Friday, November 11, 2011

ပြည်ထောင်စုဖွား တိုင်းရင်းသား (ချင်း)

by Thant Ko Ko Maung on Thursday, November 3, 2011 at 5:07pm
 
A Landmark of Chin State “Natural Heart-shape Rih Lake “

ချင်းလူမျိုး တို့သည် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက် ခဲ့ကြသော လူမျိုးအုပ်စု သုံးစုအနက် တိဗက် မြန်မာ
အုပ်စုဝင် ဖြစ်သည်။ တိဗက် မြန်မာ အုပ်စုသည် -

(၁) ချင်းကချင် အုပ်စု၊
(၂) မြန်မာနှင့် ရှေးမြန်မာ အနွယ်အုပ်စု၊
(၃) လိုလိုမုဆိုး အုပ်စု


ဟူ၍ သုံးမျိုးကွဲကာ လမ်းကြောင်း သုံးသွယ်မှ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက် နေထိုင် လာကြသည်။
ချင်းတို့သည် အနောက်မြောက်နှင့် အရှေ့မြောက်ဖက်စီမှ ဝင်လာကြပြီး နောက်ထပ် ဝင်လာသူများအား
နေရာပေးရင်း အနောက်ရိုးမဖက်သို့ ပြောင်းရွှေ့ သွားကြလေသည်။ အချို့မှာ မြန်မာ့ နယ်နိမိတ်ကိုလွန်၍
လူရှိုင်း (လူရှေ) တောင်တန်းများသို့ လည်းကောင်း၊ မဏိပူရနယ်သို့ လည်းကောင်း ရောက်ရှိ သွားကြသည်။


အခြေခံအားဖြင့် ချင်းတို့ကို ကသည်း၊ မေထေးချင်းနှင့် ချင်းရိုးရိုးဟု ခွဲထားသော်လည်း ဒေသကိုစွဲ၍လည်း
ဒေသအမည်ဖြင့် ခွဲခြား ခေါ်ဝေါ် နေကြခြင်းများ ရှိသည်။ ဤနည်းဖြင့် တီးတိန် (တဲဒင်မ်) ချင်း၊ ဖလမ်းချင်း၊
ဟားခါးချင်း၊ မင်းတပ်ချင်း၊ မတူပီချင်း၊ ကန်ပက်လက်ချင်း၊ ပလက်ဝချင်းနှင့် မြေပြန်ချင်းဟူ၍ အမည်အမျိုးမျိုး
ရှိ၍နေသည်။ ပထဝီ အနေအထားအရ မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းဟုခွဲ၍ ထိုဒေသ သုံးပိုင်းအတွင်း
နေထိုင်ကြသော ချင်းများကို လေ့လာသော် အောက်ပါအတိုင်း တွေ့ရှိရသည်။

မြောက်ပိုင်းချင်းတောင်

တီးတိန် (တဲဒင်မ်)၊ ဖလမ်း၊ ဟားခါး မြို့နယ်သုံးခုကို အခြေပြု၍ ချင်းမျိုးနွယ်စုများကို လေ့လာသော် -

တီးတိန် (တဲဒင်မ်) မြို့နယ်အတွင်းရှိ ၁၀ မျိုး
(၁) တီးတိန် (တဲဒင်မ်)၊ (၂) ဆိဇန်၊ (၃) ထာ့ဒို၊ (၄) ဇို၊ (၅) တေဇန်၊ (၆) ဆိုင်းဇန်၊ (၇) ခေါနိုး၊ (၈) ဒင်မ်၊
(၉) ဂွေးတဲ၊ (၁၀) ဟွာလ်ငို။

ဖလမ်း မြို့နယ်အတွင်းရှိ ၁၀ မျိုး
(၁) တိုင်ချွန်း၊ (၂) လိုင်ဇို၊ (၃) ခွန်လီ ခေါ် ဆင်းမ်၊ (၄) ခွာလ်ဆင်းမ်၊ (၅) ဇာဟောင်၊ (၆) ဇန်ညပ် (ဇန်နိယပ်)၊
(၇) တပေါင်၊ (၈) လင်တဲ၊ (၉) ငွန်း၊ (၁၀) ဟွာလ်ငို။

