Thursday, November 10, 2011

အာရှစီးပွားရေး တိုးတက်မှုနှင့် လူငယ်အရေအတွက် ဖောင်းပွလာမှု

by General Knowledge on Friday, November 11, 2011 at 8:37am

Thursday, 10 November 2011 03:48 ၀င့်ထန်း




ကုလသမဂ္ဂရဲ့ စီးပွားရေးခန့်မှန်းချက်အရ လာမယ့် ၂၀၁၂ ခုနှစ် အရှေ့အာရှနဲ့ တောင်အာရှ ဒေသတစ်ခုလုံး စီးပွားရေး တိုးတက်မှုကို (၇) ရာခိုင်နှုန်း အထိ မြင်တွေ့ ရမည်ဟု ဆိုသည်။

ဥရောပနဲ့ အမေရိက စီးပွားရေးကျဆင်း ကြွေးမြီဝိုင်းပတ်နေချိန်မှာ အာရှရဲ့ စီးပွားရေးအရှိန်အဟုန် မြင့်တက်နေခြင်း ဖြစ်သည်။ တစ်ချိန်ထဲမှာ အာရှဒေသ လူသန်းပေါင်းများစွာရဲ့ ၀င်ငွေနဲ့ လူနေမှု အဆင့်အတန်း များလည်း တိုးတက်လျက်ရှိသည်ဟု ဆိုသည်။

နောက် နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) က ၂၀၀၉ ခုနှစ် အာရှဒေသ အလုပ်သမားတွေရဲ့  လစာက ၈ ရာခိုင်နှုန်း အထိ တိုးတက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ အဓိကက တရုတ်စီးပွားရေး မောင်းနှင်အားကြောင့် ဖြစ်သည်။
အဲဒီလို အာရှက တိုးတက်နေပေမယ့် ၂၀၀၉ နဲ့  ၂၀၁၀ ခုနှစ် ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေရဲ့ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၀.၆ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

အလုပ်လက်မဲ့နှုန်း လျော့ကျ

ပြီးခဲ့တဲ့ငါးနှစ်အတွင်း အာရှ တိုင်းပြည် အများစုမှာ လူငယ် အလုပ်လက်မဲ့ ၁၅ ရာခိုင်နှုန်း လျော့ဆင်းသွားသည်။ အဲဒီ ကိန်းဂဏန်းကို အီတလီနဲ့ စပိန်လို ဥရောပစီးပွားရေးနိုင်ငံကြီးတွေရဲ့ အလုပ်လက်မဲ့ ၃၀ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်ရင်၊ အာရှက လူငယ်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ များပြားလာနေတာ ထင်ရှားသည်။

ကုလသမဂ္ဂ အာရှပိစိဖိတ်ဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင်မှ Marco Roncarati က “အာရှ အရှိန်အဟုန်နဲ့ တိုးတက် ချမ်းသာလာတယ်။ လွန်ခဲ့ နှစ် ၂၀၊ ၃၀ ကို ပြန်ကြည့်ရင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးလာတာ တွေ့ရတယ်” ဟု ပြောသည်။

ကမ္ဘာ့လူငယ်လူရွယ် အများဆုံးက အာရှမှာ ရှိနေတာမို့၊ လူငယ်တွေ အလုပ်အကိုင်ရရှိမှုက ဒေသတိုင်းပြည်တွေ အတွက် အလွန်အရေးပါသည်။

ကုလသမဂ္ဂ စာရင်းအရ ကမ္ဘာပေါ်ရှိ အသက် ၁၅ နှစ်မှ ၂၄ နှစ်အထိ လူငယ် ၆၂ ရာခိုင်နှုန်းက အာရှမှာ နေထိုင်ကြသည်။ အရှင်းဆုံးပြောရရင် လူငယ် သုံးယောက်မှာ နှစ်ယောက်က အာရှက ဖြစ်သည်။

အရေအတွက်နဲ့ ပြောရရင် ၂၀၁၀ ခုနှစ် အာရှမှာ ၁၅ နှစ်နဲ့ ၂၄ နှစ်ကြား လူငယ် ၇၄၅ သန်း ရှိသည်ဟု UNDP အစီရင်ခံစာက ဖော်ပြသည်။ သေချာတာက အာရှဒေသမှာ လူငယ်အရေအတွက် ဖောင်းပွမှု (youth bulge) ကြုံနေရသည်။
ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ လာအို မှာ အသက် ၂၂ နှစ်အရွယ် လူငယ်အရေအတွက်က အဲဒီတိုင်းပြည်တွေမှာ အများဆုံး ဖြစ်သည်။ ဗြိတိန်နိုင်ငံမှာတော့ အသက် ၄၀ အရွယ်တွေက အများဆုံး ဖြစ်သည်။



