မြင်ခိုင်းမင်းသားကြီး
by Seaman Nayminthu on Thursday, November 24, 2011 at 9:39am
“မြင်ခိုင်းမင်းသားကြီး လာနေပြီဟေ့”
လူပျိုဆောင်ထိပ် အ၀င်ပေါက်ဝတွင် ရပ်နေသူတစ်ဦးက အသံပြုလိုက်သည်နှင့် တပြိုင်နက် အဆောင်တစ်ခုလုံး ယောက်ယက်ခတ် လှုပ်ရှားသွားသည်။
လျှပ်တစ်ပြက်အတွင်းမှာပင် တီးလက်စဂစ်တာသံ သီချင်းဆိုသံတွေ ငြိမ်သွားသည်။ စကားသံတွေ ရပ်စဲသွား သည်။ ကက်ဆက်သီချင်းသံတွေ တိုးညှင်းပျောက်ကွယ်သွားသည်။
ကိုယ်ယောင်ဖျောက်ဖို့ အလုအယက်သုတ်ခြေတင်ကြသည်။ ခြေသံတွေ ရှုပ်ယှက်ခတ်နေသည်။ အချင်းချင်းတိုးဝှေ့မိကြသည်။ စားပွဲပေါ်ရှိ စစ်တုရင်ခုံထက်မှာ အရုပ်လေးတွေ ထောင်တ၀က် လဲတ၀က်။ ချက်ခုံဘေးနားရှိ ဆေးလိပ်ပြာခွက်ထဲက မီးခိုးမျှင်တွေ ထွက်နေဆဲ။ သေတ္တာတစ်ချို့ အဖုံးပွင့်လျက်။
ဂစ်တာတစ်လက်က အ၀တ်ကြိုးတန်း တစ်ခုမှာ တစောင်းချိတ်လျက် ကျန်ရစ်နေသည်။
အဆောင်ဝကိုရောက်ရှိလာသော မြင်ခိုင်းမင်းသားကြီးက အခြေအနေကို အကဲခတ်လိုက်ပြီး-
“အခန်းထဲမှာ တစ်ယောက်မှ မရှိပါလား.. တော်တော်သွက်တဲ့ကောင်တွေ” အဆောင်ပြင်ကို မျက်လုံးဝေ့ အကြည့်…
“ဟေ့ ဟေ့ ဟိုဘက်ကိုသွားနေတဲ့တစ်ယောက် ဒီကိုပြန်လှည့်လာခဲ့”
ပြောပြောဆိုဆို နီးစပ်ရာ အိပ်စင်တစ်ခုမှာ ဖြန့်လှန်းထားသော စောင်တစ်ထည်ကို မပြီး လှပ်ကြည့်လိုက်ရာ… လား လား.. အိပ်စင်အောက်မှာ ခေါင်းနှစ်လုံးဆိုင်လျက် မျက်နှာတွေကို ၀ှက်ထားသည်။
“ဒီလိုလုပ်လို့ ဘယ်ရမလဲကွာ.. ထွက်ခဲ့”
“စတိုခန်းကို ဖွင့်လိုက်စမ်းဟေ့… အဲဒီထဲမှာ လူရှိရမယ်”
သည်လိုနှင့် အဆောင်တွင်း၌ လူဆယ်ယောက်လောက် ပြန်လည်စုစည်းမိလာသည်။
အားလုံးသော မျက်နှာလေးတွေ ညှိုးငယ်နေကြသည်။ သူတို့အလုပ်တစ်ခု ရတော့မည်ကိုသိနေကြ၏။
ရဲဘော်များက စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ထူးထူးခြားခြား လုပ်စရာမရှိလျှင် နီးစပ်ရာကျေးရွာတွေကို သွားရောက် လည်ပတ်ရင်း အချိန်ကုန်လွန်စေတတ်ကြပါသည်။ မိဝေးဖဝေး တရပ်တကျေးမှာ တာဝန်ထမ်း ဆောင်ရသည်ဆိုတော့ ဒေသခံများနှင့်ရင်းနှီးကျွမ်းဝင်ရှိနေခြင်းက အိမ်လွမ်းစိတ်ကို ပြေပျောက်စေပါသည်။ ရဲဘော်တိုင်းလိုလို ခင်ရာမင်ရာ စားအိမ်သောက်အိမ်တွေ ရှိနေတတ်သည်။ မွေးစားအမေ မွေးစားအဖေ ရှိနေသူ များကလည်း မရှားပါပေ။ အထူးသဖြင့် နှုတ်သွက်ခြေပေါ့ရှိသူများက ရွာခံများနှင့် အချိန်တိုအတွင်းမှာပင် ရင်းနှီး ကျွမ်းဝင် သွားတတ်သည်။
