကြားထားပါတယ်။


ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော မြတ်စွာဘုရားသည်လည်း- မြေကို မြေဟု အထူးသိ၏၊ မြေကို မြေဟု အထူးသိ၍ မြေကို မကြံ၊ မြေ၌ မကြံ၊ မြေမှ မကြံ၊ မြေကိုငါ့ (ဟာ) ဟု မကြံ၊ မြေကို ရှေးရှုမနှစ်သက်။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ- မြတ်စွာဘုရားသည် ထို (အားလုံး) ကို ပိုင်းခြား၍သိပြီးသောကြောင့်တည်
းဟု (ငါဘုရား) ဆို၏။

ရေကို။ပ။ မီးကို။ လေကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို။ အာဘဿရဗြဟ္မာတို့ကို။ သုဘကိဏှဗြဟ္မာတို့ကို။ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို။ အဘိဘူဗြဟ္မာကို။ အာကာသာနဉ္စာယတနဗြဟ္မာကို။ ဝိညာဏဉ္စာယတနဗြဟ္မာကို။ အာကိဉ္စညာယတနဗြဟ္မာကို။ နေဝသညာနာသညာယတနဗြဟ္မာကို။ မြင်အပ်သော အဆင်းကို။ ကြားအပ်သော အသံကို။ တွေ့ထိအပ်သော အနံ့ အရသာအတွေ့ အထိကို။ အထူးသိအပ်သော အာရုံကို။ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို။ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို။ အလုံးစုံကို။ နိဗ္ဗာန်ကို နိဗ္ဗာန်ဟု အထူးသိ၏၊ နိဗ္ဗာန်ကို နိဗ္ဗာန်ဟုအထူးသိ၍ နိဗ္ဗာန်ကို မကြံ၊ နိဗ္ဗာန်၌ မကြံ၊ နိဗ္ဗာန်မှ မကြံ၊ နိဗ္ဗာန်ကို ငါ့ (ဟာ) ဟု မကြံ၊ နိဗ္ဗာန်ကိုရှေးရှုမနှစ်သက်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ- မြတ်စွာဘုရားသည်ထို (အားလုံး) ကို ပိုင်းခြား ၍ သိပြီးသောကြောင့် တည်းဟု (ငါဘုရား) ဆို၏။

ဒီ အလုံးစုံသဘောတွေကို ချုပ်လိုက်ရင် မျက်စိ-နား-နှာခေါင်း-လျှာ-ကိုယ်-စိတ် ဆိုတဲ့ ဣနြေ္ဒ(၆)ပါး ကို ပဲ တွေ့ ရမယ်။ ဒီဣနြေ္ဒ(၆)ပါးတို့ဟာ ဘာကြောင့် သက်ရှိသတ္တဝါအားလုံး အတွက် အရေးအပါဆုံး ဣနြေ္ဒများလို့ ပြောရသလဲ ဆိုရင်တော့ လူဖြစ်စေ၊ နတ်ဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သက်ရှိသတ္တဝါ မှန်သမျှအတွက် ခန္ဓာကိုယ် အတွင်းမှာ ရှိသမျှ တရားအားလုံး (သဗ္ဗ)ကို ဖော်ပြပါဆိုရင် ဒီဣနြေ္ဒ(၆)ပါးက လွဲလို့ တခြား ဘာမျှမရှိပါဘူး။ ခန္ဓာကိုယ် အတွင်းပိုင်းမှာ ရှိသမျှတရား အားလုံး ဆိုတာ မြန်မာလို ပြောရမယ်ဆိုရင်တော့ မျက်စိရယ်၊ နားရယ်၊ နှာခေါင်းရယ်၊ လျှာရယ်၊ ကျန်တဲ့ ခန္ဓာကိုယ်ကြီးရယ်၊ အတွင်းက သိတတ်တဲ့ မန(စိတ်)ရယ်၊ ဒီ(၆)မျိုးပဲရှိပါတယ်။ ခန္ဓာကိုယ် အပြင်ဘက်မှာ သတ္တဝါတစ်ဦး တစ်ယောက် ပိုင်ဆိုင်နိုင်သမျှ တရားအားလုံး(သဗ္ဗ)ဆိုတာကလဲ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ အတွေးဆိုတဲ့ ဒီအာရုံ(၆)မျိုးက လွဲလို့ တခြားမရှိတော့ပါဘူး။ ဒါကြောင့် အလုံးစုံကို သိမြင်တော်မူတဲ့ သဗ္ဗညု ဘုရားရှင်တို့ဆိုတာ အတွင်းမှာရှိတဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့နဲ့အပြင်က အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ အတွေး(ဓမ္မာရုံ)ဆိုတဲ့ အာရုံ(၆)ပါး တို့ရဲ့  သဘောသဘာဝ အပြည့်အစုံကိုလဲ သိတယ်၊ ဒီအတွင်းရှိသမျှ (သဗ္ဗ)နဲ့ အပြင်မှာရှိသမျှ(သဗ္ဗ)တို့ တိုက်ဆုံမှု (ဖဿ) ကို အကြောင်းပြုပြီး (၁) သတ္တဝါတို့ သံသရာမှာ ကျင်လည် ကြရခြင်းကိုလည်း သိတယ်၊ (၂) ကျင်လည်ရခြင်းရဲ့ အကြောင်း ကိုလည်း သိတယ်၊ (၃) သံသရာမှ လွတ်မြောက်ခြင်းကိုလည်း သိတယ်၊ (၄) လွတ်မြောက် ရခြင်းရဲ့ အကြောင်းကိုလည်း သိတယ် ။ လောကမှာ ရှိတာဟူသမျှ ဆိုရင်လဲ ဒီ(၆)စုံသာရှိပြီး သိစရာဆိုလို့လဲ ဒီ(၄)ချက်ပဲရှိပါတယ်။ဒီသိစရာ(၄)
ချက်ကို ထိုးထွင်း သိမြင်တာကိုလည်း သစ္စာ(၄)ပါးကို ထိုးထွင်းသိမြင်တယ်လို့ ဆိုရသလို၊ သိစရာရှိသမျှ အားလုံးကို အပြည့်အစုံ သိတယ် (သဗ္ဗညူ ) လို့လည်း ခေါ်ရပါတယ်။

