ယုံကြည်ထိုက်သည့် ပါဝါအားပြိုင်မှု
-ဇာဂနာ
-၁၄-၁၁ -၂၀၁၁
ယနေ့ မြန်မာ့နိုင်ငံရေးသည် ပြည်တွင်းပြည်ပရှိ အတိုက်အခံအဖွဲ့အစည်း ပေါင်းစုံတို့ အကြားမှာ ဆူ ပူ ပွ အရှိန်နှုန်း အမြင့်ဆုံးသို့ ရောက်ရှိနေပြီဆိုလျှင် မှားမည်မဟုတ်ပါ၊
ပြဿနာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ကိစ္စပင်ဖြစ်ပါသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အင်အယ်ဒီ)သည် လက်ရှိ မြန်မာ အစိုးရသစ်၏ ဥပဒေအရ တရားဝင် ပါတီအဖွဲ့ အစည်းအဖြစ် ရပ်တည်လို့ မရပါ၊ လူထု၏ နှလုံးသားထဲမှ ရာနှုန်းပြည့် အသိအမှတ်ပြု ထားသည့် ပါတီဖြစ်သည်ဆိုတာကိုလည်း ငြင်း၍မရပါ၊
သို့သော် နှလုံးသားသည်လည်း တရားမဝင်ပါ၊ လက်တွေ့ မကျနိုင်ပါ၊
ဒါကြောင့် အင်အယ်ဒီသည် ပြည်သူလူထုကို တရားဝင် ဦးဆောင်ပြီး အလုပ်အကျွေးပြုလိုလျှင် အစိုးရသစ်ထံ မှတ်ပုံတင်ရန်သာဖြစ်သည်၊ အခြားနည်းလမ်းမရှိပါ။
စစ်ဦးစီးအစိုးရသစ်၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လူထုထောက်ခံမှု့ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အချို့သော ပုဂ္ဂိုလ်များကို အစိုးရအဖွဲ့ထဲမှာ မပါစေချင်သဖြင့်လည်းကောင်း၊
တဘက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံကို ပြင်ဆင်ရန် ခက်ခဲစေမည့် “ထိမ်းသိမ်း ကာကွယ်စောင့်ရှောက်ပါမည်” ဟု ဆိုသည့် ချုပ်ကိုင် ဝါကျစာတမ်းလေးကို “ လေးစားလိုက်နာပါမည်” ဟုလည်းကောင်း၊
စစ်ဦးစီးအစိုးရဘက်မှ ပြန်လည်ပြင်ဆင်ပေးခဲ့ပါသည်၊
ဒါလေးကိုကြည့်ခြင်းအားဖြင့် ဥပဒေ ဥပဒက်ဆိုသည်မှာ လူတွေက လုပ်ပြီး လူတွေကပဲ ပြင်နိုင်သည်ကို တွေ့ရပါသည်၊
ထူးသည်မဟုတ်ပေမယ့် ဆန်းနေသည်ကတော့ လူထု၏ ဆန္ဒခံယူပွဲနှင့် အတည်ပြုထားသည့် ဥပဒေဟု မည်သို့ပင်ဆိုသော်လည်း လူတစု၏ ဆန္ဒဖြင့် ပြုလွယ် ပြင်လွယ်နိုင်သည် ဆိုတာကိုလည်း မြန်မာပြည်တွင် တွေ့နေရသေးသည်၊
ဒီမိုကရေစီ သန္ဓေယူကာစ မြန်မာပြည်၏ သဘောသဘာဝတခုပါပဲဟု သဘောထားရပါတော့သည်၊
မည်သို့ဖြစ်စေ စစ်ဦးစီးအစိုးရသည် သူတို့ ရေးဆွဲထားသည့် ဖွဲ့စည်းပုံဥပဒေထဲမှ အချို့ကို ပြင်ဆင်ပေးလိုက်ရသည်ကတော့ အမှန်ပင်ဖြစ်သည်၊