ဒီတော့ ရုံးပိတ်ရက်ဆို အပြင်ထွက်ဖို့စိုင်းပြင်းနေသူက များပါသည်။ မနက်အိပ်ယာထသည်နှင့် လက်ဖက်ရည် ဆိုင်မှာ Breakfast လေးအပြေးအလွှားဆွဲ၊ တစ်ပတ်တာ ၀တ်ဆင်ထားသော ယူနီဖောင်းနှင့် အရပ်ဝတ်တွေကို လျှော်ဖွပ်သန့်စင်၊ ရေမိုးချိုး အ၀တ်လဲ ရတတ်သမျှအမွှေးနံ့သာလေးတွေ လိမ်းကျံပြီး ရွာထဲကို တစ်ချိုးတည်း လစ်ကြသည်။ တချို့သူတွေကတော့ စားရိပ်သာ(Galley) မှချက်ပြုတ်စီမံပေးသည့် နေ့လည်စာကို စောင့်ဆိုင်း စားသုံးပြီးနောက်ပိုင်းမှ အပြင်ကိုသွားတတ်ကြရာ ထိုသို့ပွဲမ၀င်မီပြင်ဆင်နေချိန်အတွင်းမှာ အမှတ်မထင်ဆိုသလို မြင်ခိုင်းမင်းသားကြီး ရောက်ရောက်လာတတ်ပြီး တပ်အလုပ်တစ်ခုခု ခိုင်းတတ်သောကြောင့် စိတ်မသက်မသာ ဖြစ်ကြရခြင်းပါ။
သူရောက်လာလျှင် လက်ထဲမှာပါလာသော မှတ်စုစာအုပ်ထဲတေးထားသည့် မှတ်ချက်တွေကိုဖတ်ပြီး အဆောင် တွင်းရှိနေသူ လူစေ့တက်စေ့ကို ထောင့်စေ့နေအောင် ခိုင်းတတ်ပါသည်။ ရေမိုးချိုးထားသော အသားအရည်တွေ ခေါင်းလျှော်ဆီမွှေးလိမ်းထားသော ဆံပင်တွေ ချွေးပြိုက်ပြိုက်ကျစိုရွှဲနေတာကို ကြည့်ပြီး သူကသဘောကျသလို လို ပြုံးစေ့စေ့ မျက်နှာထားနှင့် အားရအောင်ခိုင်းပြီးမှ သူကိုယ်တိုင်ကားမောင်း၍ ရွာထဲကိုလိုက်ပို့တတ်သည်။ နေပူကျဲကျဲမှာ နာရီဝက်ခန့် လမ်းလျှောက်ရသည့် ဒုက္ခတော့ ကင်းဝေးသွားသလိုလို။ ဒါပေသိ ဘယ်သူကပျော် နိုင်တော့မှာလည်း။ ရွာထဲကိုရောက်တော့ ပင်ပန်းသမျှကို လက်ဖက်ရည်တစ်ခွက်နှင့် ကျေနပ်လိုက်ကြရသည်။
မြင်ခိုင်းမင်းသားကြီးဆိုသည်က ရဲဘော်တွေ တပ်မှူးကို ချစ်စနိုးခေါ်သောအမည်။ တခါတရံလည်း စိုးစိုး ဟုခေါ် တတ်ကြသေးသည်။ တပ်မှူးကိုတော့ သူတို့ချစ်ကြသည်။ တပ်မှူးကလည်း တပ်ကိုပြောင်းရွှေ့ ရောက်ရှိလာ စဉ်ကပင် သူ့သဘောထားကို အပြတ်ပြောထားသည်။ “ အားလုံးကို ညီအစ်ကိုလိုပဲ ဆက်ဆံချင်တယ်။ အရေးယူတာတွေဘာတွေမလုပ်ချင်ဘူး၊ အခက်အခဲရှိရင် ပွင့်ပွင့်လင်းလင်း