ရှေ့မျိုးဆက်တွေထက် ပိုခက်ခဲ

ဒေသတွင်း လူငယ်ထုအရေအတွက် တိုးများလာမှုက စီးပွားရေး တိုးတက်ဖို့ အလားအလာတွေ ဖြစ်စေသလို၊
ပြဿနာတွေ ပေါက်ဖွားဖို့လည်း ရှိသည်။

ကနေ့ အာရှလူငယ်တွေမှာ ဘ၀ မျှော်လင့်ချက်တွေ များသလို၊ သူတို့အရင် ရှေ့မျိုးဆက်တွေနဲ့ မတူအောင် ဖိအားတွေ ပိုရင်ဆိုင်ကြရသည်။ မိဘတွေ မရခဲ့တဲ့ ပညာရေးမျိုးကို ရအောင် နိုင်ငံခြားထွက် ပညာရှာရသည်။ နိုင်ငံရွှေ့ပြောင်း အလုပ်လုပ်ကြရသည်။

ဒါပေမဲ့ ၀င်ငွေနဲ့ နေ့စဉ်ကုန်ကျစရိတ် မကာမိဖြစ်သည်။ အိမ်ခန်းတစ်ခန်း ပိုင်ဆိုင်ဖို့ ပိုခက်ခဲလာသည်။ အလုပ်အကိုင်နဲ့ သဘာဝရင်းမြစ်အတွက် ပြိုင်ဆိုင်မှုတွေ မြင့်မားလာသည်။ ပြိုင်ဆိုင်မှုမှာ အခွင့်မသာသူက စိတ်ဓာတ်ကျပြီး သတ်သေတဲ့ အထိ ဖြစ်လာသည်။ ဒီဖြစ်စဉ်က ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ စင်္ကာပူနဲ့ တိုးတက်စ အာရှနိုင်ငံတိုင်းမှာ ပုံစံတူ ဖြစ်နေသည်။



လုပ်ရင်းကိုင်ရင်း ဆင်းရဲတွင်းနက်

အာရှမှာ လူငယ်တွေအတွက် ဒုက္ခအများဆုံး နိုင်ငံတစ်နိုင်ငံက အိန္ဒိယ ဖြစ်သည်။ အသက် ၃၀ အောက် လူဦးရေ ၇၁၄ သန်း ရှိပြီး ဆင်းရဲချမ်းသာ ကွာဟာမှု ကြီးမားနေသည်။ နိုက်ကလပ် ညတိုင်းတက် ဖြုန်းတီးနေတဲ့ လူငယ်တွေ ရှိသလို၊ တစ်နေ့ ထမင်းတစ်နပ်မှန်ဖို့ ခက်နေတဲ့ လူငယ်သန်းပေါင်းများစွာ ရှိသည်။ အလုပ်လုပ်ရင်း ဆင်းရဲတွင်း နက်နေသူတွေရှိသလို၊ နေ့စဉ်စားရဖို့ အလုပ်ပတ်ရှာနေရ သူတွေလည်း ရှိသည်။

ILO အဖွဲ့ရဲ့ သတ်မှတ်ချက်မှာ အလုပ်လုပ်ပေမယ့် တစ်နေ့ဝင်ငွေ ၁.၂၅ ဒေါ်လာအောက် ရှိသူကို အလုပ်လုပ်ရင်း ဆင်းရဲသူ (working poor) ဟု ဆိုထားသည်။ အဲဒီ 'အလုပ်လုပ်ရင်း မွဲနေသူများ' များမှာ တောင်အာရှဒေသနဲ့ ဆဘ်ဆာဟာရ အာဖရိက တို့မှာ အများဆုံး ဖြစ်သည်။

နောက် ILO ရဲ့  ဖော်ပြချက်အရ ဖွံ့ဖြိုးမှုနှိမ့်တဲ့ တိုင်းပြည်တွေမှာ ဆင်းရဲတဲ့ လူငယ်တွေကို အလုပ်အကိုင် ရေရှည် ပေးမထားနိုင်ခြင်း
ဖြစ်သည်။

ဒါကြောင့် အလုပ်အကိုင် ရှာဖွေနေတဲ့ လူငယ်တွေ၊ အလုပ်လုပ်ရင်း ဆင်းရဲတွင်း နက်နေသူတွေ၊ အလုပ်ပုံမှန် မရသူတွေ အားလုံးအတွက် အလုပ် အကောင်ကောင်းတွေ ဖန်တီးပေးဖို့က အာရှဒေသ အစိုးရများ အဖို့ တာဝန်နဲ့ စိန်ခေါ်မှုတွေဖြစ်လာသည်။

ဝင့်ထန်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...