Wednesday, November 16, 2011

၂၁ ရာစုရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့



မြင်းရည်တက် ဦးသာ နိုဝင်ဘာ ၁၆၊ ၂၀၁၁      မိုးမခ    

သည်နေ့ မနက်စောစော အိပ်ယာထထချင်းပဲ ဗိုက်ဆာဆာရှိတာမို့ လက်ဘက်ရည်ဆိုင်ကို ပဲပြုတ်နဲ့နံပြားသွားဝယ်တော့ လုပ်ဖော်ကိုင် ဖက် နိုင်ငံရေးသမားတဦးနဲ့ တွေ့တယ်။ သူက “ဒီနေ့ NLD CC အစည်းအဝေးရှိတယ်။ မှတ်ပုံတင်/မတင်၊ ရွေးကောက်ပွဲဝင်/မဝင် ဆုံး ဖြတ်ကြလိမ့်မယ်။ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ရာခိုင်နှုန်းများတယ်။ ဒါကို NLD အောက်ခြေထုက သိပ်မကျေနပ်ကြဘူးလို့ ကြား တယ်။ သူတို့က NLD က သိပ်အလျှော့ပေးလွန်းတယ်လို့ ထင်ကြတယ်” လို့ ပြောပါတယ်။
          အသက်အရွယ်အရသာမက နိုင်ငံရေးသဘာရော၊ ဝါပါ ပိုကြီးတာမို့ NLD အဖွဲ့ဝင်တွေကို ဘယ်တုန်းက စစ်တမ်းကောက်လိုက်တာလဲလို့ အငေါ်တူးတူးမေးခွန်းမထုတ်မိအောင် မနည်းကြိုးစား လိုက်ရပါတယ်။

အိမ်ပြန်ရောက်တော့လည်း သိပ်ဘဝင်မကျပါ။ တခုခုလိုနေသလို ခံစားရပါတယ်။ အရင်က အကြောင်းအမျိုးမျိုးထောက်ထားပြီး စာရေး ကျဲခဲ့ပေမယ့် စက်တင်ဘာ (၁၅) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က “အပြောင်းအလဲများဖြစ်နိုင်တဲ့ အခြေအနေရှိတယ်” လို့ ပြောပြီး နောက်ပိုင်းမှာ နိုင်ငံရေးသမားတယောက်အနေနဲ့ မဟုတ်ရင်တောင် ဆယ်စုနှစ်ကျော်ကျော် မီဒီယာလုပ်ငန်းကို ကိုယ်စွမ်းရှိသလောက် သစ်မရှိခင် ဝါးပေါင်းကွပ်အခြေအနေအောက်မှာ သင်လုပ်လုပ်လာသူတဦးအနေနဲ့ သည်လိုတိုင်းပြည်အတွက် အရေးပါလှတဲ့ အလှည့် အ ပြောင်းဖြစ်နေတဲ့ကာလမျိုးမှာ ရေသာခိုမနေပဲ ရဲရဲတွေးပြီး၊ ရဲရဲရေးဖို့ တာဝန်ရှိတယ်လို့ ယူဆတာမို့ နိုင်ငံရေးဆောင်းပါးတချို့ ရေးဖြစ်ပါ တယ်။ ကြိုက်သူကတော့ သြဘာပေးပြီး မကြိုက်သူတွေကတော့ ကဲ့ရဲ့အပြစ်ဆိုတာကြုံရပေမယ့် လူသားတိုင်း မရှောင်လွှဲနိုင်တဲ့ လောကဓံတရားရယ်လို့ ခံယူပြီး ဆက်ရေးရပါတယ်။ အခုဆောင်းပါးဟာလည်း ကနေ့ ကျနော်တို့ လူအဖွဲ့အစည်းအနေနဲ့ ဆောင်သင့်၊ ရှောင်သင့်တာတွေကို အကန့်အသတ်ရှိတဲ့ ကျနော့်လေ့လာမှုအရ စေတနာနဲ့တင်ပြရတာဖြစ်တာမို့ သဘောမတူသူတွေလည်း ရှိကြမှာပါ။

