Monday, November 21, 2011

အစရဲ့ တကယ့်အစ

by Tharchit Zaw on Tuesday, November 22, 2011 at 2:26pm
 
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ နိုဝင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၂၆ မိနစ်


၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက်မျှသာ မဟုတ်၊ ကျန်အတိုက်အခံ ဒီမိုကရေစီအင်အားစုများ အားလုံးနှင့် မြန်မာပြည်သူများအတွက် အမှန်ကတယ် သမိုင်းဝင် ခရီးတခု စတင်တော့ မည့်ရက်ဟု သတ်မှတ်နိုင်ပေသည်။

ပြီးခဲ့သည့် ၂၃ နှစ်တာ ကာလတလျှောက်လုံး ပြည်သူများက ဒီမိုကရေစီပြည့်ဝသည့် မြန်မာနိုင်ငံ ပေါ်ထွန်းလာစေရန် သွေးချွေးနှင့် ရင်း၍တိုက်ပွဲဝင်ခဲ့ကြသည်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက တရားဝင် ပြန်လည်မှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြင့်၊ သမိုင်းတွင်မည့် ခြေလှမ်းတရပ် စလိုက်ပြီး နိုင်ငံ၏ အအောင်မြင်ဆုံး ဒီမိုကရေစီပါတီ တရပ်အဖြစ် မြင်တွေ့နိုင်ရန် ယင်း၏အခန်းကဏ္ဍကို ဆက်လက်လှုပ်ရှား ဦးဆောင်သွားလိမ့်မည်ဟု ယူဆရသည်။


NLD ပါတီ မှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ကို ဗဟိုကော်မီတီအဖွဲ့ဝင် ၁ဝ၆ ဦးက တခဲနက် အတည်ပြုခဲ့ကြသည်။ သို့သော် အချို့ ပါတီခေါင်းဆောင် အနည်းစုက ယခု အပြောင်းအလဲများ အပေါ် အသိအမှတ်ပြုရန်နှင့် ယခင် ဗိုလ်ချုပ်ဟောင်းတဦးဖြစ်သူ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်အပေါ် ယုံကြည်မှုပေးရန် အချိန်စောလွန်းသေးသည်ဟု အမြင်ရှိကြသည်။

ပါတီ တရားဝင်ပြန်လည်မှတ်ပုံတင်ရန် ဆုံးဖြတ်ပြီးသည့်နောက် ရန်ကုန်မြို့ NLD ရုံးချုပ်ရှေ့ရှိ ထောက်ခံသူများအကြားတွင် ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ- မဇ္ဈိမ)
သို့သော်လည်း လူတိုင်းလိုလိုက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဒီမိုကရေစီ ရှေ့တိုးဖော်ဆောင်နိုင်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍက ဦးဆောင်ဦးရွက်ပြုနိုင်သည်ကို သဘောတူထားကြသည်။

မည်သို့ပင်ဖြစ်စေ နှင်းခဲပျော်ချိန် သေချာရောက်ပြီဟု ယူဆရတော့မည်။ အဓိကကျသည့် အတိုက်အခံ ပါတီကြီးက
ပြန်၍မှတ်ပုံတင်မည် ဆိုခြင်းကြောင့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ အရှိန်အဟုန် အားကောင်း မြန်ဆန်လာစေမည်
ဖြစ်ပြီး၊ ၈၈- ကျောင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပိုမိုလွတ်မြောက်လာဖို့ မျှော်လင့်ရသည်။

နိုင်ငံရေးအကျဉ်းသားများသည် အစိုးရနှင့် အတိုက်အခံ အုပ်စုအကြား ညှိနှိုင်းရေးတွင် ဈေးခေါ်လျှော့တင်းလုပ်
နေကြသည့် ကိစ္စဟု ဆို၍ရနိုင်သည်။လေ့လာသူများ၏ အဆိုအရ ဒီဇင်ဘာလဆန်းတွင် လာရောက်မည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟေလာရီ ကလင်တန်မလာမီ နိုင်ငံရေး အကျဉ်းသားများ ထပ်မံ လွတ်မြောက်လာဖွယ် ရှိမည်ဟုလည်း ပြောဆိုနေကြသည်။

ထို့အပြင် မြန်မာနိုင်ငံသည် ပထမဦးဆုံးအကြိမ်အဖြစ် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ ဥက္ကဋ္ဌ တာဝန်ကို ယူရတော့မည်ဖြစ်ရာ  လာမည့်နှစ်များတွင် ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်ဖို့ ရှိနေသည်။ မြန်မာ အစိုးရအနေနှင့် ဒေသအရေး ကိစ္စများကို အတိုက်အခိုက် ကင်းကင်းဖြင့် ဦးဆောင်ရန် အရေးသာခဲ့ပြီဖြစ်၍၊ ဒေသ ဆိုင်ရာ စီးပွားရေးပူးပေါင်းမှုအတွက် ချီတက်နိုင်ရန် တိုးမြှင့်ကြိုးပမ်းရန်သာ ရှိတော့သည်။

အစောပိုင်းကာလများက စစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးနှင့် ပတ်သက်၍ NLD ပါတီအတွင်း
နိုင်ငံရေး ဆွေးနွေးငြင်းခုံမှုများ ရှိခဲ့သလို၊ NLD ပါတီ တရားဝင် ပြန်လည်မှတ်ပုံတင်သင့်၊ မတင်သင့် ကိစ္စနှင့် ပတ်သက်၍လည်း ပါတီတွင်းရော၊ ပါတီပ၌ပါ ဆွေးနွေးငြင်းခုံမှုများ အပြင်းအထန်ရှိခဲ့ရာ အကွဲအပြဲရလဒ်များလည်း ရှိခဲ့သည်။