တင်ပြကြပါ”တဲ့။ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်သည်မို့လည်း ရဲဘော်များနှင့် အတူရှိနေသည့်အချိန်က များပါသည်။ တစ်ခုတော့ရှိပါသည်။ သူစိတ်ကူးပေါက်လျင် ပေါက်သလိုမြင်တွေ့သမျှသူကို ခိုင်းတတ်ခြင်းကြောင့် စိတ်ကသိကအောက် ဖြစ်ရသည့် အခါ များလည်းရှိတတ်ပါသည်။ တပ်ကလည်း တပ်သစ်ဖြစ်တော့ အမြင်မတော်တာတွေ့တိုင်း လုပ်မည်ဆိုလျှင် နားဖို့အချိန်ပင် ရှိနိုင်မည်မထင်။
တပ်ရေးတပ်ရာကိစ္စများနှင့် ပတ်သက်၍တော့ စီအိုက တာဝန်ယူစိတ်အပြည့်ရှိပါသည်။ သူကိုယ်တိုင်လည်း ယုံကြည်မှုအပြည့်နှင့် တာဝန်အတိုင်းသာလုပ်သည်။ ထိုအချိန်က ရုံးလုပ်ငန်းဖြစ်စေ၊ အခြားအုပ်ချုပ်မှုကိစ္စ ဖြစ်စေ အမှားအယွင်းဖြစ်လျှင် သက်ဆိုင်ရာတာဝန်ခံကို ဌာနချုပ်ရုံးအရာရှိက ဆင့်ခေါ်ဆူပူကြိမ်းမောင်းလေ့ရှိ ရာ စီအိုသိပါက တာဝန်ခံကိုစေလွှတ်ခြင်းမပြုဘဲ ကိုယ်တိုင်သွားရောက်ဖြေရှင်းတတ်သည်။ ဒုဌာနချုပ်မှူး ဗိုလ်မှူးကြီးမှာ အတော်စည်းကမ်းတင်းကျပ်သူဖြစ်ပြီး သူခေါ်ပြီဆိုလျှင် G1, AQ1 တွေကအစ အပြေးတပိုင်း သွားရောက်သတင်းပို့ရသည်။ စီအိုကတော့ ခပ်မှန်မှန်အေးအေး ဆေးဆေးပင်။ ကျနော့်အတွေ့အကြုံအရ အောက်ခြေကို ဖိနှိပ်တတ်သော တပ်မှူးများသည် အထက်ဆိုလျှင် တုန်နေအောင်ကြောက်တတ်သည်။
မမေ့နိုင်သော အတွေ့အကြုံတစ်ခုကို ပြောပြရပါဦးမည်။ တစ်နှစ်မိုးဦးကျအချိန်တွင် ဌာနချုပ်အစည်းအဝေး ဆုံးဖြတ်ချက်အရ တပ်ဝင်းတိုင်းမှာ သီဟိုဠ်ပင်စိုက်စိုက်ကြရသည်။ တစ်နေ့မှာ ဌာနချုပ်မှူး တပ်တွေကိုလိုက်လံ စစ်ဆေးစဉ် ကျနော်တို့ ရုံးခန်းအတွင်းမှာ ပုံထားသော သီဟိုဠ်စေ့များတွေ့ရှိသဖြင့် တပ်မှူးကိုဆူပါတော့သည်။
“မင်း သီဟိုဠ်စေ့တွေက ဒီအချိန်မစိုက်သေးဘဲ ဘာလုပ်ထားတာလဲ”
“ကျနော်စိုက်ဖို့ စီစဉ်နေပါတယ်ဗိုလ်ချုပ် စိုက်ပျိုးရေးပညာရှင်လည်း ခေါ်ထားပါတယ်၊ ခုမြေပြုပြင်နေတုန်းမို့ပါ”
“ ဒီမှာကြည့်.. ပေါက်တူးနဲ့မြေကြီးတစ်ချက်ပေါက်လိုက်၊ ပေါက်ပြားကို အသာမပြီး သီဟိုဠ်စေ့ပစ်ထည့်၊ မြေစာကိုဖနောင့်နဲ့တစ်ချက်ပေါက်လိုက်၊ ကိစ္စပြီးရော။ ဒါများ ကြီးကြီးကျယ်ကျယ်လာပြောနေသေးတယ်” ဌာနချုပ်မှူးမှာ ကျောင်းဆရာဘ၀က စစ်ဗိုလ်ဖြစ်လာသူဖြစ်ပြီး.. အနေအထိုင်ရိုးစင်းသည်။ စကားပြောလျှင် တော့ တုံးတိ။
