“အမှန်တရားမပါလာတဲ့ မှန်ချပ်များ”
by ရင်နင့်အောင် on Monday, November 21, 2011 at 1:12pm
“ဟင် .. မှန်က ဘာဖြစ်သွားတာလဲ”
ကျွန်တော်လှန့်သွားတယ်။ မှန်ဟာ တစ်စုံတစ်ရာမှားယွင်းလို့ နေခဲ့တယ်။ ကြည့်ရင်းက မဟုတ်ဘူး။ မဟုတ်သေးဘူးလို့ ပြန်တွေးရင်း။ မှန်နဲ့ လူကို တည့်အောင် သေချာရပ်ကြည့်သေးတယ်။ သွားပြီ။
မှန်ထဲမှာ………. ကျွန်တော်ကိုယ် ကျွန်တော် မမြင်ရတော့……………။
“ဒါ … ဒါက မဟုတ်သေးဘူး”
ရုတ်တရက်မို့ စိတ်တွေ ရှုပ်ထွေးရတယ်။ မှန်မှာ ပြဒါးမရှိတော့တာလို့ထင်ရအောင်လည်း မှန်ထဲမှာ အခန်းထဲက ဘီဒို၊ ကုတင်၊ ပိုစတာ၊ ကျွန်တော်အနောက်က အခန်းနံရံ အားလုံးပေါ်နေပြီး။ ကျွန်တော့်ကျမှ မှန်ထဲမှာ ပါမလာ။
သေချာအောင် ဧည့်ခန်းက မှန်ကို ပြေးကြည့်လိုက်တယ်။ ဒါပေမယ့် ထိုမှန်ကလည်း အတူတူ။ ကျွန်တော်ကိုယ် ကျွန်တော်မမြင်ရတော့။
“သွားပြီ … ပြဿနာတော့ အကြီးအကျယ်တက်ပြီ …
ငါ့ကိုယ်ငါ မမြင်ရတော့ဘူး”
…………………………………………………………………………………….
လူဖြစ်ခြင်းမှာ တန်ဖိုးတစ်စုံတစ်ရာ ပြပါဆိုရင် ကိုယ့်ကို ကိုယ်ပြန်မြင်ရခြင်းလည်း ပါကောင်းပါနိုင်လိမ့်မယ်။ ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်ကာ ဘာတွေဖြစ်ကုန်တာလဲဆိုတာ စဉ်းစားမရ။ ဝေခွဲမရ။
“နေပါဦး ငါက ဘယ်ရောက်သွားတာလဲ
ငါကျပျောက်သွားတာလား …. အို မဟုတ်သေးပါဘူး …ငါ … ငါ…”
“ကလင် .. ကလင် …”
တွေးနေရင်း ဖုန်းသံကြားတော့ လှန့်သွားတယ်။
“ပြောပါ ..”
“အေး.. ရင်နင့်အောင် နိုးပြီလားဟ
လမ်းထိပ်ထွက်ခဲ့ လက်ဖက်ရည်ဆိုင်က စောင့်နေမယ် ..”
“ …………….”
“ဟေ့ကောင် .. ကြားလားဟ”
“အော် .. အေး ….” ဆိုပြီး ကျွန်တော်က ဖုန်းချလိုက်တယ်။ ကျော်ကြီးက လက်ဖက်ရည်ဆိုင် ခေါ်နေတယ်။ သွားရမလား၊ မသွားရင်ကောင်းမလားရယ် ကျွန်တော် ဝေခွဲမရ။ သွားလို့ ကိုယ့်ကို သူမတွေ့လျှင် ဘယ်လိုလုပ်မလဲ။ ပြဿနာပဲ။ ကဲ .. မထူးပါဘူး သွားမယ်ကွာဆိုပြီး ကျွန်တော်ထွက်လာခဲ့တယ်။
……………………………………………………………………………………….
