လိုအပ်လာတဲ့အချိန်ဟုတ် – မဟုတ်
လာမယ့်
နိုဝင်ဘာ (၁၈) ရက်နေ့မှာ NLD ပါတီက ဗဟိုဦးစီးအဖွဲ့အစည်းအဝေးခေါ်ယူပြီး
မှတ်ပုံတင်/မတင်၊ ရွေးကောက် ပွဲ ဝင်/မဝင် ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ
ပြည်တွင်း ဂျာနယ်တစောင်မှာ ဇင်ဘာဘွေအမျိုးသား ညီညွတ်ရေး အစိုးရ (National
Unity Gove- rnment) ရဲ့ ဝန်ကြီချုပ် ချန်ဂီရိုင်းက
သူ့ရဲ့နိုင်ငံရေးပြိုင်ဘက်သမတ ရောဘတ်မူဂါဘီဟာ အသက်အရွယ်နဲ့ ကျန်းမာရေး
ကြောင့် အနားယူသင့်ပြီလို့ပြောတာ ဖတ်လိုက်ရပါတယ်။
ဆီးကျိတ်ကင်ဆာရောဂါဖြစ်နေတဲ့ သမတ ရောဘတ်မူဂါဘီကို အခုလိုအနားယူ ဖို့ပြောရတာ နိုင်ငံအတွက် သူ့ဂုဏ်သိက္ခာနဲ့ ကလေးများအတွက် ပြောတာဖြစ်ကြောင်း ဝန်ကြီးချုပ်က ရှင်းပြတဲ့အပြင် နိုင်ငံခြားသွားပြီး ဆေးကုရလို့ မူဂါဘီအတွက်ဆေးကုသစရိတ်တွေ အကုန်အကျများတဲ့အပေါ် ဝေဖန်မှု တွေကိုလည်း ဝန်ကြီးချုပ်က ကာကွယ်ပြောကြားတယ်လို့ ဆိုပါတယ်။
တကယ်တော့ သမတမူဂါဘီနဲ့ ဝန်ကြီးချုပ်ချန်ဂီရိုင်းတို့ဟာ ဆယ်စုနှစ်တခုကျေ်ကြာ မဟာရန်သူတော်တွေ ဖြစ်ကြပါ တယ်။ သည်အကြောင်းကို အကြမ်းဖျင်းမိတ်ဆက်ပေးရမယ်ဆိုရင် ၂၀၀၀ ခုနှစ်မှာ မူဂါဘီခေါင်းဆောင်တဲ့ အာဏာရ ဇာနု-ပီအက်ဖ် (ZANU-PF) က ကမကထလုပ်ကျင်းပခဲ့တဲ့ သမိုင်းဝင် အခြေခံဥပဒေဆန္ဒခံယူပွဲဟာ အတိုက်အခံခေါင်း ဆောင် ချန်ဂီရိုင်းခေါင်းဆောင်တဲ့ ဒီမိုကရေစီပြောင်းလဲရေးအတွက် လှုပ်ရှားမှုပါတီ (MDC)ရဲ့ စည်းရုံးလှုံ့ဆော်မှုကြောင့် ပြည်သူလူထုက အခြေခံဥပဒေမူကြမ်းကို ပယ်ချခဲ့တယ်။ (၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်း ဆောင်တဲ့ NLD က ရာနှုန်း ၉၄.၃% နှုန်းနဲ့ အနိုင်ရတာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။)
လူထုကြီးရဲ့ တခဲနက် ထောက်ခံမှုကြောင့် ချန်ဂီရိုင်းခေါင်းဆောင်တဲ့ (MDC) ပါတီဟာ အခြေခံဥပဒေကို ပယ်ချနိုင်ခဲ့ပေ မယ့် အစိုးရနဲ့ သူ့အေးဂျင့်တွေက ချန်ဂီရိုင်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားလာကြတယ်။ နိုင်ငံပိုင်သတင်းစာတွေက လည်း (ဗမာပြည်မှာလို) ချန်ဂီရိုင်းကို အပုတ်ချ စွဲဆိုတိုက်ခိုက်တဲ့သတင်းတွေကို ခေါင်းကြီးပိုင်းဖော်ပြခဲ့တယ်။ တခါကဆို ရင် အာဏာရှင်အစိုးရရဲ့လူတစုက ချန်ဂီရိုင်းကို အထပ်ဆယ်ထပ်မှာရှိတဲ့ သူ့ရုံးခန်းရဲ့ ပြတင်းပေါက်က အောက်ကိုပစ်ချ ပြီး သတ်ဖို့အထိကြိုးပမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။
