Thursday, November 10, 2011

ပြည်ထောင်စုဖွား တိုင်းရင်းသား (ရှမ်း)

by Thant Ko Ko Maung on Friday, November 11, 2011 at 11:23am


ရှမ်းပြည်နယ်တွင် နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများမှာ များပြား လှပေသည်။ ထိုတိုင်းရင်းသား
လူမျိုးများကို ခွဲခြား သတ်မှတ် လေ့လာရန်အတွက် မူတစ်ခုခုကို စံထား ရပေမည်။ အလေ့အထ
စရိုက်များသည် လည်းကောင်း၊ ကိုးကွယ် ယုံကြည်မှုများသည် လည်းကောင်း လူမှုရေးနှင့် စီးပွားရေး
တို့သည် လည်းကောင်း၊ တစ်ခုနှင့်တစ်ခု ကွဲပြားမှုနည်း၍ တူညီမှု များသောကြောင့် မူအဖြစ် သတ်မှတ်ထားရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် ပြောသောစကားကို မူပြုလျှက် စကားအုပ်စုများ ခွဲရသော် လွယ်ကူမည်ဟုထင်ရသော်လည်း လက်တွေ့အားဖြင့် ဘာသာစကား တူညီမှုများလည်း ရှိကြောင်း တွေ့ ရပြန်သည်။
ပထမလူမျိုး အုပ်စုအလိုက် ခွဲခြားပြီးမှ စကားအုပ်စု အလိုက် ပြန်လည် စုစည်းကြည့်ရသော် လေ့လာရေးတွင် ပိုမိုအထောက်အကူ ပြုနိုင်မည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းရှိ ပြည်ထောင်စုဖွား တိုင်းရင်းသားများသည် မွန်ဂိုမျိုးနွယ်မှ ပေါက်ဖွား
ဆင်းသက် လာကြသူများ ဖြစ်သည်ဟု မနုဿဗေဒ ပါရဂူကြီးများက မှတ်ချက် ချခဲ့သည်။ ရှေးနှစ်ပေါင်း
ပဝေဏသီက အောက်ပါ အုပ်စုကြီး သုံးစုခွဲကာ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်နေထိုင် လာကြသည်ဟု
ယူဆကြသည်။

(၁) မွန် ခမာ အုပ်စု၊ (၂) တိဗက် မြန်မာ အုပ်စု (၃) ထိုင်း တရုတ် အုပ်စု။

ရှမ်းပြည်နယ်သို့ ဝင်ရောက်ခဲ့ကြသော ထိုအုပ်စုကြီး သုံးစုမှ ယခုထက်တိုင် တွေ့ရှိရသော လူမျိုးများမှာ
အောက်ပါအတိုင်း ဖြစ်သည်။

မွန် ခမာ အုပ်စုကြီးမှ ပေါက်ဖွားလာသော -
(၁) ဝ၊ (၂) ပလောင်၊ (၃) မြောင်။

တိဗက် မြန်မာ အုပ်စုကြီးမှ ပေါက်ဖွားလာသော -
(၁) ကချင်၊ (၂) မြန်မာနှင့် ရှေးမြန်မာ အနွယ်စုများ (၃) လိုလိုမုဆိုး အုပ်စုဝင်များဖြစ်သော
လီဆူး သို့မဟုတ် ယောယင်၊ လားဟူ၊ မုဆိုး၊ ကော်။

ထိုင်း တရုတ် အုပ်စုကြီးမှ ပေါက်ဖွားလာသော -
(၁) ရှမ်း၊ (၂) ရှမ်း တရုတ်၊ (၃) ကိုးကန့်။

ရှမ်းပြည်နယ်တွင် နေထိုင်ကြသော တိုင်းရင်းသားများ အားလုံးကို ရှမ်းတိုင်းရင်းသားများဟု
ကျန်တိုင်းရင်းသား များက ခြုံ၍ ခေါ်လိုက်ပြီး ရှမ်းပြည်နယ်နေ ပြည်သူ အားလုံးကိုလည်း ရှမ်းလူမျိုးများသာ
ဖြစ်သည်ဟု အမှတ်မထင် ယူဆထားကြသည်။ အမှန်မှာ ရှမ်းပြည်နယ်တွင် ရှမ်းအမျိုးသားများသာ
မဟုတ်ဘဲ အခြား တိုင်းရင်းသားပေါင်း လေးဆယ်ကျော်တို့ နေထိုင်လျက် ရှိကြသည်။