ဟားခါး မြို့နယ်အတွင်းရှိ ၇ မျိုး
(၁) လိုင်၊ (၂) ဆင်ထန်၊ (၃) လောက်တူ၊ (၄) ဇိုဖေ၊ (၅) မီရမ်၊ (၆) မိအဲ၊ (၇) ထောရ်။

ကဘော-တမူး ဒေသရှိ ၃ မျိုး
(၁) မြန်မာလူရှိုင်း၊ (၂) အနန်၊ (၃) ဂန်တဲ။

အလယ်ပိုင်း ချင်းတောင်

မင်းတပ်၊ ကန်ပက်လက်၊ မတူပီ မြို့နယ်သုံးခု အတွင်းရှိသော ချင်းမျိုးနွယ်စုများကို လေ့လာသော် -

မင်းတပ်မြို့နယ် အတွင်းရှိ ၃ မျိုး
(၁) မွင်း၊ (၂) မကန်း၊ (၃) ရောင်တူ။

ကန်ပက်လက် မြို့နယ်အတွင်းရှိ ၃ မျိုး
(၁) မွင်း၊ (၂) ယင်ဒူး (ဒိုင်)၊ (၃) အူးပူ။

မတူပီ မြို့နယ်အတွင်းရှိ ၅ မျိုး
(၁) မတူ၊ (၂) မီရမ် ခေါ် မရာ၊ (၃) ဒိုင် (ယင်ဒူး)၊ (၄) ဇိုတုံး၊ (၅) လောက်တူ။

တောင်ပိုင်း ချင်းတောင်

ပလက်ဝ နယ်တွင်းရှိ ပလက်ဝ၊ ရှင်းလက်ဝ၊ ဒလက်မေ၊ သမိန် (ဆမီ)၊ ဂါရာပြင် မြို့နယ်ခွဲ ငါးခု အတွင်းရှိသော
ချင်းမျိုးနွယ်စုများကို လေ့လာသော် -

ပလက်ဝမြို့နယ်ခွဲ
(၁) ခမီ၊ (၂) ဝါကင်းမ် ခေါ် မရို၊ (၃) အနူး၊ (၄) ခေါင်စို၊ (၅) ပနမ်း၊ (၆) လေးမြို့။

ရှင်းလက်ဝ မြို့နယ်ခွဲ
(၁) မရာ၊ (၂) ကလင်ကော့ (လူရှေ)။

အခေါ်အဝေါ် ကွဲသော်လည်း မျိုးနွယ်တူချင်းကို ပေါင်းလိုက်ပါက ၄၄ မျိုးသာ ရှိသည်။ ချင်းမျိုးနွယ်စုများ
ကွဲပြားမှုနှင့် ပတ်သက်၍ မှတ်သားရမည့် အချက်မှာ အခြေခံမူ လေးချက်ကို အကြောင်းပြု၍ ကွဲလွဲမှုပင်
ဖြစ်သည်။ ယင်းတို့မှာ

(၁) ပထဝီဝင်အရ ကွဲပြားသောမူ၊
(၂) ပြောဆိုသော ဘာသာစကားအရ ကွဲပြားသောမူ၊
(၃) ဆွေမျိုး မိသားစုအရ ကွဲပြားသောမူ၊
(၄) နိုင်ငံရေး အုပ်ချုပ်မှုအရ ကွဲပြားသောမူများ ဖြစ်သည်။

ထို့ကြောင့် မျိုးနွယ်စုဟု ဆိုရာတွင် လူမျိုးအုပ်စု (Tribes) ကို ဆိုလိုပါသလော၊ မိသားစု (Family) ကို
ဆိုလိုပါသလော၊ မျိုးနွယ်စု (Clan) ကို ဆိုလိုပါသလော၊ ဒေသအနွယ် (Area Inhabitants) ကို ဆိုလို
ပါသလော ဟူ၍ ချင်းအမျိုးသားများမှအပ အခြားသူတို့ လွယ်ကူစွာ နားမလည်နိုင်ခြေ။