ဒီလိုပြင်ဆင်ပေးလိုက်ခြင်းသည် တိုင်းပြည်နှင့် လူထုကို ချစ်လွန်းလို့ ဟုတ်မဟုတ်ဆိုတာကိုတော့ တွေးတောကြည့်ကြပါ၊
ဘယ်လိုပဲဖြစ်ဖြစ် အင်အယ်ဒီလည်း တရားဝင်ဖြစ်ရန် မှတ်ပုံတင်ခွင့်အတွက် အခွင့်အလမ်းတခု ပွင့်သွားခဲ့ပါသည်။
တရားဝင်ရပ်တည်ရေး မဖြစ်နိုင်တော့သည့် အင်အယ်ဒီနှင့် အခြေခံဥပဒေကို မပြင်ပေးလျှင် မဖြစ်နိုင်တော့သည့် အစိုးရသစ်တို့သည် အတူ ပူးပေါင်းကြရတော့မည့် ကိန်းကို မလွှဲသာ မရှောင်သာ ဆိုက်လာ သည်ဟုလည်း မြင်နိုင်ပါသည်၊
ဒီအခြေအနေသည် အစိုးရဘက်မှ ကြည့်လျှင် တိုင်းပြည်နှင့် လူထုအတွက် ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်၊
သို့သော် အင်အယ်ဒီဘက် ကတော့ တိုင်းပြည်နှင့် လူထုအတွက်ဖြစ်ရန် လုပ်ကိုင်ဆောင်ရွက်ဖို့ အခွင့်အလမ်းအဖြစ် ဖန်တီးနိုင်ဖို့လိုပါသည်။
မြန်မာ့တော်လှန်ရေး သမိုင်းသည် လွန်စွာ ရှည်လျားလှပါသည်၊
မြန်မာပြည်ကို အင်္ဂလိပ်က ကိုလိုနီပြုခဲ့သည့် မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ်က စပြီး ယနေ့အထိပင်ဖြစ်ပါသည်၊
လွတ်လပ်ရေးမရခင်ကလည်း တော်လှန်ပါသည်၊ ရပြီးလည်းတော်လှန်ပါသည်၊
ယနေ့အထိလည်း တော်လှန်ပါသည်၊
မြန်မာ့တော်လှန်ရေးသမားတို့သည် စနစ်ကို အဓိက တော်လှန်သူများဖြစ်ကြသဖြင့်လည်း တော်လှန်ရေး မပြီးဆုံးနိုင်ကြပါ။
ယနေ့ထက်တိုင်လည်း တော်လှန်နေကြဆဲဖြစ်သည်။
ယနေ့အတိုက်အခံ တော်လှန်ရေးသမားများအားလုံးသည် မည်သည့် စနစ်ကို ဦးတည်ရည်ရွယ်၍ တော်လှန်နေကြပါ သနည်း ဆိုတာကို ရှင်းဖို့လို သည် ပြတ်ဖို့လိုသည်၊
ရောတောရောင်တောင်ဖြင့် ဟိုအဖွဲ့နှင့်ပေါင်း သည်အဖွဲ့နှင့်ဆက်ကာ မှေးလိုက်နေသည့် အဖြစ်မျိုး မဖြစ်သင့်ကြပါ၊
ပြည်ချစ်ဝါဒ ပြောလိုက် ပြည် ကြိုက်ဝါဒဟုဆိုလိုက်နှင့် ကြောင်တောင်တောင် မလုပ်သင့်ပါ
၊ စစ်အာဏာရှင် စနစ်ကို မကြိုက်လို့ တိုက်ကြသည်၊ တော်လှန်ကြသည်၊
စစ်အာဏာရှင်စနစ်အစား ဘာစနစ်ကို လိုချင်ပါသနည်း၊
အရှင်းရှင်စနစ်လား၊ ကွန်မြူနစ်စနစ်လား၊ ဒါကိုအရင်ဆုံး ပြတ်ဖို့လိုပါသည်၊
နောက်မှ အရင်းရှင်စနစ်ကို အခြေခံသည့် လစ်ဘရယ် ဒီမိုကရေစီကျင့်သုံးသည့်စနစ်လား၊
ဒါမှမဟုတ် ကွန်မြူနစ်စနစ်ကိုအခြေခံသည့် ပစ္စည်းမဲ့ ဒီမိုကရေစီစနစ်လား၊