၁၉၅၅ ခုနှစ် သန်းခေါင်စာရင်း၏ ခန့်မှန်းချက်အရ ရှမ်းပြည်နယ်အတွင်း လူဦးရေ အသင့်အတင့်
များပြားသော တိုင်းရင်းသားများကို ယင်းတို့ နေထိုင်ရာ ဒေသနှင့်အတူ ဖော်ပြထားသည်။

အမှတ်စဉ်              လူမျိုး                    ဦးရေ                  နေထိုင်ရာ ဒေသ
၁                        ရှမ်း                    ၈၀၀,၀၀၀              ရှမ်းပြည်နယ် အနှံ့အပြား
၂                        ပအို့ဝ်                  ၁၀၀,၀၀၀              ရှမ်းပြည်နယ် အနောက်ပိုင်း၊ အလယ်ပိုင်း
၃                        ပလောင်              ၁၀၀,၀၀၀              ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်း
၎                        ကချင်                   ၈၀,၀၀၀              ရှမ်းပြည်နယ် မြောက်ပိုင်း၊ အရှေ့ပိုင်း
၅                        အင်းသား               ၈၀,၀၀၀              ရှမ်းပြည်နယ် တောင်ပိုင်း၊
                                                                             အင်းလေးကန် ဒေသ
၆                        ဓနု                        ၇၀,၀၀၀             ရှမ်းပြည်နယ် အနောက်ပိုင်း
၇                                                 ၅၀,၀၀၀             ရှမ်းပြည်နယ် တောင်ပိုင်း၊ ဝနယ်
၈                        လားဟူ
၉                        မူဆေး                    ၄၀,၀၀၀             ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျိုင်းတုံနယ်
၁၀                      ကော်                     ၃၀,၀၀၀              ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံနယ်
၁၁                      မိုင်းသာ
                         (ရှမ်းတရုတ်)             ၂၀,၀၀၀            ရှမ်းပြည်နယ် မြောက်ပိုင်း
၁၂                      ပဒေါင်
                         (ကယမ်း)                 ၁၈,၀၀၀            မိုးဗြဲနယ်တစ်ဝိုက်
၁၃                      တောင်ရိုး                 ၁၈,၀၀၀            ရှမ်းပြည်နယ် တောင်ပိုင်း၊ အလယ်ပိုင်း
၁၄                      ယင်း                       ၂၀,၀၀၀            ကျိုင်းတုံနယ်
၁၅                      ခံ (ဂုံ)
၁၆                      လိ
၁၇                      လမ်း                      ၁၃၀,၀၀၀           ကျိုင်းတုံနယ်
၁၈                      ကယား                      ၅,၀၀၀           မိုးဗြဲဒေသတစ်ဝိုက်
၁၉                      ထိုလွိုက်
၂၀                      စန်တို                        ၈,၀၀၀           မိုးဗြဲဒေသတစ်ဝိုက်
၂၁                      လီရှော                      ၂,၀၀၀           ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်း
၂၂                      ယင်းကြား
၂၃                      ယင်းနက်                   ၂,၀၀၀           ရှမ်းပြည်နယ် တောင်ပိုင်း
၂၄                      ကိုးကန်
                         (မာလီပါရင့်)             ၅၀,၀၀၀           ကိုးကန့်နယ်၊ ဝ နယ်ရှိ ပန်းလုံး
                                                                             မိုင်းမော်ဒေသ
၂၅                      မြောင်ဇီး                   ၇,၀၀၀           ကိုးကန့်နယ်၊ ရှမ်းပြည် မြောက်ပိုင်း
၂၆                      ထိုင်းနေ
                         (ရှမ်းတရုတ်)               ၅,၀၀၀           ကိုးကန့်နယ်၊ ရှမ်းပြည် မြောက်ပိုင်း
၂၇                     ယွန်းနှင့် ယွန်း
                         အနွယ်ဝင်များ             ၈,၀၀၀           ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံနယ်
                                                                            တာချီလိတ် ဒေသတစ်ဝိုက်

အထက်ဖော်ပြပါ တိုင်းရင်းသားလူမျိုး ၂၇ မျိုးအပြင် ဒေသန္တရ အခြေအနေအရ ကူးလူးဆက်ဆံမှု
နည်းပါးခြင်းကြောင့် သီးခြားလူမျိုး အသွင်ဖြင့် ကွက်တိကွက်ကြား တွေ့ရှိရသော တိုင်းရင်းသား
လူမျိုးများမှာ -