လူမျိုးဆင်းသက်မှု သမိုင်းအရသော် လည်းကောင်း၊ ဘာသာစကားအရ လည်းကောင်း ဟွာလ်ငိုတို့မှာ လူရှိုင်း
အနွယ်ဝင်များ ဖြစ်သောကြောင့် ချင်းဘာသာစကား သုတေသနပြုသူ ပါမောက္ခ ဂျီ အိပ်ခ်ျ လုစ် က ဟွာလ်ငို
တို့ကား မြန်မာပြည်ဘက်တွင် နေသော လူရှိုင်းများ ဖြစ်သည်ဟု ဆိုခဲ့သည်။ (Luce, G.H. Prof “Chin Hill
Linguistic Tour” (Dec. 1954) University Project, J.B.R.S. Vol. XLII, Part I, June 1959,
p.22)

၁၈၉၆ ခုနှစ် ရန်ကုန်အစိုးရ ပုံနိုပ်တိုက်မှ ထုတ်ဝေသော လက်ထောက် တိုင်းမင်းကြီး ကယ်ရီနှင့် ဝန်ထောက်
တပ်ခ်တို့ ရေးသားပြုစုသော ချင်းတောင်ဒေသ အကြောင်း၏ အတွဲ ၁ ၌  ခလန်ခလန် (Klang Klang) နှင့်
ရိုကွား (Yokya) မျိုးနွယ်စုများဟူ၍ ဖော်ပြပါရှိရာ အသံထွက်အားဖြင့် မှားနေသော ရွာအမည်များ ဖြစ်၏။
အမှန်စင်စစ်တွင် ခလန်ခလန် ချင်းအမျိုးဟူ၍မရှိ ထန်တလန် (Thang Tlang) ချင်းရွာဟူ၍သာ ရှိသည်။
ထို့အတူ ရိုကွား ချင်းအမျိုးဟူ၍မရှိ ဇိုခွာ (Zo Khua) ရွာကား ရှိသည်။ ရွာအမည်ကို မှားယွင်း၍ ရေးသားခဲ့ပြီး
လူမျိုး အမည်အဖြစ် ဖော်ပြခဲ့ရာမှ ယင်းလူမျိုးများ အမှန်ရှိနေသကဲ့သို့ နောက်ပိုင်းတွင် ထွက်ပေါ်လာသော
စာအုပ် များ၌လည်း ယင်းနှစ်မျိုးကို ဆက်လက် ဖော်ပြခဲ့ကြခြင်း ဖြစ်သည်။ (1896, B.S. Carey & H.N.
Tuck,The Chin Hills)

၁၉၄၄ ခုနှစ်က ထုတ်သော စတီဗင်ဆင် ရေးသည့် မြန်မာပြည်၏ တောင်တန်း လူမျိုးများ စာအုပ်တွင်လည်း
ခလန်ခလန်နှင့် ရိုကွားများကို လူမျိုးများအဖြစ် ဖော်ပြပြန်သည်။ အမှန်မှာ ရွာအမည်ကို အစွဲပြု၍ခေါ်သည့်
ထန်တလန်မျိုး ဇိုခွာမျိုး ဟူသော ဆင်ထန် အနွယ်များသာဖြစ်သည်။ (Stevenson, H.N.C. The Hill
Peopleof Burma, London 1944, p.6)

အုပ်ချုပ်သူ အကြီးအကဲ တစ်ဦးဦး၏ အမည်ကိုစွဲ၍ လည်းကောင်း၊ မိသားစုထဲမှ ထင်ရှား ကျော်စောသော
ပုဂ္ဂိုလ် တစ်ဦးဦး၏ အမည်ကို စွဲ၍လည်းကောင်း မျိုးနွယ်စုများ ဖြစ်လာနိုင်ကြောင်း ကိုလည်း အထက်တွင်
ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဇိုခွာမျိုးကို စံတင်ပြရသော် ဟားခါးမြို့နယ်တွင် ဟားခါး စကားပြော ဆင်ထန်
မျိုးနွယ်စုဝင် ဆူလ်ခွာရွာ ဦးဗွမ်သူဖ မိသားစုပေါက် ဆွေမျိုးများဟု ဆိုလျှင် ဟားခါးသား ဟုလည်း ပြော၍ရသည်။
ဟာခါးချင်းဟုလည်း ဆိုနိုင်သည်။ ဆင်ထန် လူမျိုးဟုလည်း ဖြစ်သည်။ ဇိုခွာသား ဆိုလျှင်လည်း မှန်သည်။
ဗွမ်သူမျိုး ဆိုလည်း ဖြစ်သည်။ ဤတွင် လူတစ်ဦးတည်းမှ အမျိုးအနွယ် အမည်ငါးမျိုး ပွားသွား လေတော့သည်။

ဗြိတိသျှ နယ်ချဲ့များကို ခုခံတော်လှန်ကြသော ချင်းအမျိုးသားများအား သွားရောက် နိုမ်နင်းသော
စစ်ကြောင်းတွင် အုပ်ချုပ်သူ ဆာဂျင်ကက်ပတိန် အေဂျီအီး နယူးလင်က သူရေးသော စာအုပ်တွင်
ဘောင်းရှည်ချင်းဟု ဖော်ပြရုံမက ဟားခါးတောင်ဘက် ဆူလ်ခွာရွာအထိ ဒေသမှာ ဘောင်းရှည်ချင်းတို့ နေသော
ဒေသဟု ရေးသားထားသည်။ အမှန်မှာ ဘောင်းရှည် ချင်းမျိုးဟူ၍ မရှိချေ။ ဟားခါးဒေသရှိ ချင်းများမှာ
ထိုခေတ်က ဦးခေါင်းထိပ်တွင် သျှောင်ထုံးထုံးပြီး ရှည်လျားသော ခေါင်းပေါင်းကို ပေါင်းလေ့ရှိသဖြင့် ယင်းတို့အား
ခေါင်းပေါင်းကိုစွဲပြီး ချင်းဘောင်းရှည်ဟု ခေါ်သည်ကို ဗြိတိသျှတို့က လူမျိုးအမည် အဖြစ် လွဲမှား ရေးခဲ့ခြင်း
ဖြစ်သည်။ ထိုဒေသနေ ချင်းများမှာ ဟားခါးစကား ပြောသော ချင်းများဖြစ်ပြီး မိမိတို့ကိုယ်ကို လိုင် ဟု
ခေါ်ကြသည်။ (Newland, A.G.E. Surgeon-Capt, The image of war, Calcutta 1894,
pp. 3-4,Spink & Co.)

ချင်းမျိုးနွယ်စုများ ကွဲပြားနေသော်လည်း ဘာသာဗေဒ သုတေသန ပြုခြင်းဖြင့် အခြေခံ တူညီမှုများကို တွေ့ရပြီး
ပင်မဘာသာကြီး တစ်ခုတည်းမှ ပေါက်ဖွားသွားသော ဒေသန္တရ ဘာသာစကားစုငယ်များ ဖြစ်ကြောင်း
ယူဆနိုင်သည်။ ထို့ကြောင့် ချင်းအမျိုးသားတို့ အကြောင်းကို ၁၈၉၆ ခုနှစ် ချင်းတောင်များ၌ ကွင်းဆင်း
လေ့လာခဲ့သော ဗြိတိသျှလူမျိုး အုပ်ချုပ်ရေး အရာရှိနှစ်ဦး ဖြစ်ကြသည့် ကယ်ရီနှင့် တပ်ခ်တို့က အောက်ပါအတိုင်း
ရေးသားခဲ့ကြသည်။

ချင်းတောင်များတွင် မျိုးနွယ်စုပေါင်း များစွာတို့ နေထိုင်ကြသည်။ ယင်းတို့သည် မိမိတို့အစုကို အမည်အမျိုးမျိုးနှင့်
ခေါ်ကြပြီး သီးခြားမျိုးနွယ်များဟု ယုံကြည်ကြသည်။ သို့သော် အားလုံးသည် တစ်ခုတည်းသော တစ်မျိုးတည်းသော
အနွယ်မှ ဆင်းသက်ကြသည်မှာ ထင်ရှားသည်။ ယင်းအနွယ်ကား ကူကီမျိုးနွယ် ဖြစ်သည်။ စာပေမရှိခြင်းနှင့်
ရွာအချင်းချင်း၊ အကြီးအကဲ အချင်းချင်း ရှေးယခင်က ဖက်ပြိုင်မှု ပြုခဲ့ကြခြင်းကြောင့် ကွဲပြားကုန်ကြပြီး ဒေသန္တရ
စကားအမျိုးမျိုးကွဲခြင်း၊ ဓလေ့ထုံးစံများ ထွေပြားလာခြင်းနှင့် နေထိုင်မှု ခြားနာလာခြင်း ဖြစ်ပေသည်။ (B.S.
Carey & H.N. Tuck, The Chin Hills, 1896 Rangoon, Vol.1)