ကနေ့ကာလ အခြေအနေတွေကို နိုင်ငံရေးသမားတော်တော်များများနဲ့ စကားပြောကြည့်၊ ဒါမှမဟုတ် နိုင်ငံရေးဆောင်းပါးတွေကို လေ့လာ ကြည့်တဲ့အခါ အများစုက ဒေါ်အောင်ဆန်းစုကြည် (NLD) နဲ့ ဦးသိန်းစိန် (ကြံ့ဖွံ့အစိုးရ)/(SPDC/SLORC) ဆိုတဲ့ ဘက်နှစ်ဘက်ကို ကြည့် ပြီး အရင်တုန်းကဖြစ်ပျက်ဖူးခဲ့တာတွေ၊ အတွေ့အကြုံတွေအပေါ်မှာ အခြေခံပြီး ရေးကြ၊ ပြောကြတာတွေကို တွေ့ရပါတယ်။ အနည်းစု တချို့တလေကတော့ လက်နက်ကိုင်တိုင်းရင်းသားအင်အားစုများဆိုတာကို ထည့်သွင်းပြောဆိုတွက်ချက်ပြီး မြန်မာ့နိုင်ငံရေးအလားအ လာ ခန့်မှန်းချက်တွေထုတ်ကြ၊ ရေးကြ၊ ပြောကြတာက သန်ရာသန်ရာ ကောက်ချက်ချဆွေးနွေးကြတာ တွေ့ရပါတယ်။

တကယ်တော့ ပြည်တွင်း အင်အားစုကြီး () စုလို့ဆိုနိုင်တဲ့ NLD. ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန် (လက်ရှိစစ်အုပ်စု အသွင်ပြောင်း အရပ်သားအစိုးရ) နဲ့ လက်နက်ကိုင်တိုင်းရင်းသားအင်အားစုများရဲ့ ယနေ့ကာလမှာ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးနိုင်ခွင့်ဟာ စိုးရိမ်စရာ ကောင်းလောက်အောင် စိန်ခေါ်ခံနေရပြီဖြစ်ပါတယ်။ ဒီပြည်တွင်းအင်အားစုကြီး () ရပ်ကြား ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့ အကွဲ အပြဲဇာတ်လမ်းတွေကြောင့် အားလုံးဟာ အင်အားချိနဲ့နေကြပါပြီ။ အထူးသဖြင့် (၂၁) ရာစုနှစ်ရဲ့ လူသားအားလုံးအပေါ်စိန်ခေါ်မှု (Common Challenges) တွေကိုသာမက မြန်မာ့လူ့အဖွဲ့အစည်းအပေါ် ဘူးလေရာဖရုံဆင့်စေတဲ့ သီးခြားစိန်ခေါ်မှု (Peculiar Challenges) တွေကိုပါ ရင်ဆိုင်နိုင်စွမ်းရှိမယ်လို့ ယုံကြည်ဖို့ရာ အင်မတန်ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။

ဒါဖြင့် ဒီစိန်ခေါ်မှုတွေဟာ ဘာတွေလဲလို့ မေးခွန်းထုတ်စရာရှိပါတယ်။ သည်ဆောင်းပါးတပုဒ်ထဲနဲ့ပြည့်ပြည့်စုံစုံ မပြောနိုင်ပေမယ့် ပြော သင့်သလောက်ကလေး၊ သိသလောက်ကလေးပေါ့နော်. ပြောရရင် (၂၁) ရာစုနှစ် လူသားအားလုံးကို အဓိက စိန်ခေါ်နေတဲ့ အဓိက အ ချက်ကြီး () ချက်ရှိတယ်လို့ ပညာရှင်တွေက ဝိဂြိုဟ်ပြုထားတာကို ဖောက်သည်ချလိုပါတယ်။ ဒါတွေကတော့ ကမ္ဘာကြီးရဲ့ ရာသီဥတု ပြောင်းလဲလာမှု၊ လူဦးရေများပြားလာမှု၊ ဆင်းရဲချမ်းသာကွာဟမှုပိုမိုနက်ရှိုင်းလာနေမှုနဲ့ စားရေရိက္ခာရှားပါးလာမှုတို့ဖြစ်တယ်လို့ ဆိုပါ တယ်။ စဉ်းစားကြဖို့ပါ။