(၁) ကွိ၊ (၂) အခေ (အခို)၊ (၃) ပလေး၊ (၄) အပယ်၊ (၅) ဆံတောက် (၆) ဆံတင်၊ (၇) အင်၊
(၈) အင်စင် (အစီး)၊ (၉) ခမူ၊ (၁၀) ခမင်၊ (၁၁) လိ၊ (၁၂) ကျောက်စိ၊ (၁၃) လ (လွယ်လ)၊
(၁၄) မူဆေး၊ (၁၅) ယဲကြား၊ (၁၆) ယောယင်၊ (၁၇) လင်း၊ (၁၈) ဖျင်၊ (၁၉) စိတ်၊
(၂၀) ယင်းလပ် (ယင်းနက်)၊ (၂၁) ပဒဲ၊ (၂၂) ဇယိမ်း၊ (၂၃) ဂေခို၊ (၂၄) ဂေဘား၊
(၂၅) မနုမနော၊ (၂၆) ယင်းတလဲ၊ (၂၇) ဂဒူး၊ (၂၈) ဂဏန်း၊ (၂၉) လွယ်၊ (၃၀) မြွေ၊
(၃၁) ပွေး၊ (၃၂) တိယန်၊ တို့ဖြစ်ကြသည်။

အထက်ဖော်ပြပါ ရှမ်းပြည်နယ်တွင် နေထိုင်ကြသော ရှမ်းအမျိုးသားများ အပြင် ပြည်ထောင်စု မြန်မာနိုင်ငံ
အတွင်း အခြားဒေသများတွင် သွားရောက် နေထိုင်ကြသော ရှမ်းအမျိုးသား များလည်း ရှိကြသေးသည်။
ရှေးရာစုနှစ်ပေါင်း များစွာက ပြည်ထောင်စုအတွင်း ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။
တောင်တန်း ဒေသများတွင် အထူးသဖြင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ကွမ်းလုံ
နယ်ခြား ခရိုင်နှင့် ဝနယ်၊ ကိုးကန့်နယ်များတွင် လည်းကောင်း၊ မြေပြန့်တွင် ပခုက္ကူ၊ မန္တလေး၊
ကျောက်ဆည်၊ ဖြူး၊ တောင်ငူ၊ ပဲခူး၊ တိုက်ကြီး၊ ရန်ကုန်၊ ကျိုက္ခမီ စသော မြို့ကြီးများ အနီးနား
တစ်ဝိုက်တွင် လည်းကောင်း ရှမ်းစု၊ ရှမ်းရွာဟူ၍ ဖွဲ့စည်း နေထိုင်ကြသော ရှမ်းအမျိုးသားများကို
တွေ့ရသေးသည်။

အထက်ဖော်ပြပါ လူမျိုးများသည် အခြေခံ ဆင်းသက်လာသော အနွယ်များ တူညီမှုကြောင့် လည်းကောင်း၊
အတူတကွ နေထိုင်လာခြင်းနှင့် ကူးလူးဆက်ဆံခြင်းတို့မှ စပြီး သွေးနှောလာမှုကြောင့် လည်းကောင်း
ပြောသော ဘာသာစကားများ ရောနှောလာသည်ကို တွေ့ရသည်။

ရှမ်းပြည်နယ်တွင် ရှမ်းအမျိုးသားများသည် ဦးရေ အများဆုံးဖြစ်ရာ ဘာသာစကားတွင် လည်းကောင်း
ယဉ်ကျေးမှု စရိုက်များတွင် လည်းကောင်း ရှမ်းအမျိုးသားများသာ လွှမ်းမိုးသည်။ ထို့ကြောင့် ရှမ်းပြည်နယ်
အတွင်းရှိ လူမျိုးတို့၏ ဘာသာစကားများတွင် ရှမ်းစကားများ အနည်းအများ ပါဝင် ရောနှော နေသည်ကို
တွေ့ရှိရသည်။ ရှမ်းပြည်နယ်ရှိ လူမျိုး အသီးသီးတို့သည် ရှမ်းဘာသာစကားကို အနည်းနှင့်အများ
တတ်ကျွမ်း ကြသည်။ ရှမ်းအမျိုးသားများနှင့် မြန်မာ အမျိုးသားတို့သည် နှစ်ပေါင်း ရာပေါင်းများစွာ
ကူးလူးဆက်ဆံ လာခဲ့ကြသည့်အတိုင်း ရှမ်းဘာသာစကားတွင် မြန်မာစကား သို့မဟုတ် မြန်မာစကားနှင့်
များစွာတူညီသော ရှမ်းစကားများ ရောပြွမ်း နေကြောင်းကို တွေ့ရှိ နိုင်ပေသည်။

