Friday, November 25, 2011

ဟင်းလင်းပွင့် ပညာမျှော်စင် (သို့မဟုတ်) ဆမ်မျှူရယ် ဟန်တင်တန် -အပိုင်း(၂)

 (ဆရာလင်းထက်ဇော် ဘာသာပြန်မူရင်း- Wave Magazine)

by Peace Ful on Friday, November 25, 2011 at 8:57pm
ကျမ်းပြုဆရာ ဟန်တင်တန်

လူ့ သဘာဝက ဆံခြည်မျှင်သွေးကြောလေးတွေ ကိုသာ ရွေးလိုကြသည်။ (အလွယ်ကြိုက်သည်)။ လည်ပင်းသွေးပြန်ကြောကြီးဆိုလျှင် ဘယ်သူကမှ မရွေးလို။ (အခက်အခဲကို မကြိုက်)။ ဆမ်ကတော့ သွေးကြောမကြီးကိုသာ ရွေးလေ့ရှိသည်။ သူ့ စာဖတ်ပရိသတ်နှင့် တွေ့ လေတိုင်း၊ သူကယခုလို မေးလိမ့်မည်။ "ကမ္ဘာပေါ်မှာ ရှင်းပြဖို့ လိုမဲ့ ကိစ္စကြီးတွေဟာ လာဖြစ်မလဲ"။ ပြီးလျှင် အကြီးကြီးတွေကို စာရင်း ချပြပါလိမ့်မည်။ 'ကိုလိုနီအလွန်ဖြစ်ထွန်းမှု'၊ '၁၉၇၀ ပြည့်လွန်နှစ်များက အမေရိကန်နိုင်ငံရေးတွင် ဖြစ်တည်ခဲ့သော ထိန်းချုပ်ခြင်းငှာ မစွမ်းသာသော စုပ်ဝဲကြီး'၊ 'စစ်အေးတိုက်ပွဲ ဆုံးခန်းတိုင်သည်နှင့် ပြန်လည်နိုးထလာသော လူမျိုးရေး၊ ဘာသာရေး အမှတ်အသား သရုပ်များ"...စသည်ဖြင့်။
သူ့ နိဂုံးချုပ်များကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အားလုံးက ရင်သပ်ရှုမော အံ့သြကြရသည်မှာ သူ၏တုန်လှုပ်မှုကင်းသော 'ပညာရှင်သမာဓိ'ပင်။ ဤကိစ္စနှင့် ပတ်သက်ပြီး ဝေါ်လတာလစ်(ပ)မန်က ယခုလိုမှတ်ချက်ပြုဖူးသည်။ "လူတော်တော်များများက ကိုယ့်စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်းမပြောရဲကြဘူးဗျ။ ပဲ့တင်သံကို ကြောက်ကြတယ်လေ။ အထူးသဖြင့် လူတွေ မကြိုက်လောက်ဘူးထင်ရင်၊ မှန်တယ်ထင်ဦးတော့ ရေငုံနှုတ်ပိတ်နေကြတာများတယ်။ ဒါပေမဲ့ ဆမ်ကတော့ ဒီလိုမဟုတ်ဘူးဗျ။ သူ့ အတွက် ကဲ့ရဲ့၊ ချီးမွမ်းက အရေးမပါဘူး။ စာဖတ်ပရိသတ်အတွက် ဥာဏ်အလင်းဖြန့် ဖို့ပဲ သူစိတ်ဝင်စားတယ်...။"

