အင်တာနက်မှ ကူးယူခြင်း၏ နောက်ဆက်တွဲ ကျင့်ဝတ်ချိုးဖောက်မှုများ
by လုလင် ငယ် သွေး on Monday, November 21, 2011 at 12:00pm
အခုတလော
ဘလော့ဂ်တွေပေါ်မှ စာများ၊ ဆောင်းပါးများ၊ ရုပ်ပုံများကို အခြားသူများက
ကူးယူပြီး မိမိ ကိုယ်တိုင် ဖန်တီးထားသယောင် ပြုလုပ်မှုများ အကြောင်း
ဟိုတစ်စ ဒီတစ်စ အသံတွေ ကြားနေရပါတယ်။ ပြည်တွင်းစာနယ်ဇင်း တချို့ က
အွန်လိုင်းပေါ်မှ ဘလော့ဂ်များပေါ်မှာ စာများကို ကူးယူကာ မိမိတို့
ကလောင်အမည်တပ်ကာ ပုံတူကူးချမှုများကို မကြာခဏ ကြုံတွေ့နေကြရပါတယ်။
အွန်လိုင်းပေါ်မှာ စာရေးတယ်ဆိုတာက အခမဲ့ဖြန့်ဝေခြင်းပါပဲ။ ဒီလို
အခမဲ့ဖြန့်ဝေနေတဲ့အတွက် အခမဲ့ ကူးယူခွင့်ရှိပါသလား ဆိုတဲ့ မေးခွန်းမျိုး
စိတ်မှာ ဖြစ်ပေါ်လာရပါတယ်။ စာရေးတယ်ဆိုတာက မိမိရေးတဲ့စာကို ဖတ်ကြတယ်ဆိုရင်
ဒါ ကျွန်မတို့ရဲ့  စာရေးရခြင်း ရည်ရွယ်ချက် အောင်မြင်တာပါပဲ။ ဒါထက်ပိုလို့
ကိုယ်ရေးတဲ့စာဟာ စာဖတ်သူအတွက် တစ်စုံတစ်ရာ အကျိုးကျေးဇူး
ရရှိသွားမယ်ဆိုရင် စာရေးသူရဲ့  စာရေးရခြင်း ရည်ရွယ်ချက်
ပိုမိုအောင်မြင်တာပါပဲ။
မိမိရေးလိုက်တဲ့စာ၊ အခမဲ့ မျှဝေထားတဲ့စာကို သူတစ်ပါးက အခမဲ့ ကူးယူခြင်း၊ ထိုစာကို သူတစ်ပါး၏ အတွေးအခေါ် ဥာဏ်ပညာတို့ အတွက် တစ်စုံတစ်ရာအကျိုးရှိအောင် သုံးတယ်ဆိုရင် မည်သည့် စာရေးသူ မဆို ၀မ်းမြောက်ပျော်ရွှင်ကြမှာပါပဲ။ ဒါပေမယ့် ကျွန်မတို့က စာဖတ်သူတွေကို အခမဲ့ ဖြန့်ဝေသော်လည်း ကျွန်မတို့ရဲ့  စာမူများကို ကူးယူပြီး စာဖတ်သူများထံ အခကြေးငွေဖြင့် ဖြန့်ဖြူးရောင်းချခြင်းအပေါ်မှာ စာရေးသူ တစ်ယောက်က ဘယ်လို ခံစားရမယ်ဆိုတာ ကျွန်မတို့ စာရေးသူ ဖန်တီးသူ အချင်းချင်း နားလည် ကိုယ်ချင်းစာနိုင်ပါတယ်။
စာတစ်ကြောင်း၊ ကဗျာတစ်စ၊ သီချင်းတစ်ပိုဒ်ကို ရေးစပ်လျှင်၊ ရေးဖွဲ့လျှင် ထိုသီချင်းတစ်ပိုဒ်၊
စာတစ်ကြောင်း၊ ကဗျာတစ်စဟာ ဖန်တီးသူ၊ ရေးစပ်သီကုံးသူရဲ့  မူပိုင် အလိုလိုဖြစ်သွားပြီးသားပါ။ မူပိုင်ခွင့် မှတ်ပုံတင်ထားသည် ဖြစ်စေ ၊ မတင်ထားသည်ဖြစ်စေ၊ စာတစ်ကြောင်းကို ရေးလိုက်တယ်ဆိုတာနဲ့ အဲဒီ စာတစ်ကြောင်းဟာ ဖန်တီးသူရဲ့ မူပိုင်ခွင့် အလိုလို ကာကွယ်ပြီးသားဖြစ်တယ်ဆိုတာကို World Intellectual Property Organization က ဆိုထားပါတယ်။