ဒါဖြင့် မြန်မာနိုင်ငံအတွက် သီးခြားဖြစ်ရှိနေတဲ့စိန်ခေါ်မှုတွေကကော ဘာတွေလဲဆိုတာ စဉ်းစားကြရအောင်ပါ။ အခုနပြောတဲ့ အချက် () ချက်အပြင် ပိုပြီး ရေနစ်သူဝါးကူနှစ်စေမယ့်အချက်တွေကို ပြောတာပါနော် - ပြည်တွင်းစစ်ကြောင့်၊ အမျိုးသားညီညွတ်ရေး မရှိတာ ကြောင့်၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးအညွှန်းကိန်းတွေဟာ ဒေသတွင်းနိုင်ငံတွေထဲမှာကို အနိမ့်ကျဆုံးဖြစ်နေတာရယ်ကြောင့် ပထ၀ီနိုင်ငံရေး (Geopolitics) အရ မကြာခင်နှစ်များအတွင်းမှာ ကမ္ဘာ့အင်အားအကြီးဆုံးစာရင်းဝင်နိုင်ငံများဖြစ်လာဖို့ အလား အလာရှိနေတဲ့ လူဦးရေအများ ဆုံး၊ GDP အများဆုံးနိုင်ငံကြီး () နိုင်ငံကြားမှာရှိနေတာကြောင့် …. စသည်စသည် ရေးပြလို့မကုန်နိုင်တာကြောင့် - တွေကြောင့် ကျနော် တို့တိုင်းပြည်ဟာ မလုပ်တတ်မကိုင်တတ် ဒါမှမဟုတ် အနေအထိုင်မတတ်ရင် (၂၁) ရာစုနှစ်ထဲမှာ လူမျိုးရော တိုင်းပြည်ပါ ပျောက်သွား နိုင်တဲ့ အန္တရာယ်ကြီးရှိနေကြောင်းပါ။ အခုတောင် ပျက်သုဉ်းနိုင်ငံစာရင်းမှာ အဆင့် (၁၈) ရှိနေတာမို့ ဒါကို အလေးအနက်စဉ်းစားဖို့လို ကြောင်း ရဲရဲရေးပါတယ်ဗျာ။

