Friday, November 18, 2011

ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၈) ၊ အပိုင်း(၃)


လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ခြင်း

          မြန်မာနိင်ငံ၏ လူနေမှုဘ၀နှင့် ယဉ်ကျေးမှုအနောက်နိုင်ငံများ နှင့် အလွန်ခြားနားသော်လည်း လူ့အခွင့် အရေးကို ထန်းသိမ်းမြှင့်တင်ရာ၌ အိန္ဒိယနိုင်ငံနှင့် အရှေ့အလယ်ပိုင်း နိုင်ငံအချို့တွင် ရှိနေသည့် အခက်ခဲမျိုး မြန်မာနိုင်ငံတွင် ရှိမနေသည်မှာ လွန်စွာကံကောင်းပါသည်။ အစဉ်အလာအားဖြင့် အမျိုးသမိးများ၏ အဆင့်အတန်းသည် အထူးမြင့်မားလှပါသည်။ ရှေးမြန်မာဘုရင်များ၏ လက်ထပ်တွင်လည်း အလယ်ခေတ် ဥရောပနှင့် ပဒေသရာဇ်ခေတ် ဂျပန်နိုင်ငံတို့တွင် တည်ရှိခဲ့သည့် သာမန်ပြည်သူများအပေါ် သားစဉ်မြေးဆက် ဖိနှိပ်အုပ်ချုပ်ခဲ့သည့် အာဏာရှင်ဘုရင်စနစ်မျိုး မတည်ရှိခဲ့ပါ။ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ထိန်းချုပ်ကိုင်တွယ် ပြီး ကျစ်လစ်ခိုင်မာသော အထက်လွှာ တပ်မတော် လူတန်းစားကို ဖန်တီးခဲ့သည့် ဦးနေ၀င်းခေတ် မတိုင်မီအချိန်အထိ မြန်မာနိုင်ငံသားတို့၏ ဆင်းရဲချမ်းသာ ကွာဟမှုသည် သိသိသာသာ ခြားနားမှုမရှိခဲ့ပါ။ ကျွန်ုပ်သိရသလောက်ဆိုလျှင် မြန်မာမိသားစုများ၏ ဖွဲ့စည်းပုံသည် အနောက်တိုင်း မိသားစုများကဲ့သို့ မိဘနှစ်ပါးအား တန်းတူညီမျှစွာ ဗဟို၌ထား၍ သားသမီးမြေးမြစ်များနှင့် ဘိုးဘွားများက ၀န်းရံထားသည့် ဖွဲ့စည်းပုံဖြစ်ပါသည်။ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီုးယားများတွင် တွေ့ရလေ့ရှိသည့် မခင်တို့အား သားယောက်ျားလေးများ မွေးဖွား ပေးရာ စက်ပစ္စည်းသာသာ သဘောထားသည့် ဖခင်လွှမ်းမိုးသော မိသားစုစနစ်မျိုး မြန်မာနိုင်ငံတွင် မတည်ရှိ ခဲ့ပါ။ သိြု့ဖစ်ရာ လူ့အခွင့်အရေးအယူအဆနှင့် မြန်မာ့ယဉ်ကျေးမှုတို့ အကြား ကွာဟချက်များကို သင့်တင့်လျောက်ပတ်အောင် ညှိနှိုင်းဆောင်ရွက်ရာ၌ အခြားသော အာရှနိုင်ငံများလောက် အခက်အခ မရှိနိုင် လောက်ပါ။
          မြန်မာနိုင်ငံတွင် န၀တအဖွဲ့ကို ဖယ်ရှားပြီး ပြည်သူ့ဆန္ဒ အရ ဒီမိုကရေစီနည်းကျ ရွေးကောက်တင် မြှောက်ခံရသော အစိုးရတစ်ရပ် ပေါ်ပေါက်လာသောအခါတွင် လူ့အခွင့်အရေးနှင့် ပတ်သက်သော အသိပညာ ကို လူထုအကြား မည်သို့မည်ပုံ ဖြန့်ဖြူးမည်ဆိုသည့်အချက်နှင့်၊ လူ့အခွင့်အရေးကို ထိန်းသိမ်းကာကွယ်မြှင့်တင် ရန်အတွက် မည်သို့သော ဌာနများကို တည်ထောင်ထားရှိမည်ဆိုသော အချက်ကို ခေါင်းဆောင်သစ်များအနေ ဖြင့် စဉ်းစားဆောင်ရွက်ကြရပေလိမ့်မည်။ လူ့အခွင့်အရေးအပေါ် အခြေခံ၍ အစိုးရများကို သရုပ်ခွဲကြမည်ဆိုပါ က အကြမ်းအားဖြင့် အစိုးရနှစ်မျိုးကို တွေ့ရှိရမည်ဖြစ်သည်။ 