စီအိုက သူပိုင်ငွေဖြင့် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ရန် စိတ်အားထက်သန်ပါသည်။
တပ်ဧရိယာအတွင်း လယ်မြေတွေမှာ စပါးစိုက်ဖို့ ပုသိမ်က စိုက်ပျိုးရေးသမား ကုလားတစ်ယောက်ကို ခေါ်ယူ ကာ စစ်သည်များနှင့်ပူးတွဲ၍ လုပ်ဆောင်စေသည်။ ကုန်ကျစရိတ်ကိုစီအိုက စိုက်ထုတ်ပေးသည်။ ရေငံစိမ့်ဝင် သောလယ်မြေဖြစ်သည်ကတစ်ကြောင်း၊ စရိတ်အလေအလွင့် များသည်ကတစ်ကြောင်းကြောင့် ရှုံးလိုက်သည် မှာ ခွက်ခွက်လန်။
သို့သော်လည်း စီအို ရန်ကုန်ကိုသွားရောက်စဉ် လျှောက်လွှာတင်ခဲ့သော ရေထွက်ပစ္စည်းထုတ်လုပ်ခွင့် လိုင်စင် ကတော့ ဌာနချုပ်တစ်ခုလုံးအတွက် အကျိုးများစွာဖြစ်ထွန်းခဲ့ပါသည်။
တာဝန်ချိန်နောက်ပိုင်းတွင် စီအိုက စိတ်ပေါ့ပေါ့ပါးပါးနေတတ်သည်။ တခါတရံ ၁၀ နှစ်သားအရွယ် ကလေးများ နှင့် ဇယ်တောက်တမ်းကစားနေတတ်သည်။ အုတ်စက်မှ အလုပ်သမားများနှင့်လည်း စကားလက်ဆုံကျနေ တတ်သည်။ တခါတလေ သူစိတ်ဆိုးပြီဆိုလျှင်တော့ ကလေးဆိုးကြီးပမာ ရှူးရှူးရှားရှား နိုင်လှသည်။
တခါက စီအို ရန်ကုန်ကိုရောက်နေသည့်အခိုက်တွင် တပ်မှထွက်ပြေးသွားသော စစ်သည်တစ်ဦး စီအိုထံ လာရောက် သတင်းပို့ အဖမ်းခံပါသည်။ ထိုအချိန်က ၃ လစာ စုပုံရိက္ခာထုတ်ရန် ရောက်ရှိခြင်းဖြစ်ရာ အဆိုပါစစ်သည်ကိုပါ ကူညီလုပ်ဆောင်စေသည်။ ရန်ုကုန်မှပြန်လာသော ရိက္ခာသင်္ဘောပေါ်တွင် အခြား စစ်သည်များနှင့်အတူ ထိုစစ်သည်ပါလာသည်။ တရားခံတစ်ဦးနှင့်မတူ၊ ခွင့်ပြန်လာသော စစ်သည်တစ်ဦး နှင့်တူနေပေသည်။ အမှုမစစ်ဆေးမီ တပ်တွင်းအချုပ်မှာထားသည်ဆိုသော်လည်း လွတ်လွတ်လပ်လပ်ပင်။ အမှုစစ်မည်ပြုသောအခါ ထိုစစ်သည်၏ ဆန္ဒကို စီအိုကမေးမြန်းသည်။ စစ်သည်က အရပ်ထောင်ကျခံပြီး တပ်မှအပြီးထွက်ချင်သည်ဟု ဖြေဆိုသဖြင့် တပ်တွင်းစစ်တရာရုံးဖြင့် စစ်ဆေးကာ ပုသိမ်ထောင်မှာ ၆ လကျခံစေသည်။
စစ်သည်နှင့်ပတ်သက်သော တပ်ထွက်စာရွက်စာတမ်းများ ပြုစုရာတွင် အကျင့်စာရိတ္တမှတ်တမ်းရေးသွင်းရာ၌ “ကောင်း၊သင့်၊ညံ့” ရှိရာ စီအိုက “ကောင်း” ဟုမှတ်ချက်ပြုသည်။ ကျနော်ကြုံတွေ့ဖူးသော တပ်မှူး အများစု သည် ထောင်ကျထုတ်ပယ်သော စစ်သည်များနှင့် ပတ်သက်၍ အကျင့်စာရိတ္တမှတ်တမ်းတွင် “ညံ့” ဟုမှတ်ချက် ပေးကြတာများသည်။