အထက်က ဖော်ပြခဲ့တဲ့ အင်အားစုကြီး () ရပ်ဟာ NLD (ဒေါ်အောင်ဆန်းစုကြည်)၊ ဦးသိန်းစိန်အစိုရနဲ့ တိုင်းရင်းသား အင်အားစုကြီးများ ဟာ ကျနော်တို့နိုင်ငံအတွက် သီးခြားဖြစ်ပေါ်နေတဲ့စိန်ခေါ်မှုများသာမက (၂၁) ရာစုလူသားအားလုံးအတွက် စိန်ခေါ်နေတဲ့ စိန်ခေါ်မှု အား လုံးကို ရင်ဆိုင်ဖြေရှင်းပေးရမယ့် အဓိကတာဝန်ရှိတဲ့ Stake Holder များဖြစ်တယ်ဆိုရင် မမှားပါ။ သည်လိုဖြေရှင်းပေးနိုင်ဖို့အတွက် လို အပ်တဲ့သန်စွမ်းမှု၊ တောင့်တင်းခိုင်မာမှု၊ ခွန်အားရှိမှုတွေ ဘယ်လောက်ရှိနေပါသလဲဆိုတာကိုလည်း တချိန်တည်းမှာ မေးခွန်းထုတ်ကြရ မှာပါ။ ကျနော့်အမြင်ကတော့ “မရှိပါ” ဆိုတဲ့ စကားရပ်ပဲ ဖြစ်ပါတယ်။ အမှန်အတိုင်းဆိုရရင် သူတို့ တဦးချင်းစီတောင်မှ ရပ်တည်ဖို့၊ ဆက် လက်ရှင်သန်ဖို့ ခြိမ်းခြောက်ခံနေရကြတာဖြစ်ပါတယ်။ ကနေ့ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးပွားမှုတချို့ဟာ သူတို့က အဓိက ဇာတ် ဆောင်အနေနဲ့ ပါဝင်ကပြနေကြရသယောင်ယောင်ရှိနေပေမယ့် ဇာတ်ညွှန်းရေးသူ၊ ဒါရိုက်တာတွေက တခြားတဦးပါ။ ဆိုလိုတာက ဦး သိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတယ်၊ ဆွေးနွေးတယ်၊ ရလဒ်အချို့ရလာတယ်ဆိုတဲ့ ဇာတ်ကားတကားမှာ အဓိက ဇာတ် ဆောင်များဟာ ဒေါ်စုနဲ့ ဦးသိန်းစိန်တို့ဖြစ်နေတာ တွေ့ရပေမယ့် ဒါရိုက်တာနဲ့ ဇာတ်ဆရာကတော့ လူတဦးတယောက်၊ တဖွဲ့တစည်းလို့ ပြောလို့မရတဲ့အရာတခုပဲဖြစ်ပါတယ်။ ဒါကတော့ Globalization Process ပါလို့ ရဲရဲပဲပြောပါရစေ။
          ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္မာနဂ္ဂိလ်က နွားမပေါင်ကျိုးတာ ဘာဆိုင်သလဲလို့ အခုခေတ်အခါမှာ ဘယ်သူမှ ပြောကြတော့မှာ မဟုတ်ပေ မယ့် ဒီဖြစ်စဉ်ကြီးရဲ့ ထူးခြားတဲ့စွမ်းပကားကို လက်တွေ့ကျကျ ကိုယ့်အကျိုးစီးပွားအတွက် အသုံးချဖို့စိတ်ကူးကြသူတွေ ကျနော်တို့နိုင်ငံ မှာ နည်းနေတုန်းပဲလို့ထင်ပါတယ်။ တောင်ပြိုတာ လက်ဝါးနဲ့ကာမရသလို သည် Globalization ဖြစ်စဉ်ကို ကြိုက်သူရော၊ မကြိုက်သူရော ပါ ရှောင်လွှဲလို့မရပါ။ တိုင်းသူပြည်သားများအတွက် လွတ်လပ်မှု (Liberty) နဲ့ Equality (ညီမျှမှု) ကို ချိန်ခွင့်လျာညှိပေး လုပ်ပေးနိုင်ဖို့သာမက ကိုယ့်အမျိုးသားအကျိုးစီးပွား နဲ့ ဘယ်လို သဟဇာတဖြစ်ရှိအောင် လုပ်ဆောင်ရမလဲဆိုတာကို ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်များသာမက စီးပွားရေးလုပ်ငန်းရှင်ကြီးများပါ အမြဲစဉ်းစား ခေါင်းခြောက်နေရပါတယ်။ ဗမာပြည်က နိုင်ငံရေးခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များက ချွင်းချက်မဟုတ်ပါ။ ချွင်းချက်ဖြစ်ခဲ့ရင် သူတို့ တဦးချင်းသာမက မြန်မာပြည်ပါ ကမ္ဘာ့မြေပုံပေါ်က ကွယ် ပျောက်သွားပါလိမ့်မယ်။

Globalization ဖြစ်စဉ်ရဲ့အောက်မှာ Development ခေါင်းစဉ်ဟာ နိုင်ငံတိုင်းအတွက် အင်မတန်အရေးပါပြီး မရှောင်လွှဲနိုင်တဲ့ လုပ်ငန်း တရပ်ဖြစ်ပါတယ်။ လုပ်တတ်ကိုင်တတ်ပြီး အမြော်အမြင်တရားနဲ့ ပြည့်စုံမယ်ဆိုရင်တော့ နောင်လာနောက်သားများအတွက်ပါ အကျိုးဖြစ် ထွန်းစေမှာဖြစ်ပြီး မလုပ်တတ်မကိုင်တတ်နဲ့ ဥာဏ်ပညာနုံနဲ့မယ်ဆိုရင်တော့ နောင်လာနောင်သားများက သူတို့ရဲ့ဘိုးဘွားများဖြစ်တဲ့ က နေ့ မြန်မာနိုင်ငံသားတွေရဲ့ သင်္ချိုင်းဂူတွေပေါ်မှာ ကျိန်စာတွေဆိုနေကြမှာ မြင်ယောင်မိပါတယ်။

