ကျနော်၏ စာမျက်နှာ - ၄၀
ကျနော် ဘ၀စာမျက်နှာ လေးဆယ်အတွင်းဖြတ်သန်းနေဆဲ ကာလဖြစ်သည်။ ဘ၀တွင် ပိုင်ဆိုင်ရရှိခဲ့ သော ဒဏ်ရာဒဏ်ချက်တို့မှာ များလွန်းသည်။ ဘ၀သင်ခန်းစာ တနင့်တပိုးနှင့် ချီတက်နေရဆဲ။ နောင်တတွေ အသိတရားတွေကိုလည်း ကျောမှာပိုးလျက်။ ၈၈ ဒီရေလှိုင်းနှင့်အတူ နိုင်ငံရေးလောက၀ဲဂယက်ထဲတွင် မျောပါ ခဲ့ရပါသည်။ စစ်အစိုးရ၏ စစ်ဘိနပ်အောက်တွင် ၃ နှစ်နီးပါး ဖိနှိပ်ချုပ်ချယ်မှုကို ကြေကွဲဝမ်းနည်းစွာဖြင့် ခါးစည်း ခံစားခဲ့ရဖူးပါသည်။ မခံမရပ်နိုင်သည့်အဆုံး၌ မိမိယုံကြည်ရာ တော်လှန်ရေးခရီးကြမ်းကို စတင်လျှောက်လှမ်းခဲ့ ပါသည်။
တော်လှန်ရေးဆိုသည်မှာ အပြောလွယ်သလောက် နဖူးတွေ့ဒူးတွေ့ ဖြတ်သန်းသောအခါ အလွန်ခက်ခဲ ကြမ်းတမ်းလွန်းလှသည်။ တော်လှန်ရေးကာလတွင် လူတွေအကြောင်း ဘ၀တွေအကြောင်း အဓိပ္ပါယ်မျိုးစုံဖြင့် တွေ့လိုက်ရပါသည်။ ဘ၀တွေကို နည်းမျိုးစုံဖြင့် ဖုံးကွယ်ကြသည်။ အချို့ဘ၀တွေက မှတ်ကျောက်တင်ခံရပြီး တချို့က အလိုလိုလွင့်ပြယ်သွားကြသည်။ တချို့မှာ စမ်းတ၀ါးဝါးဖြင့် လျှောက်လှမ်းနေကြဆဲဖြစ်သည်။
ကျနော်တွေ့ကြုံရင်းနှီးခဲ့ရသော လူအများစုမှာ တော်လှန်ရေးသမား နိုင်ငံရေးသမားများသာ ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အတွေးအခေါ်အယူအဆ လုံးဝမတူညီကြ။ မိမိတို့ယုံကြည်ဆုပ်ကိုင်ထားသော မူဝါဒလမ်းစဉ်ဖြင့်သာ လက်နက်ကိုင်တော်လှန်နေကြခြင်း ဖြစ်သည်။ တော်လှန်ရေးကို တကယ်လက်တွေ့ဖြတ် သန်းသောအခါ အလွန်ကြမ်းတမ်းပြီး ဘ၀တွေကို နည်းမျိုးစုံဖြင့် ပေးဆပ်နေကြရသည်သာဖြစ်သည်။ တော်လှန် ရေးကာလအတွင်း မိမိယုံတို့၏ယုံကြည်ချက်ကြောင့် တန်ဖိုးရှိလှသော ကိုယ်ပိုင်ဘ၀တွေ အသက်တွေကို စွန့်လွှတ်သွားကြသူတွေလည်း ဒုနဲ့ဒေးရှိပါသည်။ ဘ၀တွေ…ဘ၀တွေ မရေတွက်နိုင်ပါ။ ထိုသူတို့၏ ပုံရိပ်တို့သည်လည်း ကျနော့်နှလုံးအိမ်အတွင်း အမြဲတစေသက်ဝင်လှုပ်ရှားလျက်။ အာဏာရှင်ကြောင့် အသက် တွေ ပေးဆပ်ရသည်လည်းရှိသည်။ အတွင်းပယောဂကြောင့်လည်း မသေသင့်မသေထိုက်သော နိုင်ငံ့ သားကောင်းရတနာ ပေါင်းများစွာ နစ်နာဆုံးရှုံးခဲ့ရပါသည်။ ထိုအချက်များကို ငြင်းဆိုရန်မဖြစ်နိုင်ဟု ဆိုချင်ပါသည်။