မစ္စတာကောက်ဆိုသူ သမိုင်းဆရာကမူ မြန်မာသက္ကရာဇ် မတိုင်မီ ရှေးနှစ်ပေါင်း ၇၀၀ ကျော်
ကတည်းက နောင်အခါ ရှမ်းလူမျိုးများ ဖြစ်လာကြမည့် တိုင်လူခေါ် လူမျိုးတို့သည် အာရှတိုက်
အလယ်ပိုင်းတွင် နေထိုင် လာခဲ့ကြသည်။ ထို့နောက် တရုပ်ပြည်တွင် ပြည်တွင်း မငြိမ်မသက်
ဖြစ်မှုကြောင့် မဲခေါင်၊ မဲနန်၊ ဗြဟ္မပုတ္တရ၊ ဧရာဝတီ၊ သံလွင်စသော မြစ်ကြောင်းများမှ စုန်ဆင်း
ပြောင်းရွှေ့ လာခဲ့ရာ မြန်မာနိုင်ငံ၊ လောနိုင်ငံ၊ ထိုင်းနိုင်ငံ (ယိုးဒယား)၊ တနင်္သာရီ
ကမ်းရိုးတန်းများအထိ ပြန့်နှံ့ သွားခဲ့သည်။

မြန်မာနိုင်ငံ အတွင်းသို့ ရှေးဦးစွာ ရောက်လာ၍ ဧရာဝတီ မြစ်လက်တက်ဖြစ်သော ရွှေလီ မြစ်ဝှမ်းတွင်
ပထမဆုံး လာရောက် အခြေစိုက်ပြီး မော ကိုးပြည်ထောင်ကို တည်ထောင် ခဲ့ကြသည်။ မြန်မာနိုင်ငံ
မြောက်ပိုင်း အစွန်ကို ကန့်လန့်ဖြတ် ကူသန်း၍ အာသံနယ်ဖက်သို့ ပြောင်းရွှေ့ သွားကြသည်။ အချို့မှာ
ရွှေလီမှ ဧရာဝတီသို့ စုန်ဆင်းကြပြီး မြန်မာပြည် မြေပြန့် အနှံ့အပြားသို့ ပြောင်းရွှေ့ သွားခဲ့သည်။ အချို့မှာ
တောင်တန်းများကို ဖြတ်ကျော်၍ ယခု ရှမ်းကုန်းပြင်မြင့်သို့ ရောက်လာကြသည်။ ထိုမှတစ်ဖန် မဲခေါ်င်
မြစ်ဘက်သို့ ကူးသွားကြရာ ထိုင်း (ယိုးဒယား)၊ လောနိုင်ငံ များသို့ ရောက်သွားကြသည်ဟု ဆို၏။
မော ကိုးပြည်ထောင် ဆိုသည်မှာ မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိလာပြီး နောက်မှ တည်ထောင်သော
ရှမ်းပြည်နယ်များ ဖြစ်သည်။

ဂုံ (ခွံ) အမျိုးသားတို့မှာ ရှမ်းအမျိုးနွယ်တွင် ပါဝင်သည်။ ထိုင်း တရုတ် အုပ်စုမှ ပေါက်ဖွားသော အနွယ်များ
ဖြစ်သည်။ ရှမ်းတို့က ယင်းတို့ကို တိုင်းခွံ ဟုခေါ်၍ ယင်းတို့က ရှမ်းတို့ကို သျှမ်း ဟုခေါ်ခြင်းကို
ထောက်ရှုခြင်း အားဖြင့် အမျိုးခြင်းတူကြောင်း သိရသည်။ ဂုံ (ခွံ) အမျိုးသားတို့ အများဆုံး နေရာဒေသမှာ
ကျိုင်းတုံနယ် ဖြစ်သည်။ မြန်မာ သမိုင်းများတွင် ဂုံ (ခွံ) အမျိုးသားတို့ နေထိုင်ရာ ကျိုင်းတုံနယ်ကို
ခေမာဝရ ဂုံပြည်ဟု ရေးသားထားသည်။ “ကျိုင်းတောင် ကျိုင်းတုံ၊ မြို့မိုင်းလုံ၊ မော်တုံ ရှမ်းတို့ကျေး”
“ကချင်နှင့်ဂုံ၊ ပြူနှင့်ပြုံ သထုံသည်ကဝေး” ဟူ၍ ကဝိလက္ခဏ သတ်ပုံ သံပေါက်များတွင်
ရေးသားထား၏။ ဂုံ (ခွံ) တို့သည် သံလွင်မြစ် အရှေ့ဖက်ကမ်းတွင် နေထိုင်ကြပြီး အနောက်ဖက်ကမ်းတွင်
လူး လူမျိုးများ နေထိုင်ကြသည်။

