မြန်မာ/ဗမာ ဝေါဟာရ နှင့် .. ပြည်ထောင်စုအပေါ်သက်ရောက်မှု
by Yan Aung on Thursday, November 24, 2011 at 11:14pm
၁. စစ်အစိုးရဟာ နိုင်ငံရဲ့ မူလနာမည်ရင်းဖြစ်တဲ့ “ဗမာ(Burma)” ကို “မြန်မာ(Myanmar)” ဆိုတဲ့
နာမည် အဖြစ် ပြောင်းလဲပစ်လိုက်တယ်။
၂. “မြန်မာ(Myanmar)” ဆိုတဲ့ အမည်ဟာ “ဗမာ(Burma)” တစ်နိုင်ငံလုံးကို ကိုယ်စားမပြုဘူး။
၃. ဒီ “မြန်မာ(Myanmar)” ဆိုတဲ့ အမည်သစ်ဟာ မြန်မာလူမျိုးကြီးဝါဒဆန်ပြီး နိုင်ငံတွင်းမှာရှိတဲ့
အခြားလူမျိုးစုတွေ ကို လှစ်လှူရှုရာကျတယ်။
၎. “မြန်မာ(Myanmar)” ဆိုတဲ့ စကားလုံးဟာ “ဗမာ(Burma)” ပြည်မှာ မှီတင်းနေထိုင်ကြတဲ့
တိုင်းရင်းသားလူမျိုးစုတွေအားလုံးကို ကိုယ်စားမပြုနိုင်ဘူး။
၅. “ဗားမိစ်(Burmese)” ဆိုတဲ့စကားလုံးက ဗမာနိုင်ငံသားအားလုံးကို ကိုယ်စားပြုပေမယ့်
“ဘားမန်း(Burman)” ဆိုတဲ့ စကားလုံးကတော့ ဗမာပြည်ရဲ့လူဦးရေအများဆုံးဖြစ်တဲ့
“ဗမာ(Bamas)” လူမျိုး တွေကိုသာ ကိုယ်စားပြုတယ်။
၆. စစ်အစိုးရဟာ မြို့တော်နာမည်တွေကို ပြောင်းပစ်နေပြီး မတူညီတဲ့ တိုင်းရင်းသားတွေ
စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စုကြီးတစ်ခုလုံးကို ဗမာဇာတ်သွင်းနေတယ်။
ဒီမကျေနပ်ချက်တွေဟာ သတင်းစာ, အင်တာနက်, အီးမေးလ်, ဂျာနယ်, စာအုပ်တွေမှာ မကြာခဏ ဆွေးနွေးအငြင်းပွားရတဲ့ ပြဿနာတွေပါ။ ဒီစာတမ်းမှာတော့ အထက်ဖော်ပြပါ အချက်အလက်တွေနဲ့ ပြဿနာဇာစ်မြစ်တွေကို သမိုင်းကြောင်းတွေနဲ့ တိုက်ဆိုင်ပြီး ကြိုးစားဖော်ထုတ်ကြည့်မှာ ဖြစ်ပါတယ်။
(ပင်လုံစာချုပ် မူရင်းပုံ)
ဗားမိစ်(Burmese) လော သို့မဟုတ် ဘားမန်း(Burman) လော?