ပထမတစ်မျိုးမှာ လူ့အခွင့်အရေးအား အစီအစဉ် တကျ တမင်တကာ ရည်ရွယ်ချိုးဖောက်သော ရီဂျင်းမ်မျိုး ဖြစ်ပါသည်။ ဒုတိယတစ်မျိုးမှာ အစိုးရကိုယ်၌က လူ့အခွင့်အရေးကို လေးစားသော်လည်း အောက်ခြေ အဆင့်လူ့အခွင့်အရေး ချိုးဖောက်မှုများ ဥပမာအားဖြင့် ပုလိပ်အရာရှိ အချို့နှင့် အကျင့်စာရိတ္တမကောင်း သော အစိုးရအရာရှိအချို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို လုံးဝရပ်တန့်သွားအောင် ဆောင်ရွက် နိုင်စွမ်းမရှိသည့် အစိုးရမျိုး ဖြစ်ပါသည်။ န၀တအဖွဲ့သည် ပထမအမျိုး အစားရီဂျင်းမ်းမျိုး ဖြစ်ပါသည်။ 
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရသစ်သည် ဒုတိယအမျိုးအစား အစိုးရ ဖြစ်ကောင်းဖြစ်လာနိုင်ဖွယ် ရှိပါသည်။ ခေါင်းဆောင်များအနေနှင့် လူ့အခွင့်အရေးပြည့်ဝစေရေးအတွက် သန္နိဋ္ဌာန် ချမှတ်ထားသော် လည်း အောက်ခြေအဆင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တားဆီးကာကွယ် ရန်အတွက် နိုင်ငံသား များနှင့် အစိုးရတို့က နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ရပေလိမ့်မည်။ လူ့အခွင့်အရေးကို ထိန်းသိမ်းကာ ကွယ်မြှင့်တင်ရန်အတွက် လိုအပ်ချက်များကို မည်သို့မည်ပုံ ဖြည်ဆည်းဆောင်ရွက်နိုင်ကြမည်နည်း။ လူ့အခွင့်အရေးကို ထိန်းသိမ်းကာကွယ်မြှင့်တင်ရန် အောက်ပါအချက်များလိုအပ်ပါသည်။

(၁)     လူ့အခွင့်အရေးနှင့်ပတ်သက်၍ နိုးကြားသောအသိရှိပြီး ဤရပိုင်ခွင့်တို့ကို ကာကွယ်ရန် ဆန္ဒပြင်းပြသည့် လူထု။
(၂)     လူ့အခွင့်အရေးကို မြှင့်တင်ရန်အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းက အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလုပ်သမားသမဂ္ဂနှင့် နိုင်ငံသားအသင်းအဖွဲ့များ ကဲ့သို့ အောက်ခြေအဆင့် လူထုအဖွဲ့အစည်းများ၊
(၃)     စာသင်ကျောင်းများနှင့် လူထုပညာပေး လုပ်ငန်းများမှ တစ်ဆင့် လူ့အခွင့်အရေးမြှင့်တင်မှုဆိုင်ရာ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ထားသော အစိုးရလက်အောက်ခံ အဖွဲ့အစည်းများနှင့် လွတ်လပ်သည့် သတင်းဌာနများ၊
(၄)     လူ့အခွင့်အရေးရပိုင်ခွင့်များကို အသေးစိတ်ဖော်ပြထားသော အခြေခံဥပဒေ တစ်ရပ်အပါအ၀င် လူ့အခွင့်အရေးအား ကာကွယ်ပေးသည့် ဒေသဆိုင်ရာနှင့် အမျိုးသားအဆင့် ဥပဒေတစ်ရပ်၊
(၅)     လူ့အခွင့်အရေးဖောက်ဖျက်သူများကို စောင့်ကြပ်ကြည့်ရှုရန်နှင့် ဖောက်ဖျက်သူများအား ပြစ်ဒဏ်ချမှတ် ရန်အတွက် အစိုးရကဖွဲ့စည်းပေးထားသော တရားရုံးများ၊ လူ့အခွင့်အရေးစောင့်ကြပ်ရေး အဖွဲ့များနှင့် အခြားသင့်တော်သော အဖွဲ့အစည်းများပါဝင်သည့် စနစ်တစ်ရပ် -နှင့်
(၆)     နိုင်ငံအတွင်းရှိ လူ့အခွင့်အရေးဖောက်ဖျက်မှုများအား စောင့်ကြပ်ကြည့်ရှုနိုင်မည့် နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့အစည်းများနှင့် နိုင်ငံခြားသတင်းဌာနတို့အား နိုင်ငံအတွင်း တည်ရှိခွင့်အပေးခြင်းအားဖြင့် အခြေခံလူ့ အခွင့်အရေးဖောက်ဖျက်မှုများအတွက် (နိုင်ငံတကာ အသိုက်အ၀န်းတွင်) သက်ဆိုင်ရာ အစိုးရကို တာဝန်ရှိစေ မည့် လွတ်လပ်ပွင့်လင်းမှု တစ်ရပ်တို့ ဖြစ်ကြပါသည်။