တော်လှန်ရေးကာလအတွင်း အတွေးအခေါ်အယူအဆ မတူကြရသောအကြောင်းအရင်းမှာ အမျိုးသား လွတ်မြောက်ရေးအတွက် ခုခံစစ်ဆင်နွှဲနေသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် အမိမြန်မာပြည် အာဏာရှင်စစ်ဖိနပ်အောက်မှလွတ်မြောက်ရေး တိုက်ပွဲဝင်နေကြသူများမှာ ဘုံရည်မှန်းချက်များ မတူညီကြ သည်ကိုတွေ့ရပါသည်။ အတွေးအခေါ်အယူအဆ မတူညီကြသော်လည်း တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပေါင်းစပ်ဆက်သွယ်နေကြရပါသည်။ အပေါ်ယံ သံတမန်နည်းလမ်းအရပေါင်းစပ်နေသော်လည်း နောက်ကွယ် တွင်သံသယကြီးကြီးဖြင့် စောင့်ကြည့်နေခဲ့ကြသည်။ အကွက်ရွှေ့မှားမခံကြ။ အရွှေ့မှားလျှင် အစားခံရမည်မှာ သေချာနေသည်။ အလစ်မပေးကြ။ ယုံကြည်မှုတည်ဆောက်ရာတွင် အားနည်းနေခဲ့ကြသည်။ တစ်ဖွဲ့အမှားကို တစ်ဖွဲ့က ထောက်ပြဝေဖန်ပြုပြင်ရမည့်အစား အားနည်းချက်ကို အခွင့်ကောင်းယူ၍ ပျက်စီးရာပျက်စီး ကြောင်း ကိုသာ တွန်းအားပေးလုပ်ဆောင်လေ့ရှိကြသည်။ ထိုအားနည်းချက်များသည် စစ်အစိုးရကို မချုပ်ငြိမ်းစေပဲ တော်လှန်ရေး အင်အားစုတချို့ကိုသာ နလံမထူအောင် အားနည်းချုပ်ငြိမ်းစေခဲ့ပါသည်။
ခုခံစစ်ဆင်နွှဲနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် ကိုယ်ပိုင်နယ်မြေနှင့် လူထု နောက်ခံရှိသည်။ အမိမြေ စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက် ရန်တိုက်ပွဲဝင်နေသော အင်အားစု များတွင်တော့ ကိုယ်ပိုင်နယ်မြေမရှိ။ လူအင်အားလက်နက် အင်အားဖြည့် တင်းရန် အခက်အခဲရှိသည်။ တော်လှန်စစ်ဆင်နွှဲနေသောသူများတွင် တော်လှန်ရေးအတွေ့အကြုံ နနယ်ခြင်း၊နယ်မြေမကျွမ်းကျင်မှု တို့ကို လည်းတွေ့ကြုံခဲ့ရပါသည်။ ထို့ကြောင့် အစစအရာရာ တိုင်းရင်းသား လက်နက်ကိုင်များ အပေါ်၌သာ မှီခိုနေ ကြရသည်။ တော်လှန်စစ်ဖြစ်စေ၊ခုခံစစ်ဖြစ်စေ နေ့စဉ်ဘ၀တွေ အသက်တွေကို ပေးဆပ်နေရသည် သာဖြစ်သည်။ အဓိကပေးဆပ်နေရသူများမှာ ပြည်သူလူထု တိုင်းရင်းသား များသာဖြစ်သည်ကိုလည်း ပြေးကြည့်ရန်ပင်မလို။