စီအိုရန်ကုန်သို့ရောက်လျှင် ဗဟန်း၊ ဟာမိတစ်မှတ်တိုင်အနီး၊ ရွှေတောင်ကြားလမ်းရှိ နာမည်ကျော် ရုပ်ရှင် မင်းသားကြီးအိမ်တွင် တည်းခိုလေ့ရှိသည်။ သူနှင့်မင်းသားကြီး၏ မိသားစုမှာ မိတ်ဆွေရင်းများ ဖြစ်ကြဟန်တူပါ သည်။ သူတို့အချင်းချင်းဆက်ဆံရေးက မိသားစုရင်းများပမာ ရင်းနှီးပွင့်လင်းလှသည်။ အဲဒီအိမ်မှာ စီအိုအတွက် အိပ်ခန်းတစ်ခု သီးသန့်စီစဉ်ထားသည်ကို တွေ့ရပါသည်။
အခါအားလျော်စွာ ကျနော် စီအိုနှင့်အတူ ရန်ကုန်မြို့တွင်း အလုပ်ဌာနများသို့ လှည့်လည်သွားရတတ်ပါသည်။ ယာဉ်မောင်းစစ်သည် မပါသည့်အခါများတွင် စီအိုကိုယ်တိုင် ကားမောင်းပါသည်။ ထိုအခါမျိုးတွင် စီအိုက ကျနော့်ကိုကားရှေ့ခန်းထိုင်ခုံသို့ခေါ်ကာ သူနှင့်ဘေးချင်းယှဉ်ထိုင်စေပါသည်။ နီးနီးကပ်ကပ် စကားပြောချင်တာ လည်းဖြစ်နိုင်ပါသည်။ အခြားကိစ္စတစ်ခုလည်း ဖြစ်နိုင်ပါသည်။
သူနှင့်ပြောဆိုဆက်ဆံရသည်မှာ စိတ်သက်သာပေါ့ပါးမှုရှိပါသည်။ မိမိအထက်အရာရှိဖြစ်နေသဖြင့် သူ့မျက်နှာ ရိပ်မျက်နှာကဲကြည့်ကာ ဆက်ဆံရတာမျိုးမဟုတ်။ ကိုယ့်စိတ်ထဲရှိရာ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ပါသည်။ သူကိုယ်တိုင်ကလည်း စတိုင်အပြည့်မလိုင်အပြည့်ဖြင့် အိုက်တင်ခံမနေတတ်ပါ။ သို့သော်လည်း ရဲဘော်တွေက သူ့ကိုလေးစား နေမြဲ။ ရဲဘော်များ စည်းကမ်းလျော့ရဲ မသွားပါ။
တပ်တွင်း အရာရှိ/စစ်သည်ဆက်ဆံရေး၌ အပြန်အလှန်လေးစားမှုရှိရန် နေရာတကာ ငါတကောကော၍ အဆင့် အတန်းခွဲခြားနေဖို့ မလိုကြောင်း သက်သေသာဓက တစ်ခုပင်။ နာယကဂုဏ် ခြောက်ပါးနှင့်ပြည့်စုံသော အထက်အရာရှိခေါင်းဆောင်များမှာ စစ်သည်များ၏ ချစ်ကြောက်ရိုသေလေးစားမှုကို အစဉ်အမြဲ ရရှိနိုင်ပါသည်။
မတစ်ထောင်သားတို့ စုဝေးရောက်ရှိရာ ဗိုလ်ခြေတစ်သောင်း ပေါင်းစုဆုံစည်းရာ အမိန့်၊စည်းကမ်း၊ကျင့်ဝတ်တို့ ဖြင့် ရစ်နှောင်ထုံးဖွဲ့ရာ အိုဘယ့် တပ်မတော်အတွင်း၌ ဤကဲ့သို့သော လူသားဆန်သည့် တပ်မှူးကောင်းများကို လည်း ကြုံဆုံထိတွေ့ခဲ့ရဖူးပါသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..
နေမင်းသူ
၂၃ နိုဝင်ဘာ ၂၀၁၁
0 comments:
Post a Comment