ရှင်တော်ဗုဒ္ဓ သိရမယ့် သဗ္ဗ(အားလုံး)ဆိုတာ အတွင်းဣနြေ္ဒ (အာယတနလို့လဲခေါ်တယ်) (၆) ခုနဲ့ အပြင်အာရုံ (၆)မျိုးရယ်၊ အတွင်းနဲ့ အပြင်တိုက်ဆုံမှုကို အကြောင်းပြုပြီး သိစရာ (၄)မျိုးရယ်ကလွဲလို့ တခြားဘာမျှမရှိပါဘူး။ သဗ္ဗညုတ ဉာဏ်တော် ရဲ့ နယ်ပယ်မှာရှိတာ အားလုံးဆိုရင် ဒီ(၆)စုံပါပဲ။ သိစရာ မှန်သမျှကလဲ ဒီ (၄)မျိုးပဲရှိတယ်။ ဒီဣနြေ္ဒ(၆)ခုဟာ အတွင်းမှာရှိတဲ့ အလုံးစုံ(သဗ္ဗ)ဖြစ်သလို၊ သံသရာနဲ့နိဗ္ဗာန်၊ တနည်း ပြောရင်တော့ ကာမသုခလ္လိကာ နုယောဂလမ်း၊ အတ္တကိလမထာ နုယောဂ လမ်းဆိုတဲ့ အစွန်း(၂)ပါးနဲ့ မဇ္ဈိမပဋိပဒါလမ်းတို့ရဲ့ အဓိက “ဆုံမှတ်”နေရာလည်း ဖြစ်ပါတယ်။ သဿတဒိဋ္ဌိ နဲ့ ဥစ္ဆေဒဒိဋ္ဌိ အစွန်း(၂)ပါးနဲ့ မဇ္ဈိမပဋိပဒါ-သမ္မာဒိဋ္ဌိ တို့ရဲ့ အဓိက “ဆုံမှတ်”နေရာလည်း ဖြစ်ပါတယ်။ ဒီဣနြေ္ဒ(၆)ခု ကို မှီတွယ် ပြီး ဖဿတွေ ဖြစ်ပွားတယ်။ ဖဿ ကို အခြေခံ ပြီး သံသရာနဲ့နိဗ္ဗာန် ဆိုတာတွေ ဖြစ်လာရတာ မို့ ဒီတရားတွေ အကြောင်း (ဖြစ်ပေါ်ရာ- ချုပ်ငြိမ်းရာ နဲ့ ချုပ်ငြိမ်းစေတဲ့လမ်း အမှန်) တွေ ကို သိ ရင် အလုံးစုံကို သိ တယ် လို ဆိုနိုင်ပါတယ်။

ဒီစကားရပ်ကို ဒီမြန်မာ ဗုဒ္ဓဘာသာဝင်တွေ အလေးအနက် သိရှိသဘောပေါက်စေချင်ပါတယ်။သဗ္ဗညုဆိုတာ ဘာမဆို အကုန်လုံးကို သိတယ်။ အနုမြူဖော်မြူလာတွေ၊ အခုပေါ်နေတဲ့ ကွန်ပြူတာ ပညာရပ်တွေ သိပ္ပံပညာရပ်တွေ အားလုံး ကို ရော မြတ်စွာဘုရားရှင် သိတယ် စသဖြင့် ဆွေးနွေးငြင်းခုံနေကြတာတွေ ကို ရပ်တန့် သင့် ကြပါပြီ။  တကယ်တော့  ရှင်တော်ဗုဒ္ဓ ရဲ့  သဗ္ဗညုတဥာဏ်တော် ဆိုတာ ထွေထွေရာရာအချက်အလက်တွေကို သိတဲ့ (Factual Knowledge) မျိုးမဟုတ်ပဲ လောက-လောကရဲ့  အကြောင်းတရား - လောကချုပ်ငြိမ်းရာ-လောကချုပ်ငြိ
မ်းကြောင်း အကျင့်မြတ် စတာတွေ ကို ယေဘုယျဥပဒေသ သဘောအရ အကြွင်းမဲ့ သိတဲ့ (Principle Knowledge) သာဖြစ်တဲ့ အကြောင်း ကို ကွဲကွဲပြားပြား နားလည် သဘောပေါက်အောင်  လေ့လာကြပါ လို့  ပြောကြားရင်း ဒီ လေ့လာချက်ကို နိဂုံးချုပ်အပ်ပါတယ်။

( လင်း ထက် ဆွေ )

  1 comment:

  1. အခုလို တင်ထားပေးလို့ ကျေးဇုးတင်ပါတယ် ကို လူဗိုလ် ရေ
    (လင်းထက်ဆွေ)

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...