ကိုးကား။ ။ http://www.wipo.int
အင်တာနက်ပေါ်မှာ ရေးသားတဲ့ ကိုယ်ပိုင် အတွေးအခေါ်၊ ကိုယ်ပိုင် ဖန်တီးရေးသားမှုများကရော မူပိုင်ခွင့်ရှိပါသလားဆိုတဲ့ အမေးကို www.lawfirms.com က အောက်ပါ အတိုင်း ဖြေကြားထားပါတယ်။
Q. Are my original ideas and written works protected if they are on the internet?
A. Yes, they are protected to a certain extent. If you want to ensure that they are safe, you should file for copyright and post that copyright notice along with those works. However, your intellectual property is still protected – even if you do not actually file for a copyright.
မူပိုင်ခွင့် မှတ်ပုံတင်ထားစရာမလိုဘဲ စာရေးသားလိုက်တာနဲ့ ကိုယ်တိုင်ဖန်တီးသူသာ မူပိုင်ဖြစ်ကြောင်းကို အလိုလို မူပိုင်ခွင့် ကာကွယ်ပြီးသား ဖြစ်ပါတယ်။
အမေး၊ အဖြေ အပြည့်အစုံကို ဒီမှာ www.lawfirms.com/resources/intellectual-property/intellectual-property-faq.htm ဖတ်ရှုနိုင်ပါတယ်။
မြန်မာနိုင်ငံမှ လူအများစု လွဲမှားစွာ ထင်မြင်နေကြတာ တစ်ခုက အင်တာနက်ပေါ်မှာ ရှိတဲ့ အရာတွေဟာ အလကား ယူလို့ ရတယ်လို့ ထင်နေတာပါပဲ။ အင်တာနက်ပေါ်မှာ တင်ထားတဲ့အရာမှန်သမျှဟာ အခကြေးငွေပေးပြီး ဖတ်စရာမလိုဘဲ ၊ အခမဲ့ ဖတ်ရှုနိုင်ခြင်းကြောင့် အလကားရယူနိုင်တယ်ဆိုတာမျိုး သဘောပိုက်ထားကြပါတယ်။ ၀က်(ဘ်)ဆိုက်(တ်) တစ်ခုကို ရရှိဖို့ အတွက် ဒိုမိန်းဆိုတာ အလကား မရပါဘူး။ ထိုဝက်(ဘ်)ဆိုက်(တ်)ကို အင်တာနက်ပေါ်မှာ တင်ထားဖို့ အတွက် ဟို့စ်တင်း ဆိုတာ အလကား မရရှိပါဘူး။ ဒိုမိန်းအမည်ကို ၀ယ်ယူမှတ်ပုံတင်ရပါတယ်။ ဟို့စ်တင်းကို ၀န်ဆောင်မှု ၀ယ်ယူရပါတယ်။ ဒါဟာ ၀က်ဘ်ဆိုက်တ်ဖန်တီးသူတွေဘက်က အခကြေးငွေပေးရခြင်းပါ။ ၀က်ဘ်ဆိုက်တ်ကို