ယွန်း အမျိုးသားတို့သည်လည်း ရှမ်းအနွယ်ဝင်များပင် ဖြစ်သည်။ မြန်မာ သက္ကရာဇ် ၁၁၁၃ ခုနှစ်တွင်
ရေးသား ပြုစုသော စိန္တကျော်သူ ဦးသြ၏ မြန်မာမင်း လွှတ်တော်သုံး ကဝိလက္ခဏ သတ်ပုံကျမ်းတွင်
ယွန်းနှင့် ပတ်သက်၍ “ယွန်းပြည် မိုင်းငွန်း၊ တို့ရပ်ကျွန်း၊စွန်းလွန်း ပဒုံမြေ၊ ယွန်းမှာခဲဖြန်း၊
ဖြိုးအနန်း၊ ဂြိန်းလည်း မြို့မင်းနေ၊ ယွန်းပြည် မိုင်းထွန်း၊ မြို့လဝန်း၊ ချွန်းခေါင်လည်တထွေ”
ဟူ၍ တွေ့ရှိရသည်။ ထို့ကြောင့် ယွန်းတို့သည် ရှေးအထက်ကျော် ကာရီကပင် မြန်မာနိုင်ငံ နယ်နိမိတ်
အတွင်း၌ လာရောက် နေထိုင်ကြသူများ ဖြစ်သည်။

ယင်းနက်၊  ယင်းကြား အမျိုးသားတို့မှာ ရှမ်းအနွယ်တွင် ပါဝင်သည်။ ပါမောက္ခလုစ်၏ သုတေသန
ပြုချက်အရ တိဗက် မြန်မာ အုပ်စုတွင် ပါဝင်ကြောင်း သိရသည်။ ယင်းနက်တို့ နေထိုင်ရာ ဒေသများမှာ
ရှမ်းပြည်တောင်ပိုင်း နမ့်ဆန်မြို့နယ် အတွင်းရှိ နမ့်ဟိုး၊ နောင်လျှံ၊ လှိုင်ဆင်၊ နောင်သို၊ ဆန်ခါထွန်း၊
ရောင်းလွိုင်ကပ်၊ ဝမ်ဂွေ၊ လွိုင်ငံ၊ နမ့်ဟိုင်း၊ ကုန်းလမ်း၊ ဝမ်းဝင်၊ လွိုင်ဆောင်၊ ဝမ်းကွမ်း၊ ကွမ်းပုပ်နှင့်
ဝမ်းပန်ရွာများ ဖြစ်ကြသည်။ ယင်းနက်နှင့် ယင်းကြားတို့မှာ အနက်ရောင် ဝတ်ခြင်းနှင့် အဝတ် အနီနှင့်
အဖြူကျား ဝတ်ခြင်းသာ ကွာခြားသည်။ ယင်းနက်၊ ယင်းကြားတို့သည် ရွှေ့ပြောင်း တောင်ယာ
လုပ်ကိုင်ကြသဖြင့် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ တတ်ကြသည်။

လိုင် (လိ) အမျိုးသားတို့မှာ ရှမ်းအမျိုးအနွယ်တွင် ပါဝင်သည်။ လိုင် (လိ) တို့ နေရင်း ဒေသမှာ
ယခု တရုတ် ပြည်သူ့ သမ္မတနိုင်ငံ အတွင်းရှိ ဆစ်ဆောင်ပနား ဖြစ်သည်ဟု ဆိုကြသည်။ အမှန်မှာ
ဆစ်ဆောင်ပနားမှာ ရှမ်းစကား ဖြစ်သည်။ လုဆစ်ပ်ဆောင်ပနားနယ် ၁၂ နယ်နှင့် လူမျိုး ၁၂ မျိုးဟု
အဓိပ္ပာယ်ရသည်။ လုဆစ်ပ်ဆောင်ပနားသည် ကျိုင်းရုံးကြီး နယ်တွင်ရှိသည်။ ကျိုင်းရုံးကြီးသည်
ကျိုင်းတုံနှင့် ညီနောင်နယ်ကြီး ဖြစ်ပြီး ကျိုင်းတုံ နယ်ရှင်တို့နှင့် ဆွေမျိုး တော်စပ်သူများ
အုပ်စိုးခဲ့ကြသည်။

