မြင်ဖူးခဲ့တဲ့ မျက်လုံးများ
မျက်လုံးဆိုတာ စိတ်ရဲ့ ပြူတင်းပေါက်တဲ့….
လောကကြီးမှာ လူတွေဟာ စိတ်ခံစားချက်တွေအပေါ်မတုန့်ပြန်မိဖို့ တခြားသော ခန္ဒာကိုယ် အစိတ်အပိုင်းတွေကို ထိန်းချုပ်နိုင်ပေမယ့် မျက်လုံးတွေဟာ ထိန်းချုပ်ရခက်ခဲပါတယ်။ စိတ်ထဲမှာ ဘယ်လိုခံစားနေရလည်းဆိုတာကို မျက်လုံးတွေကတဆင့် ခန့်မှန်းကြည့်နိုင်ပါတယ်။ ဒေါသထွက်နေတဲ့အခါ၊ ၀မ်းနည်းတဲ့အခါ၊ ၀မ်းသာတဲ့အခါ၊ လောဘတက်နေတဲ့အခါ ပေါ်လာတဲ့ မျက်လုံးအရောင်ရဲ့ တုန့်ပြန်မှုဟာ စိတ်ခံစားချက်ကို သိသာထင်ဟတ်စေပါတယ်။
လူတွေရဲ့ စိတ်ထဲက ကောင်းမှူတွေ မကောင်းမှူတွေတိုင်းဟာ…သူတို့ ရဲ့ မျက်ဝန်းပေါ်ကနေ အခိုးအငွေ့ တွေ အဖြစ် ပျံ့ လွှင့်နေတတ်တယ်။ တမလွန်ကို သွားခါနီးလူတစ်ယောက်ရဲ့ မျက်လုံး၊ လောကထဲကို ၀င်လာခဲ့ တဲ့  ကလေးလေးတစ်ယောက်က သူအမေကို ကြည့်တဲ့ မျက်လုံးတွေ၊ အဲဒီမျက်လုံးတွေထဲကနေ ပါလာတဲ့အဓိပ္ပါယ်တွေက စကားပြောနေတတ်ပါတယ်။
တက်မက်နေတဲ့ မျက်လုံးမျိုးတွေနဲ့ တချို့ကို… မြင်ဖူးခဲ့ရသလို၊ နောင်တရနေတဲ့ မျက်လုံးမျိုးတွေ၊ ကိုယ်ဘ၀ကို ယုံကြည်မှုမရှိတဲ့ မျက်လုံးမျိုးတွေ ကြုံတွေခဲ့ရတယ်။
ကမ္ဘာပေါ်က လူရောင်စုံအမျိုးမျိုးရဲ့ မျက်လုံးရောင်စုံတွေက တခါတရံ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဖော်ပြတတ်သလို စိတ်ဓါတ်ကိုပါ ပြောပြတတ်တယ်။ အပြာရောင်မျက်လုံး၊ အစိမ်းရောင်မျက်လုံး၊ အညိုရောင်မျက်လုံး၊ အနက်ရောင်မျက်လုံးတွေ၊ မျိုးစုံတဲ့ မျက်လုံးတွေကြားက အကြည့်တွေဟာ စိတ်ထဲပေါ်လာတဲ့ အရာတွေကို ပြောပြနေတတ်သလိုပဲ။
ဝေခွဲမရတဲ့ မျက်လုံးတွေနဲ့  တိကျတဲ့ အဖြေတစ်ခုကို သိလိုက်ရလို့ ကျေနပ်နေတဲ့ မျက်လုံးတွေ...
