နစ်နေကျ မြစ်ပြင်ကျယ်ကျယ်ကို စိတ်ကူးခြင်း/လက်ပစ်ကူးခြင်း
သိမ်မွေ့ညင်သာစွာ ပြောပြတဲ့ ပုံတိုပတ်စတွေမှာကွယ်...
ကိစ္စကြီးကြီးကျယ်ကျယ်မရှိဘူး စကားကြီးကြီးခါးခါးမကြားဘူး
ကိုယ့်နွံနဲ့ကိုယ် လိမ်မာစွာညွတ်ပြောင်း အခွံချွတ်ပြီးသကာလ
အလိပ်လိုက်လေးသာ ခွေခေါက်အိပ်ပလိုက် ခေါင်းကိုက်နေသောအိမ်မှာ
အမှားကို အတင်းအဓမ္မသာ နေရာလုလိုက်ပါလေ.. မစ္စတာအမှန်တရား ခင်ဗျာ
(၁) ခွာကောင်းကောင်းတစ်စုံကို သံကောင်းကောင်းနဲ့
(၂) ဖြစ်နိုင်ခြေနည်းသော ဖြစ်တန်စွမ်းတွေ မွှတ်နေအောင်လည်သော ကမ္ဘာကြီးတွေ
(၃) အလင်းဟာ ယိုင်ထွက်လာတယ် .. ထောင့်ကျိုးတြိဂံကို မညှာမတာကွယ်
ငါ.. ငါ.. နှုတ်ဆက် ခဲ့ ပါ .. တယ် ( တောက် စပြောထဲက အသံကလာတုန်နေတယ် ) ပြန်ပြောမယ်
ငါ ..ငါ ... နှုတ်ဆက်ခဲ့
ရှင်ဟာလေ .. ဒီစိတ်နဲ့ပဲ ဒါမျိုးအခြေအနေအထိ ဖက်တွယ်နေတတ်တယ်
အိတ်ကပ်ရဲ့အပေါက် အပေါ်နဲ့အောက် ပြောင်းထားလိုက်လေ
တို့တွေပျော်ပျော်ကြီးခုန်ချနေတာ တစ်ယောက်ပြီး ပျော်ပျော်ကြီး တစ်ယောက်
အင်း.. ကိုယ့်အသက်ကိုယ်ကျင်းစိမ်ရဲခဲ့တော့လည်း ဒီမြက်ခင်းကြီးကိုအကန့်အသတ်မဲ့စေ
ပလပ်စတစ်ပိုက်နဲ့အရက်ဖြတ်ထားတဲ့ ချစ်ရည်ရွှန်းလဲ့ကို ဂရုတစိုက်လေးစုပ်ယူ
အိပ်မက်မှန်ရင် လှရဲ့ရမယ် ဆိုးရဲရမယ်
လန့်လည်းနိုးရဲရမယ် မေးခွန်းကိုကရေငုံနှုတ်ပိတ်စွာ အရသာကိုရှိ
ခေတ်ဆိုတဲ့စကားလေး ခဏဖြုတ်ပြီး နောက်ကျပါတယ် ..စူဇန်
မမြင်အပ်သော မကြားအပ်သော လိပ်စာအပြည့်အစုံတပ်ခွင့်မရှိသော
စာကြောင်းရေ( တမင် )ဖောင်းပွထားသော လွမ်း သူ့ စာ မျက် နှာ
ခြုံထားလိုက်ပါ .. နွေးလာတဲ့အခါ လုံးခြေလွှင့်ပစ်လိုက်ပေါ့
" ရှပ် ရှပ် ရှပ် ရှပ် " ......မရှိပါဘူး စိတ်ထင်လို့ပါ.. ဘေးနားမှာရှိတာ သွေးတွေ
ဝအောင်စုပ်ပြီး ထုံထိုင်းနေတဲ့ခြင်တွေပဲ ( ဟင် ) လှေကားထစ်တွေပေါ်က
ဆင်းလာခဲ့ဖူးတဲ့ ခြေထောက်လှလှလေးလေ
မထင်ပါဘူး ငါစိတ်ရှိနေလို့ပါ
ဒီလိုပန်းချီကားမျိုးက စမဆွဲဖြစ်မှ ဌန်ကရိုဏ်းကျကျ အဓိပ္ပာယ်ရှိရှိ
မီးခြစ်ထဲကိုဝင်ဝင်ပုန်းနေရတယ်ကွာ
အငွေ့လား အရည်လားမသိသေးတဲ့ ညနေဟာလေ
ဟုတ်တယ်နော့ စူဇန် ..ဟိုဘက်တစ်ခု ဒီဘက်တစ်ခု ယှဉ်ချထားတယ်
မတူသည့်အချက်များကို ရှာဖွေဖျက်ဆီးပါ
အရောင်မပြောင်းလဲ တွန်း ထိုးကုတ် ဖဲ့ စီးဆင်းခဲ့ဖူးတဲ့အခါ
စက္ကူဘူးခွံထဲငြိမ်ပြီးတောက်လောင်နေတဲ့ ဝါကျင့်ကျင့်စာရွက်ထဲမှာ
တစ်စက်ချင်း ရွာ ကျ နေ သော မြစ် တစ် စင်း လို ဆံနွယ်ရှည်ရှည်တွေ ။ ။
( တေးခက် )
0 comments:
Post a Comment