အိမ်အပြင်ထွက်ထွက်ချင်း အသံတစ်ခုကြားလိုက်ရတယ်။
“ဖိုးသား ဘယ်တုန်း ပဲပြုတ်မ၀ယ်တော့ဘူးလား”
ပဲပြုတ်ရောင်းတဲ့ အဒေါ်ကြီးပါ။
“ဟင် .. အဒေါ်……….. ကျွန်တော့်ကို မြင်တယ်ပေါ့နော် …”
“ဟေ … မြင်တာပေါ့ ကျုပ်မျက်စိအဲလောက် မဆိုးသေးပါဘူးဟဲ့”
“၀မ်းသာလိုက်တာဗျာ.... သွားပြီ တာ့တာ” လို့ပြောပြီး ကျွန်တော် ထွက်လာခဲ့တယ်။ ပဲပြုတ်သည်ကြီးတော့ ကြောင်တောင်တောင်နဲ့ ကျန်ခဲ့တာပေါ့။ ကျွန်တော်ကတော့ လမ်းထိပ်ထိ ပြေးလာခဲ့တယ်။ ပျော်လို့။
လက်ဖက်ရည်ဆိုင်ထဲ ၀င်လိုက်လျှင်ပဲ ကျော်ကြီးက လက်လှမ်းပြတယ်။
“အင်း .. သူလည်း ငါ့ကို တွေ့တယ်ကွ” လို့ ကျွန်တော်က တစ်ယောက်တည်း ကြိတ်ပျော်လို့။
“ဟေ့ကောင် .. ဘာဖြစ်လာတာလဲ … မျက်နှာကလည်း မှိုရထားတဲ့ မျက်နှာနဲ့”
“ဟိ ဟိ” လို့ပဲ ကျွန်တော်က ဖြီးပြလိုက်တယ်။
“ငါပြောမယ်ကွ … မင်းကို ၀က်ဘ်ဆိုက်တစ်ခုအပ်မလို့
ငါ skynet ဆင်နေတဲ့ ဟိုတယ်တစ်ခုက အပ်မှာ ..”
“အင်း .. ချကွာ … လုပ်ရုံပေါ့ ..”
“အေး … online reservation ပါ လုပ်ချင်တယ်တဲ့”
“အင်း .. လုပ်ရုံပေါ့ ….” ဆိုပြီး ကျွန်တော်က ဘေးသို့ လှည့်အကြည့်။ ဘေးတွင် မှန်ကြီးတစ်ခု။ ပြဒါးသုတ်ထားတဲ့ မှန်ကြီးတစ်ခု။ မှန်ထဲမှာတော့ လမ်းလျှောက်လာတဲ့ စားပွဲထိုး။ ကျွန်တော့်ရှေ့က ကျော်ကြီး။ ငွေရှင်းကောင်တာ။ ကြော်ငြာပိုစတာများ။ ကျွန်တော်ထိုင်နေတဲ့ ထိုင်ခုံပေါ်မှာတော့ ကျွန်တော်က ပါမလာ။ ထိုင်ခုံသည် အခြားလူ ၀င်ထိုင်၍ ရသော ထိုင်ခုံအလွတ်တစ်လုံးဖြစ်လို့နေခဲ့တယ်။
“ဟင် .. ငါ … ငါမရှိတော့ပြန်ဘူး …
ငါပါမလာဘူး .. မှန်ထဲမှာ …. ဒါက ဘာတွေဖြစ်ကုန်တာလဲ …
ဘာတွေမှားယွင်းကုန်တာလဲ ….”
