ရူးသွပ်စွာ ရိုးသားခြင်း < တပိုင်းတစ >
by Zay Ya on Thursday, November 24, 2011 at 5:00pm
Innocence ဆိုတဲ့ အင်္ဂလိပ် ဝေါဟာရကို မြန်မာ မှာ အမျိုးမျိုး ဖွင့်ဆိုကြတယ်။ အဓိပ္ပာယ် အတိမ်အနက် ပေါ် မူတည်ပြီး သုံးစွဲမှု ကွဲပါတယ်။ Innocence ကို အပြစ်ကင်းသည့် သဘော၊ ရိုးစင်းသည့် သဘော လို့ ပြန်ဆိုကြမယ်။ ကျနော် ဒီမှာ သုံးစွဲချင်တဲ့ Innocence ဆိုတာက ဖြူစင်မှု ကို ဆိုလိုပါတယ်။ အဲ့ဒီ ဖြူစင်မှု ထဲမှာ အပြစ်ကင်းခြင်း၊ ရိုးစင်းခြင်း၊ ရိုးသားခြင်း တွေပါ တစ်ပါတည်း ပါဝင်တယ်။
ကျနော်တို့ ပြောလေ့ ရှိကြတာက - ကလေးငယ်လေး တွေဟာ သိပ် အပြစ်ကင်း ကြတယ်။ ဖြူစင်ကြတယ်။ ရိုးရိုးသားသား ရှိကြတယ် လို့ ဆိုတယ်။ ဟုတ်ပါတယ်။ ကျနော်တို့ ကလေးငယ် ဘဝတွေမှာ ဘာကိုမှ ထိန်းချုပ် ထားတာ မရှိ ၊ ကြောက်လန့် ပူပန်စရာ များများစားစား မရှိ။ သိမှတ် ပိုင်ဆိုင်ချင်စရာ ပေါပေါ များများ မသိ၊ မရှိ။ ရိုးရှင်းစွာ ရှင်သန်ပြီး၊ ရိုးစင်းစွာပဲ နေ့ရက်တွေကို ဖြတ်သန်း ခဲ့ကြတယ်။ ပကတိ ဖြူစင် ခဲ့ကြပါတယ်။
ဒါပေမယ့် တကယ် ဖြူစင်မှု အမှန် ဟုတ်ပါသလား။ ဖြူစင်မှု ရှိကြတဲ့ အဲ့ဘဝ နေ့ရက် တွေကနေ အခု အချိန်အခါမှာ ဘာလို့ နောက်ကျိ သွားကြ ရတာလဲ။ ဘာလို့ ရိုးသားမှုတွေ ပျောက်ဆုံး ကုန်ကြ တာလဲ။ ရှင်းနေတဲ့ အဖြေကတော့ -- ကလေးငယ် ဘဝရဲ့ ဖြူစင် ရိုးသားမှုဟာ ဖြူစင် ရိုးသားမှု အစစ်အမှန် မဟုတ် လို့ပဲ။ သူဟာ ဖြူစင် ရိုးသားနေတာ မဟုတ် ဘူး။ ဘာမှ မသိသေးတာ သက်သက် ဖြစ်ပါတယ်။ ဘာကိုမှ မတွေးနိုင်၊ မယူနိုင်သေးတာ သက်သက်။ သူ့မှာ ဘာမှ မသင်ကြား ရသေးခင် ရိုးသားနေတာ သက်သက်ပဲရယ်။
ဘယ်အမှိုက်၊ ဘယ်ဒိုက် တစ်စမှ မကျရသေးတဲ့ ကန်ရေ မျက်နှာပြင်လိုပဲ တည်ငြိမ် နေတယ်။ ကြည်လင် အပြစ်ကင်းနေပါတယ်။ ဒါပေမယ့် ဖုန်၊ အမှိုက်၊ ဒိုက်တွေ တစ်စစ ဝင်လာတဲ့နောက် ရှုပ်ထွေး နောက်ကျိကုန် ရတယ်။ ဒါ့ကြောင့် ကလေးငယ် တစ်ယောက် Innocent ၊ ရိုးသား ဖြူစင်နေမှု ဟာ သူ ဘာမှ မသိလို့ သက်သက်သာ ဖြစ်ပါတယ်။ အဓိကက သူ ဘာမှမသိဘူး ဆိုတာကို တောင် မသိဘူးရယ်။ အဲ့ဒီ အတွက် သူဟာ အခုမှ ရောက်ရှိ လာရတဲ့ ကမ္ဘာလောကမှာ သူ အာရုံကျရာ ကို စူးစမ်းတယ်၊ သိချင်တယ်၊ သင်ယူပါတယ်။
