Wednesday, November 16, 2011

အရက်အကြောင်း မပြောချင်ပါဘူး

by Nyein Soe Oo on Thursday, November 17, 2011 at 12:10pm

ကျွန်တော့်အနေနဲ့ အရက်အကြောင်းကို ရေးဖို့  တော်တော်လေး လက်တွန့် မိပါတယ် ။ အရက်သမားအကြောင်း ဟာသများမှသည် မကောင်းကျိုးများဖြစ်ရသည့်အကြောင်းများမှာ မြန်မာစာပေနယ်တွင် သာမက ကမ္ဘာ့စာပေနယ်များတွင် ရော ဟောပြောပို့ချမှု အစီအစဉ်များတွင်ပါ  အလျှံပယ်ဖြစ်နေတာကို တွေ့နိုင်မှာ ဖြစ်ပါတယ် ... ။ ဒါပေမယ့် သောက်သုံးသူ လူငယ်များက ဆက်လက်တိုးပွားဆဲ ၊ မက်မောတွယ်တာမှုကို ရှေ့တန်းတင်ကြဆဲ ဆိုတော့ ကိုယ်တွေ့လေးတွေကို ရေးပြချင်လာပါတော့တယ် ။
               ကျွန်တော်သည်လည်း အရက်နယ်ထဲကို အရောက်လှမ်းခဲ့တဲ့ လူတစ်ယောက်ဖြစ်ခဲ့တာကြောင့် အရက်အကြောင်းတော့ ငါတွေ့ဆိုသလို ဖြစ်ခဲ့ရပါတယ် ။ အစကတော့ အထက်တန်းကျောင်းသားဘ၀ ၊ တွဲဖက် ကျောင်းဆရာလေးဘ၀များမှာ ကျွန်တော်တို့ ဒေသထွက် ထန်းရည် ၊ ဓနိရည် ဆိုတောတွေကနေ စခဲ့တာပါ ။ နောက်တော့ တစ်မျိုးတိုးလို့ ချစ်ပြန်ဆိုပဲ ... အဲဒီသီချင်းအတိုင်း အရက်လေးလည်းပါလာတာပေါ့ ။ ဒါပေမယ့် ကျွန်တော်က အရက်ကို မကြောက်ပါ ။ စိမ်ခေါ်ခဲ့ပါတယ် ။ အရက်သောက်လို့ အလုပ်ပျက်တယ် ဆိုတာ စိတ်မနိုင်လို့ ပါကွာလို့ သဘောထားခဲ့ပါတယ် ။ ဒါပေမယ့် အရက်က သစ္စာရှိတယ် လို့ အမွှန်းတင်ရလောက်အောင် သူ့အလုပ်ကို သေသေချာချာ လုပ်ကိုင်တတ်တာ ၊ တာဝန်ကျေတာ အရက်ပါပဲ ။ ဒါကိုတော့ အတုယူသင့်တယ် ထင်ပါတယ် ။ အဲဒါကြောင့်လည်း ကျွန်တော်ဟာ အရက်ကို နောက်များမှာ လန့်ခဲ့ရပါတော့တယ် ။ မလန့်ခင်မှာတော့ ... အဲဒီအကြောင်းလေးတွေကို ရေးပြချင်ပါတယ် ... ။
                ( 1985 )ုနှစ်ထဲမှာ ကျွန်တော် ဟာ ပေါက်ခေါင်းမြို့ဆီကို ခရီးဆန့်ဖြစ်ခဲ့ပါတယ် ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဘုရားပွဲလည်း ကျင်းပနေတဲ့ အချိန်ဖြစ်ပါတယ် ။ ကျွန်တော်ရောက်နေတုန်းမှာ မိတ်ဆွေတွေက ညနေသုံးနာရီလောက်ဆိုရင်ပဲ တည်ခင်းမှုကို ဖွယ်ဖွယ်ရာရာလုပ်ပေးခဲ့ပါတယ် ။ စကားပြောကောင်းနေတုန်းမှာ လူငယ်တစ်ချို့ ရောက်လာပြီး ခြင်းလုံးကစားဖို့လာခေါ်ပါတော့တယ် ။ သူတို့ကလည်း ဧရာဝတီတိုင်း လက်ရွေးစဉ်တစ်ယောက် ပေါက်ခေါင်းမြို့ကို ရောက်တုန်း ရောက်ခိုက်မှာ ခတ်ကစားမှုလေးတွေကို ကြည့်ချင်တဲ့ အာသီသရှိနေကြပါတယ် ။ ကျွန်တော် မညင်းနိုင်ပါ ။ ဒါပေမယ့် နည်းနည်းတော့ ရေချိန်ကိုက်နေပါပြီ ။
ဒါနဲ့ ကစားရမယ့်နေရာကို အားကစားဝတ်စုံဝတ်ပြီး အရောက်သွားရပါတော့တယ် ။ လူငယ်များက  မျက်နှာစာကောင်းတဲ့  လူမြင်ကွင်း အိမ်ရှေ့တစ်ခုမှာ ကျကျနန ရှင်းလင်းပြီး ကစားကွင်းဖော်ထားတာကို တွေ့ လိုက်ရတော့  ကျွန်တော်လန့်သွားရပါပြီ ။ နည်းနည်းလည်းထွေနေတာမို့ ကစားရတာ အဆင်မပြေဖြစ်မှာကို စိုးရိမ်စိတ်ဝင်လာပါတယ် ။ အဲဒီစိတ်က  ကျွန်တော်ကို ပြန်လည်ထိမ်းသိမ်းနိုင်ခဲ့စေပါတယ် ။ ကစားဖက်တွေ ကို ၀ိုင်းထဲမ၀င်ခင်မှာ အရင်ပြောပြထားရပါတယ် ။ စပြီးကစားချိန်မှာ ခြင်းရိုးကလေးတွေကိုပဲ ချွေးထွက်ပုံစံ နဲ့  ကစားပြီး အမူးရှိန်ကျလာတော့မှ ခြင်းလတ် ၊ ခြင်းကြီး ၊ ခေတ်ဆန်းတွေရောယှက်ကစားနိုင်မှာ ဖြစ်တာမို့ မိမိကိုသာ တစ်ဖက်သတ်ခြင်းပေးခြင်းမျိုးကို  မလုပ်မိစေဖို့ ဖြစ်ပါတယ် ။ သူတို့ကလည်း နားလည်ပြီး တဖြည်းဖြည်း အမူးလျှော့လာစေတဲ့အထိစောင့်ပြီးမှ အထောက်အကူပေးတဲ့အတွက် ၀ိုင်းသိမ်းချိန်မှာ အထိုင်ခတ်ကနေတစ်ဆင့် လေ၀ဲခြင်းကို ခတ်ကစားပြီး ၀ိုင်းသိမ်းနိုင်ခဲ့ပါတယ် ။ မှတ်မှတ်ရရ ဖြစ်စေတဲ့ အရက်နဲ့အတူပထမအကြိမ် ခြင်းလုံးကစားခြင်း ဖြစ်ခဲ့ရပါတယ် ။
          အားကစားသမား တစ်ယောက်အနေနဲ့ အရက်ကို ကစားချိန်မှာ မသောက်ပဲ နေတတ်တဲ့ အကျင့်ကို ကစားသမား အများစုမှာ တွေ့နိုင်ပါတယ် ။ ကျွန်တော်လည်းဒီလိုပဲ ကျင့်သုံးခဲ့ပါတယ် ။ ဒီလိုနေလာရင်းမှာပဲ   ( 2002 ) ခုနှစ်လောက်မှာ မအူပင်မြို့ကို သွားပြီး ခြင်းလုံးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရတဲ့ အချိန်နဲ့ ကြုံလာခဲ့ရပါတယ် ။ လပွတ္တာမြို့နယ် ကိုယ်စားပြုပြိုင်ပွဲဝင်ဖို့ လူငယ်တွေ မစုံလင်တာကြောင့် ပါဝင်ရခြင်းဖြစ်ပါတယ် ။ ပြိုင်ပွဲအချိန်မှာ မြို့နယ်တွေက သူငယ်ချင်းဟောင်းတွေပြန်ဆုံတာကြောင့် သောက်ကြစားကြလုပ်ဖြစ်ပါတော့တယ် ။ နောက်တစ်နေ့ နံနက်ပိုင်းမှာ ပြိုင်ပွဲဝင်ဖို့  သွေးပူလေ့ကျင့်ခန်းလုပ်စဉ်မှာ ခေါင်းကိုက်နေပါ တော့တယ် ။ မအူပင်မြို့ခံ သူငယ်ချင်းများက အထူးကူညီကြပါတယ် ။ တန်ပြန်လိုက်ရင် ကောင်းသွားမှာဆိုပြီး အဆင်သင့် ၀ယ်လာပေးကြပါတယ် ။ ကျွန်တော်ကလည်း မညင်းပါ ။ တကယ် ကစားတဲ့အချိန် မှာတော့ ဟန်ချက်ကိုတောင် မနည်းထိန်းနေရပါတော့တယ် ။ ဒိုင်လူကြီးများကပါ အရက် မူးနေတာကို သိသွားလောက်အောင်ဖြစ်ပါတယ် ။ ကျွန်တော့ တာဝန် ကစားကွက်တွေကို မနည်းကြီးတည်ယူရပါတယ် ။ လူစားထိုးဖို့ဆိုတာကလည်း ကိုယ့်အပိုင်းနဲ့ကိုယ် ခတ်ပေါက်တွေကို တာဝန်ယူရတာမို့ နည်းနည်းမှ ပြင်ဆင်မထားနိုင်ရင်မလွယ်ပါ ။ ဘယ်ညာစုံကဏ္ဍများမှာ ပိုပြီးသိသာပါတယ် ။ ကျွန်တော့်ကို တာဝန်ကျေသူများ ကလည်း သူတို့ အပြစ်ဖြစ်မှာစိုးပြီး ၀ိုင်းအပြင်ကနေ ခြင်းအနေအထားကို သတိပြုနိုင်အောင်ကူညီပေးရင်း ပြိုင်ပွဲဝင်ခဲ့ရပါတော့တယ် ။ ပြိုင်ပွဲအပြီးနောက်ပိုင်းမှာတော့ ကျွန်တော် အရှက်ကွဲလုမတတ်ဖြစ်ရတာ သူတို့ကြောင့်လို့ ပြုစုသူများကို အပြစ်တင်ရင်း ကျွန်တော့အလိုကျ ပြုစုခိုင်းရပါတော့တယ် ။ သူတို့ကလည်း ညီညီညာနဲ့ကို ဒကာခံပြီး ပျော်ပွဲကျင်းပပေးခဲ့ကြပါတယ် ။ ဒီအဖြစ်တွေဟာ ကစားတဲ့ အချိန်များမှာ စိတ်ကို ထိန်းထိန်းကျောင်းကျောင်းထားစဉ်အတွင်း ကြုံရတာတွေမို့ ဆိုးကျိုးတွေ ကြီးကြီးမားမား မဖြစ်ပေါ်ခဲ့တာပါ ။ ဒါပေမယ့် မိမိ ရဲ့ လုပ်ဆောင်နိုင်မှုတွေကို ချို့ယွင်းစေတာတော့ အသေအချာပါပဲ ။ တန်ဆေးလွန်ဘေး ဆိုတဲ့ မြန်မာစကားပုံကို လက်ကိုင်ထားပြီး အရက်နဲ့ ဆက်ဆံသင့်လှပါတယ် လို့ ( သတိ မထားမိကြ သေးသူတွေကို )
သတိပေးပါရစေခင်ဗျား ...


သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
ငြိမ်းစိုးဦး
( Nov ; 16 ; 2011 )
http://nyeinsoeoo.multiply.com/journal/item/408

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...