ဖတ်ရှုသူတွေ အနေနဲ့ကတော့ အခကြေးငွေ ပေးစရာမလိုတဲ့အတွက် ၀က်ဘ်ဆိုက်တ်ပေါ်မှာ ပါဝင်တဲ့ အရာတွေဟာ အခမဲ့၊ အလကားရတယ်လို့ စေတနာကို လွဲမှားစွာ ယူဆကြပါတယ်။ ဒိုမိန်းအမည် (၀က်ဘ်ဆိုက်တ် အမည်)၊ ဟို့စ်တင်းဟာ သူ့ အလိုလို အလကား မရရှိပါဘူး။ မှတ်ပုံတင်ပြီးတော့ ၀ယ်ယူမှသာလျှင် ရရှိပါတယ်။
copy ၊ paste ဆိုတာ သိပ်ကို လွယ်ကူပါတယ်။ စက္ကန့်ပိုင်းမျှသာ ကြာတဲ့ အချိန်အခိုက်အတန့်လေးမှာ ကူးယူခြင်း ဖြစ်မြောက်နိုင်မှာပေမယ့် အဲဒီ စာများကို ရေးသားဖန်တီးသူကတော့ စက္ကန့်ပိုင်းလေး အချိန်မှာ ရေးသားဖန်တီးခဲ့ခြင်း မဟုတ်ခဲ့ပါဘူး။ သူ့ရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်၊ သူရှာမှီးထားတဲ့ ဗဟုသုတများ၊ လေ့လာ သင်ယူထားမှုများကို စုဆောင်းထားတဲ့ အတွေးအခေါ်၊ ပညာရပ် စသည်တို့ကို စာဖတ်သူတို့က တခဏအတွင်း ကူးယူနိုင်လိုက်တာ သူ့ စေတနာပါ။
စာပေ ရေးသားသူရဲ့  မူပိုင်ခွင့် အခွင့်အရေးဆိုတာ မူလပိုင်ရှင်ရဲ့  မူပိုင်ခွင့်အခွင့်အရေးနဲ့ ထပ်တူပဲဆိုတာကို PRIVATE INTERNATIONAL LAW AND INTELLECTUAL PROPERTY RIGHTS ၊ A COMMON LAW OVERVIEW က Ownership and Commercial Dealings အပိုင်းမှာ အောက်ပါအတိုင်း ဆိုထားပါတယ်။
Accordingly, because “the essence of an intellectual property right is the owner’s right to take action to prevent others from engaging in certain types of activity in a given territory,”
တစ်ပါးသူ ဖန်တီး ရေးသားထားတဲ့ စာများကို ကူးယူပြီး ပုံနှိပ်ကာ ဖော်ပြ ရောင်းချခြင်းဟာ စာနယ်ဇင်း ကျင့်ဝတ်ကို ချိုးဖောက်တာပါ။ စာနယ်ဇင်းတစ်ခုမှာ အယ်ဒီတာဟာ အရေးကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အယ်ဒီတာ တစ်ဦးရဲ့  တာဝန်က ကြီးမားလှပါတယ်။ စာမူတစ်ခု ရောက်လာလျှင် ထိုစာမူဟာ နိုင်ငံရေး ပတ်သက်ငြိစွန်းမှု ရှိ မရှိ၊ အခြား နေရာများမှ ကူးယူထားခြင်း ရှိ မရှိ အယ်ဒီတာက စိစစ်ရပါတယ်။ ဘာသာပြန်ထားသော စာမူများ၊ ကိုးကားရေးသားထားသော စာမူများမှာ ကိုးကားချက်နှင့် ဘာသာပြန်ဆိုမှုကို ၀န်ခံချက်များ ပါရှိခြင်း ရှိ မရှိကို သေချာစွာ စစ်ဆေးရပါတယ်။ အယ်ဒီတာတစ်ဦးဟာ စာပေကို နှံ့စပ်ရပါတယ်။ ဗဟုသုတ ကြွယ်ဝရပါတယ်။ တကယ်လို့များ အယ်ဒီတာတစ်ဦးဟာ သိမြင် နှံ့စပ်ခြင်း မရှိဘူးဆိုလျှင် စာမူရှင်များပေးပို့တဲ့ စာမူများဟာ ကိုယ်ပိုင်ဖန်တီးမှုလား၊ ကူးချပေးပို့မှုလား၊ ဘာသာပြန်ဆိုမှုလား၊ ကိုးကားချက်လားဆိုတာ သိနိုင်မှာ မဟုတ်ပါဘူး။
အယ်ဒီတာ တစ်ဦးဟာ ယနေ့ခေတ်ပေါ် နောက်ဆုံးပေါ် ကမ္ဘာ့သတင်းတွေကို သိရပါတယ်။ စာပေကိုလည်း မိမိအကြိုက်တစ်မျိုးတည်းသာ မဟုတ်ဘဲ လိုင်းစုံအောင် လေ့လာထားရ့ပါတယ်။ ဒါမှသာ စာမူရှင်များဘက်မှ ထည့်သွင်းမရေးသားမိတဲ့ ၀န်ခံချက်များကို အယ်ဒီတာက ထည့်ပေးနိုင်ပါတယ်။
စာမူရှင်များဘက်မှ အင်တာနက်ပေါ်ကနေ ကူးယူမှုများကို စာမူပေးပို့ခဲ့သည် ရှိသော် အယ်ဒီတာ မရွေးချယ်မီကာလမှာ စာမူရှင်၏ တာဝန်ဖြစ်သော်လည်း အယ်ဒီတာက စာမူကိုရွေးချယ်ပြီးနောက် အယ်ဒီတာ့လက်ထဲ ရောက်ရှိနေချိန်မှာ အယ်ဒီတာ၏ တာဝန်သာ ဖြစ်ပါတော့တဲ့အတွက် စာမူများကို မရွေးချယ်မီမှာ အယ်ဒီတာဟာ သေချာစွာ ဖတ်ရှု စိစစ်ရပါတယ်။ အယ်ဒီတာတစ်ဦး၏ ကျင့်ဝတ်၊ တာဝန်နှင့် အခန်းကဏ္ဍမှာ စာနယ်ဇင်းတစ်ခုရဲ့  ပင်မ အသက်ဖြစ်ပါတယ်။
အင်တာနက်ပေါ်မှာ သူတစ်ပါးရေးသား ဖန်တီးမှုများကို ကူးယူကာ ပုံနှိပ်ဖော်ပြ ရောင်းချခြင်း၏ နောက်ဆက်တွဲများမှာ အယ်ဒီတာမှာ များစွာတာဝန်ရှိသလို၊ ကူးယူဖော်ပြသူဟာလည်း စာရေးဆရာတစ်ဦး၏ ကျင့်ဝတ်ကို ဖောက်ဖျက်ခြင်း ဖြစ်သလို၊ ပုံနှိပ်ဖော်ပြသူ စာနယ်ဇင်းမှာလည်း စာနယ်ဇင်း ကျင့်ဝတ်ကို ချိုးဖောက်ခြင်း ဖြစ်တာကြောင့် ဒီလို အင်တာနက်ပေါ်မှ ကူးယူမှုများဟာ သေးငယ်တဲ့ ကိစ္စ မဟုတ်ဘဲ ကျင့်ဝတ်များနှင့် သက်ဆိုင်သော၊ လူတစ်ဦးချင်း၏ morality နှင့်သက်ဆိုင်သော အတိုင်းအတာ တစ်ခု ဖြစ်တဲ့အတွက် အလွန် အရေးကြီး ဂရုပြုရမယ့် ကိစ္စ အကြောင်းအရာ တစ်ခု ဖြစ်ပါတော့တယ်။
http://www.lawka-ahla.com/news.php?item.751
ဟနစံ

0 comments:
Post a Comment