အဲဒီနေ့က ကျော်ကြီးနဲ့ ဘာတွေပြောခဲ့လဲဆိုတာ ကျွန်တော်မမှတ်မိတော့။ ကျွန်တော်က အားလုံးကို မေ့လို့ သွားခဲ့ပြီ။ ခေါင်းထဲမှာ တွေးရင်း အဖြေရှာမရလေ .. ဒေါသထွက်လေဖြင့်။
ငါ .. ငါ ………… ငါ…………… ပျောက်သွားပြီလား။
………………………………………………………………………………………
ကိုယ့်ကိုကိုယ် ပြန်မမြင်ရတော့တဲ့အခါ လူဖြစ်ခြင်းသည် အထီးကျန်လွန်းလာသလို။ ကျွန်တော် တစ်ပတ်လောက် အလုပ်လည်း မသွား။ အိမ်ထဲမှာ နေပြီး အင်တာနက်ကနေ ကိုယ့်ကိုကိုယ် ပျောက်ဆုံးသွားမှုများအကြောင်းကို လိုက်လံရှာဖွေမိတယ်။ သို့သော် အချည်းနှီး။ စိတ်ပျက်လက်ပျက်ဖြင့် အိမ်က မှန်တွေကို ရိုက်ခွဲကာ ကျွန်တော် အိမ်အပြင်ထွက်ခဲ့တယ်။
ကောင်းကင်ကို မော့ကြည့်။ မြေကြီးကို ငုံ့ကြည့်။ လူတွေကို လိုက်ကြည့်။
ကဲ။ အားလုံးကို ငါမြင်နေတာပဲ …
ငါ့ကိုလည်း အားလုံးက မြင်နေတာပဲ … လို့ တွေးပြီး ဘ၀ကို အရင်အတိုင်းပဲ ဖြတ်သန်းဖို့ ကြိုးစားဆုံးဖြတ်လိုက်တယ်။
ကြာခဲ့ပြီ။ ရက်လနှစ်တို့များစွာ ကုန်လို့။ ကိုယ့်ကိုကိုယ် မမြင်ဘဲ ဖြတ်သန်းခဲ့တဲ့ လူတစ်ယောက် ဒီလောကကြီးမှာ ရှိနေတယ်ဆိုတာ ခင်ဗျားတို့ကို ပြောရင် ယုံကြမလား။ မယုံရင် ပုံပြင်မှတ်ပေါ့။ ကျွန်တော်ကတော့ မနက်ဆို အိပ်ယာထ မျက်နှာသစ်၊ အ၀တ်လဲ၊ အိမ်အပြင်ထွက်လို့ ပဲပြုတ်သည် အဒေါ်ကြီးကိုတွေ့ရင်တော့ မနက်တိုင်း မေးဖြစ်ခဲ့တာက …
“အဒေါ် ဒီနေ့ ကျွန်တော် ကြည့်ကောင်းရဲ့လား …”
“အမလေး … ကောင်းပါ့တော် .. ငါ့သားက ချောပြီးသား” တဲ့။ ကဲ .. ဘယ်လောက်အဆင်ပြေလဲ။
…………………………………………………………………………………
တစ်နေ့က အလုပ်ကို ရောက်တော့ စာရေးမက ပြောတဲ့ စကားပါ။
“ဆရာ .. ဆရာ ၀လာတယ်” တဲ့။
“ဘာဝတာလဲ .. ညီမ .. လူပါးဝတာလား ဟား ဟား ..” လို့ ကျွန်တော်က စ လိုက်တယ်။ ဟုတ်တယ်လေ။ ကိုယ်ဝလာတာ ကိုယ်သတိမထားမိလိုက်ဘူးကိုး။
ဘ၀ကို ဖြစ်သလိုနေခြင်းတွင် ကျွန်တော်က ကျင့်သားရလာခဲ့သော်လည်း တကယ်တမ်း အဆင်မပြေလှ။ အရင်တစ်ပတ်လောက်က တပည့်တစ်ယောက်ကို အလုပ်မှာ ကျွန်တော်က ခေါ်ဆူခဲ့သေးတယ်။
“အောင်ကြီး .. မင်းကို ငါဘာပြောထားလဲ
အရေးမကြီးဘဲ အလုပ်ကို ခွင့်မယူပါနဲ့လို့ မင်းလုပ်ပုံက ကြည့်ဦး”
ဒီအထိတော့ အဆင်ပြေသေးတယ်။ သကောင့်သားက ဘာမှတော့ ပြန်မပြော။
“အောင်ကြီး .. မင်းကို ငါ့ကြည့်နေတာ… မင်းဆံပင်ကြီးလည်း ရှည်လာပြီ
အလုပ်မှာ မင်းက မာကတ်တင်း .. သပ်သပ်ရပ်ရပ်နေစမ်းကွ” ဆိုတော့ သူက မျက်လုံးကြီးပြူးပြီး ပြန်ပြောပါလေရော ..။
“ဆရာ .. ဆရာကျရော .. ဆရာအရင်ညှပ် ဆရာ့ ဆံပင်လည်း ရှည်နေတာပဲ”
ဟင် ….။ ကျွန်တော် ဘာမှ ပြန်မပြောနိုင်။ သူများပြောမှ သိတယ်။ ကြည့်စမ်း။ ငါ့ဆံပင်တွေလည်း ရှည်နေတယ်ဆိုပဲ။
“ငါ …
ငါက မညှပ်အားလို့ ညှပ်မှာကွ”
………………………………………………………………………………………
အချို့က ပြောကြပါတယ်။
“ရင်နင့်အောင် .. ၀လာတယ် ..”