၁၉၄၉ ခုနှစ်က ရိုက်နိုပ်သော မြန်မာပြည်၏ လူမျိုးအုပ်စုများ စာစောင်တွင် လူမျိုးအုပ်စုများ ဆိုင်ရာ သုတေသန
ဌာနမှုး စီစီလုဝစ်က ချင်းလူမျိုးတို့သည် တိဗက်မြန်မာ အုပ်စုဝင်များဖြစ်ပြီး ရှေးရာစုပေါင်း များစွာက ယင်းတို့၏
မူလချက်မြှပ် ဒေသမှာ အာရှတိုက် အလယ်ဗဟိုရှိ ကုန်းပြင်မြင့်၏ အရှေ့ပိုင်း ဖြစ်ခဲ့ကြောင်း။ ယင်းအရပ်မှာပင်
ချင်းအမျိုးသားများ အပါအဝင်တိဗက် မြန်မာ အုပ်စုသည် သီးခြား အုပ်စုတစ်စုအဖြစ် အသွင်အပြင် လက္ခဏာများ
ထုတ်ဖော် နိုင်ခဲ့ကြကြောင်း။ ထိုဒေသမှ တဖြည်းဖြည်း တောင်ဘက်သို့ ရွှေ့ပြောင်းလာခဲ့ရာ မြစ်များ၊ ချောင်းများ၊
တောင်ကြားလမ်းအတိုင်း လိုက်လာခဲ့ပြီး အချို့မှာ တစ်ဆင့်တိုးချဲ့ ပွားများသွားခဲ့ကြောင်း။ အချို့အုပ်စုတို့သည်
မြန်မာနိုင်ငံသို့ လည်းကောင်း၊ အချို့မှာ အင်ဒိုချိုင်းနား ကျွန်းဆွယ်သို့ လည်းကောင်း ဆင်းသက် သွားကြကြောင်း
ဖော်ပြထားသည်။ (Lowis, C.C. The Tribes of Burma, 1949, Rangoon, Burma, No.4, p.4
Ethnographical survey of Burma)

အထက်ဖော်ပြပါ အချက်များကို ထောက်ခံသော အခြား သာဓကများမှာ၊ မြန်မာပြည် အထက်ပိုင်း
တောင်တန်းဒေသ အနှံ့အပြားသို့ ရောက်လာပြီး ဒေသန္တရ ဗဟုသုတနှင့် မနုဿဗေဒ သုတေသန ပြုလုပ်
သွားခဲ့ကြသော ဥရောပတိုက်သား သုတေသီနှင့် အရာရှိများ ဖြစ်သည့် Macgregor ၊ Wood Thope ၊
Errol Grey ၊Pattinger ၊ Prince Henri of Orleans တို့၏ သုတေသန ပြုချက်များ ဖြစ်သည်။

ချင်းတို့သည် တိဗက် မြန်မာ အုပ်စုဝင်များဖြစ်ပြီး အခြားတိဗက် မြန်မာ အုပ်စုများနှင့်အတူ အာရှအလယ်ပိုင်းမှ
မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့ခြင်းအား ဘာသာစကား တူညီမှု သာဓကကို ထုတ်ပြခဲ့သူ ချင်းအမျိုးသား
ဖြစ်သော အင်ဒိုနီးရှားဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝမ်ကိုဟောက -

“ဘာသာစကားနှင့် ဒေသန္တရ စကားကွဲများကို လေ့လာခြင်းဖြင့် တိဗက် ဘာသာစကားနှင့် ချင်း၊ မြန်မာတို့
ပြောသော စကားများတွင် တူညီသော စကားလုံး များစွာကို တွေ့ရှိရသည်” ဟု ဖော်ပြထားသည်။  (H.E. Uvum
Ko Hau Siyin, Profile of a Burma Frontier, Bundung, 1963, pp. 304-305, Privately
Printed)

၁၈၉၁ ခုနှစ် ထုတ်ပြန်သော မြန်မာနိုင်ငံ သန်းခေါင်စာရင်း အစီရင်ခံစာတွင် ချင်းလူမျိုးတို့ ဆင်းသက်လာပုံနှင့်
ပတ်သက်ပြီး ဖော်ပြရာ၌ -