          လူ့အခွင့်အရေးကို လေးစားလိုက်နာမည့် လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ရာတွင် နိုင်ငံသားများနှင့်  အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါသည်။ လူ့အခွင့်အရေးကို အဓိပ္ပါယ်သတ်မှတ်ရန်နှင့် လူ့အခွင့် အရေးဆိုင်ရာ စံချိန်စံညွှန်းများကို အာမခံချက်ပေးနိုင်ရန်အတွက် တရားဥပဒေနှင့် ဌာနဆိုင်ရာ အခြေခံလုပ်ထုံး လုပ်နည်းများအားဖြင့် အစိုးရက ကူညီပံ့ပိုးပေးရမည် ဖြစ်သည်။ တစ်ပါးသူ၏ လူ့အခွင့်အရေးကို ကျူးလွန်ဖောက်ဖျက်သူများအား ဝေဖန်ပြစ်တင်ခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ရမည် ဖြစ်သည်။ သို့ရာတွင် လူ့အခွင့်အရေးဟူသည် အစိုးရက ပြည်သူတို့အား ပေးအပ်သည့် “မေတ္တာလက်ဆောင်” မဟုတ်ပါ။ ပြည်သူတို့အနေဖြင့် မိမိတို့၏  လူ့အခွင့်အရေးရပိုင်ခွင့်များအတွက် အတိုင်းထက်အလွန် နိုးကြားသောအသိစိတ် ရှိရမည့်အပြင် ဤရပိုင်ခွင့်တို့ကို လေးစားမှု ခံရရေးအတွက် တောင်းဆိုတိုက်ပွဲဝင်လို စိတ်လည်း ရှိရမည်ဖြစ်သည်။ အစဉ်အလာအားဖြင့် လူ့အခွင့်အရေး အယူအဆ မထွန်းကားခဲ့သော အာရှနိုင်ငံ အတော်များများအတွက် ဤအချက်သည် ပြဿနာတစ်ရပ်ဖြစ်ပါသည်။ သာမန်ပြည်သူတို့ အနေဖြင့် ဖိနှိပ်ရက် စက်သော အစိုးရမင်းတို့မည်သည် ရေဘေး၊ မီးဘေး၊ ငလျင်ဘေးတို့ကဲ့သို့ မိမိတို့ဘက်က ဘာမှမတတ်နိုင်ပဲ လက်ပိုက်ကြည့်နေရမည့် အလားထင်မှတ်မှားလေ့ ရှိပါသည်။ ထို့ကြောင့်လည်း ဤအစိုးရမျိုးနှင့် ကြုံလာလျှင် ကြိတ်မှိတ်၍သည်းခံလေ့ ရှိပါသည်။ ဥပက္ခာပြုခြင်းနှင့် လက်မြှောက်အရှုံးပေးခြင်းတို့သည် ရက်စက်ကြမ်းကြုတ် မှု၏ အကောင်းဆုံး မိတ်ဆွေများဖြစ်ကြပါသည်။ အစိုးရ၏ အာဏာအလွဲသုံးစားမှု များအား ဆန့်ကျင်တားဆီးလို စိတ်သာ ပြည်သူတို့တွင် မရှိပါလျှင် ထိုအစိုးရသည် လူ့အခွင့်အရေးကို ခကြာခဏ ချိုးဖောက်ခြင်းအားဖြင့် ရက်စက်ကြမ်းကြုတ်သော အစိုးရတစ်ရပ်အဖြစ် တဖြည်းဖြည်း အသွင်ကူးပြောင်းသွားနိုင်ပါသည်။

