စောစောအိပ် စောစောထသူများ ပိုကျန်းမာ
အိပ်ချိန်ပမာဏချင်းတူလျှင်တောင် စောစောအိပ် စောစောထသူများသည် နောက်ကျအိပ်
နောက်ကျထသူများထက် ကျန်းမာရေး ပိုကောင်းကြကြောင်း နောက်ဆုံးပြုလုပ်ထားသော
လေ့လာမှုတစ်ရပ်အရ သိရသည်။ တစ်ညကို ရှစ်နာရီ
အိပ်ချိန်ရကြတာချင်းတူတူချင်းမှာတောင် စောစောအိပ် စောစောထသမားများသည်
နောက်ကျအိပ် နောက်ကျထသမားများထက် ကျန်းမာရေးပိုင်းဆိုင်ရာ
အားသာချက်များစွာကို ရရှိကြကြောင်း သိရသည်။ အိပ်ချိန်ပမာဏချင်း တူလျှင်
တူမည်ဖြစ်သော်လည်း စောစောအိပ် စောစောထသမားများသည်
ကိုယ်လက်လှုပ်ရှားနိုင်သည့် အခြေအနေမျိုး ပိုရကြသဖြင့် ၎င်းတို့သည် နောက်ကျအိပ်
နောက်ကျထသမားများထက် ခန္ဓာကိုယ် ပိုကျစ်လျစ်သွယ်လျသည့်အကျိုးကိုလည်း
ရကြကြောင်း တွေ့ရသည်။
ကျန်းမာရေး လေ့ကျင့်ခန်းများ လုပ်ကောင်းသောအချိန်သည် မနက်စောစောပိုင်းအချိန်သာ ဖြစ်သည်။ ထို့ကြောင့် အိပ်ချိန်ပမာဏချင်းတူလျှင်တောင် စောစောအိပ် စောစောထသမားများသာ ကျန်းမာရေး လေ့ကျင့်ခန်းများကို လိုက်စားဖြစ်ပြီး နောက်ကျထသမားများမှာ ဖက်တီးပုပ်များ များနေရခြင်းဖြစ်သည်။ အထက်ပါ ကောက်ချက်ကို ချနိုင်ခဲ့သည့် လေ့လာမှုကို ဩစတြေးလျနိုင်ငံရှိ တောင်ဩစတြေးလျ တက္ကသိုလ်မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ တွေ့ရှိချက်များကို Sleep (အိပ်စက်ခြင်း) ပညာရပ်ဆိုင်ရာဂျာနယ်တွင် ဖော်ပြထားခြင်းဖြစ်သည်။
လေ့လာမှုတွင် လူပေါင်း ၂၂၀၀ ကျော်၏ အိပ်စက်ခြင်းပုံစံများကို စောင့်ကြည့်မှတ်တမ်းတင်ခဲ့သည်။ အိပ်စက်ခြင်းပုံစံများကိုသာမက၊ ၎င်းတို့၏ နေ့စဉ်ဘဝ လှုပ်ရှားမှုများ၊ ၎င်းတို့၏ ခန္ဓာကိုယ်အလေးချိန်၊ အားလပ်ချိန်များကို ၎င်းတို့ မည်သို့ အသုံးချကြသည် စသဖြင့် အိပ်စက်ခြင်းနှင့် ဆက်စပ်နေသော လူမှုဘဝပုံစံများကိုပါ စာရင်းကောက်ယူ မှတ်တမ်းတင်ခဲ့သည်။ ထိုသို့ စာရင်းများကောက်ယူပြီး စောစောအိပ် စောစောထသမားများနှင့် နောက်ကျအိပ် နောက်ကျထသမားများကို အစုခွဲပြီး ၎င်းတို့၏ ဘဝပုံစံများကို စုပေါင်း ကောက်ချက်ဆွဲကြည့်သည်။ ထိုအခါ နောက်ကျအိပ် နောက်ကျထ အစုထဲတွင်ပါသူများသည် စောစောအိပ် စောစောထ အစုထဲတွင် ပါသူများထက် အဝလွန်နှုန်း ၁.