“ချင်းတို့သည် တောင်ပေါ်နေ မျိုးနွယ်စုများဖြစ်ပြီး တိဗက် မြန်မာ ပင်မ ဘာသာစကားကြီး၏ ဒေသန္တရ
ဘာသာစကားကွဲ မျိုးစုံကို ပြောကြပြီး မိမိတို့ အမည်ကို အမျိုးမျိုး မှည့်ခေါ် ကြသူများ ဖြစ်သည်။ မဏိပူနယ်နေ
ကူကီတို့သည် လည်းကောင်း၊ ဘင်္ဂလားနှင့် အာသံနယ်များ၌ နေသော လူရှိုင်းတို့သည် လည်းကောင်း၊
ချင်းတို့သည် လည်းကောင်း ယခု တိဗက်နိုင်ငံဟု ခေါ်သော ဒေသတွင် ရှေးပဝေသဏီက နေထိုင်ခဲ့ကြပြီး
ယင်းတို့အားလုံးသည် တစ်မျိုးနွယ်ထဲမှ ပေါက်ဖွား လာသူများဖြစ်သည် ဟူသော အယူအဆကို များစွာ
လက်ခံနိုင်ဖွယ်ရှိသည်။ ယင်းတို့၏ အုပ်ချုပ်မှု ဖွဲ့စည်းပုံ၊ တောင်ယာ စိုက်ပျိုးနည်း၊ ဓလေ့ထုံးစံများ၊ အမူအယာ
အသွင်အပြင်များ၊ ယုံကြည် ကိုးကွယ်မှု စွဲလန်းမှုများ အားလုံး၏ တူညီမှုတို့က ယင်းတို့ အားလုံးသည်
တစ်မျိုးနွယ်တည်း ဖြစ်သည်ဟု သာဓကပြလျှက် ရှိလေသည်” ဟု ပါရှိသည်။ (The Burma Census
Reportof 1891, Quoted in The Chin Hills, vol. I, by Carey & Tuck, p.2)

၁၉၄၃ ခုနှစ် စစ်အတွင်းက မြန်မာအစိုးရ အနေဖြင့် ဆင်မလားမြို့တွင် ပုံနိုပ် ထုတ်ဝေခဲ့သော
မြန်မာနိုင်ငံလက်ဆွဲ စာအုပ်တွင် ချင်းတို့ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာပုံနှင့် ပတ်သက်၍ အောက်ပါအတိုင်း
ဖော်ပြခဲ့သည်။

“တိဗက် မြန်မာ မျိုးနွယ် အုပ်စုသည် သုံးစုခွဲ၍ လမ်းကြောင်း သုံးကြောင်းဖြင့် တောင်ဘက်သို့ ဆင်းလာခဲ့ရာ
ဧရာဝတီ မြစ်ဖျားခံရာ အရပ်ဒေသများမှ ဖြတ်ကျော်ခဲ့ကြသည်။ ထိုနေရာမှ ချင်းအမျိုးသားတို့သည်
အနောက်ဘက် တောင်တန်းများသို့ တက်လာခဲ့ကြ လေသည်။ ဆင်းသက်လာသော အစုသုံးစုအနက် အများဆုံး
အစုတွင် မြန်မာနှင့် ရှေးမြန်မာများ ပါဝင်သည်။ တောင်ဘက်သို့ ဆက်၍ ဆင်းသက်လာကြရင်း လမ်းခရီး
တစ်လျှောက်တွင် အချို့ အတည်တကျ စွဲမြဲ နေထိုင်ရစ်ကြရာ မြန်မာပြည် မြောက်ပိုင်းနေ မျိုးနွယ်စုများ
ဖြစ်သွားကြသည်။ ရခိုင်ရိုးမ တောင်တန်းများပေါ်၌ နေထိုင်ကြသော ချင်း၊ ဒိုင်းနက်၊ မြို၊ တောင်သား၊ ခမီ
တို့သည်လည်း တိဗက် မြန်မာ အုပ်စုဝင်များဖြစ်သည်။ ချင်း၊ ကချင်တို့နှင့် မျိုးနွယ်ချင်း ဆက်စပ်သော
နာဂတို့သည် မြန်မာနိုင်ငံ အနောက်မြောက် တောင်တန်းများ၊ ဟူးကောင်း တောင်ကြားနှင့် ချင်းတွင်းမြစ်
အနောက်ဖက်တွင် နေထိုင်ကြသည်။”  (Burma Hand Book, Published by the Government
of Burma,Simla, 1934, Quoted in the Profile of a Burma Frontier man, p.311)