အဲ့ဒီ ကလေးဟာ မကြာခင်မှာပဲ ရူးသွပ် မိုက်မဲ သွားတော့တယ်။ အဲ့လို ရူးသွပ်သွားအောင် လူမှု အဖွဲ့အစည်းတွေက သင်ကြား ပေးတယ်။ ဘာသာတရား တွေက အရောင်ဆိုး ပေးလိုက်တယ်။ နိုင်ငံရေး သမားတွေက ချယ်လှယ် ပေးလိုက်တယ်။ စိတ်ဝင်စားစရာ ဗဟုသုတ အသိသညာ တွေ ကို “အသိပညာ” တွေလို့ ဆိုင်းဘုတ်တပ်ပြီး အဲ့ကလေး ရှေ့ကို ချပေး လိုက်တယ်။ သိပ်ကြာခင်မှာပဲ အဲ့ကလေးဟာ သူတို့ ချပေးတဲ့ အစွဲအလမ်း၊ အယူအဆတွေနဲ့ ဖက်တွယ်ပြီး - ရူးသွား ပါတော့တယ်။
အဲ့လို ရူးသွပ် သွားတာကို ကျနော်တို့ လူ့အဖွဲ့အစည်းများကလည်း တကယ့်ကို လိုလိုလားလား ရှိကြတယ်။ ကလေးကို “မင်း ပညာတတ်ကြီး ဖြစ်မှ တိုးတက်မှာကွ” လို့ ပြောလိုက်တာဟာ အများအားဖြင့် “မင်း ရူးသွပ်ပစ်လိုက်မှ တိုးတက်မှာကွ” လို့ ပြောတာနဲ့ အတူတူ ဖြစ်လာတယ်။ “မင်း ငါတို့ပြောတာ နားထောင်၊ ငါတို့ ရှာသလို ရှာ၊ ငါတို့ တွေးသလိုတွေး၊ ငါတို့ ယူဆ သလို မင်းလည်း လိုက် ယူဆပါ” လို့ ကလေးငယ် တစ်ယောက်ရဲ့ စိတ်သန္တာန် အတွင်းကို နှစ်ရှည်လများ ရိုက်ထည့်သွင်းပစ် တယ်။ အဲ့ကလေးဟာ သူ့ဘာသာသူ ဖောက်ထွက်တွေးလို့ မရဘူး။ ဖောက်ထွက်တွေးခွင့် မပေးဘူး။ အဲ့ဒီ ကလေးငယ် ကို သူတို့ ရိုက်ထည့် ပေးတဲ့ အခံဓာတ် နဲ့ပဲ ကြီးပြင်း လာစေတယ်။ အဲ့ဒီနောက် - ဘာဖြစ်သွားပါသလဲ။ သူ ငယ်စဉ်က ရရှိထားတဲ့ ရိုးသားဖြူစင်မှု - ပျောက်ဆုံး သွားပါတယ်။ အဲ့ဒီလို ပျောက်ဆုံးသွားရခြင်း အကြောင်း နဲ့ ဘယ်လို ပြန်ရှာတွေ့နိုင်မလဲ ဆိုတဲ့ အကြောင်း စဉ်းစားကြည့်မယ်။
အဓိက ကျနော်တို့ ရိုးသားဖြူစင်မှု ပျောက်ဆုံး သွားရတာဟာ - အသိသညာတွေ နောက်ကို လိုက်ရင်း သဘာဝကို မပြန်နိုင်ကြတော့လို့၊ နကိုမူလက ဘာမှ မသိဘူး ဆိုတဲ့ အခံကို အခုအချိန်မှာ ပြန်ပြီး လက်မခံနိုင်ကြတော့လို့ ပါ။ အရေးကြီးတဲ့ တစ်ခုက - ခင်ဗျားတို့ ကျနော်တို့ဟာ မိမိကိုယ်ကိုယ် ရိုးသားဖြူစင်မှု တကယ် ပျောက်ဆုံးသွားကြမှန်း မသိကြတော့လို့ပါပဲ။ ခင်ဗျား မှာ အသိတွေ ရှိလာပြီ၊ ဗဟုသုတတွေ တိုးလာပြီ။ ပိုင်ဆိုင်မှုတွေ များလာပြီ။ အဲ့ဒါတွေ အပြင် မကသေးဘူး ။ ပိုပိုတိုးပြီး သိချင် သေးတယ်။ ပိုပိုတိုးပြီး ပိုင်ဆိုင် ချင်သေးတယ်။ အဲ့လိုနဲ့ ကျနော်တို့ မူရင်း သဘာဝ ကနေ ပိုပိုပြီး ဝေးသွားတယ်။ ရိုးသား ရာကနေ ရူးသွပ် သွားတယ်။ နောက်ဆုံးမှာ ခင်ဗျားက မရိုးသားရဲ လောက်အောင် ရူးသွပ် သွားတော့တယ်။ ပိုပိုသာသာ ပြောရာများ ကျနေမလား။
ခင်ဗျား ရှင်သန် နေထိုင် နေရာ အဖွဲ့အစည်း၊ အသိုင်းအဝိုင်း၊ ခင်ဗျား ယုံကြည် ယူဆရာ ဘာသာရေး အဝန်းအဝိုင်း၊ နိုင်ငံရေး အဝန်းအဝိုင်း တွေက - ခင်ဗျား ရူးသွပ်နေတာကို သဘောကျတယ်။ ခင်ဗျား ရိုးသားသွားမှာ မလိုလားဘူးရယ် - ခင်ဗျားကို အဲ့လို ဆက်ပြီး ရူးသွပ်နေအောင် ချီးမြှောက်ပေး လိမ့်မယ်။ ခင်ဗျား ရိုးသား သွားလို့ မဖြစ်ဘူး။ ခင်ဗျား ရိုးသားသွားရင် သူတို့ ရူးသွပ် နေတာတွေ ပေါ်သွားလိမ့်မယ်။ သူတို့ ရူးသွပ်သလို ခင်ဗျားလည်း လိုက်လျောညီထွေ ရူးသွပ်နေဖို့ လိုတယ်။ ဒါကြောင့် အဲ့အထဲမှာ ခင်ဗျားက နည်းနည်းလေး ရိုးသားလိုက်ပြီ ဆိုတာနဲ့ - သူတို့ အထဲမှာ ခင်ဗျားဟာ သူပုန် ဖြစ်သွားတော့တာပဲ။ ခင်ဗျားကို သူပုန် စာရင်းထဲ သွင်းလိုက်ကြပါလိမ့်မယ်။
ခင်ဗျားက ရိုးသားဖြူစင်ချင်တာပါ ဆိုရင်တော့ မိမိကိုယ်ကိုယ် သိဖို့ လိုအပ်ပါတယ်။ ခင်ဗျားတို့ ကျနော်တို့ ငယ်စဉ်က ကြည်လင်ခဲ့တဲ့ ကန်ရေပြင်မှာ အမှိုက်တွေ ဘယ်လောက် ဖုံးနေပြီလဲ။ ဒိုက်တွေ၊ ဖုန်တွေ ဘယ်လောက် များနေပြီလဲ။ ခင်ဗျားရဲ့ ကန်ရေပြင် ဘယ်လောက်ထိ နောက်ကျိ နေတုန်းလဲ။ ဘယ်လောက်ထိ ဖုံးထားမိလဲ -- ခင်ဗျား ကိုယ့်ဘာသာ သိဖို့ လိုအပ်ပါတယ်။ ဘာလို့ဆို ကိုယ့်အမှိုက်ကို ကိုယ်သိမှ ရှင်းလို့ ရပါလိမ့်မယ်။