တောင်ရိုးတို့မှာ တိဗက် မြန်မာ အုပ်စုဝင် မြန်မာ အစုတွင် အကျုံးဝင်သည်။ ပအို့ဝ် အမျိုးသားတို့နှင့်
နေထိုင်မှုနီး စပ်သော်လည်း မျိုးနွယ်ချင်း မတူချေ။ တောင်ရိုးတို့ သိပ်သည်းစွာ နေထိုင်ရာ ဒေသများမှာ
ရှမ်းပြည်နယ် မြေလတ်ပိုင်းဒေသ ပွေးလှနှင့် ပင်းတယ နယ်တဝိုက် ဖြစ်သည်။

ဓနု အမျိုးသားတို့၏ ဇာစ်မြစ်နှင့် ပတ်သက်၍ သုတေသီတို့ အမျိုးမျိုး ဝိဝါဒ ကွဲကြသည်။ မစ္စတာ
အက်ဖ်အိပ်ခ်ျဂျိုင်းကမူ ဓနုတို့မှာ ဟံသာဝတီ တောင်ဘက်မှ လာရောက်နေထိုင်ကြသော မြန်မာအုပ်စု
တစ်စုမှ ပေါက်ဖွား လာသူများဟု ယူဆသည်။ ဆာ ဂျေအေ စကော့ကမူ ဓနုအများဆုံး နေထိုင်ရာ အရပ်မှာ
ရှေးအခါက ရှမ်းနှင့် မြန်မာတို့ ကုန်ရောင်း ကုန်ဝယ် ပြုကြရာ ဒေသများ ဖြစ်သောကြောင့် ရှမ်းနှင့်
မြန်မာတို့မှ နွယ်၍ ဆင်းသက် လာကြသူများ ဖြစ်သည်ဟု မှတ်ချက် ချထားသည်။ ဓနု အမျိုးသားများကမူ
မိမိတို့မှာ မြန်မာ အမျိုးအနွယ်များသာ ဖြစ်သည်ဟု ပြောကြသည်။ ဓနုတို့သည် ရှမ်းပြည်နယ်နှင့် မြန်မာ
ပြည်မကြီး အကြား၊ အထက်ပိုင်းတွင် ပြင်ဦးလွင်ခရိုင် ကျောက်နီတွင်းဒေသ၊ ရှမ်းပြည်နယ်ရှိ မိုင်းလုံ၊
ရပ်စောက်၊ အနောက်ပိုင်း မြေလတ် ဒေသတွင် ပင်းတယ၊ ပွေးလှ၊ ရေငန် (ရွာငံ)၊ မော တို့တွင် အများဆုံး
နေထိုင်ကြသည်။ မြို့ကြီးများ ဖြစ်သော အောင်ပန်း၊ ကလော၊ တောင်ကြီး မြို့များတွင်လည်း တွေ့ရှိရသည်။

ပလောင်  အမျိုးသားများမှာ မွန် ခမာ အုပ်စုဝင်ဖြစ်သည်။ ယင်းတို့နှင့် အနွယ် တူသူများမှာ ယမ်းလမ်၊
ယင်း၊ ဝ၊ လ၊ လဝ များဖြစ်သည်။ ထို့ကြောင့် ဝတို့နှင့် ပလောင်တို့အား ပေါင်း၍ ပလောင်-ဝ လူမျိုး
အနွယ်တစ်ခု ခွဲခြား ထားသည်။ ပလောင်တို့မှာ တရုတ်ပြည်ဘက်မှ ပြောင်းရွှေ့ ဆင်းသက်လာသော
အမျိုးတစ်မျိုး ဖြစ်သည်။ ယခုအထိ တရုတ် နိုင်ငံအတွင်း၌ ပလောင်အချို့ ကျန်ရစ်ပြီး နေထိုင်လျှက်
ရှိကြသည်။ ပလောင်ဟူသော ဝေါဟာရမှာ မြန်မာအခေါ် ဖြစ်သည်။ ရှေးကျောက်စာများတွင် ပေါက်လောင်
ဟုရေးထားသည်။ ပုဂံခေတ်တွင် ပေါက်လောင် (ပလောင်) တို့မှာဧရာဝတီ မြစ်ဝှမ်းရှိ မြေပြန့်များတွင်
နေထိုင်ကြကြောင်းကျောက်စာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ယခုနေထိုင်ရာ ဒေသများမှာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မြစ်ကြီးနားနယ် ဆဒုံးဒေသ၊ ဗန်းမော်နယ် ဂေါရီတို့
နေရာဒေသ၊ မိုးကုတ် ကျောက်တွင်းဒေသ၊ မိုးမိတ်နယ် ရွှေလီမြစ် လက်ဝဲဘက်ကမ်း တစ်လျှောက်ဖြစ်သော
ကိုးထောင်ဒေသ၊ တောင်ပိုင်နယ်၊ သီပေါနယ်၊ လားရှိုးနှင့် သိန္နီနယ် တောင်ပိုင်း၊ တောင်ပိုင်း ရှမ်းပြည်နယ်
ကလောမြို့ အနီးတဝိုက်၊ ကွမ်းလုံ နယ်ခြားခရိုင် ကိုးကန့်နယ်များ ဖြစ်သည်။