အဲဒီ့အပေါ်မှာ မပြတ်သားကြလျှင်၊ ဦးတည်ချက် မပြတ်သားကြလျှင် ချမှတ်အကောင် အထည်ဖေါ်ရမည့် မဟာဗျူဟာနှင့် နည်းဗျူဟာ တို့သည်လည်း မှုန်ဝါးဝါးနှင့် လေ တော်လှန်ရေး သာဖြစ်ကြရမည်။
ယနေ့ မြန်မာ့ အတိုက်အခံတော်လှန်ရေးသည် ရှစ်ဆယ့်ရှစ်နောက်ပိုင်းမှာ လေ တော်လှန်ရေးသာ ဖြစ်ခဲ့ရသည်။
ရန် ငါ စည်း အရဆိုရလျှင် ကျား သနားမှ နွား ချမ်းသာ ဘဝကိုရောက်ခဲ့ကြရသည်။
ယနေ့အခြေအနေသည် ကျားက သူ့ကိုယ်သူ သနားရမည့် ကိန်းကို ဆိုက်နေပြီ၊
ဒါကြောင့် နွားချမ်းသာဖို့ အခွင့်ကောင်းတရပ်ဖြစ်လာပါသည်၊
ဒီအခွင့်ကောင်း အခါကောင်း ကာလတွင် အတိုက်အခံတို့၏ ထိပ်သီး အင်အယ်ဒီက ပြတ်သားဖို့လိုသည်မှာ ဘယ်စနစ်ကိုသွားမည်နည်းဆိုတာပါပဲ၊
လူထုကြိုက်သည့် စနစ်ကိုသွားမည်တို့ မည်သည့်နိုင်ငံနှင့်မဆို တန်းတူညီမျှ ဆက်ဆံသွားမည်တို့ ဆိုတာ တွေကတော့ အပေါ်ယံ သံတမန် စကားသာဖြစ်သည်၊ အနှစ်သာရက ပျက်လုံးတခုထက်မပိုပါ။
အစကတည်းက အယူအဆပေါင်းစုံ စုစည်းထားသည့် အင်အယ်ဒီ၊ အင်အယ်ဒီကို ဝန်းရံကြဆိုပြီး ဝန်းရံခံခဲ့ရတဲ့ အင်အယ်ဒီသည် ယနေ့အတွေးအခေါ် အကြပ်အတည်း ဆိုက်နေသည့် အဖြစ်မျိုးနှင့် ကြုံနေရသည်၊
စစ်အစိုးရနှင့် ပေါင်းမလား မပေါင်းဘူးလားဆိုတာ ဆုံးဖြတ်ရတော့မည်၊ ခက်နေပြီ၊ ဗဟိုလ် အလုပ်အမှု့ဆောင်နှင့် မပြီးတော့၊
ဗဟိုလ်ကော်မတီဝင်များနှင့်လည်း မပြီးတော့၊ အောက်ခြေက ကိုယ်စားလှယ်များကို ခေါ်ယူပြီး အများဆန္ဒနှင့် ဆုံးဖြတ်ရပေတော့မည်။
ဤသို့ဆိုလျှင် အများက ရွေးကောက်ပွဲ မဝင်ချင်လို့ မှတ်ပုံမတင်ဘူးဟု ဆုံးဖြတ်လျှင် အင်အယ်ဒီသည် တရားမဝင်အဖွဲ့အစည်းအဖြစ်နှင့် မည်သို့ရှေ့ဆက်ကြမည်နည်း။
အများဆန္ဒက မှတ်ပုံတင်မည်၊ ရွေးကောက်ပွဲဝင်ကြမည်ဆိုလျှင် အင်အယ်ဒီသည် ရှေ့ဆက်ပြီး လျှောက်လှမ်းနိုင်မည်ဖြစ်သည်၊
လွှတ်တော်အတွင်း အစိုးရအတွင်းတွင် လူထုအတွက် ဆောင်ရွက်နိုင်မည့် အခွင့်ကောင်းများကို ဆုတ်ကိုင်နိုင်မည်သာဖြစ်သည်၊
ဤကိစ္စသည် စိတ်ကူး ယဉ်သည် မဟုတ်ပါ၊
ပကတိအခြေအနေအရ ဒေါ်အောင်ဆန်း စုကြည်၏ နောက်တွင် လူထုရှိနေသည်၊
နိုင်ငံတကာ အင်အားစုကြီးများကလည်း ရပ်ပေးကြမည်ဟု အထင်အရှား ပြသနေသောကြောင့်ဖြစ်သည်။