ကျွန်တော်ကလည်း ရုပ်တည်ကြီးနဲ့ ပြန်ပြောလိုက်တယ်။
“ဟုတ်ပါ့ … ၀ဆို .. စားကောင်း သောက်ကောင်းကိုးဗျ …” လို့။
ဟန်ဆောင်ခြင်းတွေများလွန်းလာသောအခါ လူ့ဘ၀က မလွတ်လပ်တော့။ ဒီပြဿနာကိုလည်း ဘယ်လို ဖြေရှင်းရမှန်းမသိ။ စိတ်ရှုပ်ရပါတယ်။ ခက်ချေပြီ။
လူ့ဘ၀တွင် လောကနဲ့ သဟဇာတဖြစ်ဖို့ အနည်းဆုံး ကိုယ့်ကိုကိုယ် တစ်ရက်တစ်ခါ မှန်ကြည့်ဖို့ လိုပါလိမ့်မယ်။ သင်လက်ခံပါသလား။ လက်ခံချင်မှ လက်ခံပါ။ သင်လက်မခံလည်း ကျွန်တော်က ဘာမှတော့ မဖြစ်။ စိတ်ဆိုးလိမ့်မယ် မဟုတ်ပါ။
ကျွန်တော် ညသန်းခေါင်အထိ အင်တာနက်မှာ ဘလော့ခ်တွေ လျှောက်ဖတ်နေလိုက်တယ်။ စိတ်တွေက မတည်ငြိမ်လှ။ ဟိုဆိုက်ဖွင့် ဒီဆိုက်ဖွင့်ဖြင့်။ တစ်ခုသော ဘလော့ခ်မှာတော့ သူ့ဘ၀အကြောင်းကို ဒိုင်ယာရီလို ရေးထားတာကို သွားတွေ့ပြီး စိတ်ဝင်စားသွားတယ်။
“ဟင်း .. ဘယ်အချိန်မှ ငါကိုယ်ငါ ပြန်မြင်နိုင်မှာလဲကွယ် .. ဘယ်သူမှ ငါ့ကို မကူညီကြတော့ဘူးလား” တဲ့။ ဟာ…။ ကျွန်တော်နဲ့တူနေတာပေါ့။ ဖတ်ရင်း ဖတ်ရင်း သူ့ကို တွေ့ချင်လာတယ်။ သူဘယ်ကလဲ။ ဘာလဲဆိုတာကို သူ့မှတ်တမ်းတွေမှာ လိုက်ရှာကြည့်လိုက်ပြီး သူ့နဲ့ သွားတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။ သဲလွန်စ တစ်ခုတော့ ရလိုရငြား မေးရမယ်လေ။
…………………………………………………………………………………..