တော်လှန်ရေးကာလတွင် ခေါင်းဆောင်ပေါင်းများစွာနှင့်လည်း တွေ့ကြုံဆုံစည်းဖူးပါသည်။ ကျနော် ကရင်နီနယ်မြေတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က အသက်(၆၀)ခန့် လူကြီးတစ်ဦးအား သာမန်ရွာသား အထင်ဖြင့် ထင်းခွဲ၊ရေခပ် အလုပ်ကို လုပ်ခိုင်းခဲ့ဖူးသည်။ ထိုရွာသားမှာလည်း မငြီးမညူဖြင့် ခိုင်းသမျှ လုပ်ပေးပြီးပြန်သွားပါသည်။ တစ်နေ့မှာ ဗိုလ်ချုပ်အောင်သန်းလေးအိမ်၌ ဘုရားရှိခိုးခေါ်သောကြောင့် ကျနော်တို့ ရောက်ရှိသွားပါသည်။ ဗိုလ်ချုပ်အောင်သန်းလေးအား မမြင်ဘူးသဖြင့် ကြည့်လိုက်သောအခါ ကျနော်တို့ ထင်းခွဲ၊ရေခပ် ခိုင်းသမျှအလုပ်ကို လုပ်ပေးသွားခဲ့သော ယခင်နေ့က အဖိုးကြီးဖြစ်နေသည်ကို အံ့သြဖွယ် တွေ့မြင်လိုက်ရပါသည်။
တချို့ ခေါင်းဆောင်တို့သည် မိမိကိုယ်ကျိုးကိုရှေ့တန်းမတင်။ တိုင်းပြည်နှင့်လူမျိုး မျက်နှာကို သာကြည့်ကြသည်။ အခက်အခဲမျိုးစုံကို ရင်ဆိုင်ဖြေရှင်းပေးပြီး အနစ်နာခံရန် ၀န်မလေးကြ။ မိမိယုံကြည် ချက်အတွက် အသက်ကိုပေးဆပ်ရန် နေ့စဉ် အဆင်သင့်ပြင်ဆင်ထားသည်။ ချစ်ခင်နှစ်လိုဖွယ် အတုယူဖွယ် ကောင်းလှပြီး သမိုင်းတွင် မှတ်ကျောက်တစ်ခုကို ပိုင်ဆိုင်မည့် ခေါင်းဆောင်ကောင်းများဖြစ်သည်။
အချို့သော ခေါင်းဆောင်များကတော့ မိမိကိုယ်ကျိုးစီးပွားကိုသာ ရှေ့တန်းတင်ပြီး သူတော်၊သူသိ၊ သူတတ်လုပ်သည်။ အာဏာပြကြသည်။ တပိုင်စားတနယ်စားရာထူးဖြင့် အနိုင်ယူချင်ကြသည်။ ၄င်းတို့အတွက် အဓိကပြဿနာမှာ သူတို့၏ အာဏာနှင့်လုပ်ပိုင်ခွင့် မထိပါးစေရေးဖြစ်သည်။ ထိုခိုက်လာလျှင်လည်း လက်မနှေး။ အမြဲတမ်းကျည်ကွယ်မျက်ကွယ်တွင် ရှိနေတတ်ကြသည်။ သူတို့၏ပိုင်ဆိုင်မှုနှင့် အကြပ် အတည်းနှင့် ရင်ဆိုင်ရလျှင် အခြားတစ်နေရာသို့ သွားနေရန်အတွက် သူတို့လက်ထဲတွင် passport ကိုယ်စီအဆင်သင့်။ ဘယ်သူသေသေ ငတေမာပြီးရော ဆိုသည့်လူများဖြစ်ပြီး နေရတကာ အသံကောင်း ဟစ်လေ့ရှိသည်။ သူ့တို့အကြောင်းမသိသူများကသာ အထင်ကြီးမည်ဖြစ်ပြီး နောကျေအောင် သိထားသူများက တော့ နိုင်ငံ၏ သမိုင်းတရားခံ စာရင်းစာအုပ်ထဲတွင် ရေးသွင်းမှတ်တမ်းတင်ထားမည်မှာ ဧကန်မလွဲဖြစ်ပါသည်။