နိုင်ငံတကာ အင်အားစု ဆိုသည်မှာ အရင်းရှင် ဒီမိုကရေစီ စနစ်ကိုကျင့်သုံးနေသည့် အင်အားစုကြီးများပင်ဖြစ်ပါသည်။
၂၀၀၈ အခြေခံ ဥပဒေသည် ကာကွယ်ရေး ဦးစီးချုပ်မှ အချိန်မရွေး အာဏာသိမ်းနိုင်သည့် ဥပဒေဖြစ်သည်၊
စစ်အာဏာရှင် အဟောင်းနှင့် အသစ်တို့၏ ဘဝအာမခံချက်နှင့် လုံခြုံရေးကိုလည်း ကာကွယ်စောင့်ရှောက်ထားသည့် သဘောများ သက်ဝင်လျှက်ရှိသည်၊
နိုင်ငံပိုင် စီးပွါးရေးလုပ်ကွက်များ သာမက လယ်ယာမြေများပါ သိမ်းယူ အပိုင်စီးထားသည့် စစ်အာဏာရှင် နှင့် အသိုင်းအဝိုင်းများက ကုမ္ပဏီပိုင်ရှင် များအဖြစ် တရားဝင်ပြောင်းလဲရန် ချမှတ်ထားသည့် ဥပဒေသာဖြစ်သည်။
ဒါတွေကို လူတိုင်းသိကြပါသည်၊
နိုင်ငံတကာကလည်း သိကြပါသည်၊ မတရားမှု့များသာဖြစ်သည်၊
သို့သော် မတရားမှု့များကို တရားမှု့များ ပြန်လည်ဖြစ်ပေါ်လာရန် နည်းလမ်းများရှာကြရသည်၊
တော်လှန်ကြရသည်၊
တိုက်ခိုက်ကြရပါသည်။
အဲဒီ့နည်းလမ်းများထဲမှ အောင်မြင်စေနိုင်မည့် အသင့်တော်ဆုံးနည်းလမ်းကို ရှာဖွေရာတွင် ဒေါ်စုနှင့် အင်အယ်ဒီသည် အစိုးရသစ်နှင့် ပူးပေါင်း ရေးသာဖြစ်သည်ဟု အနောက် အင်အားစုတို့က ယူဆလာကြသည်၊
ယူဆသည့်အတိုင်းလည်း ကြိုးပမ်းအားထုတ်လာကြပါသည်၊
အမေရိကန် အီးယူနှင့် ယူအန် တို့က ကိုယ်စားလှယ်ကြီးများ မကြုံစဘူး ထူးထူးကဲကဲ လာနေကြသည်၊
စိန်နှင့်စုညီညွှတ်ရေးကို တွန်းဆော်နေကြပါသည်၊
ဒေါ်စုနှင့် အင်အယ်ဒီ၊ ဦးသိန်းစိန်နှင့် အစိုးရသစ်တို့ လွှတ်တော်ထဲမှာတွေ့ကြမည်၊
အစိုးရထဲမှာ တွေ့ကြမည်၊
ဤလမ်းမှနေ၍ ၂၀၀၈ ဖွဲ့စည်းပုံထဲမှ မတရားမှု့များကို တဖြည်းဖြည်း ပြုပြင်သွားမည်။
တဖြည်းဖြည်းဆိုသည်မှာ စစ်အေးခေတ်က တဖြည်းဖြည်းမျိုးမဟုတ်နိုင်တော့ပါ၊
အင်တာနက်ခေတ် တဖြည်းဖြည်းမျိုးသာဖြစ်ပါလိမ့်မည်။
အမေရိကန် အပါအဝင် အနောက်အုပ်စုက လိုလားထောက်ခံသည့် လမ်းလည်းဖြစ်နေသည်၊
ဒါကြောင့် စိန် စု ကန် လမ်းစဉ်ဟု တင်စားရပါတော့မည်။
စိန် စု ကန် လမ်းစဉ်ကို မနှစ်သက်သည့် မလိုလားသည့် အဖွဲ့များလည်း ရှိနေမည်မှာ သဘာဝတရားပါ၊
အင်အယ်ဒီထဲမှာလည်း ရှိနေသည်မို့ ကိုယ်စားလှယ်အများစု၏ ဆန္ဒကို ယူရပါအုံးမည်။