တစ်စိမ်းဆန်သလို ကြည့် နေတဲ့ မျက်လုံးတွေနဲ့  ရင်းရင်းနီးနီးကြည့် နေတဲ့ မျက်လုံးတွေ…
တစ်ခါတစ်ရံ တဘက်လူကို ရန်သူတစ်ယောက်လို မေတ္တာမထားနိုင်တဲ့ မျက်လုံးမျိုးတွေက မီးလျှံတွေနဲ့ရယ်၊
နားလည် ခွင့်လွှတ်လိုက်တဲ့ အခါ မြင်ရတဲ့ မျက်လုံးမျိုးတွေရယ် မြင်ဖူးကြမှာပေါ့။
ကျမ သတိထားမိခဲ့တာ ကြာခဲ့ပြီပဲ။ ကလေးငယ်လေးတွေရဲ့ မျက်လုံးလေးတွေဟာ ရိုးသားကြတယ်။ ဖြူစင်ကြတယ်။ တခါတရံ စူးစမ်းလိုစိတ်နဲ့ တလက်လက်တောက်ပနေတတ်တယ်။ အရွယ်ရောက်လာတော့ စိတ်ရဲ့ ပြတင်းပေါက်ဆိုတဲ့ မျက်လုံးတွေကို သော့နဲ့ ပိတ်ထားသလို ဟန်ဆောင်မူတွေပါလာတတ်ပြီလေ။
ကျမကြုံခဲ့ဖူးတဲ့ သူငယ်ချင်းတယောက်ပေါ့… သူမက လှတယ် သွက်တယ် ရီမောစရာပြောတတ်တယ်၊ ခင်မင်စရာကောင်းသလိုပါပဲ။ ဒါပေမယ့် သူမရဲ့ မျက်လုံးတွေကို သတိထားခဲ့မိတယ်။ မျက်လုံး လုံးလုံးသေးသေးလေးက တလက်လက်နဲ့ လှပေမယ့် နောက်ကွယ်က သူမစိတ်ဓါတ်က အဲဒီမျက်လုံးတွေကနေ သိခဲ့ရတယ်။ သူမက ဂုဏ်မက်တယ်၊ ငွေခင်တယ်။ စကားနဲ့ ဟန်လည်းဆောင်တတ်တယ်။ ဒါပေမယ့် သိပ်လှုပ်ရှားတတ်တဲ့ မျက်လုံးတွေက တဘက်လူကို ကြည့်ရင် အပေါ်ယံကို ကြည့်တတ်တယ်။ ကွယ်ရာမှာ ဝေဖန်ကဲ့ရဲ့တတ်တယ်။ အ၀တ်အစားရွှေငွေကအစ ပြိုင်ဆိုင်နေတတ်တယ်။ ရှေ့မှာ ပြုံးနေတတ်ပေမယ့် မျက်လုံးတွေက တဖျက်ဖျက်ကြည့်ရင်း အားလုံးကို မြင်တတ်တယ်။ မကောင်းတာကို ကြံဖန်ပြောတတ်တယ်။ သူမကို စသိကထဲက သူမရဲ့ မျက်လုံးတွေကတဆင့် တမျိုးခံစားရလို့ ကျမဝေးဝေးနေခဲ့တော့တယ်။
နောက်တယောက်က ယောက်ကျားတယောက်ရဲ့ ကောက်ကျစ်တတ်တဲ့ မျက်လုံး… သူ့ကို သိကာစက သိပ်ဖော်ရွေတတ်တယ်။ သူက ပညာတတ်တယ်။ စကားပြောကောင်းသူလေ။ နောက်တော့ လုပ်ငန်းခွင်ထဲမှာ အတူလုပ်ရင်း သူ့ရဲ့ မျက်လုံးတွေကို မြင်ခဲ့ရတယ်။ နောက်ကွယ်က ခြေထိုးခံချင်တယ်။ သူများကို အသုံးချတတ်တယ်။ အထက်ဖား အောက်ဖိလုပ်တတ်သူ၊ သူ့အတွက်သာ သိတတ်သူဖြစ်တယ်။ သူ့နှုတ်ခမ်းတွေက ပြုံးနေပေမယ့် အေးစက်တဲ့ မျက်လုံးတွေက သိပ်သိသာတယ်။
ကျမ အဲသည်လိုလူမျိုးတွေကို သိခဲ့ရတယ်။ မျက်လုံးတွေကတဆင့် သူတို့ စိတ်ဓါတ်တွေကို မြင်ခဲ့ရတယ်။
ကျမအပေါ်ကို တဘက်လူရဲ့ ချစ်ခြင်းတွေ၊ မုန်းခြင်းတွေကိုလည်း သည်မျက်လုံးတွေက တဆင့်နားလည်ခဲ့ရတယ်။ ကျမကိုယ်တိုင်လည်း မျက်လုံးတွေကနေတဆင့် စကားတွေပြောပြခဲ့တယ်။ စိတ်ထဲကခံစားချက်ကို နားလည်စေခဲ့တယ်။
ဒါပေမယ့် အခုထိ တချို့ကိုတော့ ဝေခွဲရခက်နေတုန်းပါပဲ။
ဘာပဲဖြစ်ဖြစ်တနေ့နေ့မှာတော့ သည်မျက်လုံးတွေဟာ ထာဝရ အိပ်စက်သွားမှာပါ။
အင်ကြင်း
4:44 am
21 Nov. 2011

0 comments:
Post a Comment