လူ့အခွင့်အရေးနှင့် ဆင်းရဲမွဲတေခြင်း

        မြန်မာနိုင်ငံသည် အခြားသော တတိယကမ္ဘာ နိုင်ငံများကဲ့သို့ပင် ဆင်းရဲသော နိုင်ငံတစ်နိုင်ငံဖြစ်ပါ သည်။ ဆင်းရဲမွဲတေခြင်းသည် လူ့အခွင့်အရေးကို ထိန်းသိမ်းမြှင့်တင်ရာတွင် ကြီးစွာသောအဟန့်အတား ဖြစ်စေသည်။ ဥပမာအားဖြင့် ဆင်းရဲသော နိုင်ငံတို့တွင် သာမန်ပြည်သူတို့၏ ပညာရေးအဆင့်အတန်း နိမ့်ကျ တတ်သည် ဖြစ်ရာ လူ့အခွင့်အရေးနှင့် ပတ်သက်သော အသိတရားအရာ၌လည်းကောင်း ဤအခွင့်အရေးတို့ကို မည်သို့မည်ပုံ ကာကွယ်ရမည် ဆိုသောအသိတရား အရာ၌ လည်းကောင်း ချို့တဲ့နိမ့်ကျတတ်ပါသည်။ ထိုမျှသာမက သာမန်ပြည်သူတို့အနေနှင့် ဘ၀ရှင်သန်ရေးအတွက် တစ်နေ့လျှင် ဆယ်နာရီမှ ဆယ့်နှစ်နာရီခန့် အထိလယ်ကွင်းများ စက်ရုံများတွင် အလုပ်လုပ်ကိုင်ရလေ့ ရှိပါသည်။ သို့ဖြစ်ရာ ရပိုင်ခွင့်များအတွက် တိုက်ပွဲ ၀င်ရန် သူတို့တွင် အချိန်အား လူအားမရှိပါ။
          ဆင်းရဲသောနိုင်ငံများတွင် နွမ်းပါးသူတို့နှင့် ချမ်းသာသူတို့အကြား ကွာဟချက် အဆမတန် ကြီးမားတတ်ပါသည်။ ဤလူ့အဖွဲ့အစည်းမျိုးတွင် ကျိကျိတက်ချမ်းသာသော လူနည်းစု (မြေပိုင်ရှင်များ၊ အထက် လွှာစစ်အရာရှိကြီးများ၊ အစိုးရအရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များ) နှင့် အလွန့်အလွန် ဆင်းရဲသော တောနှင့် မြို့နေလူများစုဟူ၍ အလွှာနှစ်ခု ကွဲပြားတည်ရှိတတ်ပါသည်။ ဥစ္စာဓနအရာ၌ ဤသို့ မညီမျှခြင်း၏ အကျိုးဆက်တစ်ရပ်မှာ အထက်တန်းလွှာတို့အနေဖြင့် ဆင်းရဲသူများနှင့် အားနည်းသူများ အပေါ် လွယ်လင့်တကူအမြတ်ထုတ် ဖိနှိပ်ခြင်းပင် ဖြစ်သည်။ အရင်းအမြစ်ချို့တဲ့ပြီး လူစားနှုန်းထား နည်းပါးလွန်းသောကြောင့် အစိုး ရများ အရာရှိများနှင့် ရဲဝန်ထမ်းတို့သည် အကျင့်စာရိတ္ထပျက်ပြား လာတတ်ကြသည်။ ပိုမိုတိုးတက်သော နိုင်ငံများ၌ နိုင်ငံသားတိုင်း၏ ရပိုင်ခွင့်ဖြစ်သော “၀န်ဆောင်မှု လုပ်ငန်းများ” အတွက် ဆင်းရဲသော နိုင်ငံများရှိ အကျင့်ပျက် ၀န်းထမ်းတို့က လာဘ်လာဘတောင်းခံတတ် ကြသည်။ တရားသူကြီးများနှင့် အခြား တရားရေးဝန် ထမ်းတို့၏ လုပ်အားနှင့် လစာနှုန်းထားမမျှတပဲ ချို့တဲ့လွန်းသောကြောင့် ၄င်းတို့အနေဖြင့် အုပ်စိုးသူ ရီဂျင်းမ်များ၏ မျက်နှာသာပေးမှုအပေါ် မှီတည် နေရသည်။ တနည်းအားဖြင့်ဆိုသော် လွတ်လပ်မျှတသော တရားရေးစနစ်၏ အရေးပါမှု လျော့ပါးလာ သည်။ တရားရုံးများသည် ပြည်သူတို့၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ကြရသည့် တာဝန်ရှိသည် အလျောက် တရားစီရင်ရေးစနစ်သည် အစိုးရ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးစနစ်တို့မှ သီးခြားလွတ်လပ် စွာတည်ရှိနိုင်ရန် လိုအပ်ပါသည်။ သို့ရာတွင် ဆင်းရဲသောနိုင်ငံများစွာတို့တွင် ဤသို့ လွတ်လပ်သော တရားစီရင်ရေးစနစ်မျိုး မထွန်းကားနိုင်ပါ။ နောက်ဆုံးတွင် ရှားပါးသော သထံဇာတ အရင်းအမြစ်တို့ကို ခွဲဝေသုံးစွဲခြင်းနှင့် ပတ်သတ်၍ လူမျိုးစု အဖွဲ့အချင်းချင်းအကြား မကြာခဏ သဘောထားကွဲလွဲ တတ်ကြသည်။ ထိုအခါ အန္ဒိယနှင့် မြန်မာနိင်ငံတို့မှာ ကဲ့သို့ လူနည်းစု လူမျိုးစုများသည် ဖိနှိပ်ရက်စက်မှု၏ အထူးပစ်မှတ်သ ဖွယ် ဖြစ်လာတတ်သည်။ 