ရွေးကောက်ပွဲ ကာလ NLD ပါတီ၏ အချို့ခေါင်းဆောင်များ ပါတီမှနှုတ်ထွက်ကာ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) အမည်ဖြင့် ပါတီသစ်တရပ် ထူထောင်ခဲ့ကြသည်။ သူတို့က ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကိုယ်စားလှယ်နေရာ ၁၆ နေရာ အနိုင်ရခဲ့ကြသည်။ ထိုအချိန်က NLD ပါတီအနေဖြင့် ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင် မည်ဆိုပါက၊ ထောင်ကျခံနေရသူများကို နိုင်ငံရေးပါတီများတွင်ပါဝင်ခွင့် ပိတ်ပင်ထားသည့် ထူးခြားဆန်းကျယ်သည့် ဥပဒေရှိခဲ့သည်။

မည်သို့ပင် ဖြစ်စေ၊ ရွေးကောက်ပွဲနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံခြင်း၊ သမ္မတ၏ မိသားစုနှင့်အတူ ညစာဖိတ်ခေါ်ဧည့်ခံကျွေးခဲ့ခြင်း စသည့်ဖြစ်ရပ်များအပါအဝင်၊ အပြုသဘော ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်နေသည်ဟု ဆိုနိုင်သည်။

နောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ ပိုမိုလွတ်မြောက်လာသည့်ကိစ္စ၊ သတင်းစာ လွတ်လပ်ခွင့်များ ဖြေလျော့
ပေးလာခြင်း၊ အစိုးရက တိုင်းရင်းသား အပစ်ရပ်အုပ်စုများကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်
အတင်းအကျပ် တောင်းဆိုနေသည့် မူဝါဒများကို ရပ်ဆိုင်းခဲ့ခြင်း စသည့်တိုးတက်မှုများကိုလည်း တွေ့လာရသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် ကြီးလေးပြီး မဖြေရှင်းနိုင်သေးသော ပြဿနာအရေး များစွာရှိနေသေးသည်။ ကချင် တိုင်းရင်းသား အုပ်စုများအပေါ် စစ်ရေးထိုးစစ်များ ဆက်လက်ဆင်နွှဲနေဆဲ ဖြစ်သလို၊ လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း အကျယ်အပြန့် ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ထို့အပြင် နိုင်ငံရေးအကျဉ်းသား များစွာလည်း မလွတ်မြောက်သေးဘဲ ရှိနေကြသေးသည်။

အမှန်ကတယ် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိဖို့ဆိုလျှင် အစိုးရအနေဖြင့် ယင်းပြဿနာများကို စောလျင်စွာ အမြန်ဆုံး ဖြေရှင်းရမည် ဖြစ်သည်။ ယခုအခါ NLD ပါတီက ဒီဇင်ဘာလတွင် ကျင်းပမည်ဟု ခန့်မှန်းရသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သူတို့၏ကိုယ်စားလှယ်များကို ထည့်သွင်းယှဉ်ပြိုင်တော့မည် ဖြစ်သည်။

ဖြစ်လာနိုင်သည့် နောက်တဆင့်မှာ အတိုက်အခံနိုင်ငံရေးပါတီများ အနေဖြင့် ထိရောက်သည့် ညွန့်ပေါင်း အင်အားစု ကို စုစည်း၍ ပါလီမာန်အတွင်း၌ လွှမ်းမိုးထားသည့် ယခင်စစ်အစိုးရနွယ်ဖွား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအစိုးရကို ဖိအားပေးနိုင်တော့မည် ဖြစ်သည်။

NLD ပါတီ၏ ဆုံးဖြတ်ချက်သည် အပေးအယူရလဒ်မှ ထွက်ပေါ်လာခြင်း မဟုတ်သလို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက ယခင်မူများကို ပြောင်းပြန်၊ ပြန်လှည့်ခဲ့ခြင်းလည်း မဟုတ်ပါ။ ဆက်လက် ကျန်ရှိနေသေးသည့် နိုင်ငံ
ရေး အိပ်မက်အတွက် ကဏ္ဍမျက်နှာစာတခု ဖွင့်လှစ်လိုက်ခြင်းသာ ဖြစ်သည်။

ဒေါ်စုက မကြာသေးမီက "ယခုသည် အစ၏ အစ" ဟု ပြောဆိုခဲ့သေးသည်။ သို့သော် ဆက်၍ ရင်ဆိုင်ရန် စိန်ခေါ်မှု
ပြဿနာများစွာ ရှိနေပါသေးသည်။ ဒီမိုကရေစီနည်းမကျသည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်၊ တိုင်းရင်းသားဒေသများတွင် သွေးထွက်သံယိုမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ရပ်ဆိုင်းနိုင်ရန်၊
နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာစေရန်နှင့် ပြည်သူများကို စွမ်းရည်အာဏာ မြှင့်ပေးရန် စသဖြင့် လုပ်ဆောင် စရာ ကိစ္စ များစွာကျန်နေပါသေးသည်။ ယင်းအိပ်မက်များအတွက် နိုင်ငံရေးကွင်းပြင်အတွင်း ထိုက်တန်စွာ တိုက်ခိုက်ယူရဦးမည်လည်း ဖြစ်ပေသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...