တကယ်တော့ “Burmese” လို့ပဲ ခေါ်ခေါ် “Burman” လို့ပဲခေါ်ခေါ် အတူတူပါပဲ။ နှစ်မျိုးလုံးက ဗမာပြည်လူဦးရေရဲ့ လူများစု ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ “ဗမာ(The Bamas)” လူမျိုးတွေကိုပဲ ကိုယ်စားပြုတယ်။ စာရေးသူရဲ့ယုံကြည်ချက် အရကတော့ ဒီလို “Burmese” နဲ့ “Burman” လို့ အမည်နှစ်မျိုး ကွဲထွက်နေရတာဟာ နယ်ချဲ့အင်္ဂလိပ်အစိုးရရဲ့ “သွေးခွဲအုပ်ချုပ်ရေး (Divide and Rule)” မူဝါဒကြောင့် ဖြစ်လာရတယ်လို့ ယူဆပါတယ်။ အင်္ဂလိပ်တွေ ဗမာပြည်ကို သိမ်းယူပြီးနောက်မှာ အာဏာပိုင်တွေက ဗမာ့နယ်မြေတွေကို နှစ်ပိုင်းခွဲခြားပြီး “ဗမာပြည်မ(Burma Proper)” နဲ့ “တောင်တန်းဒေသ(Frontier Hill Areas of Burma)” ရယ်လို့ အမည်သစ်နှစ်မျိုးကို စတင်တီထွင်ပြီး သုံးနှုန်းခဲ့တယ်။ ဒါတွင်မက ဗမာနိုင်ငံသားတွေ ကိုပါ အမည်နှစ်မျိုးခွဲခြားပြီး စတင်ခေါ်ဝေါ်ခဲ့တယ်။ ဗမာပြည်မှာနေထိုင်ကြတဲ့ လူမျိုးအားလုံးကို “ဗမာ(Burmese)” လို့ ခေါ်ရမယ့်အစား မြေပြန့်မှာနေထိုင်တဲ့ ဗမာလူမျိုးရင်းတွေကိုတော့ “Bamas” လို့ ခေါ်ဝေါ်သုံးနှုန်းပြီး ဗမာလူမျိုးမဟုတ်တဲ့ အခြားတိုင်းရင်းသား လူမျိုးစုအားလုံးကိုတော့ “Burmese” လို့ ခေါ်ဝေါ်ခဲ့တယ်။
ဒါပေမယ့် မြန်မာပြည်ကိုရောက်လာတဲ့ ခရစ်ယာန်တောင်တန်းသာသနာပြုတွေက အစိုးရရဲ့ အခေါ်အဝေါ်သစ်အစား မြေပြန့်က ဗမာလူမျိုးရင်းတွေကို “Burmese” လို့ ခေါ်လိုက်ကြပြီး ဗမာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုး အားလုံးကိုတော့ “Burman” တွေလို့ ခြံငုံပြီး ခေါ်လိုက်ကြတယ်။ အဲဒီလို အင်္ဂလိပ်အစိုးရက တစ်မျိုး သာသနာပြုတွေက တစ်မျိုး ခေါ်လိုက်ကြတဲ့ အချိန်ကစပြီး “Burmese” လား “Burman” လားဆိုတဲ့ ပြဿနာ အစပျိုးတော့တာပါပဲ။
အမှန်တကယ်ကတော့ အင်္ဂလိပ်အစိုးရက ဘယ်လိုခေါ်ခေါ် သာသနာပြုတွေက ဘယ်လိုခေါ်ခေါ် ဗမာနိုင်ငံသားတွေက အဲဒီအခေါ်အဝေါ်တွေကို လက်ခံခဲ့တာ မဟုတ်ပါဘူး။ ကယားဖြစ်ဖြစ် ချင်းဖြစ်ဖြစ် ရှမ်းဖြစ်ဖြစ် ဒါမှမဟုတ် ထားဝယ်သား တစ်ယောက်ကိုဖြစ်ဖြစ် ကြိုက်တဲ့ တိုင်းရင်းသားတစ်ယောက်ကို “ခင်ဗျားက ဗားမိစ်(Burmese) လား ဘားမန်း(Burman) လား?” လို့ မေးကြည့်ပါ။ “ကျုပ်က ဗားမိစ်လည်းမဟုတ်ဘူး ဘားမန်းလည်းမဟုတ်ဘူး, ကျုပ်ကတော့ဖြင့် ကယားပဲ ချင်းပဲ ရှမ်းပဲ ထားဝယ်ပဲ ဒါပေမယ့် ဗမာနိုင်ငံသားတစ်ယောက် (Citizen of Burma)” လို့ မတုံ့မဆိုင်း ဖြေပါလိမ့်မယ်။ ကိုလိုနီခေတ် တလျှောက်လုံးမှာရော လွတ်လပ်ပြီးခေတ်မှာကော ဘယ်ဗမာနိုင်ငံသားမှ ဒီ Burmese နဲ့ Burman ဆိုတဲ့ အသုံးအနှုန်းတွေကို လက်သင့်မခံခဲ့ကြပါဘူး။ ဒါပေမယ့်လည်း တစ်ချို့လူတွေအတွက်တော့ ဒီအဓိပ္ပာယ်တူ စကားလုံးနှစ်လုံးဟာ ဒီနေ့ထိ လိပ်ပတ်မလည်နိုင်သေးပါဘူး။
ဗမာ(Burma) လော သို့မဟုတ် မြန်မာ(Myanmar) လော?