တချိန်တည်းမှာပဲ မြေအောက်သယံဇာတပေါကြွယ်တာ ဘုရားသခင်က ကောင်းချီးပေးတာလား ဒါမှမဟုတ် ကျိန်စာတိုက်ထား တာလားဆို တာ ကျနော်မသဲကွဲသေးပါ။ မကြာသေးခင်က ဂျာနယ်တစောင်မှ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ကျောက်မျက်ရတနာ ရောင်းချပွဲ မလုပ်တော့ ဘူးလို့ ဖတ်ရတော့ ကျနော်တို့ခေါင်းဆောင်တွေရဲ့ အမြော်အမြင်ရနံ့လေးစပြီး ရှုရှိုက်ရသလို ခံစားရပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းက ကျောက်မီးသွေးသိုက်တွေ၊ ထိုင်းပင်လယ်ကွေ့ထဲက ဓာတ်ငွေ့သိုက်တွေကို နောင်လာနောင်သားတွေအတွက် သီးသန့်ဖယ်ထားပြီး မြန်မာပြည်က ရွှေရတနာဓာတ်ငွေ့သိုက်က ဓာတ်ငွေ့တွေကို ဝယ်သုံးနေတာ ဘာကြောင့်လဲဆိုတာ အထူးစဉ်းစားစရာလိုမယ်မထင်ပါ။

Development ဆိုတဲ့ လူတိုင်းကြိုက်တဲ့ ပေါ်ပြူလာစကားလုံးကို အသုံးပြုပြီး ထိုင်း၊ အိန္ဒိယနဲ့ တရုတ် အပါအဝင် စင်္ကာပူ၊ ဟောင်ကောင်၊ မလေးရှား၊ ဗီယက်နမ် စတဲ့နိုင်ငံတွေကပါ မြန်မာပြည်နဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ စိတ်စောနေကြတာ အထင်ကရပါ။ မလုပ်တတ် မ ကိုင်တတ်ရင် အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့တုန်းကထက်ဆိုးတဲ့ တရုတ်၊ အိန္ဒိယ၊ အာဆီယံနိုင်ငံတွေရဲ့ စီးပွားရေးကိုလိုနီပြုတာကို ခံရမှာပါ။ Regionalization ဆိုတာ Multi Polarization ဖြစ်စဉ်ရဲ့ အဓိက အပိုင်းတရပ်မို့ နိုင်ငံလေးတွေအတွက်အကျိုးရှိနိုင်တဲ့ အခွင့်အလမ်း ရှိ ပေမယ့် ကိုယ့်နိုင်ငံအကျိုးစီးပွားအတွက် မလုပ်တတ် မကိုင်တတ်တဲ့အပြင် ကိုယ့်အချင်းချင်းရန်ဖြစ်နေမယ်ဆိုရင် ကျွန်သဘောက်ဖြစ် မယ့်ကိန်းကိုလည်း သတိထားမိဖို့လိုကြောင်းပါ။

အခုမြန်မာနိုင်ငံဟာ အပြောင်းအလဲများဖြစ်ပြီလို့ ယူဆကြမယ်ဆိုရင် သည်အချက်ကို မိမိရရ ထိထိမိမိ လွှမ်းခြုံပြီးပြောနိုင် တဲ့စကားရပ်က “မြန်မာပြည်ဟာ Global Village ထဲကို ဝင်စပြုနေပြီ” လို့ဆိုတဲ့စကားရပ်လို့ ထင်ပါတယ်။ ပင်မမြစ်ကြီးဖြစ်တဲ့ Global Process ထဲကို စီးဝင်ဖို့ ချောင်းတက်မြောင်းတက်တွေမှာ ပိတ်နေတဲ့အရာများကို ဖယ်ရှားပစ်သလိုပါပဲ။ ပင်မမြစ်ထဲကို လျောလျောရှုရှု မဝင်ရောက်နိုင်ရှာတဲ့ ချောင်းတွေ၊ အင်းတွေဟာ ချောင်းကျိုး၊ အင်းကျိုးတွေဖြစ်ကုန်သလို ဒီနေ့ မြန်မာနိုင်ငံဟာလည်း Globalization Process ထဲကို မဝင်ရင် ပျက်သုဉ်းတော့မယ့် ရွှေနိုင်ငံ ဖြစ်တော့မှာမို့ သဘာဝအရကိုက မပြောင်းမဖြစ် ပြောင်းရမှာဖြစ်ပါတယ်။ ဦးသိန်းစိန်တော်လို့၊ မတော်လို့၊ တပ်မတော်ကြီးက တော်လို့၊ မတော်လို့ဆိုတာထက် သူ့သဘောသူဆောင်နေတဲ့ အပြောင်းအလဲလို့ ဆို ရင် မမှားပါ။