၅ ဆထိရှိနေကြောင်းကို ဦးစွာ တွေ့လိုက်ရသည်။ ထို့အပြင် နောက်ကျအိပ် နောက်ကျထသမားများသည် စောစောအိပ် စောစောထသမားများထက် ကိုယ်လက်လှုပ်ရှားမှု နှစ်ဆခန့်နည်းကြောင်းလည်း တွေ့ရသည်။ ထို့အပြင် နောက်ကျအိပ် နောက်ကျထသမားများသည် စောစောအိပ် စောစောထများထက် တီဗီရှေ့ထိုင်နှုန်းက ၂.၉ ဆထိ များပြားနေကြောင်းကိုလည်း တွေ့လိုက်ရသည်။
“အိပ်ချိန် ပြည့်ပြည့်ဝဝ မရတဲ့လူတွေဟာ စိတ်ဖိစီး ဝေဒနာ ခံစားရတာကအစ အဝလွန်ရောဂါဖြစ်နိုင်တာအဆုံး ရောဂါလက္ခဏာတွေ ပြလာနိုင်တယ်ဆိုတာ ရှာဖွေတွေ့ရှိခဲ့ကြတာ ကြာပါပြီ။ ဒါပေမယ့် ခုလို အိပ်ချိန်ပမာဏ လုံလုံလောက်လောက် ရသူချင်းတူတူမှာကိုမှ စောစောအိပ် စောစောထတာနဲ့ နောက်ကျအိပ် နောက်ကျထတာနဲ့ကြား အကျိုးသက်ရောက်မှု ကွာခြားတာကို လေ့လာတွေ့ရှိတာတော့ ဒီလေ့လာမှုက ဦးဆုံးပါပဲ၊ ခုလို လေ့လာတွေ့ရှိမှုကြောင့် စောစောအိပ် စောစောထခြင်းရဲ့ ကောင်းကျိုးကိုလည်း လူတွေ ပိုထိထိရောက်ရောက် သတိထားမိလာမှာဖြစ်ပါတယ်” ဟု လေ့လာမှုကို ပူးတွဲပြုလုပ်ခဲ့သူ တောင်ဩစတြေးလျတက္ကသိုလ်မှ ဒေါက်တာ ကာရိုး မာဟာက ပြောသည်။
စောစောအိပ် စောစောထခြင်းပုံစံသည် နောက်ကျအိပ် နောက်ကျထခြင်းပုံစံထက် ဘာကြောင့် ပိုကောင်းနေကြောင်းကို ဒေါက်တာ မာဟာက ဤသို့ ရှင်းပြသည်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ လုပ်လို့ကောင်းသောအချိန်သည် မနက်စောစောပိုင်းသာဖြစ်သောကြောင့် ထိုတစ်ချက်တည်းနှင့်ပင် စောစောအိပ် စောစောထသူများသာ ကိုယ်လက်လှုပ်ရှားခွင့်ကို ပိုမိုရရှိကြမည်ဖြစ်ကြောင်းကို လူတိုင်း မြင်လောက်ပါသည်ဟု ဒေါက်တာ မာဟာက ရှင်းပြသည်။ ညပိုင်းများတွင် တီဗီ အစီအစဉ်များ ပိုမိုများပြားစွာ ထုတ်လွှင့်နေခြင်း အကြောင်းတစ်ချက်ကြောင့်လည်း နောက်ကျအိပ် နောက်ကျထသူများမှာ တီဗီရှေ့ထိုင်ဖြစ်သည့် အချိန်က ပိုများကာ ကိုယ်လက် မလှုပ်မရှားနှင့် အဝလွန်သည့်နှုန်းက ပိုများနေကြခြင်းဖြစ်ကြောင်းလည်း ဒေါက်တာ မာဟာက ပြောသည်။ ထို့ကြောင့် ဝနေလို့ စိတ်ညစ်နေသူများအနေဖြင့် စောစောအိပ် စောစောထပုံစံကို ကျင့်သုံးခြင်းဖြင့် အဝလွန်မှုကို ထိရောက်စွာ တိုက်ဖျက်နိုင်ပါကြောင်းလည်း ဒေါက်တာ မာဟာက အကြံပေးသွားသည်။