တကယ်တော့ မြန်မာ(Myanmar) နဲ့ ဗမာ(Burma) ဆိုတဲ့ အခေါ်အဝေါ်နှစ်ခုက “Deutschland” နဲ့ “Germany”, “Suomi” နဲ့ “Finland”, “Espania” နဲ့ “Spain” တို့ကွာခြားသလိုပါပဲ။ ကိုလိုနီခေတ်ဦးမှာရော ကိုလိုနီခေတ် တစ်လျှောက်လုံးမှာရော ဗမာလူမျိုးရင်း(Burmese) တွေက မိမိတို့နိုင်ငံ၊ လူမျိုး နဲ့ ဘာသာစကားကို “မြန်မာနိုင်ငံ မြန်မာလူမျိုး မြန်မာဘာသာ- (Myanmar)” ရယ်လို့ ခေါ်ဝေါ်သုံးနှုန်းခဲ့ကြတာပါ။ ဒါ ဂျပန်တွေက နီပွန်(Nippon) ၊ ဟန်ဂေရီယန်တွေက မဂ်ယာ(Magyar) လို့ သူတို့ကိုယ်သူတို့ ခေါ်ဝေါ်သုံးစွဲကြသလို ဗမာတွေကလည်း သူတို့ကိုသူတို့ မြန်မာ(Myanmar) လို့ ခေါ်ဝေါ်ကြတာပါ။
သမိုင်းကို ပြန်ကြည့်လိုက်ရင် ၁၁ရာစု အစောပိုင်းလောက်ကစပြီး လက်ရှိဗမာရယ်လို့ဖြစ်လာမယ့် လူမျိုးတွေက ဒီနေ့ မြန်မာနိုင်ငံဖြစ်လာမယ့် နယ်မြေပေါ်မှာ အင်အားအတောင့်တင်းဆုံး လူမျိုးစုဖြစ်လာခဲ့တယ်။ ဗမာတွေရဲ့ ဘိုးဘေးတွေ လို့ ပြောရမဲ့ ဧရာဝတီ မြစ်ဝှမ်းက ပျူလူမျိုး အကြွင်းအကျန်တွေက အဲဒီအချိန်မှာ အင်အားကြီးလာတဲ့ ဗမာတွေနဲ့ သွေးနှောသွားကြပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပျူလည်းဗမာ ဗမာလည်းပျူလို့ အခြားတိုင်းရင်းသားတွေက ပျူနဲ့ဗမာကို အတူတူပဲလို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ ကြတယ် ။
ဗမာတွေရဲ့ မူလအစနဲ့ ပတ်သက်ပြီး ဗမာတွေက သူတို့ကိုယ်သူတို့ ဗြဟ္မာ့ဘုံက ဗြဟ္မာကြီးလေးဦး(Brahmas)ကနေ ဆင်းသက်လာတယ်၊ ဒီဗြဟ္မာကြီးလေးဦးမှာမှ နှစ်ယောက်က ယောက်ျားအသွင်၊ နှစ်ယောက်က မိန်းမအသွင် ဖြစ်လာပြီးတော့ ဧရာဝတီမြစ်ဝှမ်းမှာ အခြေချနေထိုင်ကြတယ်လို့ မိရိုးဖလာအရ ယုံကြည်ကြပါတယ်။ ဒီလို ယုံကြည်တဲ့အတွက်လည်း ရှေးဦးဗမာဖြစ်လာမယ့် လူမျိုးတွေက ဒီ “ဗြဟ္မာ” ဆိုတဲ့စကားလုံးနဲ့ “မြန်မာ” ဆိုတဲ့စကားလုံး နှစ်လုံးကို ပေါင်းစပ်ပြီး “ဗမာ” ဆိုတဲ့ စကားလုံးအသစ်နဲ့ ကိုယ့်ကိုကိုယ် စတင် ခေါ်ဝေါ်ခဲ့ကြတယ်။ ဒီရှေးဦးဗမာကြီးတွေက ဗမာနိုင်ငံရဲ့ အချက်အချာဖြစ်တဲ့ အလယ်ဗဟိုမြေပြန့်ဒေသမှာ ပုဂံမြို့တော်ကို တည်ထောင်ပြီး ပထမဆုံး ဗမာ့အင်ပါယာကို ထူထောင်ခဲ့ကြပါတယ်။ ပုဂံဆိုတဲ့ စကားလုံးကိုက ပျူဂါမ (ပျူ=ပျူလူမျိုးတို့၏ + ဂါမ=ရွာ) ဆိုတဲ့ ပါဠိအနက် ကနေ ပေါက္ကံမ – ပေါက္ကံ – ပုဂံ ဆိုပြီး ပြောင်းလဲ ဆင်းသက်လာတဲ့ ပါဠိပျက် စကားလုံးဖြစ်တယ်လို့ အချို့ သမိုင်းသုတေသီတွေက ယူဆကြတယ်။ ဒီယူဆချက်က အင်မတန်ကို ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်က ပုဂံထီးနန်းကို အုပ်စိုးတဲ့ ဗမာဘုရင် အနိရုဒ္ဓါ (အနော်ရထာ) က ခေတ်ပြိုင်မွန်နိုင်ငံတွေဖြစ်တဲ့ သုဝဏဘုမ္မိ(သထုံ) နဲ့ ဟံသာဝတီ(ပဲခူး) တို့ကို အောင်မြင်ခဲ့ပြီး ယနေ့မြန်မာပြည် နယ်နိမိတ်နီးပါးရှိတဲ့နယ်မြေတွေကို ပုဂံအင်ပါယာထဲ သွတ်သွင်းနိုင်ခဲ့တဲ့ အချိန်မှာတော့ ဒီနေ့ ပညာရှင်တွေ ပြောနေကြတဲ့ ပထမမြန်မာနိုင်ငံတော်ရယ်လို့ ပေါ်ပေါက်လာခဲ့ပါတယ်။
ဗမာကို အခြားလူမျိုးတွေကခေါ်တဲ့ အခေါ်အဝေါ်တွေကတော့ ရှေးဦးမဆွ အချိန်တွေတုန်းက တရုတ်လူမျိုးတွေက ဗမာလူမျိုးတွေကို မင်းရ်(Mien) လို့ ခေါ်ပြီး ဗမာနိုင်ငံကိုတော့ မင်းရ်ထဲရ်း(Mien Tien) လို့ ခေါ်ခဲ့ကြပါတယ်။ ဗမာစကားပြောတဲ့ အခြားလူမျိုးတွေဖြစ်တဲ့ ထားဝယ်သားတွေနဲ့ ဘိတ်သားတွေကတော့ ပုဂံနဲ့အနီးတ၀ိုက်က လူတွေကို စုပေါင်းပြီး ပုဂံသားတွေလို့ ခေါ်ခဲ့ကြပြီး မွန်တွေကတော့ မိုင်းရ်မာ(Mirma) လို့ ခေါ်ခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ မြေပြန့်က မြန်မာတွေ အားလုံးကို ခြုံငုံပြီး ဗမာတွေလို့ပဲ အားလုံးက ခေါ်ကြတော့တယ်။ ထိုင်းတွေကတော့ ဗမာတွေကို ဖမာလို့ခေါ်ပြီး အိန္ဒိယန်းတွေကတော့ ဗရမာ လို့ ခေါ်တယ်။
