Monday, November 14, 2011

အာရပ်နွေဦး၊ ဟားဗတ်တက္ကသိုလ်နဲ့ မြန်မာနိုင်ငံ

Tuesday, 15 November 2011 02:22 လှရွှေ

E-mail Print PDF


အာရပ်နွေဦး လှုပ်ရှားမှုမှာ ဦးဆောင်ခဲ့တဲ့ လူငယ်နှစ်ဦးဟာ အမေရိကန်တို့ရဲ့ Occupy Wall Street နှင့် Occupy Harvard လှုပ်ရှားမှုတွေမှာ ပါဝင်လာတာကိုတွေ့ရပါတယ်။
အီဂျစ်လူမျိုးတွေဖြစ်တဲ့ အာမက်မာဟာ (Ahmed Maher) နှင့် အီဆာရာ အေဘဒီ ဖာ့တ် (Abdel Fattah) တို့နှစ်ဦးဟာ ဟားဗတ်တက္ကသိုလ် သိမ်းပိုက်ရေး လှုပ်ရှားမှုတွေမှာ စကားပြောခဲ့တာကို တွေ့ရတယ်။
"ကျနော်တို့တွေဟာ အာဏာရှင်တွေကြောင့် အတိဒုက္ခရောက်ကြရပါတယ်၊ အီဂျစ်မှာ ချီဂွေဗားရား မရှိဘူး၊ ကျနော်တို့ ပြည်သူတွေကို ယုံတယ်၊ လူထုက အများကြီးလုပ်နိုင်တယ်၊ လူထုကသာ ပြောင်းလဲမှုကို အမှန်တကယ်လုပ်နိုင်တယ်၊ ကျနော်တို့ဟာ စစ်မှန်တဲ့ ဒီမိုကရေစီကို ရှာဖွေနေတဲ့ ခင်ဗျားတို့နှင့် ဘ၀တူတွေပါ" လို့ အမေရိကန် ကျောင်းသားတွေကို အာမက်မဟာ မှ ပြောဆိုခဲ့ပါတယ်။
ဆန္ဒပြမှုတွေကြောင့် ဟားဗတ် တက္ကသိုလ် ရဲ့ အချို့သော ၀င်ပေါက်တွေနဲ့ နေရာတွေကို လုံခြုံရေး အကြောင်း ပြချက်နဲ့ ပိတ်ထားခဲ့ရပါတယ်။

အာရပ်နွေဦး လှုပ်ရှားမှုဟာ နှစ်ပေါင်း ဆယ်စုနှစ်ချီ ကြာညောင်းနေတဲ့ အာဏာရှင်တွေကို ဖယ်ရှားဖို့ ကြိုးစားတဲ့ လှုပ်ရှားမှုတွေပါ။ တူနီးရှားနိုင်ငံက စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုဟာ အီဂျစ်၊ လစ်ဗျား တို့မှာ အောင်ပွဲ ခံခဲ့ပေမယ့် ဆီးရီးယား၊ ယီမန်နှင့် အခြားသော အာရပ်နိုင်ငံတွေမှာ လှုပ်ရှားမှုက ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။

အမေရိကန် တို့ရဲ့ ဝေါလမ်းမ သိမ်းပိုက်ရေးနှင့် ဟားဗတ်တက္ကသိုလ် သိမ်းပိုက်ရေး တို့ဟာ အရင်းရှင်တွေရဲ့ ချယ်လှယ်မှုကို ခံနေရတဲ့ လူတွေရဲ့ လှုပ်ရှားမှု၊ နိုင်ငံတကာ ငွေကြေး အကျပ်အတည်းဟာ ဒီအရင်းရှင်တွေကြောင့် ပေါ်ပေါက်လာရတယ် ဆိုတဲ့ အချက်တွေနှင့် ဆန့်ကျင်နေကြတဲ့ ပွဲဖြစ်ပါတယ်။
အာရပ်လှုပ်ရှားမှုနှင့် တူသလိုရှိနေပေမဲ့ မတူတဲ့ အချက်တွေက အများကြီးပါ။ အာရပ်တွေက လွတ်လပ်မှုရဲ့ အရသာကို ခံစားလိုတဲ့စိတ်၊ ကမ္ဘာကြီးရဲ့ နိုင်ငံရေး၊ စီးပွားရေးတွေ ပြောင်းလဲနေတာကို အမှီလိုက်လိုတဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ လှုပ်ရှားမှုပါ။ ဒီလိုလှုပ်ရှားမှုတွေမှာ ထင်ရှားတဲ့ ခေါင်းဆောင် ဆိုသူ မရှိပေမဲ့ သူတို့ရဲ့နိုင်ငံ အရေးပေါ်အခြေအနေကို ရောက်လာတဲ့အခါမှာ နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်တဲ့ လူလတ်တန်းစားလို့ခေါ်တဲ့ မျိုးဆက်သစ်တွေက အများကြီး ထွက်လာပါတယ်။
ကမ္ဘာဘဏ်နှင့် ချိတ်ဆက်မလား၊ ဥရောပသမဂ္ဂနှင့် ချိတ်ဆက်မလား၊ နေတိုးနှင့် ချိတ်ဆက်မလား နိုင်ငံကို ဦးဆောင်နိုင်တဲ့ မျိုးဆက်သစ်တွေက အဆင်သင့်ဖြစ်နေတာ တွေ့ရပါတယ်။ အာဏာရှင်တွေ ပြုတ်ကျသွားပေမဲ့ နိုင်ငံ့အနာဂတ်ကို ဘာသာရေး အစွန်းရောက်တွေနဲ့ ခေတ်မှီဆန်းသစ်မှုကို မြတ်နိုးတဲ့ ခေတ်ပညာတတ် လူလတ်ပိုင်းတွေရဲ့ ကြားမှာ လွန်ဆွဲပွဲက ရှိနေဆဲပါပဲ။