အဲ့ဒီ အမှိုက်တွေ သိမြင် ဖယ်ရှား ပြီး သွားတာနဲ့ တစ်ပြိုင်နက် ခင်ဗျားရဲ့ တရားကိုယ် ပကတိ အကြည်သား ကို ရှင်းရှင်းလင်းလင်း တွေ့ရမှာပဲ။ ဒီအမှိုက်တွေကို မဖယ်ဘဲ၊ ခင်ဗျား အတင်းအကျပ် ဖြူစင်သွားလို့ မရဘူး။ ရိုးသားဖြူစင်ဟန်ဆောင်လို့လည်း မရပါဘူး။ ဒါဟာ ကျနော်တို့ ပြုလုပ်တာ မဟုတ်ဘူး။ ဖန်တီးယူတာ မဟုတ်ဘူး။ ရှာတွေ့တာ ဖြစ်ပါတယ်။ ကျနော်တို့ ရဲ့ သရုပ်မှန်၊ သစ္စာတရားဟာ ဖန်တီးယူလို့ မရတဲ့ အရာပါ။ ဖန်တီးယူ လို့ မရသလို ဖျက်ဆီးယူ လို့လည်း မရတဲ့ အရာပါ။ သူက နကိုကတည်းက ရှိနေပြီးသား။ ကျနော်တို့ က အသစ်ထပ်မံ ပွားယူတာ မဟုတ်ပါဘူး။ ရှာဖွေတွေ့ရှိရတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဆိုစကားရှိတယ်-
Being innocent is a process of discovering ur being.
It’s a discovery , not an achievement, not an invention.
ရိုးသားဖြူစင်ခြင်းဟာ မိမိအဖြစ်ကို မိမိ ပြန်လည် ရှာဖွေသိရှိခြင်း ဖြစ်စဉ်ပါ။ ရှာဖွေတွေ့ရှိတာ ဖြစ်ပါတယ်။ ရယူပိုင်ဆိုင်တာ၊ ဖန်တီးလုပ်ယူတာ မဟုတ်ပါဘူး။
ဒီလို ရရှိလာတဲ့ ဖြူစင်ရိုးသားမှုဟာ ငယ်စဉ်ကလေးဘဝ ဖြူစင်ရိုးသားမှု လို မဟုတ်တော့ဘူး။ ကလေး ဘဝရဲ့ ဖြူစင်ရိုးသားမှု ဟာ ဘာအမှိုက်မှ မရှိသေးလို့သာ ကြည်လင်နေရတဲ့ ဖြူစင်နေမှု ပါ။ အတု အယောင် သက်သက်ပဲ။
မိမိကိုယ်ကိုယ် သိမြင်ရင်း ပြန်လည် ရှာတွေ့ ပြီ ဆိုတဲ့ ဖြူစင်မှုက တော့ - အမှိုက်တစ်စမှ ကျရောက်ဖို့ ပူပန် စရာ မလို အပ်တော့တဲ့ ဖြူစင်မှုမျိုး ဖြစ်ပါတယ်။ မိမိ ပတ်ဝန်းကျင်မှာ - အမှိုက်တွေ၊ ဒိုက်တွေ ဘယ်လောက် များနေမလဲ။ မိမိ အတွင်းသဏ္ဍာန်မှာ ကြည်လင်နေပါ မယ်။ ဖြူစင်နေမယ်။ မိမိ အဖြစ်ကို မိမိ သိရှိ နားလည်ပြီး ဖြစ်ပါတယ်။ အဲ့သလို ကိုယ်တိုင်ကိုယ်ကျ သိမြင်ရရှိတဲ့ ဖြူစင်ရိုးသားမှု စင်စစ် ဟာ ဘယ်တော့မှ မပျောက်ပျက်သွားဘူးလို့ အခိုင်အမာ ပြောလိုပါတယ်
( ရေးထားမိတာမှာ အချို့တွေ ပြန်ဖျက်လိုက်မိတယ်။ ဆက်လည်း မရေးချင်တော့လို့ - တပိုင်းတစပါ ကျနော့အကို။ ကျေးဇူး )
24.11.2011
4:30 PM
...........................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
0 comments:
Post a Comment