ပေါ်တူဂီတွေ အိန္ဒိယကတစ်ဆင့် မြန်မာပြည်ထဲကို ၀င်လာချိန်ကတော့ “Birmania” လို့ စခေါ်ခဲ့ကြတယ်။ ပြင်သစ်အခေါ် “Birmanie” ဂျာမန်အခေါ် “Birma” နဲ့ အင်္ဂလိပ်အခေါ် “Burma” အားလုံးဟာ ဒီ အင်ဒို-ပေါ်တူဂီ အခေါ်ကနေ ဆင်းသက်လာတဲ့ မူကွဲတွေချည်းပါပဲ။ ဒါပေမယ့် မြန်မာပြည်အကြောင်းကို ပထမဆုံးမှတ်တမ်းတင်ခဲ့တဲ့ ဥရောပတိုက်သားဖြစ်တဲ့ Marco Polo ရဲ့မှတ်တမ်းမှာတော့ မြန်မာပြည်ကို မင်းရ်နိုင်ငံ လို့ပဲမှတ်တမ်းတင်ခဲ့ပါတယ်။ ဒါကတော့ မာကိုပိုလိုက မြန်မာပြည်ကို ရောက်လာတဲ့ အခြားဥရောပသားတွေလို အိန္ဒိယပြည်ဘက် ကနေ ရောက်လာတာ မဟုတ်ဘဲ တရုတ်ပြည်ဘက်ကနေ ရောက်လာလို့ ဖြစ်ပါတယ်။
ဗမာဆိုတဲ့အမည်နဲ့ ပတ်သက်ပြီး အရေးပိုင် ဆာအာသာဖယ်ရာက ဧရာဝတီမြစ်ညာပိုင်းက အခြေချနေထိုင်တဲ့ မွန်ဂိုလွိုတ်မျိုးနွယ်တွေ (ဗမာဖြစ်လာမယ့်လူတွေ) ဗုဒ္ဓဘာသာဝင် ဖြစ်လာကြတဲ့အခါ ဗုဒ္ဓစာပေတွေထဲက ဗြဟ္မာကြီး လေးဦး ပုံပြင်ကို အတုယူပြီး ဗြဟ္မာနဲ့ဆင်တူုယိုးမှား ဗမာဆိုတဲ့နာမည်ကို မွေးစားလိုက်ကြတယ်လို့ ယူဆပါတယ်။ ဗမာပြည်ကို ဗြဟ္မာဒေသလို့ သုံးနှုန်းထားတာကိုလည်း ခေတ်ပြိုင်မှတ်တမ်းတစ်ချို့မှာ တွေ့ရတယ်။ ပါမောက္ခ ဖို့ခ်ျဟမ်းမား ကတော့ မြန်မာဆိုတဲ့ နာမည်ကို ၁၄ရာစုမတိုင်ခင်ထိ သုံးစွဲတာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ Mr.St.John ကတော့ အေဒီ ၁၁၅၀ အနော်ရထာခေတ်ကတည်းက ဒီဗမာတွေက မိမိတို့လူမျိုးဟာ မြန်တယ်(Swift) မာတယ်(Strong) ဆိုတဲ့ အနက်နဲ့ ကိုယ့်ကိုကိုယ် “မြန်မာ” လို့ ဂုဏ်တင်ပြီး ခေါ်နေကြပြီလို့ နောက်တစ်မျိုး ယူဆပြန်ပါတယ်။
၁၉၆၈ ခုနှစ်ထုတ် သိပ္ပံစိုးရင်၊ မြန်မာ့ယဉ်ကျေးမှုသမိုင်း၊ စာမျက်နှာ ၅၆-၅၉ မှာ ဖော်ပြထားတာက -