ကျနော်တို့ မြန်မာနိုင်ငံမှာကော အာရပ်နွေဦး လှုပ်ရှားမှုလိုမျိုး ပေါ်ပေါက်နိုင်သလားဆိုတဲ့ ဆွေးနွေးမှုတွေ ရေးသားမှုတွေ အများကြီးတွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ အာရပ်နိုင်ငံလိုမျိုး ရေနံကြွယ်မှု မရှိဘူး၊ အမေရိကန် နှင့် အနောက်အုပ်စုတွေက သိပ်စိတ်မ၀င်စားဘူး ဆိုတဲ့ ရေးသားချက်တွေက တပုံတပင်။ နိုင်ငံတကာ ဆက်ဆံရေးမှာ အကျိုးအမြတ် မဟာဗျူဟာကို ဦးထိပ်ထားတဲ့ မူဝါဒရေးရာ အပေါ်မှာ အခြေခံပြီး ပြောဆိုကြတဲ့ အချက်တွေလို့ မြင်ပါတယ်။
ဂျပန်နိုင်ငံ ကန်ဒ (Kanda University) တက္ကသိုလ်မှာ အရှေ့တောင်အာရှာ ရေးရာ ကျွမ်းကျင်သူအဖြစ် တာဝန်ထမ်းဆောင် နေတဲ့ သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းက "အပြောင်းအလဲဆိုတာ တဦးတည်း နဲ့လုပ်လို့မရဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံမယ့် ပညာတတ်တွေ အများကြီးလိုတယ်၊ မြန်မာနိုင်ငံမှာ အရေးကြုံလာရင် အာရပ်နိုင်ငံတွေလိုမျိုး နိုင်ငံတကာ အဖွဲ့ကြီးတွေနဲ့ ချိတ်ဆက် နိုင်တဲ့ ခေတ်ပညာတတ် လူငယ်တွေ မရှိဘူး" လို့ ဒေါက်တာ အေးချမ်းက ထောက်ပြခဲ့ပါတယ်။
အာရပ်ကမ္ဘာနှင့် နိုင်ငံတကတွေမှာ ဆန္ဒပြမှုတွေ အုတ်အော်သောင်းနင်း ဖြစ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ ဘာကြောင့်လူထု အုံကြွမှုတွေ ထပ်မဖြစ်တာလဲ။ အုံကြွမှုတွေ ဖြစ်လာတိုင်း စစ်တပ်က ချေးမှုန်းတာ ခံရဖန် များလို့ လူထုကပဲ ကြောက်သွားတာလား၊ အပြောင်းအလဲကို ကျနော်တို့ မလုပ်နိုင်တော့ဘူး ဆိုပြီး လက်လျော့ လိုက်တာလား၊ လက်ရှိပြောင်းလဲနေတဲ့ အနေအထားကိုဘဲ ကျေနပ်နေလို့လား ဆိုတဲ့ မေးခွန်းတွေက အများကြီးရှိနေပါတယ်။
အံ့သြစရာ ကောင်းတဲ့ အချက်ကတော့ အာရပ်နွေဦး မြန်မာနိုင်ငံဘက်ကို ခြေဦး လှည့်မလာတာပါပဲ။ အာရပ်နွေဦးကို သယ်ဆောင်လာမယ့် လေပြင်းစီကြောင်းများ မရှိလို့လား။ အပူပိုင်း ဆာဟာရ သဲကန္တရ မှာတိုက်ခတ်ခဲ့တဲ့ လေပြင်းက မုန်သုန် ရာသီဥတုရှိတဲ့ မြန်မာနိုင်ငံကိုများ သဘောမကျလို့လား တွေးစရာတွေက တပုံတပင်ပါ။