၂၀၀၀ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ ချန်ဂီရိုင်းဟာ သစ္စာဖောက်မှုနဲ့ စွဲချက်တင်ဖမ်းဆီးတရားစွဲခံခဲ့ရတယ်။ ဒါပေမယ့် သြဇာ ကြီးတဲ့ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက ဝိုင်းဝန်းကြိုးပမ်းတာကြောင့် ၂၀၀၄ ခုနှစ်မှာ လွတ်လာတယ်။
တခါထပ်ပြီး ၂၀၀၇ ခုနှစ်မှာ ဟာရီရီမြို့တော်မှာကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲအပြီးမှာ ချန်ဂီရိုင်းဟာ ထပ်ပြီး ဖမ်းဆီးခံရ တယ်။ အဖမ်းခံနေရတဲ့ အတောအတွင်းမှာ မျက်နှာတခုလုံး ဖူးယောင်ပြီး ဦးခေါင်းခွံ အက်ကွဲသွားတဲ့အထိ အနှိပ်စက် ခံခဲ့ရတယ်။
၂၀၀၅ ခုနှစ်မှာတော့ ဆီးနိတ်ရွေးကောက်ပွဲတွေကို ဝင်သင့်၊ မဝင်သင့် အငြင်းပွားမှုမျိုးတွေရှိပေမယ့် ချန်ဂီရိုင်းကတော့ ဆီး နိတ်ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ဇင်ဘာဘွေနိုင်ငံကို အာဏာရှင်စနစ်နဲ့ ဖိနှိပ်မှုအောက်က လွတ်မြောက်ဖို့ ရေဆန် လမ်းကို ရွေးခဲ့တယ်။
၂၀၀၈ မတ်လမှာ ကျင်းပခဲ့တဲ့ သမတရွေးကောက်ပွဲမှာ ချန်ဂီရိုင်းဟာ မူဂါဘီကို အနိုင်ရတယ်။ မဲအပြတ်အနိုင်မရတာမို့ ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ နောက်တကြော့ သမတရွေးကောက်ပွဲမှာတော့ အစိုးရရဲ့ မဲလိမ်ညာမှု၊ မဲခိုးမှုတွေကို ဖော်ထုတ်ပြီး အတိုက်အခံပါတီအပေါ် အကြမ်းဖက်နှိပ်ကွပ်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ပါဝင်ယှဉ်ပြိုင်ဖို့ ငြင်းပယ်ခဲ့ပါ တယ်။
၂၀၀၈ ဇွန်လမှာ ကျင်းပတဲ့ နောက်တကြော့ရွေးကောက်ပွဲမှာ မူဂါဘီ တဦးတည်း ပြိုင်ဘက်မရှိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရကြောင်း ကြေညာခဲ့ပေမယ့် တိုင်းပြည်အခြေအနေဟာ ထိန်းမရလောက်အောင် ဆိုးသထက်ဆိုးလာတာကြောင့် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများအကူအညီနဲ့ အစိုးရနဲ့အတိုက်အခံများတွေ့ဆုံဆွေးနွေးခဲ့ပြီး ၂၀၀၈ ခုနှစ်၊ စက် တင်ဘာလ (၁၂) ရက်နေ့မှာ အာဏာခွဲဝေရေး သဘောတူချက်ကို လက်မှတ်ရေးထိုးခဲ့တာမို့ မူဂါဘီက အမျိုးသားသင့် မြတ်ရေးအစိုးရ (National Unity Government – NUG) မှာ ချန်ဂီရိုင်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ခွဲယူခဲ့တယ်။ ၂၀၀၉ အခုနှစ် ဖေဖော်ဝါ ရီလ (၁၁) ရက်နေ့မှာ အမျိုးသားသင့်မြတရေးအစိုးရ ကျမ်းသစ္စာကျိန်ဆိုပြီး (၃) ပတ် မပြည့်ခင်မှာ ကားအက်စီးဒင့်ဖြစ်ပြီး ချန်ဂီရိုင်းရဲ့ဇနီး သေဆုံးသွားပါတော့တယ်။ ဒီ ကားအက်စီးဒင့်ဟာ အစိုးရသူလျှိုတွေရဲ့ လက်ချက် ဖြစ်တယ်လို့ ကောလဟလတွေ ထွက်ပေါ်လာတဲ့အပေါ်မှာတော့ ချန်ဂီရိုင်းက ငြင်းဆိုခဲ့တယ်။ တဖက်ကလည်း မူဂါဘီ ဟာ သူ့ရဲ့ နိုင်ငံရေးရန်သူ ချန်ဂီရိုင်ရဲ့ဇနီးသေဆုံးချိန်မှာ အလွန်စိတ်ထိခိုက်တဲ့အသွင်နဲ့ ချန်ဂီရိုင်းအပေါ် စာနာမှုရှိ ကြောင်း ပြသခဲ့တယ်လို့ ဆိုပါတယ်။
၁၉၈၀ ခုနှစ်ကမှ လွတ်လပ်ရေးရလာတဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို လေ့လာကြည့်ရင် အုပ်စိုးသူနဲ့ အုပ် ချုပ် သူအကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ မလိုမုန်းတီးမှု၊ အာဃာတနဲ့ ဂိုဏ်းဂနတွေကြောင့်စေ့စပ်လို့မရအောင်ကို ပြင်း ထန်ခဲ့ပါတယ်။ ထာဝရရန်သူတွေလို သဘောထားပြီး အတိုက်အခံတွေကို အပြတ်ရှင်းလုပ်ကြံသတ်ဖြတ်မှုတွေတောင် ဖြစ်ခဲ့တာမို့ မြန်မာပြည်ရဲ့ အနှစ် (၆၀) ကျော် ခေတ်သစ်သမိုင်းနဲ့ ထပ်တူပြုတာမျိုး မဟုတ်ပေမယ့် နှိုင်းယှဉ်လေ့လာဖို့ လည်း လိုမယ်လို့ လည်းထင်ပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးချုပ်တာဝန်ကိုယူပြီး အာဏာရှင် ရောဘတ်မူဂါဘီနဲ့ လက်တွဲလုပ်ဆောင်တဲ့အခါမှာ ချန်ဂီရိုင်းဟာ လုပ်ဖော်ကိုင်ဖက်တချို့ရဲ့ အကြီးအကျယ်ဝေဖန်တာကို ခံရပါတယ်။ ဒါပေမယ့် အတိတ်ကာလက အာဏာရှင်စနစ်ကို အပြင်းအထန်ခုခံတော်လှန်ခဲ့တဲ့ သမိုင်းအစဉ်အလာရှိသူမို့ လူထုကြီးကတော့ သူ့ကို ယုံယုံကြည်ကြည်နဲ့ ဆက်လက်ထောက်ခံနေဆဲ ဖြစ်ပါတယ်။