“ မြန်မာ ဟူသော ဝေါဟာရကို ပထမဦးစွာ အစောဆုံး သက္ကရာဇ် ၄၅၂(အေဒီ ၁၁၉၀) ပုဂံမြို့ တောင်ဂူနီကျောက်စာတွင် စတင်တွေ့ရပါသည်။ ထိုသက္ကရာဇ်ထက် အနှစ် ၉၀ခန့် စောသော ကျန်စစ်မင်းကြီး၏ နန်းတည်မွန်ကျောက်စာ(၁၁၀၂ အေဒီ) တွင် မြန်မာကို “မိရမာ” ဟူ၍ ရေးထိုးထားသည်ကို တွေ့ရ၏။ အေဒီ ၁၃၄၂ ခုနှစ်တွင် ရေးထိုးသည့် မြန်မာကျောက်စာတွင် “မြံမာ” ဟူ၍ ရေးထိုးထားသည်ကို အစောဆုံးတွေ့ရ၏။ ထို့နောက် ကျောက်စာများနှင့် မင်စာများတွင် “မြန်မာ” “မြံမာ”၊ “မြမ္မာ” ဟူ၍ ရေးထိုးလာကြသည်ကို တွေ့ရှိရပြန်သည်။အထက်ဖော်ပြပါကတော့ သိပ္ပံစိုးရင်ရဲ့ စာအုပ်ထဲက ကောက်နှုတ်ချက်တွေပါ။ မျိုးမင်းရဲ့ ၁၉၄၈ ထုတ် Old Burma စာမျက်နှာ ၂ မှာဖော်ပြချက်ကတော့ -
တရုတ်ရာဇ၀င်မှတ်တမ်းများ အလိုအားဖြင့် ရှေးက မြန်မာနိုင်ငံကို “စောပိုး” ဟူ၍ ခေါ်ဆိုကြ၍ တရုတ်ဟန်မင်းများ လက်ထက်(ဘီစီ ၂၀၂-အေဒီ ၂၆၃)တွင် မြန်မာနိုင်ငံကို “တန်” ဟူ၍ ခေါ်ဆိုလျက် တရုတ်တန်မင်းများလက်ထက် (အေဒီ ၆၁၈-၉၀၇)တွင် မြန်မာနိုင်ငံကို “ပိယော(ပျူ)” ဟု ခေါ်ဆိုကြသည်။ ဆွန်မင်းများလက်ထက်(အေဒီ ၉၆၀)တွင် “မိယင်” ဟု ခေါ်ဆိုသည်ဟု သိရှိရပါသည်။ ထိုမင်းတို့လက်ထက်မှ “မိယင်” တို့သည် တရုတ်တို့နှင့် ဆက်ဆံသွားလာမှုများ စတင်ပြုလုပ်ကြသည်ဟု ဆို၏။ “မိယင်” ဆိုသောအမည်မှာ “မြန်မာ” ဆိုသောအမည်ကို အဖျားဆွတ်၍ ခေါ်ဆို ရေးမှတ်ခြင်း ဖြစ်လိမ့်မည် ဟု သုတေသီများက ယူဆကြသည်။ တနည်းအားဖြင့်ဆိုသော် တရုတ်မင်းတို့က အေဒီ ၆၁၈-၉၀၇ ခုနှစ်အထိ မြန်မာနိုင်ငံကို ပျူဟူ၍သာ အသိအမှတ်ပြုခဲ့သည်။ “မြန်မာ” ဟူ၍ ထင်ပေါ်ခြင်းရှိဟန် မတူသေးပေ။ မြန်မာတို့ကို အသိအမှတ်ပြုလာသည်မှာ အေဒီ ၉၆၀ ခုနှစ်ခန့်မှ အစပြုသည်ဟု ယူဆရပါသည်။ မြန်မာ့ ရှေးဟောင်း သမိုင်းအဆိုအရလည်း ပုဂံကို သက္ကရာဇ် ၂၁၁ (အေဒီ ၈၄၉) ခုနှစ်တွင် တည်သည်ဟုဆိုထားသဖြင့် ယုတ္တိရှိသည်ဟု ဆိုရပေမည်။
ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၌ ရေးထိုးကြသည့် ကျောက်စာအားလုံး၌ပင် မြန်မာဟူသော အရေးအသားကို တွေ့ရပြီး အင်းဝခေတ်နှင့်ကုန်းဘောင်ခေတ်တွင် ရေးထိုးကြသည့် အနည်းငယ်မျှသော ကျောက်စာများ၌သာ “မြံမာ၊ မြမ္မာ” ဟူသော အရေးအသားကို တွေ့ရှိရပါသည်။ သို့ဖြစ်သောကြောင့် “မြန်မာ” ဟူသော အခေါ်အဝေါ်သည်သာ ပုဒ်ရင်း ဖြစ်ပေသည်။