          လူ့အခွင့်အရေးကို မြှင့်တင်ရာ၌ ဆင်းရဲမွဲတေမှုသည် အခက်အခဲတစ်ရပ် ဖြစ်သော်လည်း ကျော်လွှား ရန်မဖြစ်နိုင်သည့် အဟန့်အတားတစ်ခုတော့ မဟုတ်ပါချေ။ မြန်မာနိုင်ငံကဲ့သို့သော ဆင်းရဲသည့်နိုင်ငံများသည် တစ်ဖက်တွင် ပြည်သူတစ်ရပ်လုံးအား အမှန်တကယ် အကျိုးရှိစေမည့် လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရှိရမည် ဖြစ်သည်။ သို့ရာတွင် ငွေကြေးဥစ္စာကြွယ်ဝမှုသက်သက်သည် တရာမျှတသော အစိုးရ သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန် အာမခံချက်မပေးနိုင်သောကြောင့် သာမန်ပြည်သူတို့စိတ်တွင်း၌ မိမိတို့၏ ရပိုင်ခွင့်နှင့် ပတ်သက်၍ နိုးကြားစိတ်များ တိုးတက်ခိုင်မာလာစေရန် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

နိုင်ငံတကာလူ့အခွင့်အရေးကြီးကြပ်မှု
        ကမ္ဘာတစ်ဝန်းတွင် လူ့အခွင့်အရေးကို မြှင့်တင်ရာ၌ နိုင်ငံတကာ၏ ကြီးကြပ်ဆောင်ရွက်မှုသည် အဓိက ကျသော အခန်းမှ ပါဝင်ပါသည်။ ဥပမာ ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးက လူ့အခွင့်အရေးဖောက်ဖျက်မှုများအား စုံစမ်းစစ်ဆေးရန်အတွက် လူ့အခွင့်အရေးဆိုင်ရာ အမြဲတမ်းကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းထားရှိပါသည်။ မြန်မာ နိုင်ငံတွင် န၀တ အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးမှတ်တမ်း ဆိုးရွားခြင်းကို အဆိုပါကော်မရှင်က စစ်ဆေးကာ ပြစ်တင်ရှုတ်ချခဲ့ပါသည်။ အချို့သော အနောက်နိုင်ငံများတွင် ပင်လယ်ရပ်ခြားတိုင်းပြည်များ၏ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းကို စုံစမ်းစစ်ေ်ဆးရန်အတွက် အေဂျင်စီများနှင့် ဌာနများ ဖွဲ့စည်းထားရှိပါသည်။ ဥပမာအားဖြင့် ကမ္ဘာပေါ်ရှိနိုင်ငံတိုင်း၏ လူ့အခွင့်အရေးရာမှတ်တမ်းကို အမေရိကန်ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်သို့ နှစ်စဉ် တင်ပြအစီရင်ခံနိုင်ရန်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လူ့အခွင့်အရေး ကော်မရှင်တစ်ရပ် သီးသန့်ထားရှိပါသည်။ ဤအစီရင်ခံစားများကို စုစည်း၍ “လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံ အလိုက်အစီရင်ခံစာ” ဟူ၍ စာအုပ်တစ်အုပ်အဖြစ် နှစ်စဉ် ထုတ်ဝေလေ့ရှိပါသည်။ အမေရိကန်ပြည်ထောင်စု ဂျပန်နိုင်ငံနှင့် ဥရောပဘုံဈေး အဖွဲ့ဝင်နိုင်ငံများသည် တတိယကမ္ဘာနိုင်ငံအား တရားဝင်ဖွံ့ဖြိုးရေး အကူအညီများ ပေးအပ်ရာ၌ လူ့အခွင့်အရေးကို အရေးကြီးသောအချက် တစ်ရပ်အဖြစ် ထည့်သွင်းစဉ်းစားလေ့ ရှိနေကြပြီ ဖြစ်သည်။ လူ့အခွင့်အရေးကို ပုံမှန်အားဖြင့် ဖောက်ဖျက်လေ့ရှိပါက ဖွံ့ဖြိုးရေးအကူအညီများ ဖြတ်တောက်ခံရ မည့်အလားအလာ ရှိပါသည်။ ထို့ကြောင့်လည်း ၁၉၈၈ အာဏာသိမ်းပွဲအပြီးတွင် မြန်မာနိုင်ငံသို့ ပေးနေသည့် နိုင်ငံခြား အထောက်အပံ့များကို ရပ်စဲခဲ့ကြခြင်းဖြစ်သည်။