သူ့ဆီကို ရောက်တော့ သူဟာ ကျွန်တော်ထင်ထားသလို လူငယ်မဟုတ်။ အသက်က ခန့်မှန်းကြည့်ရင် ခြောက်ဆယ်တောင်ကျော်နေတော့မယ် ထင်တယ်။ သူက ရောဂါသည်။ သိရသလောက် ကင်ဆာဖြစ်နေတယ်။ သေဖို့ ရက်ပိုင်းပဲတဲ့။ ခက်ရပြန်တယ်။ မေးရမှာ အားနာပေမယ့် သူ့ကို မေးကြည့်မယ်လို့ပဲ ဆုံးဖြတ်လိုက်တယ်။
“အဘ .. အဘ ကိုယ့်ကို ကိုယ် .. မမြင်ရတော့ဘူးဆို ….”
သူက အစမရှိ အဆုံးမရှိ မေးခွန်းကြောင့် ချက်ခြင်းတော့ပြန်မဖြေ။ ခဏကြာမှ သူမျက်နှာတွင် ပြုံးရောင်သမ်းလာတယ်။
“ငါက .. အရင်တုန်းက စာရေးဆရာတစ်ယောက်ပါ …
ဆရာဝန်ဆိုလည်း ဟုတ်တယ်
မင်းပြောသလို ငါ့ကိုယ်ငါ ပျောက်သွားတယ် .. မမြင်ရတော့ဘူး ..
အဲဒီကစ လူတွေနဲ့ ငါဟာ အတူတကွ အလုပ်လုပ်ဖို့ အဆင်မပြေတော့ဘူး
မှန်တယ်….
ဒါပေမယ့်”
သူက စကားကို ရပ်လိုက်တယ်။ မောသွားဟန်တူပါတယ်။ သူ့မျက်နှာကလည်း အတန်ငယ် ညှိုးနွမ်းသွားသလို။ သူတစ်ခုခုကို အကြာကြီး စဉ်းစားနေလေရဲ့။ ခဏကြာတော့ သူက စကားကို ဆက်လိုက်တယ်။
“ဒါပေမယ့် လူလေး …
ငါက ခု ငါ့ကိုယ်ငါ ပြန်မြင်နေရပြီကွဲ့”
“ဗျာ .. အဘ ပြန်မြင်နေရပြီ ဟုတ်လား ……… ဘယ်လိုလုပ်လိုက်တာလဲဟင်..”
“အင်း ….. အဲဒါထက် အရေးကြီးတာတစ်ခုကို မင်းကို ငါပြောပြမယ်”
ကျွန်တော် စိတ်ဝင်စားသွားပါတယ်။ သူ့ကို အားနာဖို့တောင် မေ့ရတဲ့ အထိ။
“ဒီလိုကွ တစ်နေ့ … အဲဒီပြဿနာကို ရှာရင်းက လူထူးလူဆန်း ပညာရှိတစ်ယောက်နဲ့ တွေ့တယ်
သူပြောသွားတာကို မင်းယုံချက်မှယုံပါ … ငါကတော့ ယုံလိုက်ရတယ်”
“သူက .. သူဘာပြောသွားတာလဲဟင် …”
“အင်း … မင်းနဲ့ ငါနဲ့ တင်မဟုတ်ဘူး … လူဆိုတာ လူအားလုံးဟာ
ငယ်တုန်းတော့ ကိုယ့်ကိုကိုယ်မြင်ကြရတယ်
ဒါပေမယ့် အသက်လေးကြီးလာလို့ လောကကို ကိုယ့်အတ္တတွေနဲ့ ကြည့်တတ်လာပြီဆိုတာနဲ့
ကိုယ့်ကိုကိုယ်ကြည့်ဖို့ကို တဖြည်းဖြည်းမေ့လာကြတယ်
သူများတွေကိုပဲကြည့်ရင်း .. ကိုယ့်ကိုကိုယ်မကြည့်ကြရင်းက
လူဟာ ကိုယ့်ကိုကိုယ် မမြင်ကြရတော့ဘူးတဲ့”
“အဘ ဆိုလိုတာက လူတိုင်း ကျွန်တော်တို့လို ဖြစ်နေကြတာလား ဟုတ်ပါ့မလားဗျာ …”
“သိပ်ဟုတ်တာပေါ့ .. ဒါက ငါနဲ့တွေ့ခဲ့တဲ့ ပညာရှိကြီးပြောသွားတာ
သူပြောသွားတာရှင်းပါတယ်
လူတိုင်းဟာ ကိုယ့်ကိုကိုယ်မြင်တယ်လို့ ဟန်ဆောင်နေတာချည်းတဲ့”
“ဘုရားရေ ….