အချို့ပညာရှင်များက မြန်မာဆိုသည်တွင် မြန် ပုဒ်ကို လျင်မြန်၊ မြန်ဆန်သည်ဟူသော အနက်ကိုယူပြီး မာ ပုဒ်ကို လွန်ကဲကြီးမား ဟူသော အနက်ကို ကောက်၍ မြန်မာ ဟူသည် လွန်စွာလျင်မြန်သူ ဟူ၍ အဓိပ္ပါယ်ပေးလေသည်။ ရှေးက မြန်မာတို့သည် အလွန်လျင်မြန်စွာ လှုပ်ရှားသွားလာ လုပ်ကိုင်ပြုကျင့်ကြသူတွေ ဖြစ်ကြသည်။ ထို့နောက် အလွန်လျင်မြန်စွာ တိုးတက်ကြီးပွားခဲ့သည်ဟု အနက်အဓိပ္ပါယ် ဖွင့်ဆိုကြပါသည်။
အချို့သုတေသီများကမူ မြန်မာတို့သည် ရှေးအခါက အလွန်လျင်မြန်စွာ လှုပ်ရှားသွားလာ လုပ်ကိုင်ဆောင်ရွက်လေ့ရှိသည်မှာ မြင်းကိုစီးလေ့ရှိခြင်း၊ မြင်းစီးအတတ်၌ ကျွမ်းကျင်ခြင်း၊ မြင်းစီး၍ လှုပ်ရှားသွားလာတိုက်ခိုက်လေ့ ရှိခြင်းကြောင့် မြန်မာ ဟုခေါ်သည်ဟု ယူဆကြပါသည်။ မြန်မာတွင် မြန် ပုဒ်ကို မြင်းဟူ၍ အနက်ယူဆလိုကြ၏။ မာ ပုဒ်ကို ကြီးမားလွန်ကဲသော ဟု ယူဆလျက် မြန်မာ၏အနက်သည် မြင်းစီးကြီးဟု ပေါ်ထွက်လာလေသည်။”
“မာကိုပိုလို၏ မှတ်တမ်းတွင် ခန်မင်းကြီး(ကူဗလိုင်ခန်) သည် ငဆောင်ချမ်းတိုက်ပွဲတွင် ဗမာကို အနိုင်ရခဲ့ပြီး မိယင်နိုင်ငံ (မြန်မာနိုင်ငံ)နှင့် မြန်မာလက်အောက်ခံ ဘင်္ဂလားအရှေ့ပြည်နယ် အချို့ကို သိမ်းပိုက်နိုင်ခဲ့သည်။”လို့ ဖော်ပြထားပါတယ်။
ဒီအခေါ်အဝေါ်တွေကို ထောက်ရှုမယ်ဆိုရင် ဗမာနဲ့မြန်မာဆိုတာ အတူတူပဲမို့လို့ အရင်စစ်အစိုးရသုံးနှုန်းခဲ့တဲ့ “ဗမာ(Burma)” ကို “မြန်မာ(Myanmar)” လို့ ခေါ်ဆိုတာဟာ အထောက်အထားအရ မှန်ကန်တယ်ဆိုတာ လေ့လာတွေ့ရှိ့နိုင်ပါတယ်။ ဒါပေမယ့် အထောက်အထားတွေအရ အဲဒီအသုံးအနှုန်းတွေဟာ ပြည်ထောင်စု/နိုင်ငံကို ကိုယ်စားမပြုပဲ လူမျိုးတစ်မျိုးတည်းကို အခြေခံတဲ့ အသုန်းအနှုန်းတွေလို့လည်း တယူသန် မှတ်ယူထားလို့မရပါဘူး။အခေါ်အဝေါ်ထက် အဓိက အရေးကြီးတာကတော့ မြန်မာနိုင်ငံ/ဗမာနိုင်ငံ ဆိုတဲ့ဝေါဟာရတွေဟာ ပြည်ထောင်စုတိုင်းရင်းသားအားလုံးကို ကိုယ်စားပြုဖို့လိုပါတယ်။