Globalization Process ထဲကို ဝင်ရတော့မယ်ဆိုတော့ ဒီဖြစ်စဉ်ရဲ့ ဖြစ်ရှိနေတဲ့အခြေအနေကိုလည်း အနည်းအကျဉ်းတော့ ခြုံမိကြဖို့လိုပါ တယ်။ Globalization ဖြစ်စဉ်ကို ပဲ့ကိုင်နေကြတဲ့ နိုင်ငံကြီးတွေရဲ့ တဖက်စောင်းနင်းအစီအမံတွေကြောင့် Liberty နဲ့ Equality ရဲ့ မျှခြေတွေ Balance ပိုပြီး တဖက်စောင်းနင်းဖြစ်လာတာမို့ စစ်ပွဲ၊ ရာသီဥတုဆိုးဝါးမှု၊ စီးပွားရေးကပ်၊ အကြမ်းဖက်ဝါဒတွေဟာ ထိန်းမရ၊ သိမ်းမရ ဖြစ်လာနေပါတယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဈေးကွက်စီးပွားရေး၊ လွတ်လပ်စွာကုန်သွယ်မှုဆိုတာတွေကို အသံကောင်းဟစ်နေပေ မယ့် တဖက်ကလည်း ဒီမိုကရေစီ နောက်ပြန်ဆွဲမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကုန်သွယ်ရေးစစ်ပွဲတွေ၊ ကိုယ်ကျိုးစီးပွား ကာ ကွယ်ရေးအတွက် ဥပဒေပြဌာန်းမှုတွေအပြင် ကမ္ဘာ့လူဦးရေ အဆမတန်တိုးပွားလာမှု၊ စားနပ်ရိက္ခာရှားပါးမှု၊ ကုန်သွယ်ရေးမညီမျှမှု များ သာမက ကမ္ဘာ့ရာသီဥတုဆိုင်ရာ သဘောတူစာချုပ်စာတမ်းများကို ချိုးဖောက်မှုတွေဟာ နိုင်ငံတကာအလယ်မှာ အငြင်းပွားနေရတဲ့ ပြဿ နာများ ဖြစ်လာနေပါတယ်။ ခြုံဆိုရရင် Globalization ကြောင့်ဖြစ်နေတဲ့ ဆိုးကျိုးတွေဟာ ရေးလို့မကုန်ပါ။ ဒါတွေကို သိမြင်ပြင်ဆင်ပြီး ကိုယ့်အကျိုးစီးပွားနဲ့ ကိုက်ညီမယ့်လုပ်ဟန်တွေကို လုပ်နိုင်ပါမှ တော်ရုံကျမှာ ဖြစ်ပါတယ်။

ဒါပေမယ့် သည်လို ပြိုင်ဆိုင်မှုကြီးမားပြီး ဘာမှ မရေရာမသေချာတဲ့ Globalization Process ကြီးကို ရှောင်လွှဲလို့မရပါ။ သည်ဖြစ်စဉ်ထဲမှာ မလွဲမသွေပါဝင်ရမှာဖြစ်ပြီး သည်ဖြစ်စဉ်ကြီးရဲ့ လှိုင်းဒဏ်၊ လေဒဏ်၊ မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံရင်း အနာဂတ်မျိုးဆက်သစ်များအတွက် နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာရှိရှိတည်ရှိနေနိုင်တဲ့ နေရာတခု (Space) တခုကို ဖန်တီးကြရမယ့်တာဝန်ဟာ ကနေ့ပြည်သူလူထုတရပ်လုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ဒေါ်စုနဲ့ NLD ရဲ့ တာဝန်သက်သက်မဟုတ်ပါ။ လက်ရှိ အစိုးရချည်း လုပ်လို့မရပါ။ တိုင်းရင်းသားအင်အားစုများလည်း သူ့ကဏ္ဍ သူ့နေရာနဲ့သူ ပါဝင်ကြရမှာဖြစ်ပါတယ်။

