Tuesday, November 22, 2011

“သို့ … သားငယ်လေး”

by Nyo Nyo Mar on Tuesday, June 28, 2011 at 1:31pm


သားငယ်လေးရေ … ဒီနေ့ မင်းရဲ့ မေမေနဲ့ တီတီလေးနဲ့ ဖုန်းပြောရတယ် … သားမေမေကပြောတယ် သူရဲ့ ရတနာရွှေကြုတ်ထဲက ပုဂ္ဂိုလ်လေးဟာ သားသားလေးဖြစ်မယ်ထင်တယ် တဲ့လေ … တီလေးက တူမလေးလိုချင်တာကို အခုတော့ တူတူလေးပဲ ရတော့မှာပေါ့ဆိုပြီး သားရဲ့မေမေကိုတောင် စိတ်လုပ်ချင်မိသေးတယ် … (တီလေးက ဒီလိုပြောလို့ တီတီကိုစိတ်မဆိုးနဲ့ဦးနော် … သားငယ်လေးကိုလည်း တီလေးကချစ်တာပါပဲကွ)


ခုချိန်မှာတော့ သားငယ်လေးနဲ့ တီလေးတို့တွေ့ရဖို့ လေးလလောက်တော့လိုဦးမှာပေါ့… ဒါပေမဲ့ သားပေါက်စရောက်လာမဲ့အချိန်ကို တီလေးရော၊ ဦးငယ်လေးရော ပြီးတော့ ဖိုးဖိုးကြီးကပါ မျှော်တလင့်လင့်နဲ့စောင့်မျှော်နေကြရပြီကွဲ့ … သားရဲ့ဖေဖေကတော့ အဆိုးဆုံးနေမှာပေါ့ကွယ် ... ဘာလို့လဲဆိုတော့ သူ့ခမြာ သားငယ်လေး မေမေ့ဆီကိုရောက်လာကထဲကစလို့ ခုချိန်ထိ သားမေမေကိုကောင်းကောင်းမှ မတွေ့ရပဲကိုး … တီလေးကမှ သားပေါက်စကို စမ်းသပ်ထိတွေ့လို့ မိတ်ဆက်ခဲ့ရသေးတယ်နော် …

သားရောက်လာခါစ နှစ်လ သုံးလလောက်မှာ သားမေမေကို ဘာဒုက္ခမှမပေးခဲ့တဲ့အတွက် သားငယ်ကို တီလေး ကျေးဇူးတင်ရတယ် … ဒါဆိုနောက်ပိုင်းမှာရော သားကဒုက္ခပေးလို့လားဆိုပြီး စောဒကမတက်နဲ့ဦးနော် …. သားငယ်လေးရဲ့ မေမေက ဘယ်လိုဒုက္ခအခက်အခဲမျိုးကိုမဆို အပြုံးမပျက်ကြံ့ကြံ့ခံနိုင်တဲ့ မိန်းမတစ်ယောက်ကွဲ့ … သူ့တသက်မှာ သူ့အပေါ် အလွန်ဆိုးနွဲ့လွန်းတဲ့ ညီမတစ်ယောက်ကို ပိုင်ဆိုင်ထားရမှတော့ သားလောက်ကတော့ အပျော့ပဲနေမှာပေါ့ကွ….  (ဒါပေမဲ့ သားမေမေက သားငယ်ကို တနင်္ဂနွေသားလေးဖြစ်မှာတော့ အတော်ကြောက်နေတယ်ဆိုပဲ …. တီလေးခြေရာကိုနင်းပြီး စိတ်ခဏခဏ ကောက်မှာ ကြောက်လို့တဲ့လေ …)

သားငယ်လေးရောက်မလာခင်ကထဲက ဦးဦးဖြစ်ချင်လှပြီဆိုပြီး သားရဲ့ ဦးငယ်လေးက ကြွေးကြော်နေတာကြာလှပြီ … သားပေါက်စရှိနေပြီလို့ သိရတဲ့အချိန်ကစလို့ သူ့မှာ သားမေမေကို စိတ်ပူလိုက်ရတာ အမောပေါ့ကွယ် … ခါတိုင်းဆို သူအိမ်ပြန်လာတိုင်း ဆိုးနွဲ့နေကျ သားမေမေကို တစ်ခုခုထိခိုက်မိသွားမှာ စိုးလို့တဲ့လေ … တီလေးကိုတောင် ငြိမ်ငြိမ်နေဖို့ မကဲဖို့ အမိန့်ထုတ်လိုက်သေး … တီလေးမှာ တစ်နှစ်နေလို့မှ တစ်ခါလောက်တွေ့ရတဲ့ အစ်မနဲ့ မဆော့ရဲ မစရဲလောက်အောင်ပါပဲ … ကြီးလိုက်တဲ့ သားမျက်နှာနော် …

သားဖိုးဖိုးကလည်း ဦးဖိုးသဲပါကွယ် … သားငယ်လေးမေမေက ခုံလေးပေါ်တင်ထားတဲ့ ဆီပုံးလေးထဲကနေ ဆီငှဲ့မှာကို သားပေါက်စကို ထိခိုက်သွားမှာစိုးလို့တဲ့ … အိမ်ရှေ့ရောက်နေတဲ့ တီလေးကိုလှမ်းခေါ်ပြီး ခိုင်းတယ်တဲ့လေ … သားငယ်ကိုတောင် တီလေး နည်းနည်းမနာလိုဖြစ်လာပြီ … အဟုတ် !!! … ပြီးတော့ သူ့မြေးလေးအားဖြစ်အောင်ဆိုပြီး ငါးပေါက်စလေးတွေကို ငါးပေါင်းကြော် ကိုယ်တိုင်ကြော်လို့ သားမေမေကို ကြိုက်ကြိုက် မကြိုက်ကြိုက် စားရမယ်ဆိုပြီး ကျွေးသေးတယ် … သားပေါက်စကတော့လေ တီလေးသိပ်ချစ်တဲ့ အစ်မကို အပိုင်သိမ်းသွားရုံတင် မကဘူး တီလေးရဲ့ဖေဖေကိုပါ သားနဲ့ဝေစုခွဲပြီးချစ်ရတော့မယ် ထင်ပါရဲ့ ….

သားပေါက်စလေးဟာ ဘယ်သူနဲ့တူမှာပါလိမ့် ဆိုတာကိုတွေးမိရုံနဲ့တင် သားမေမေကတော့ မသိဘူး တီလေးတော့ တော်တော်ကို စိတ်လှုပ်ရှားနေရတယ် … သားဖေဖေနဲ့ မတူအောင် ဆုတောင်းနေတယ်ဆိုရင် သားဖေဖေက တီလေးကို စိတ်ဆိုးပြီး အပ်တုံးတုံးကြီးနဲ့ ဆေးလိုက်ထိုးမယ်ထင်တယ်နော် … တကယ်လဲ မတူစေချင်ဘူး သားရဲ့ … သားဖေဖေက တီလေးရဲ့နာမည်ထက်တောင် အရောင်ပိုရင့်ချင်သေးတာမဟုတ်လား … သားငယ်လေးရဲ့မေမေကတော့ သားလေးအသားဖြူစေဖို့ နွားနို့တွေနေ့တိုင်းသောက်နေပါသတဲ့လေ …

တီလေးနဲ့ ဦးငယ်လေး အိမ်ပြန်တုန်းကလည်း သားရဲ့ အသားဖြူရာဖြူကြောင်း အကြံကောင်းနဲ့ ကြံစည်ခဲ့ကြသေးတယ် … သားဖွားဖွားက မော်လိုက်ဆိုတဲ့မြို့လေးမှာ ချင်းတွင်းမြစ်ရေနောက်နောက်တွေကိုချိုးခဲ့ရင်းနဲ့ သားမေမေကလူဖြစ်လာတာတဲ့လေ … သားလဲ တစ်နေ့တွေ့မှာပါ … သားမေမေက တီလေးတို့မောင်နှမထဲမှာ သူတစ်ယောက်ထဲ အသားဖြူနေတာလေ … ဒီတော့ တီလေးတို့ အငယ်နှစ်ယောက်က သားမေမေချိုးတဲ့ ကလေးမြို့အိမ်ကရေက ကြည်လင်နေလို့ ရွှံ့လက်တစ်ဆုပ်ထည့်မွှေပေးမယ် … ပြီးမှချိုးဆိုပြီး သားမေမေကိုစခဲ့ကြသေးရဲ့ …

ခုချိန်ဆို နောက်တစ်ပတ်လောက်မှာ သားဖေဖေနဲ့ တွေ့ရတော့မှာမို့ သားငယ်လေးမေမေလည်း ပျော်နေလောက်ရောပေါ့ … တီလေးကလည်း ခွင့်ရရင် ရသလို သားပေါက်စဆီကို လာခဲ့ဦးမယ်ကွဲ့ … သားငယ်လေးနဲ့ တီလေးက ဝေးနေပေမဲ့ တီလေးရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် သားပေါက်စကလည်း တီလေးကို ရင်းနှီးချစ်ခင်နေလိမ့်မယ် လို့တီလေး ယုံကြည်နေပါတယ် ….

သားလေးဟာ တီလေးတို့မိသားစုအတွက် လာခြင်းကောင်းသော လူကလေးဖြစ်ပါစေ….

(သားငယ်လေးရေ … တီလေးပြောပြတာမှာ ဖွားဖွားအကြောင်း မပါလို့ သားကိုဖွားဖွားကမချစ်ဘူးဆိုပြီး ရွှေစိတ်တော် မညှိုးလိုက်ပါနဲ့ဦး… သားရဲ့ဖွားဖွားအကြောင်းကို တီလေးနောက်ကျမှပြောပြမယ်နော်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...