ဗြိတိန်နိုင်ငံ အောက်စဖို့မြို့မှ ပုံနိုပ် ထုတ်ဝေသော အိန္ဒိယပြည်ဆိုင်ရာ အင်ပီးရီးရယ်လ် ဂေဇက်တွင်လည်း
ချင်းတို့ ဝင်ရောက် နေထိုင်လာပုံကို အောက်ပါအတိုင်း ဖော်ပြထားသည်။

“မြန်မာ၊ ကချင်၊ နာဂနှင့် အခြားမျိုးနွယ်စုများ ကဲ့သို့ ချင်းတို့သည်လည်း၊ အင်ဒိုချိုင်းနား ကျွန်းဆွယ်နေ
လူမျိုးများထဲမှ တိဗက် မြန်မာ အုပ်စုဝင်များ ဖြစ်ကြသည်။ သမိုင်းမတင်မီ ကာလက မြန်မာတို့၏ ဘိုးဘေး
တို့သည် တိဗက်ပြည် အရှေ့ဘက် တောင်ကုန်းများမှ ဧရာဝတီ မြစ်ဖျားဒေသသို့ ဆင်းသက် လာကြပြီးနောက်
ယင်းတို့၏ မူရင်း ဘာသာစကားများ ပြောင်းလဲ ကွဲပြားမှု မဖြစ်မီ ယင်းတို့အထဲမှ အစုတစ်စုသည် ဧရာဝတီမြစ်
အတိုင်း စုန်ဆင်းခြင်း မပြုဘဲ အနောက်ဘက်သို့ ဖြတ်ကူး သွားကြသည်။ ထို့နောက် ချင်းတွင်းဒေသသို့
ဝင်လာကြပြီး အနောက်ရိုးမနှင့် ရခိုင်ရိုးမ တောင်တန်းများဆီသို့ ဝင်ရောက် အခြေစိုက် နေထိုင်ကြသည်ဟု
ခိုင်လုံစွာ ယူဆနိုင်သည်။ ကူကီချင်းတို့သည် အနောက်ဘက်သို့ ကူးလာသော အဆိုပါ တိဗက် မြန်မာ
အုပ်စုဝင်များ ဖြစ်ကြသည်။

ချင်းမျိုးနွယ်စုများကို ပထဝီဝင်အရ သုံးပိုင်း ခွဲထားနိုင်ရာ -
(၁) မြောက်ပိုင်းချင်းဟု ခေါ်အပ်သော ပင်ရင်း ချင်းတောင်တန်းများနေ ချင်းများ၊
(၂) ခမီ၊ မြို၊ ချင်းဘုံ စသည်ဖြင့် အမည်အမျိုးမျိုး ရှိသူများ၊ ရခိုင်ရိုးမ မြောက်ပိုင်းနှင့် ပခုက္ကူခရိုင်တွင်းရှိ
တောင်ကုန်းများတွင် နေသော အလယ်ပိုင်း ချင်းများနှင့်
(၃) ရခိုင်ရိုးမ တစ်ခုလုံးတွင် နေထိုင်ကြသော တောင်ပိုင်းချင်းများ ဖြစ်သည်။” (The Imperial Gazetter
of India, Oxford, Quoted in ibid p.p. 311-312)

အထက်ပါ ကောက်နုတ်ချက်တွင် ပါရှိသော ချင်းဘုံနှင့် ပတ်သက်၍ အမှန်စင်စစ် ယင်းအမည်နှင့်
ချင်းမျိုးနွယ်စုများတွင် မရှိချေ။ အူးပူချင်း မျိုးနွယ်စု အမည်ကို ကျမ်းပြုသူက အကြားလွဲ၍ ချင်းဘုံဟူ၍
ရေးခဲ့သည်ဟု ယူဆရသည်။