သည်နေရာမှာ သက္ကရာဇ် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့မှာ NLD က ထုတ်ဝေတဲ့ NLD ၏ မိတ်ဆွေ ရန်သူအပေါ် သဘော ထားစာတမ်းကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာတမ်းကဆိုလိုတဲ့ အဓိကအချက်ကတော့ ထာဝရမိတ်ဆွေ၊ ထာဝရရန်သူဆိုတာမရှိ၊ ထာဝရအကျိုးစီးပွားသာရှိတယ်။ မိတ်ဆွေရန်သူခွဲခြားမှုဟာ အချိန်ကာလအလိုက် (ထာဝရဆိုတာမရှိတာမို့) ပြောင်းလဲနေတယ်။ ဒါ ကြောင့် ထာဝရအကျိုးစီးပွားဖြစ်တဲ့ အမျိုးသားအကျိုးစီးပွား National Interest အပေါ်မူတည်ပြီး ရန်သူမိတ်ဆွေ လက္ခဏာ သတ်မှတ် ချက်ပြောင်းလဲရမယ်ဆိုတဲ့သဘောပါ။ မှန်ပါတယ်။ မြန်မာလူ့အဖွဲ့အစည်းရဲ့ အဓိက ပဋိပက္ခဟာ စစ်အုပ်စုနဲ့ အဖိနှိပ်ခံ ပြည်သူတွေကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခမို့ ရန်သူဟာ လက်တဆုပ်စာစစ်အုပ်စု (စစ်တပ်မဟုတ်ပါ) ဖြစ်ပြီး မိတ်ဆွေကတော့ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူ လူထုကြီးဖြစ်ပါတယ်။

ဒါပေမယ့် သည်ကနေ့ Globalization Process ထဲကို မြန်မာ့လူ့အဖွဲ့အစည်းက အပြည့်အဝနဲ့ အတိအကျပူးပေါင်းပါဝင်လာပြီလို့ဆိုခဲ့ရင် (ယခုအချိန်က ပူးပေါင်းဖို့ အလားအလာများရှိနေတဲ့အချိန်ပဲဖြစ်ပါသေးတယ်) ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ အဓိကပဋိပက္ခဟာ မြန်မာ ပြည်သူလူထုကြီးတရပ်လုံးရဲ့ အမျိုးသားအကျိုးစီးပွားက တဖက်-           lobalization ဖြစ်စဉ် ကြီးရဲ့ Negative Impact တွေအဖြစ်ရှိနေမယ့် လှိုင်းဒဏ်၊ လေဒဏ်၊ မုန်တိုင်းဒဏ်တွေကတဖက်ဖြစ်လာမယ်လို့ ယူဆပါတယ်။

ဒါဖြင့် ကောင်းပြီ။ သည် Globalization ဖြစ်စဉ်ကြီးရဲ့ ဆိုးကျိုးတွေ (Negative Impact)(၂၁) ရာစုရဲ့ ထူးခြားတဲ့စိန်ခေါ်မှုတွေကို ကျနော်တို့ ဘယ်လိုရင်ဆိုင်မလဲ။ အမျိုးသားအကျိုးစီးပွားတိုးတက်ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်နိုင်မလဲ …။ အမျိုးသားညီညွတ်ရေးတည်ဆောက်မှုက လွဲလို့ တခြားမရှိပါ။ အတိတ်ကအမှားအယွင်းတွေကို သင်ခန်းစာယူပြီး နိုင်ငံရေးပါတီများ၊ တပ်မတော်၊ လူမျိုးပေါင်းစုံပါဝင်တဲ့ ပြည်သူလူ ထုတို့ဟာ အမျိုးသားအကျိုးစီးပွားဆိုတဲ့ ဘောင် (Framework) ထဲကနေပြီး ညီညွတ်ရေးတည်ဆောက်ရင်း တိုင်းပြုပြည်ပြုလုပ်ငန်း Nation Building တွေကို ကမ္ဘာ့စံချိန်စံညွှန်းတွေနဲ့အညီ အကောင်အထည်ဖော်ကြရမှာဖြစ်ပါတယ်။