စိန် စု ကန် လမ်းစဉ်ကို မနှစ်သက်သည့် အသံများကတော့ အစိုးရသစ်သည် ဘာမှ မယ်မယ်ရရ ပြုပြင်ပြောင်းလဲမှု့ မရှိဘဲ နိုင်ငံရေး အကျဉ်းသား များရှိနေခြင်း၊ တိုင်းရင်းသားတွေနှင့် စစ်တိုက်နေရခြင်း၊ ပေါ်တာဆွဲ မတရားပြုကျင့်နေကြခြင်း၊ လယ်ယာမြေတွေ အဓမ္မသိမ်းယူထားသည်မှ အစ တနိုင်ငံလုံး ဌာနပေါင်းစုံ၏ အကျင့်ပျက် လာဘ်စားနေမှု့များသည် လျှော့ပါးသွားသည် မရှိသေးပါ၊
ကုန်ဈေးနှုန်းကြီးမြင့်မှု့ လူထု၏စားဝတ်နေရေး အဆင့်သည် အောက်ဆုံးတန်းမှ တိုးမတက်ဘဲ ဆိုးသထက် ဆိုးနေမှု့များအပြင် ၂၀၀၈ အခြေခံ ဥပဒေသည် ယ္ခင်က တရားမဝင်ပါတီများဖြစ်သည့် ဗ.က.ပနှင့် အခြားပါတီများကို တရားဝင်အသိအမှတ်ပြုပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခွင့်များ မရှိခြင်း၊ ဒါတွေကို ပြုပြင်ပြောင်းလဲ စေမှု့မရှိဘဲနှင့် အစိုးရသစ်၏ လွှတ်တော်ထဲတွင် အတူတကွ ပူးပေါင်း လုပ်ဆောင်ရန် မဖြစ်နိုင်ပါ ကြောင်း၊ အဲဒါတွေကြောင့် စိန် စု ကန် လမ်းစဉ်ကို မကြိုက်သည့် ဘက်မှ ပြောဆိုလာကြပါတော့သည်၊
ထူးခြားသည်မှာ တရုပ်၏ လွှမ်းမိုးလာရေး လမ်းကြောင်းများဖြစ်သည့် နှစ်ရှည် စီးပွါးရေး စာချုပ်ချုပ် ဆိုမှု့များနှင့် တရုပ်လူမျိုးများ နည်းမျိုးစုံနှင့် မြန်မာပြည် တွင်းဝင်ရောက် အခြေချ နေရာယူ လာကြခြင်းတို့ကို ထိထိ ရောက်ရောက် ကျယ်ကျယ် လောင်လောင် မပြောဆိုကြဘဲ ရေငုံနှုတ်ပိတ် နေကြခြင်းဖြစ်သည်။
တရုတ်သည် ပါတီစုံ ဒီမိုကရေစီကို ငြင်းဖျက်သော ပစ္စည်းမဲ့အာဏာရှင်ကွန်မြူနစ်နိုင်ငံကြီးဖြစ်သည်၊
ဒါကြောင့် ပါတီစုံဒီမိုကရေစီစနစ်ကို ထူထောင်ရန်နိုးကြားလာသည့် နိုင်ငံများ၏အရေးကိစ္စများအပေါ် ပြည်တွင်းရေးသာဖြစ်သည်ဆိုတဲ့ စကားလုံးကို သုံးပြီး ဒီမိုကရေစီနိုင်ငံကြီးများ၏ အကူအညီမရရေးကို အစဉ်အမြဲဟန့်တားနှောက်ယှက်လေ့ရှိသည်၊
အခွင့်သင့်လို့ လိုအပ်လာပါက ကုလသမဂ္ဂမှာ ဗီတိုသုံးပြီးတားမြစ်တာလည်း ရှိခဲ့ပါသည်၊
ဤသည်မှာလည်း အဆန်းတော့မဟုတ်ပါ၊
တရုတ်ပြည်လို ကွန်မြူနစ်နိုင်ငံကြီးအဖို့ သူ့ဘေးနားတွင်ကပ်နေသည့် မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံမဖြစ်စေလိုပါ၊
သူ့နိုင်ငံကို ဒီမိုကရေစီကူးမှာ အလွန်ကြောက်နေသောကြောင့် ဖြစ်ပါသည်၊