ပအို့ဝ် အမျိုးသားတို့မှာ ရှေးအခါကတည်းက မြန်မာတို့နှင့် အဆက်အသွယ် ရှိခဲ့သည်။ ပုဂံ ကျောက်စာ
များတွင် တောင်သူဟု ရေးသား ဖော်ပြထားသည်။ ရှမ်းနှင့် မြန်မာတို့က ယင်းတို့အား တောင်သူဟု ခေါ်၏။
ယင်းတို့ နေထိုင်ရာ ဒေသများမှာ မြန်မာနိုင်ငံ အရှေ့ဘက် နယ်စပ်ဒေသ တောင်ပိုင်း ရှမ်းပြည်၊
အလယ်ပိုင်းနှင့် အနောက်ဘက် နယ်စပ်ဒေသ အနှံ့အပြား သံလွင်မြစ် အောက်ပိုင်း ပတ်ဝန်းကျင်ဒေသ၊
တောင်ပိုင်း ရှမ်းပြည်နယ်ရှိ သထုံကလေးဒေသတို့ ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ အောက်ပိုင်းရှိ
ကျိုက္ခမီခရိုင်၊ သထုံခရိုင်၊ တောင်ငူခရိုင်၊ ပဲခူးခရိုင်၊ ဘားအံခရိုင်၊ ကော့ကရိတ် မြို့နယ်နှင့်
ကယားပြည်နယ်တွင် နေထိုင်ကြသည်။

ကိုးကန့် အမျိုးသားတို့၌ ကိုးကန့်ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ နှစ်မျိုးရသည်။ ပထမ အဓိပ္ပာယ်မှာ
ကိုး = စိမ်းလန်းသော ဒေသ၊ ကန့် = ရဲရင့်သူများ၊ ရဲရင့်သူများ နေထိုင်သော စိမ်းလန်းသည့် ဒေသဟူ၏။
ဒုတိယ အဓိပ္ပာယ်မှာ ကောက်ကန့် ဖြစ်သည်။ ကောက် = ကိုး (၉)၊ ကန့် = အုပ်ချုပ်သူ အကြီးအကဲ သူကြီး
ဖြစ်သည်။ သူကြီး ကိုးဦး အုပ်ချုပ်သော နယ်ကိုးနယ် ဟူ၏။ ထိုနယ်များမှာ (၁) တော်ညို၊ (၂) ရင်းဖန်၊
(၃) ပန်းဆုံ၊ (၄) ပန်းရုံ၊ (၅) ကန်ငယ်၊ (၆) ကန်ဖန်၊ (၇) ကန်ပွိုင်၊ (၈) မော်ထေး၊ (၉) မောင်းဟောင်
တို့ဖြစ်သည်။

လားဟူ အမျိုးသားများ နေထိုင်ရာ ဒေသများမှာ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းပူကြီး၊ မိုင်းပင်၊ မိုင်းပဲ၊ မိုင်းပေါက်၊
မိုင်းကာ၊ မိုင်းငုံး၊ မိုင်းယမ်း၊ မိုင်းလုံး၊ မိုင်းလင်း၊ မြောက်ပိုင်း သိန္နီ၊ လားရှိုး အနီးတစ်ဝိုက်၊ ကိုးကန့်နယ်နှင့်
ဝနယ် အချို့ ဒေသများ ဖြစ်သည်။

ကော် အမျိုးသားတို့သည် မွန်ဂို အနွယ်များ ဖြစ်ကြ၍ ရေကြည်ရာ မြက်နုရာ အရပ်ဒေသများသို့
ပြောင်းရွှေ့ နေထိုင်ကြရာမှ မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိ လာကြသည်။

မြောင်ဇီး အမျိုးသားတို့သည် မွန်ဂို အနွယ်များ ဖြစ်ကြ၍ မိမိတို့ အချင်းချင်းကို မုံ ဟုခေါ်ခြင်းဖြင့်
မွန်ဂိုလီးယား အနွယ်များ ဖြစ်ကြောင်း ထင်ရှားသည်။ ယင်းတို့ နေထိုင်ရာ ဒေသများမှာ ကိုးကန့်နယ်ရှိ
တာရွှေထန်၊ ကျာတိမော်၊ ရဲညိုပါး၊ ပါဝေး၊ မန့်လော့၊ ပါမာချန်း၊ ဆုံကန်၊ မာလီပါး၊ ရှုတ်တင်ပါး၊ ကာမိန်းနှင့်
သိန္နီဒေသများ ဖြစ်သည်။