ရှင်းရှင်းဆိုရရင် ကျနော်တို့ရဲ့ အန္တိမပန်းတိုင်ဟာ (ထာဝရအကျိုးစီးပွား) နိုင်ငံတကာအလည်မှာ ဂုဏ်သိက္ခာရှိတယ်လို့ သတ်မှတ်ခံရမယ့် National Interest အမျိုးသားအကျိုးစီးပွားဖြစ်ပါတယ်။ သည်ပန်းတိုင်ကို အရောက်ချီတက်ဖို့ရာ စစ် အာဏာရှင်စနစ် အကြွင်းမဲ့ ဖျက် သိမ်းရေးကိုတော့ မှတ်တိုင်တတိုင်အနေနဲ့ မလွဲမသွေဖြတ်သန်းရမှာဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူလူထုရဲ့ အနာဂတ်မှာ ရင်ဆိုင်ရမယ့် ရန်သူဟာ Globalization Process ရဲ့ Negative Impact တွေဖြစ်တာမို့ သည်အရာတွေကို ကျော်လွှားနိုင်တဲ့ တခုတည်းသော စွမ်း ပကားဟာ တပ်မတော်ထဲက တိုင်းချစ်ပြည်ချစ်အင်အားစုတွေ အပါအဝင် ပြည်သူလူထုတရပ်လုံးရဲ့ အမျိုးသားသွေးစည်းညီညွတ်ရေး အင်အား (Strength of National Solidarity) မှ တပါး အခြားမရှိပါ။

လူသားတယောက် အသက်ရှင်ရပ်တည်ရေးအတွက် အောက်စီဂျင်ကို မဖြစ်မနေလိုအပ်သလို အမျိုးသားသွေးစည်းညီညွတ်ရေးဟာ လည်း သည်နေ့အချိန်မှာ ကျနော်တို့နိုင်ငံ ရှင်သန်တည်ရှိရေးအတွက် မဖြစ်မနေလိုအပ်နေတယ်လို့ ပြောရင် လွန်အံ့မထင်ပါ။ နှစ်ပေါင်း (၆၀) ကျော်ကြာ အကွဲအပြဲဇာတ်လမ်းတွေကြောင့် အမိတိုင်းပြည်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေဟာ အခြား ခေတ်ပြိုင်လူ့အဖွဲ့အစည်း တွေ ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေထက် အရေအတွက်အရရော အရည်အသွေးအရပါ ပိုမိုဆိုးဝါးပါတယ်။ ဒါကို ကျော်လွှားလွန်မြောက် နိုင်ဖို့ဆိုရင် အမျိုးသားသွေးစည်းညီညွတ်ရေးလိုတယ်ဆိုတာ လူတိုင်းသိကြပေမယ့် တကယ့်စစ်မှန်တဲ့ အမျိုးသားသွေးစည်းညီညွတ်ရေး ကို ဘယ်နည်းဘယ်ပုံတည်ဆောက်မယ်ဆိုတာ ဂရုထားသူတွေ နည်းနေကြသေးတာ တွေ့တော့ ဝမ်းနည်းရပါတယ်။ တဖက်ကလည်း ဒီ ကာလရဲ့ အရေးကြီးမှုအခြေအနေ (Sense of Urgency) နဲ့ အမျိုးသားသွေးစည်းညီညွတ်ရေးရဲ့ မဖြစ်မနေလိုအပ်ချက်ကို သိရှိသူတွေထဲ မှာ တပ်မတော်သား တိုင်းချစ်ပြည်ချစ်တွေ ပါနေတာတွေ့ရတော့ စိတ်အားတက်ကြွရပါတယ်။ တာဝန်ရှိသူတွေအားလုံးက အဂတိ လေးပါးကို အတတ်နိုင်ဆုံးရှောင်ရှားပြီး NLD ရဲ့ အမျိုးသားညီညွတ်ရေးလုပ်ငန်းစဉ်ဖြစ်တဲ့ အာဃာတ ကင်းစင်ရေး၊ အထွေထွေသဟဇာ တဖြစ်ရေး၊ သင်ပုန်းချေရေး၊ ပြန်လည်သင့်မြတ်ရေး စတဲ့လုပ်ဟန်တွေကို မျိုးဆက်လိုက် အမွေပေးနိုင်ပါမှ မြန်မာ့လူ့ဘောင်ဟာ ကျ ရောက်လာတော့မယ့်စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်လို့ ဆိုချင်ကြောင်းပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...