လူတိုင်း… လူတိုင်း ….”
“အေး .. တစ်ချိန်မှာတော့ ပြန်မြင်ကြရပါတယ်
ဘာမှလုပ်စရာမလိုဘူး အလိုလို ပြန်မြင်ကြရတယ် …
ဘယ်အချိန်လဲဆိုတော့
သေခါနီးမှာပေါ့”
…………………………………………………………………………………………………
ကျွန်တော် အပြန်လမ်းမှာ ဘယ်လိုပြန်ခဲ့လဲ မမှတ်မိဘဲ အိမ်ကို ရောက်လာခဲ့တယ်။ လူဘ၀ဆိုတာ မသိကိန်းများဖြင့် ရှုပ်ထွေလှပါတယ်။ ဟန်ဆောင်ခြင်းများ။ မာယာများ။ လူတွေ။ လူတွေ။ ကိုယ့်ကိုကိုယ် လူအားလုံးဟာ မမြင်ကြဘူးလား။ သူပြောသွားတာ မှန်သလား။ မှားသလား။ ကျွန်တော်လည်း မသိ။ ဝေခွဲမရ။
နောက်ရက်တွင် သူရဲ့ နာရေးကြော်ငြာတစ်ခုကို အွန်လိုင်းပေါ်တွင် တွေ့လိုက်ရတယ်။ အော် … သူသေသွားပြီတဲ့။ သေခါနီးမှာ သူ့ကိုယ်သူမှ ကောင်းကောင်း မြင်လိုက်ရဲ့လား။ သူ့ကိုယ်သူကြည့်လို့ကော အားရသွားရဲ့လား။ ကျွန်တော် မသိပြန်။ ကျွန်တော် မသိတာတွေက များလွန်းလှတယ်။
……………………………………………………………………………………………………..
လောက၏ အရှုပ်တော်ပုံတွင် လူတွေဟာ အမှန်တရားမပါလာတဲ့ မှန်ချပ်များကို ကြည့်ကြရင်း မှန်ထဲက ပုံရိပ်များကို ငါအစစ်လို့ ထင်မှတ်မှားခဲ့ကြတယ်။ ပြဒါးသုတ်ထားတဲ့ မှန်များကို ကြည့်ရင်း ကျွန်တော်က မှန်ထဲက ကောင်ကို ပြုံးပြလိုက်ပါတယ်။
မိတ်ဆွေ …
သင်ကော .. သင်ကိုယ်သင် မမြင်ရလို့ စိတ်ညစ်နေပါသလား
မပူပါနဲ့ဗျာ …
ကျုပ်တို့အားလုံးလည်း သေခါနီးရင်တော့ ကိုယ့်ကိုကိုယ် မြင်ကြရမှာပါ။
ရင်နင့်အောင်
( ဒီဝတ္ထုကို နှစ်နှစ်အတွင်း ပုံစံအမျိုးမျိုးရေးပြီး စိတ်ကြိုက်မဖြစ်ခဲ့။ နောက်ဆုံးရေးခဲ့တဲ့ ပုံစံကတော့ အနည်းငယ် သင့်တော်မည်ထင်၍ မျှဝေလိုက်ပါသည်။ စာဖတ်သူများ ကိုယ့်ကိုကိုယ် မြင်နိုင်ကြပါစေ လို့ ဆုမတောင်းတော့ဘူး။ ၀တ္ထုထဲက အတိုင်းဆို မြန်မြန်သေပါစေလို့ ဆုတောင်းသလို ဖြစ်မှာ စိုးပါသဖြင့်။ )
0 comments:
Post a Comment