ရှမ်း အမျိုးသားတို့က မိမိတို့ကိုယ်ကို ထိုင်း ဟုခေါ်သည်။ ထိုင်း အဓိပ္ပာယ်မှာ တောက်ပခြင်း ဖြစ်သည်။
ရှမ်းရှမ်း တောက်ပသည်။ မီးခိုး မီးလျှံ (ရှမ်း) စသော စကားများတွင် ရှမ်း စကားလုံးမှာ တောက်ပခြင်း၊
ပြည့်ဝခြင်း သဘော အဓိပ္ပာယ်ကို ဆောင်သည်။ ရှမ်းပြည်ကို မိန်းတိုင်း၊ ရှမ်းလူမျိုးကို ကွန်းတိုင်း၊
ရှမ်းစကားကို ကွမ်းတိုင်း ဟု ရှမ်းဘာသာဖြင့် ခေါ်သည်။ ရှမ်းအမျိုးသား ၉၅ ရာခိုင်နှုန်းမှာ
ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်၊ များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာများ ဖြစ်ကြသည်။ သို့သော်
အချို့ ဒေသများတွင် မဟာယာနဆံသော ဗုဒ္ဓဘာသာ ဘုန်းကြီးများလည်း ရှိသည်။ မြန်မာစာပေ၊ မြန်မာ
သမိုင်းများတွင် ရှမ်းမျိုးအစ မိုင်းမောက ဟူ၍လည်းကောင်း၊ ရှမ်းမင်းအစ ဘိန္ဒက ဟူ၍ လည်းကောင်း
ဆိုရိုးလင်္ကာများ ရှိခဲ့သည်။

မော ဟူသော စကားမှာ မင်း ဟူ၍ အဓိပ္ပာယ် ရသည်။ ရွှေလီမြစ်ကို ရှမ်းအခေါ်ဖြင့် နမ့်မောင်း ဟုခေါ်သည်။
ရှေးအခါက ရွှေလီမြစ်ဝှမ်း တစ်လျှောက်တွင် ရှမ်းကိုးပြည်ထောင် တည်ထောင် နေထိုင်ရာမှ ရှမ်းတို့
ဒေသကို ရွှေလီမြစ်ကို အစွဲပြု၍ မောကိုးပြည် (မောင်းကိုးပြည်) ဟု ခေါ်ကြသည်။

မြန်မာသမိုင်းများတွင် မိုင်းမော ပြည်ကြီးအား အနောက် မဇ္ဈိမတိုင်းသား သကျသာကီဝင် မင်းမျိုး
ဘိန္ဒကရာဇာ မင်းကြီးက စတင် တည်ထောင်ခဲ့သည်။ ယင်း၏ သားစဉ် မြေးဆက်များ ပြန့်ပွားသွားပြီး
ပြည်ပေါင်း ကိုးပြည်ထောင်နှင့် အရံမြို့ပေါင်း ၉၉ မြို့ပါသော ကိုးပြည်ထောင်စုကြီးကို တည်ထောင်
ကြသည်ဟု ပါရှိသည်။

ရှမ်းရိုးရာ စကားအရ ဆိုသော သကျသာကီဝင် မင်းမျိုးအနွယ် ဖြစ်သော ခွန်လူးမင်းခေါ် မင်းတစ်ပါးက
မိုင်းကော ပြည်ကြီးကို စတင်တည်ထောင် အုပ်စိုးသည်ဟု ဆိုသည်။ ထိုမင်းမှ ပေါက်ဖွားသော
မင်းဆက်များသည် မြို့ကြီး ကိုးမြို့နှင့် အရံမြို့များတွင် မင်းပြုခဲ့ကြသည် ဆို၏။ မြို့ကြီး ကိုးမြို့မှာ
မိုးကောင်း၊ မိုးညှင်း၊ သောင်သွပ်၊ ညောင်ရွှေ၊ သိန္နီ၊ အုန်းပေါင် (သီပေါ)၊ မိုးမိတ်၊ မိုးနဲ၊ မိုးပဲ
တို့ ဖြစ်ကြသည်။
 
ပြည်ထောင်စုဖွား တိုင်းရင်းသား (ချင်း)
http://www.facebook.com/note.php?note_id=242538869138294

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...