အချို့ခေါင်းဆောင်များမှာ အတွေးအခေါ်အယူအဆ အရည်အချင်းတွင် ခေါင်းဆောင်ကောင်း ပီသချင် ပါသော်လည်း မိမိတို့နှစ်ရှည်လများ စွဲကိုင်ထားသော မူဝါဒ လမ်းစဉ်တို့သည် အရိပ်လိုလိုက်နေ သောကြောင့် မလှုပ်သာမယှက်သာဖြစ်ကာ ကိုယ့်ကြိုးဖြင့်ကိုယ်အတုပ်ခံနေရသည်ကိုလည်း တွေ့ကြုံရဖူးသည်။
ယခုအခါ တိုင်းရင်းသားတို့၏ ခုခံစစ်မှာ သူ့အရှိန်နှင့်သူ သွားနေနိုင်ပါသော်လည်း တော်လှန်စစ်ဆင်နွှဲ နေသောအဖွဲ့အစည်းများမှာ အရှိန်ပျက်ကာ အတော်ရုန်းကန်လှုပ်ရှားနေရသည်ကို တွေ့မြင်ရပါသည်။ ယင်းသို့ တော်လှန်စစ် အရှိန်အဟုန်ကျဆင်းရခြင်းမှာလည်း ကိုယ်ပိုင်နယ်မြေ မရှိခြင်း၊ လူသူလက်နက်ရှားပါးခြင်း၊ ၉/၁၁ အရေးအခင်းနောက်ပိုင်း အမေရိကန်အစိုးရ၏ အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်ချက် ကြောင့်လည်း တော်လှန်ရေး၏ စံချိန်စံညွှန်းများ ကျဆင်းရခြင်းဖြစ်ပါသည်။ အဆိုးဆုံးအချက်မှာ ဖြတ်သန်းမှုများအပေါ် ပြန်လည် သုံးသပ်မှုများ ပြင်ဆင်မှုများ လုပ်ကိုင်နိုင်လောက် အောင် ရင့်ကျက်မှုမရှိခြင်းပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အတိတ်ကိုပြန်လည်တူးဆွ သတိရစေခြင်းမဟုတ်ပါ။ အတိတ်ကာလ၌ ဖြစ်ပျက်ခဲ့ သော အကြောင်းအရာတို့အပေါ်တွင် မည်သို့သင်ခန်းစာယူရမည်၊ ရှေ့အနာဂတ်ခရီးကို မည်သို့ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်နှင့်လူမျိုးအကျိုးကို ပိုမိုဆောင်ရွက်နိုင်မည် စသည့်အကောင်းဆုံး ရှေ့ဆက် သွားနိုင်ရေးအတွက်သာ ဖြစ်ပါသည်။ လူငယ်တို့သည် နိုင်ငံရေး၌ အစဉ်အမြဲတိုးတက်နေကြသည်။ ချင့်ချိန်စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိကြသည်။ အတွေးအခေါ်ရိုက်သွင်းရန် ခေတ်မဟုတ်တော့ပါ။ ထို့ကြောင့် အနာဂတ်မျိုးဆက် သစ်များအတွက် သင်ခန်းစာယူဆင်ခြင်နိုင်ရန် ရည်ညွှန်းရေးသားရခြင်းသာ ဖြစ်ပါသည်။
သမိုင်းမှတ်ကျောက်ကောင်းတစ်ခု ပိုင်ဆိုင်နိုင်သော ပုဂ္ဂိုလ်များဖြစ်ကြပါစေ…။
အုပ်ကြီးဖေ
၁၁-၁၁-၂၀၁၁
0 comments:
Post a Comment