ဒါကြောင့် “ ကိုယ့်ပြည်တွင်းရေး ကိုယ်ဖြေရှင်းရေး ” ဆိုသည့် ဆိုင်းပုဒ်နှင့် ဒီမိုကရေစီနိုင်ငံကြီးများကို ဟန့်တား တားဆီးပြီး သူကိုယ်တိုင်ကတော့ အထက်လမ်းရော အောက်လမ်းကပါ ဝင်ရောက်ပြီး အစိုးရငယ်များကို နည်းအမျိုးမျိုးဖြင့် ချုပ်ကိုင်ရန် ကြိုးစားပါသည်၊
ဤသို့ဖြင့် တရုတ်မြန်မာအစိုးရခြင်း ဆက်ဆံရေးသည် အမြင့်ဆုံးသို့ပင် ရောက်ရှိခဲ့ပြီး မြန်မာ စစ်အစိုးရသည် နှူးကလီးယား ထုတ်ရန်အထိ မိုက်မဲ စွာ ပနက်ရိုက်ခဲ့ရပါတော့သည်။
တရုတ်၏ “ ကိုယ့်ပြည်တွင်းရေး ကိုယ်ရှင်းရေး ” (ကိုယ်ပြည်ကိုယ်ရှင်း) အယူအဆကို တရုတ်နှင့် မြဲမြဲဖက်တွယ်နေရသည့် စစ်အစိုးရဟောင်း ကလည်း ကိုယ့်ပြည်ကိုယ်ရှင်းမူကိုပဲ ကြွေးကြော် နေရရှာပါသည်၊
ထိုနည်းတူ တရုတ်နှင့် အတွင်းသဘောထားချင်း ထပ်တူကျနေသည့် ဗ.က.ပ များနှင့် ဗ.က.ပ လိုလားသူများ အပြင် အရင်းရှင်စနစ်အခြေခံသည့် အနောက် ဒီမိုကရေစီကို မလိုလားသည့် အတိုက်အခံအဖွဲ့အစည်း အသီးသီးထဲရှိ ပုဂ္ဂိုလ်ကြီးငယ် များကလည်း ကိုယ့်ပြည်ကိုယ်ရှင်း မူပေါ်မှာ အခိုင်အမာ ရပ်တည် ကြွေးကြော်နေခဲ့ကြပါသည်၊
ဤသို့ဖြင့် တရုတ်အစိုးရ၊ မြန်မာအစိုးရနှင့် ကိုယ့်ပြည်ကိုယ်ရှင်း အတိုက်အခံများသည် တစ်လမ်းတည်း အတူလျှောက်လှမ်းခဲ့ကြသည်မှာ နှစ်ပေါင်း နှစ်ဆယ် ကျော်ခဲ့ပြီဖြစ်သည်၊
မြန်မာလူထုသည်လည်း နစ်သထက်နစ်ပြီး ညစ်သထက်ညစ်လာပါတော့သည်။
တရုတ်အလိုကျ ကိုယ့်ပြည်ကိုယ်ရှင်းဝါဒကို လိုက်နာကျင့်သုံးခဲ့ကြသည့် စစ်အစိုးရနှင့် အတိုက်အခံတို့သည် နှစ်ပေါင်းနှစ်ဆယ် ကျော်လောက် ဖြတ်သန်းမှုအရ တိုင်းပြည်အတွက် နစ်နာချက်များကို ပြန်လည်သုံးသပ်နိုင်မှုများ ရှိလာပါသည်၊
အစိုးရသစ်ထဲမှာရော အတိုက်အခံများထဲမှာပါ သဘောပေါက်သူများ ရှိလာပြီး နိုင်ငံတကာနှင့် ကျယ်ပြန့်သည့် ဆက်ဆံရေးနှင့် အကျိုးတူ အကူအညီ ရယူရေးတို့ကိုပါ ထည့်သွင်းစဉ်းစားလာသည့် အင်အားစုများ ပေါ်ထွန်းလာခြင်းနှင့်အတူ -စိန် စု ကန် -လမ်းစဉ်သစ် ပေါ်ပေါက်လာ ရပါတော့သည်၊
