အီတလီလိုချစ်မလား
by သစ္စာနီ on Sunday, November 13, 2011 at 2:35pm
ကမ္ဘာပေါ်မှာ အချစ်အကြောင်း သိတယ်လို့ဆိုတဲ့လူတိုင်း ရိုမီယို နဲ့ ဂျူးလီးယက်ကို သိကြတယ်။ (မြန်မာပြည်မှာတောင် သူတို့နှစ်ယောက်ကို သိတာဟာ ရှင်မွေ့နွန်း နဲ့ မင်းနန္ဒာကို သိတာထက် ပိုမယ်ထင်ပါတယ်။) အဲဒီပြဇာတ်ကိုရေးသူဟာ အင်္ဂလိပ်ကြီး လန်ဒန်သား ရှိတ်စပီးယားဆိုပေမယ့် ရိုမီယို နဲ့ ဂျူးလီးယက် ဆိုတာက အီတလီသူ အီတလီသားတွေ ခင်ဗျ၊ ရောမတွေ ချစ်တဲ့နေရာမှာ ကဲကြသည်းကြပုံကို ဟိုယခင်ကတည်းက ဆရာကြီး ရှိတ်စပီးယားဟာ သတိထားမိပုံရပါတယ်။ အခုရောမက လက်ရှိမြို့တော်ဝန်ခမျာ အဲသလို အချစ်ကဲသူတွေအတွက် ခေါင်းခဲလို့နေရပါတယ်။
ဖြစ်ပုံက ဒီလိုပါ။ စာရေးဆရာ ဖီဒါရီကို မော့စီယာ Federico Moccia ဟာ ဝတ္ထုတစ်ပုဒ် ရေးထုတ်ခဲ့ပါတယ်။ အဲဒီဝတ္ထုထဲမှာ မြို့တော်မှာနေတဲ့ လူတွေရဲ့ ပါးစပ်ပုံပြင်တစ်ပုဒ်ကို ထည့်ရေးလိုက်တယ်။ ချစ်သူစုံတွဲတွေဟာ သူတို့နာမည်တွေကို သော့ခလောက်မှာရေးပြီးရင် တိုင်ဘာမြစ်ကို ဖြတ်ထိုးထားတဲ့ တံတားပေါ်တက်၊ တတိယမြောက်ဓါတ်တိုင်မှာ သော့ခလောက်ကိုချိတ်ပြီးရင် သော့တံကို မြစ်ထဲပစ်ချလိုက်။ အဲသလိုဆို သေတပန်သက်တစ်ဆုံး ပေါင်းကြရမယ်ဆိုတဲ့ အကြောင်းပေါ့။ ဒီကိစ္စကို အဟုတ်မှတ်ပြီးလုပ်တဲ့ ချစ်သူစုံတွဲတွေပေါ်လာတယ်။ အဲဒီအကြောင်းကို သီချင်းစပ်ဆိုတယ်။ ရုပ်ရှင်ရိုက်တယ်။ ဖေဖော်ဝါရီ (၁၄) မှာ ချီးမြှင့်တဲ့ ရွှေသော့ခလောက် စာပေဆုဆိုတာတောင် ပေါ်ထွက်လာတယ်။
ဒီလိုနဲ့ တစ်ယောက်ကစ၊ တစ်ရာဆိုသလို အဲဒီဓါတ်တိုင်မှာ ချစ်သူစုံတွဲတွေ၊ သော့ခလောက်တွေ ချိတ်လိုက်ကြတာ မြင်မကောင်းရှုမကောင်းပဲတဲ့။ နှစ်စဉ် အဲဒီဓါတ်တိုင်ဟာ သော့ခလောက်ကို ဖယ်ရှားပစ်ရတာ အင်မတန် စိတ်ပျက်စရာကောင်းတယ်တဲ့။ (ပေါင်ချိန် ၈၂၅ လောက်လေးတယ်တဲ့။) ဒါကြောင့် မြို့တော်ဝန်က အဲသလိုလုပ်တဲ့ စုံတွဲကိုတွေ့ရင် ယူရိုငွေ (၅ဝ) ဒဏ်ရိုက်မယ်လို့ ကြေညာချက် ထုတ်လိုက်တယ်။ မြို့တော်ဝန်က လက်ဝဲဝါဒီဆိုတော့ အချစ်တွေဘာတွေ သိပ်မခံစားတက်ဘူး ထင်ပါတယ်။ အဲဒါဟာ အတိုက်အခံ လက်ယာသမားတွေအတွက် အကွက်ကောင်းဖြစ်သွားတယ်။ အတိုက်အခံတွေက မြို့တော်ဝန်ဟာ ချစ်သူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ဖျက်ဆီးတယ်လို့ စွပ်စွဲပြီး အမှတ်ယူလိုက်ကြတယ်။
နောက်တစ်ကြိမ် ရွေးကောက်ပွဲများကြုံရရင် ချစ်သူတွေရဲ့မဲနဲ့ လက်ယာဝါဒီ မြို့တော်ဝန်တစ်ယောက်များ တက်လာလေမလားမသိဘူး။ အဲဒါဆိုရင်လည်း ရောမကို ရိုမန့်စ်လို့ နာမည်ပြောင်းလိုက်ကြတာပေါ့။
သစ္စာနီ (ပြုတ်စဗျင်းတောင်းရီဗြူး နှင့် စကားပြောသောအက်ဆေး)
credit: indy.remy (mmcybermedia)
Read more...
0 comments:
Post a Comment