မှန်ပါတယ်။ ချန်ဂီရိုင်းဟာ အပြောင်းအလဲများအပေါ် ဖြစ်ထွန်းလာတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိပြီး အခွင့် အလမ်းများကိုလည်း ဆွတ်ယူစားသုံးနိုင်တဲ့ ဥာဏ်အမျှော်အမြင်နဲ့ ပြည့်စုံသူတဦး ဖြစ်ပါတယ်။ သူ့ကို ရိုက်နှက်ညှဉ်းပန်း ခဲ့သူ၊ ထောင်သွင်းအကျဉ်းချခဲ့သူ၊ လုပ်ကြံသတ်ဖြတ်ခဲ့သူများအပေါ်လဲ အာဃာတ မထားခဲ့ပါ။ ယုတ်စွအဆုံး ၂၀၀၈ မတ်လ သမတ ရွေးကောက်ပွဲမှာ အနိုင်ရပေမယ့် သမတ မဖြစ်ခဲ့ရတာကိုတောင် ကျေအေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဘာ ကြောင့်ပါလဲ။ တခွန်းတည်းပြောရရင် ချန်ဂီရိုင်းအတွက် သူဖြစ်ချင်တဲ့နိုင်ငံရေးဆန္ဒ ရာထူး၊ အာဏာနဲ့ ပုဂ္ဂိုလ်ရေး အရှိန် အဝါဟာ အရေးမပါဘဲ အမျိုးသားအကျိုးစီးပွားဟာ ပထမ၊ အမျိုးသားအကျိုးစီးပွားဟာ ဒုတိယ၊ အမျိုးသားအကျိုးစီးပွား ဟာ တတိယ … ဖြစ် နေလို့ပါပဲ။
ဇင်ဘာဘွေဗဟိုဘဏ်ဥက္ကဋ္ဌ ဂတ်ဒီယွန်ဂိုယိုက “လိုအပ်လာတဲ့အချိန်မှာ လမ်းကြောင်းမပြောင်းနိုင်တဲ့သူဆိုလို့ အရူး တွေပဲ ရှိပါတယ်”လို့ နယူးဝိစ်ခ် မဂ္ဂဇင်းနဲ့ အင်တာဗျူးတခုမှာ ပြောခဲ့ဖူးတာလည်း မှတ်သားဖူးပါတယ်။
မဝေးတော့တဲ့ ရက်သတ္တပတ်အတွင်းမှာ NLD ဗဟိုဦးစီးအဖွဲ့ဝင်များဟာ NLD နဲ့ တိုင်းပြည်အတွက် သာမက အနာဂတ် မျိုး ဆက်လူငယ်များအတွက်ပါ အကျိုးသက်ရောက်မှုရှိစေမယ့် သမိုင်းဝင်ဆုံးဖြတ်ချက်ကို ချမှတ်ရတော့မှာဖြစ်ပါတယ်။ (၁၂၀) ဦးသော NLD ဗဟိုဦးစီးအဖွဲ့ဝင်များရဲ့ အမျှော်အမြင်၊ အတွေ့အကြုံ၊ လုပ်ရည်ကိုင်ရည်၊ ပါးနပ်ကျွမ်းကျင်မှုများကို စိုးစဉ်းမျှ သံသယရှိဘွယ် မရှိပါ။ လမ်းကြောင်းပြောင်းဖို့အတွက် အခုအချိန်ဟာ လိုအပ်လာတဲ့အချိန်ဟုတ်- မဟုတ်ကို မှန်ကန် တည့်မတ်စွာစဉ်းစားနိုင်မယ့် တိုင်းပြုပြည်ပြုခေါင်းဆောင်များဖြစ်တာမို့ တိုင်းပြည်အနာဂတ်ရေးအတွက် NLD ရဲ့ အခန်းကဏ္ဍအပေါ်မှာဖြင့် ပူပင်စရာ စိုးစဉ်းမျှမရှိကြောင်းပါ။
မြင်းရည်တက်ဦးသာ
November 10th, 2011
ကိုးကား …
နိုင်ငံရေး၊ စီးပွားရေး လှိုင်းတံပိုးတွေကြားမှ ဇင်ဘာဘွေနိုင်ငံ (ဝင်းထွဋ်ဇော်) – ရနံ့သစ် – အမှတ် (၅)၊ ၂၀၀၉။
ဇင်ဘာဘွေဗဟိုဘဏ်ဥက္ကဋ္ဌနှင့် တွေ့ဆုံမေးမြန်းခြင်း (ခိုင်မင်း)၊ ရနံ့သစ် အမှတ် (၅)၊ ၂၀၀၉။
Weekly Eleven – Nov. (7). 2011

0 comments:
Post a Comment