ချင်းတို့၏ မူလအခြေခံ ယဉ်ကျေးမှုသည် တိဗက် မြန်မာ အုပ်စုကြီး၏ မူလ ယဉ်ကျေးမှုပင် ဖြစ်သည်။
ဤအချက်ကို စကား ဝေါဟာရဆိုင်ရာ ဘာသာဗေဒအရ လည်းကောင်း၊ နေ့စဉ် နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု၊
စားမှု၊ သောက်မှု အလေ့အကျင့်များအရ လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ် အယူအဆများအရ
လည်းကောင်း၊ ဥပဓိရုပ် အသွင်အပြင် အနေအထားနှင့် ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများအရ လည်းကောင်း၊
စကားပုံ ဒဏ္ဍာရီပုံပြင် စသော ယဉ်ကျေးမှု ပင်မကြီး၏ အသီးအပွင့်များကို စိစစ်ကြည့်ခြင်းအားဖြင့်
လည်းကောင်း သိရပေသည်။

ယုံကြည် ကိုးကွယ်မှုတွင်လည်း ချင်းတို့၏ သာရေး နာရေးဆိုင်ရာ ဓလေ့ထုံးစံများ၊ ပူဇော်ပသမှုများသည်
အခြား တိဗက် မြန်မာ အုပ်စုဝင်များ ပြုလုပ်ကြပုံနှင့် များစွာ မခြားနားလှကြောင်းကို တွေ့ရှိရသည်။

ချင်းလူမျိုးတို့၏ ယုံကြည် ကိုးကွယ်သော ဘာသာများမှာ အကြမ်းဖျဉ်းအားဖြင့် လေးမျိုးရှိကြောင်း တွေ့ရသည်။
ယင်းတို့ကို ဦးရေ အနည်းအများအလိုက် ဖော်ပြရသော်
(၁) နတ်ကိုးကွယ်မှု၊
(၂) ခရစ်ယန်ဘာသာ၊
(၃) ပေါင်ကျင်ဟောင် ဘာသာနှင့်
(၄) ဗုဒ္ဓဘာသာ တို့ဖြစ်သည်။

မှတ်ချက်။     ။ စာပေဗိမာန်ထုတ် တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာဓလေ့ ထုံးစံများ စာအုပ်မှ ကောက်နုတ်
ဖော်ပြပါသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသား တစ်မျိုးချင်းစီ၏ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံ၊
စာပေ၊ ဂီတ စသည်တို့ကို ပြည့်စုံစွာ ဖော်ပြရမည် ဆိုပါက စာတစ်စောင် ပေတစ်ဖွဲ့တည်းနှင့် မည်သို့မျှ
ပြည့်စုံနိုင်မည် မဟုတ်ပါ။ ပြည်ထောင်စု တိုင်းရင်းသားတို့၏ အခြေခံ အချက်အလက်များကို မျိုးနွယ်စု တစ်ခုလျင်
မှတ်စုတစ်ခုစီဖြင့် အလျဉ်းသင့်သလို ရှာဖွေ တင်ပြ မျှဝေပေးသွားပါမည်။

ဤနေရာတွင် ချင်းလူမျိုးနှင့် ပတ်သက်၍ ၁၉၀၀ ပြည့်နှစ် အစောပိုင်းမှ ပေါ်ပေါက် လာသယောင်၊ ချင်း (Chin)
ဟူသော ဝေါဟာရသည်ပင်လျှင် အင်္ဂလိပ်တို့၏ ဝေါဟာရ အမွေအလား ထင်မှတ်မှား နေသူများအဖို့
ပုဂံဝန်ထောက်မင်း ဦးတင်၏ ကဗျာဗန္ဓသာရ ကျမ်း လာ ဝေါဟာရ ဖြေရှင်းချက်အား ဖြည့်စွက် တင်ပြလိုက်ရ
ပါသည် ခင်ဗျား …

ချင်း = လူမျိုး အထူးဟူသောအနက်၊ ငစဥ့်ကူးမင်း နားတော်သွင်းတွင် “သောင်သွပ်ခန္တီး၊
ကြက်သီးဝှန်းပြင်း၊ ထပြန်ခြင်းကြောင့်၊ ချင်း နှင့် ကချင်၊ ကြံဆင်ခြင်၍၊ ကြောက်ငြင်မသန်၊
ကျွန်ချည်းမှန်မှ” ဟူ၍လည်းကောင်း၊ ကဗျာသာရတ္ထတွင် “လူမျိုး ချင်း စစ်၊ ချင်းတွင်းမြစ်နား”
ဟူ၍လည်းကောင်း …..

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...