          စစ်အေးတိုက်ပွဲကာလအတွင်း လူ့အခွင့်အရေးကို ဆိုးဝါးစွာဖောက်ဖျက်ရာ၌ တာဝန်ရှိသော အီရန်နိုင်ငံ မှ ရှားဘုရင်၏ ရီဂျင်းမ် နီကာရာဂွာမှ ဆိုမိုဇာ၏ ရီဂျင်းမ်၊ ဖိလစ်ပိုင်နိုင်ငံမှ မားကို့စ်၏ ရီဂျင်းမ်နှင့် တောင်ကိုရီးယားမှ ပတ်ချုံဟီးနှင့် ချန်ဒူးဝှမ်အာဏာရှင် အစိုးရတို့အား ကွန်မြူနစ်ဝါဒ လွှမ်းမိုးမှုအား တန်ပြန် သည့် အနေဖြင့် စစ်ရေးနှင့် စီးပွားရေးအကူအညီများစွာကို အမေရိကန်ပြည်ထောင်စုက ပံ့ပိုးကူညီခဲ့သည့် အထောက်အထား ရှိပါသည်။ သို့ရာတွင် ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံပြိုကွဲ၍ စစ်အေးတိုက်ပွဲပြီးဆုံးသွား သည့် နောက်တွင်မူ အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးမူဝါဒ ချမှတ်ရာတွင် လူ့အခွင့်အရေးသည် ပို၍အရေးကြီးသော အချက်တစ်ချက် ဖြစ်လာခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုအနေနှင့် ပျောက်ကွယ်သွား ပြီဖြစ်သော ကွန်မြူနစ်လှုပ်ရှားမှုကို တန်ပြန်ရန်မလိုတော့သည့်အလျောက် တတိယကမ္ဘာရှိ အာဏာရှင်အစိုးရ များကိုလည်း မဟာမိတ်များအဖြစ် သဘောထားရန် မလိုအပ်တော့ချေ။ ကမ္ဘာနှင့်အ၀န်း လူ့အခွင့်အရေးကို မြှင့်တင်ရာ၌ အစိုးရလက်အောက်ခံမဟုတ်သည့် ဖရီးဒမ်း ဟောက်စ် (Freedom House) လူ့အခွင့်အရေးစောင့် ကြည့်မှုအဖွဲ့ (Human Rights Watch) နှင့် အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး (Amnesty Internation) စသော အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အထူးအရေးပါလေသည်။ ၁၉၆၁ ခုနှစ်တွင်  စတင်တည်ထောင်ခဲ့သော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအနေဖြင့် တစ်ကမ္ဘာ လုံးတွင် အဖွဲ့ဝင်အသင်းသား ၅ သိန်းခန့်မျှ ရှိပါသည်။ အဖွဲ့ကြီး၏ မူရင်းရည်ရွယ်ချက် သည် “ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသူများ” (နိုင်ငံရေးအကျဉ်းသားများ) ၏ လွတ်မြောက်ရေးကို ကြိုးပမ်းဆောင်ရွက်ရန် ဖြစ်ပါသည်။ ဤအချက်ကို အဖွဲ့ကြီး၏ အရေးကြီးသော လှုပ်ရှားဆောင်ရွက်မှုအဖြစ် ယနေ့တိုင် ခံယူကျင့်သုံး လျက်ရှိသည့်အပြင် ကမ္ဘာ့နိုင်ငံတိုင်းရှိ လူ့အခွင့်အရေးအခြေအနေများကို