၁၉၈၈ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုဟာ ဘာလင်တံတိုင်းကို ဖြိုနိုင်တဲ့ အထိ သက်ရောက်မှုရှိခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အရှေ့ဥရောပ တိုင်းပြည်တွေ ကွန်မြူနစ် အောက်ကနေ လွတ်လပ်ခဲ့ရတယ်။ တရုတ်ပြည်ကြီးမှာ တီအမ်ရင်ပြင် လူထုလှုပ်ရှားမှု ပေါ်ပေါက်ပြီး တရုတ်တပ်နီတော် တင့်ကားရှေ့ မားမာ မတ်မတ်ရပ်ပြီး အာဏာရှင်တွေကို စိန်ခေါ်တဲ့ ကျောင်းသားလှုပ်ရှားမှု ဂယက် ရိုက်ခတ်ခဲ့တယ်။ ဒီအချိန်မှာတော့ အာရပ်နွေဦးလှုပ်ရှားမှုလို့ ပြောလိုက်ရင် အာရပ်လှိုင်း စီးလိုသူတွေ အဖြစ် ကဲ့ရဲ့ ခံရပေမယ်။ မြန်မာနိုင်ငံဟာ အာရပ်နှင့်မတူဘူးဆိုပြီး ပြန်ပက်တာကို ခံရပေလိမ့်မယ်။
အတိတ်က ပညာသည် တဦးရဲ့ ဆွေးနွေးချက်ကို သွားသတိရမိပါတယ်။ ၂၀၀၂ ခုနှစ်က ဖြစ်မယ် ထင်ပါတယ်။ ချင်းမိုင်တက္ကသိုလ်မှာ မြန်မာ့ရံပုံငွေ (The Burma Fund) က ဦးဆောင်ပြုလုပ်တဲ့ မဟာဗျူဟာ ဆွေးနွေးပွဲမှာ ဒေါက်တာ အောင်ထွန်းက သူဟာ မေမြို့မှာ ဆရာဝန် အဖြစ်တာဝန် ထမ်းဆောင်စဉ်က မိသားစုရှိတဲ့ မြို့ကို သောကြာနေ့ ညနေဆိုရင် ညကားနဲ့ ပြန်ဖြစ်တယ်။ ဒါပေမဲ့ သူနှစ်နှစ်တာဝန် ထမ်းဆောင်ခဲ့တဲ့ အတောအတွင်း အိမ်ပြန်ရင် ကားရဲ့ ခေါင်းခန်း ထိုင်ခုံကို ဘယ်တော့မှ မစီးခဲ့ရဘူးတဲ့။ လက်မှတ်သွားဝယ်တိုင်း VIP အတွက် ချန်ထားတယ်လို့ လက်မှတ်ရောင်းက ပြန်ပြောပါသတဲ့။ ဆရာ အောင်ထွန်းပြော လိုတဲ့အချက်က မြန်မာနိုင်ငံက စစ်တပ်ဟာ (Cabinet) အစိုးရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့် အာဏာကို သိမ်းတာမဟုတ်ဘဲ ဘတ်စ်ကားရဲ့ ခေါင်းခန်း ထိုင်ခုံလေးအထိ သိမ်းထားတာလို့ ပြောသွားတာ ဖြစ်ပါတယ်။
တောင်အာဖရိက ပြောင်းလဲမှု၊ အင်းဒိုနီးရှားမှာ ဖြစ်သွားတဲ့ ပြုပြင်ပြောင်းလဲမှု စတဲ့ နိုင်ငံတကာ စံတွေကို တင်ပြဆွေးနွေးနေတဲ့ ဟားဗတ်ဆင်း အကျော်အမော်တွေ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားတဲ့ ဆွေးနွေးချက်လေး ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြောင်းလဲမှု ဘယ်ဖြစ်စဉ်နဲ့မှ မတူတဲ့ မြန်မာနိုင်ငံအတွက် ဒေါက်တာအောင်ထွန်းရဲ့ တင်ပြချက်ကတော့ မှတ်သားလောက်ပါတယ်။

လှရွှေ
Sources; Egyptian Arab Spring Organizers Address Occupy Harvard ( The Harvard Crimson)
University Maintains Heightened Security for Occupy Harvard ( The Harvard Crimson)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...