ဟန်တင်တန် ပြုစုခဲ့သော ကျမ်းများထဲမှ ကျွန်တော့အထင် အရေးအကြီးဆုံး ဖြစ်ဖွယ်ရှိသည်မှာ 'ပြောင်းလဲနေသော လူ့ အဖွဲ့ အစည်းများရှိ နိုင်ငံရေးအစီအစဉ်' (Political Order in Changing Societies) ဖြစ်ပါလိမ့်မည်။ ဤစာအုပ်က ကျွန်တော့လောကအမြင်ကို အမှန်ပင်ပြောင်းစေခဲ့သည်။ "တရုတ်ပြည်ကြီး ပို၍ ပို၍ ချမ်းသာလာသည်နှင့်အမျှ၊ ဒီမိုကရေစီနှင့် ပိုနီးလာမည်လော" ဆိုသော မေးခွန်းအတွက် ဦးနှောက်စားနေသည်ဆိုငြားအံ့။ "ဤစာအုပ်ကို ဖတ်ပါ" ဟု ညွှန်းလိုသည်။ ဟန်တင်တန်က စာဖတ်သူကို သမိုင်းထဲသို့ ခေါ်သွားပါလိမ့်မည်။ ပြီး အမေရိကအတွက် ဘာကြောင့်ခက်ခဲသောကာလနှင့်ရင်ဆိုင်နေရသည်ကို နားလည်စေလိမ့်မည်။ စီးပွားရေးခေတ်မီလာသည်နှင့် လူ့ အဖွဲ့ အစည်းများ ဒီမိုကရက်တစ် ဖြစ်၊မဖြစ် ဆိုသည်ကို သဘောပေါက်စေလိမ့်မည်။ ကျွန်တော် ဤစာအုပ်ကို ဖတ်စဉ်က အသက် ၂၂၊ ၂၃ လောက်သာ ရှိပါလိမ့်ဦးမည်။ သို့ နှင့်တိုင်၊ ယနေ့ ထက်တိုင် ပြက်ပြက်ထင်ထင် မှတ်မိနေဆဲ။ အသက် ၄၆နှစ် အရွယ်အထိ စွဲစွဲမြဲမြဲ မှတ်မိနေသော စာအုပ်ဆို၍ ဘယ်လောက်များများ ရှိနိုင်ပါမည်နည်း။

ပါမောက္ခဆမ်တွင် သန်စွမ်းသော စိတ်အားထက်သန်မှုရှိသလို၊ စွဲမြဲသော ယုံကြည်မှုလည်းရှိသည်။ မှတ်မိပါသေးသည်။ တစ်ခါသော် သူ့ စာအုပ်တစ်အုပ်နှင့်ပတ်သက်ပြီး  ဒေါသတကြီး ထိုးနှက်တိုက်ခိုက်ထားသော ဝေဖန်စာတစ်ပုဒ်ကို ဖတ်ရ၍ သူ့ကိုမေးဖူးသည်။ 'ဆရာ ဘာလို့ မတုန့် ပြန်တာလဲ' ပေါ့။ ထုံးစံအတိုင်း သူကလေအေးလေးနှင့်ပြောပြပါသည်။ "ကိုယ့်အလုပ်ကိုယ်လုပ်တာပဲကွာ။ မကြိုက်ရင်တိုက်ခိုက်ခွင့်ရှိပါတယ်။ ကိုယ့်ဘက်က ဘာဖြစ်တယ်၊ ညာဖြစ်တယ် မတုန့် ပြန်ချင်ပါဘူး။ အကျိုးမရှိဘူးလေ။ အရေးကြီးတာက နောက်စာအုပ်တစ်အုပ်ရေးဖို့ ။ဒါလည်း ကြိုက်ချင်မှ ကြိုက်မှာပါ။ ဘယ်တတ်နိုင်မလဲ။ ရေးသင့်ရင်တော့ ရေးရမှာပဲ..."။ ဤအမြင်သည်ပင် ကျွန်တော့်ဆရာကို ပညာရှင်တစ်ယောက်ဖြစ်စေသော စိတ်ဓါတ်ခွန်အားဖြစ်မည်ထင်ပါသည်။ အမှန်စင်စစ် သူသည် ကျွန်တော်တို့ အားလုံးလိုပင် အရေထူလှသည်တော့မဟုတ်။ သို့ သော် ဆဲသံ၊ ဆိုသံ၊ တိုက်ခိုက်သံကြားတွင် သူ့ မစ်ရှင်ကို အပျောက်မခံ။ ဘ၀ပေးတာဝန်အဖြစ်ခံယူပြီး စိုက်လိုက်မတ်တတ် ခရီးဆက်သည်။ ဒါပဲ....။