ဥပမာ နိုင်ငံတကာလက်ဝှေ့စိန်ခေါ်ပွဲမှာ.. နိုင်ငံခြားသားကို စောငမန်းအလဲထိုးသွားပါတယ်။ မြန်မာဟေ့လို့ ရန်ကုန်ပရိသတ်က တခဲနက်အော်ကြပါတယ်။ စောငမန်းက တိုင်းရင်းသားပါ။ ဒါပေမယ့် ပရိသတ်အော်တာ လေးလေးနက်နက် ထောက်ခံသင့်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်နဲ့ တပ်မတော်နဲ့တိုက်ပွဲတွေဖြစ်ပါတယ်.. .... မြန်မာကွဆိုပြီး စခန်းကို တက်သိမ်းပါတယ်...။ ဖြစ်သင့်ပါသလား..။
ကေအိုင်အေက ၄င်းတို့ ကြေညာချက်တွေမှာ မြန်မာနိုင်ငံနဲ့ ကချင်နိုင်ငံ ဖြစ်သော စစ်ပွဲတွေလို့ သုံးပါတယ်..။တိုက်ပွဲတွေမှာ မင်းတို့ဗမာတွေ xxxxxx မင်းတို့ ကချင်တွေ xxxxx ဆိုပြီး ဆဲကြပါတယ်..ဖြစ်သင့်ပါသလား..။
သေသေချာချာ လေ့လာသုံးသပ်ကြည်ကြပါ..။ ပညတ်ချက်ထက် .. အနှစ်သာရက အရေးကြီးပါတယ်။
တိုင်းရင်းသားတွေနဲ့ သွေးကွဲဖို့အတွက် ပြည်တွင်းစစ်တွေရပ်ဖို့၊ လူမျိုးရေးပဋိပက္ခအသွင်မဆောင်ဖို့အတွက် ဘယ်သူတွေမှာ အဓိက တာဝန်အရှိဆုံးလဲဆိုတာ သုံးသပ်ကြည့်ဖို့လိုပါတယ်။ ဗမာ/ မြန်မာနိုင်ငံ ဆိုတာ ဗမာ/ မြန်မာလူမျိုးတမျိုးတည်းရဲ့ နိုင်ငံမဟုတ်ပါဘူးလို့ တိုင်းရင်းသားတိုင်းက အာမခံချက်ရှိရှိ နိုင်ငံတကာမှာ ရဲရဲဝံ့ဝံ့ ပြောထွက်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။
အုပ်ချုပ်သူအစိုးရရဲ့ခံယူချက်၊ ပြည်တွင်းမှာနေတဲ့ တိုင်းရင်းသားအားလုံးနဲ့ အထူးသဖြင့်မြန်မာ/ဗမာလူမျိုးတွေက မဟာဗမာဝါဒကို မကိုင်စွဲပဲ အထူးကြိုးစားကြဖို့လိုတယ် ဆိုတာ... တိုက်တွန်းလိုက်ပါတယ်..။
သိပ္ပံစိုးရင်၊ မြန်မာ့ယဉ်ကျေးမှုသမိုင်း၊Old Burma 1948 http://abelburma.wordpress.com မှဦးခင်မောင်စော၏ ဆောင်းပါးအား မှီငြိမ်းပါသည်.
0 comments:
Post a Comment