နောက်ကျအိပ် နောက်ကျထသူများသည် နေ့ဘက်နိုးနေချိန်များတွင်လည်း စောစောအိပ် စောစောထသမားများလောက် လန်းလန်းဆန်းဆန်းမရှိဘဲ လူက ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေတတ်ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။ ထိုသို့ ဖြစ်တတ်သည်ကို နောက်ကျအိပ် နောက်ကျထဖူးသူတိုင်းလည်း သိကြပါလိမ့်မည်။ ထိုသို့ နေ့ဘက်တွင် ထိုင်းမှိုင်းနေခြင်းကြောင့် ရေရှည်ကိုပါ တွက်ကြည့်လျှင် နောက်ကျအိပ် နောက်ကျထသမားများသည် စောစောအိပ် စောစောထသမားထက် လုပ်ရည်ကိုင်ရည်များပါ ကျဆင်းမည်ဖြစ်ပြီး ဘဝအဆင့်အတန်းချင်းပါ ကွာခြားသွားမည်ဖြစ်ကြောင်း လေ့လာမှုက ထောက်ပြထားသည်။ ဘင်ဂျမင် ဖရန်ကလင်၏ ဆိုစကားလေးတစ်ခုဖြစ်သော “စောစောအိပ် စောစောထ ချမ်းသာမည် မုချ” ဟူသော စကားလေးကို ယခု လေ့လာတွေ့ရှိမှုက လက်တွေ့ သက်သေထူလိုက်ပြီဟု ဆိုနိုင်သည်။ စောစောအိပ် စောစောထသူများသည် နေ့ဘက်များတွင်ပါ လန်းဆန်းနေကြသဖြင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုတက်တက်ကြွကြွရှိကြသောကြောင့် ဘဝတွင် တိုးတက်မည့် အခွင့်အရေးများကိုပါ ပိုမို ဖမ်းဆုပ်အသုံးချနိုင်ကြသဖြင့် စောစောအိပ် စောစောထသူများသည် ပိုမိုကြီးပွားတိုးတက်ကြကြောင်းလည်း လေ့လာမှုအရ သိရှိရပါကြောင်း ၎င်းလေ့လာမှုစစ်တမ်းထဲတွင် ဖော်ပြထားသည်။
နောက်ကျအိပ် နောက်ကျထခြင်းနှင့် စောစောအိပ် စောစောထခြင်းကြားတွင် လူမှုဘဝ သာယာဝပြောရေးပိုင်းများတွင် ကွာခြားမှုများစွာ ရှိနေသလို ကျန်းမာရေး ရှုထောင့်မှကြည့်လျှင်လည်း နောက်ကျအိပ် နောက်ကျထခြင်းသည် စောစောအိပ် စောစောထခြင်းလောက် ကောင်းမွန်ခြင်းမရှိကြောင်းကို တွေ့ရမည်ဖြစ်သည်။ နောက်ကျအိပ် နောက်ကျထသမားများသည် စောစောအိပ် စောစောထသမားများထက် အဝလွန်နှုန်းလည်း ပိုများကြကြောင်း တွေ့ရသည်။ မြို့ပြနေများထဲတွင် နောက်ကျအိပ် နောက်ကျထသမားများ ပိုများနေကြောင်းကို တွေ့ရသဖြင့် မြို့ပြများတွင် အဝလွန်သူများ ပိုမိုများပြားနေသည့် အချက်နှင့်လည်း အကိုက်ဖြစ်နေသည်။ ထို့ကြောင့် ဝမှာကြောက်သော မြို့ပြနေများအနေဖြင့် စောစောအိပ် စောစောထခြင်း လူမှုဘဝပုံစံကို ပိုမို အလေးထား ကျင့်သုံးသင့်ပြီဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။
ကိုထိုက်
Ref: ScienceDaily

0 comments:
Post a Comment