မူနဲ့ လူ

ဆမ်မှာ "မူ" ရှိ ရှိ နှင့်ရပ်တည်သူမျိုးဖြစ်သည်။ သို့ သော် သူလိုက်နာစောင့်ထိန်းသည်မှာ အများကြိုက်၊ အများညီ "မူ" မျိုးမဟုတ်။ 'အများညီ ဤကျွဲဖတ်' ဆိုသူတွေထဲမှာ သူမပါ။ သူ ဒါရိုက်တာအဖြစ် တာဝန်ယူထားသော 'အိုလင်း အင်စတီကျု' တွင် ကျင်းပသည့် အုပ်ချုပ်ရေးဆိုင်ရာ အစည်းအဝေးတစ်ခုကို မှတ်မိပါသေးသည်။ ဤအစည်းအဝေးကို သူက သဘာပတိမူသည်။ လက်ထောက်အုပ်ချုပ်ရေးမှူးက အင်စတီကျုမှ ထုတ်ဝေမည့် လက်ကမ်းစာစောင်တွင် တက္ကသိုလ် အလိုကျ စာသားတစ်ခုထည့်ဖို့ အဆိုတင်သည်။ 'အာဖရိကန်-အမေရိကန် နွယ်ဖွားနှင့် ဟစ်စပန်နစ်နယ်ဖွားကျောင်းသားများ သူတေသနထောက်ပံ့ကြေး လျှောက်ကြပါ။ ဦးစားပေး စဉ်းစားပါ့မယ်' ဆိုသောစာသား။ ငှာနမှူးအားလုံးက ဒါ လုပ်ရိုးလုပ်စဉ်ပဲလေ၊ ထည့်လိုက်ပါ" ဟုဆိုကာ ထောက်ခံကြသည်။ ဆမ်က သည်လို မဟုတ်။ သဘာပတိ စင်မြင့်ထက်မှ အပြင်းအထန် ကန့် ကွက်လေတော့သည်။ "အသားအရောင်နဲ့ လူမျိုးကို ကြည့်ပြီး ခွဲခြားဆက်ဆံလို့ ဘယ်ဖြစ်မလဲဗျ။ ကျုပ်ကန့် ကွက်တယ်"။ သူ လက်ခံယုံကြည်သောမူနှင့် ပတ်သက်လျှင် အသေးအဖွဲကအစ အလျော့မပေး။ ခေါင်းမာသည်။

ဆရာတစ်ယောက်အနေနှင့် ဆမ်မှာ မူရှိသည့်တိုင် လူသားမျက်နှာစာကို မမေ့မလျော့ အလေးထားတတ်သူဖြစ်သည်။ သူ့ ကိုကြည့်လိုက်လျှင် WASP (White Anglo-Saxon Protestant) လက္ခဏာ အပြည့်ရှိသည်။ တည်သည်။ ငြိမ်သည်။ မာသည်။ သို့ သော် သူ့ နှလုံးသားက ကြည်သည်။ လှုပ်သည်။ ပျောင်းနွဲ့ သည်။ ကျောင်းသားတွေ တစ်ပြုံတစ်မကြီး အိမ်ခေါ်ချက်ပြုတ်ကျွေးမွေးတတ်သော ဆရာမျိုး အတော်ရှားပါလိမ့်မည်။ ဤသို့ သော ရှားရှားပါးပါး ဆရာများထဲတွင် ဆမ်ပါသည်။ သူနှင့်သူ့ ဇနီး နန်စီတို့ က ဒါမျိုးဝါသနာထုံသည်။ ကျွန်တော်တို့ တစ်တွေ မကြာခဏ စားရသောက်ရသည်။ ဟားဗတ်တက္ကသိုလ်ကြီးကို ဂုဏ်တတက်စေသည့် အကောင်းဆုံး အရည်အသွေးအချို့ ကို ပါမောက္ခဆမ်က ကိုယ်စားပြုပါသည်။ 'ပညာ' နှင့် 'မေတ္တာ'ကို အချိုးညီစွာ ပေါင်းစပ်ထားသော ရှားရှားပါးပါး အရည်အသွေးဖြစ်သည်။

ကျွန်တော့်အတွက်တော့ ကျွန်တော့ဆရာ ဟန်တင်တန်မှာ မြင့်မြင့်သွန်သွန် ပညာမျှော်စင်ကြီး ဖြစ်ပါသည်။ မည်သို့ သော အကာအကွယ်အတားအဆီးမှ မရှိ။ ဟင်းလင်းပွင့်မျှော်စင်ကြီးဖြစ်သည်။ သူ့ လိုလူမျိုး ကျွန်တော့်တစ်သက် တစ်ခါမှ မတွေ့ စဖူး။ အသက်ကလေးထောက်လာသည်နှင့်အမျှ ကျွန်တော်စဉ်းစားမိတာ တစ်ခုရှိသည်။ ကျွန်တော်တို့ အနေနှင့် စာအုပ်တွေမှသာမက၊ လူတွေဆီကပါ လေ့လာသင်ယူနိုင်သည်ဆိုသော အတွေးဖြစ်ပါသည်။ ဆမ်တွင် လေ့လာ သင်ယူုလို့ မကုန်သော နှစ်လိုဖွယ်ရာ စရိုက်အပြည့်ရှိသည်။

(လင်းထက်ဇော်)  [ The Waves Magazine-4/11- October-2011]

စာညွှန်း- A Man of Towering Intellect By Fareed Zakaria

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...