သူတေသနပြု၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လူသိရှင်ကြားထုတ်ပြန်သည့် ကိစ္စကိုလည်း တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကြီး၌ အသင်းသားများကို ဒေသဆိုင်ရာ အဖွဲ့ငယ်များအဖြစ် စိတ်ဖြာ၍ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးရေးအတွက် ဆိုင်ရာအစိုးရများထံသို့ ပန်ကြားလွှာရေးသားပေးပို့ခြင်း နှင့် နိုင်ငံရပ်ခြားရှိ လူ့အခွင့်အရေးပြဿနာများကို မိမိတို့နိုင်ငံနေပြည်သူများ နားလည်သဘောပေါက်စေရန် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ပန်ကြားလွှာများကို အစုလိုက်အပြုံ လိုက် ရေးသားပေးပို့သည့် လှုပ်ရှားမှုကြောင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာအောင် ကြိုးပမ်းဆောင်ရွက်ရာ၌ အောင်မြင်မှုများ မကြာခဏရရှိစေခဲ့သည့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ကြီးက ဆိုပါသည်။ ယင်း၏ ဖိအားပေးနည်းဗျူဟာနှင့် ပညာပေး လှုပ်ရှားမှုများအောင်မြင်ခဲ့ သော ကြောင့် မိမိတို့နိုင်ငံအတွင်း၌ လူ့အခွင့်အရေးကို မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်နေသည့် နိုင်ငံသားများ အတွက် ဤအဖွဲ့ကြီးသည် အဖိုးမဖြတ်နိုင်သော မဟာမိတ်အဖွဲ့ကြီးတစ်ခု ဖြစ်လာခဲ့ပါသည်။

          အချုပ်အားဖြင့်ဆိုရလျှင် လူ့အခွင့်အရေးကို လေးစားလိုက်နာသည် လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ထောင်ရာ၌ အရေးကြီးသော အချက်သုံးချက် ပါဝင်ပါသည်။ ယင်းတို့မှာ -
(၁)     ပြည်သူလူထုအတွင်း လူ့အခွင့်အရေးရပိုင်ခွင့်နှင့် ပတ်သက်သောနိုးကြားစိတ်များ ပြည့်ဝလျက်ရှီခြင်း
(၂)     လူ့အခွင့်အရေးကို တရားဥပဒေအရ ထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးမည့် ဌာနများအား တည်ထောင်ထိန်းသိမ်းရေးရေးအတွက် သန္နိဋ္ဌာန် ချမှတ်ဆောင်ရွက်မည့် အစိုးရတစ်ရပ် တည်ရှိခြင်း -နှင့်
(၃)     လူ့အခွင့်အရေး အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှား မှုများနှင့် အတူပူးပေါင်းဆောင်ရွက်ခြင်းတို့ ဖြစ်ကြပါသည်။


ဆက်လက်ဖေါ်ပြပါမည်။  
ကက်နက်အေ မက်ကေးရေးသား၍ ဒေါင်းညိုဘာသာပြန်ဆိုသော
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...