သို့သော် ကိုယ့်ပြည်ကိုယ်ရှင်းမူကို အသေဆုတ်ကိုင်ထားသည့် အင်အားစုများကတော့ စိန် စု ကန် လမ်းစဉ်သည် သူတို့အတွက် တီ ကို ဆားနှင့် တို့ ခံရသကဲ့သို့ ထွန့်ထွန့်လူးနေကြပါတော့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အင်အယ်ဒီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရေးဗျူဟာသည် စိန် စု ကန် လမ်းစဉ်၏ ပဏာမ ခြေလှမ်းဖြစ်ပါသည်၊
ဒါကို မချိတင်ကဲ ဖြစ်နေသည့် ကိုယ်ပြည်ကိုယ်ရှင်း အဖွဲ့ဝင်များသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမျိုးမျိုးသော စွပ်စွဲပုတ်ခတ် တိုက်ခိုက်သည့် အသံဗလံများထွက်လာနေပါသည်၊ အထူးသဖြင့် အင်တာနက်သုံး ဘလော့နှင့် ဝဘ်ဆိုဒ်များတွင် တွေ့လာရသဖြင့် ၎င်းဘလော့နှင့် ဝဘ်ဆိုဒ် ထူထောင်သူများ၏ သဘောထားရပ်တည်ချက်များကိုလည်း ထင်ရှားစေပါသည်၊
မှားခြင်း မှန်ခြင်းကတော့ သမိုင်းကဆုံးဖြတ်ပါလိမ့်မည်၊ ဆောင်းပါးများ၊ ကာတွန်းများကလည်း အလွန်အကျွံပုတ်ခတ်သည့် အထေ့အငေါ့ များဖြင့် တိုက်ခိုက်နေတာ တွေ့ရပါသည်၊
ဒေါ်စုက ကျုံးသွင်းခံလိုက်ရသည်ဆိုတာက တမျိုး၊ ဗိုလ်သန်းရွှေ၏ နှလုံးသား ဒေါ်စုရင်ထဲ ရောက်နေပြီဆိုတာက တဖုံ စုံလင်အောင် အပုတ်ချ အော်ဟစ်နေသည့် မချိတင်ကဲသံတွေထွက်နေပါသည်။
နဂိုလ်ကတည်းက စစ်အာဏာရှင်တို့၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုနှင့် သူတို့မတရား ရယူပိုင်ဆိုင်ထားသည့် စီးပွားရေးများ၊ လုပ်ငန်းကြီးများကို တရားဝင်ဖြစ်မှု အတွက် အာမခံသည့် ၂၀၀၈ အခြေခံဥပဒေပါ အချက်အလက်များကို ထောက်ပြနေကြပြီး အစိုးရသစ်နှင့် မပေါင်းရန် ပြောဆို နေကြခြင်းသည် အနက်ရောင်ကို အမဲရောင်ဖြစ်နေသည်ဟု ထောက်ပြနေသလိုပင်ဖြစ်သည်၊
၂၀၀၈ ဥပဒေ မကောင်းမှန်းကို လူတိုင်းသိသည်၊
ကလေးကအစ တကမ္ဘာလုံးလည်းသိသည်၊ ဒါကို ဒေါ်စုက မသိနားမလည်လို့ ဦးသိန်းစိန်နဲ့လက်တွဲချင်တာ မဟုတ်၊
အစိုးရသစ်နှင့်လက်တွဲလုပ်ဆောင်ရန် အင်အယ်ဒီက မှတ်ပုံတင်ပြီးရွေးကောက်ပွဲဝင်ခြင်းသည် တိုင်းပြည်နဲ့လူထု ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက် အောင် ကြိုးပမ်းသည့် ယခုအချိန်တွင် အသင့်တော်ဆုံး နည်းဗျူဟာတခုဖြစ်သည်၊
ဤအချက်ကို မြင်အောင် မကြည့်နိုင်သူများ၏ စိုးရိမ်ကြီးမှုကိုလည်း နားလည်ပေးနိုင်ပါသည်၊
ရွေးကောက်ပွဲဝင်ကာ အစိုးရသစ်နှင့် လက်တွဲမည့် ဒေါ်စုနှင့် အင်အယ်ဒီအတွက်မှာလည်း စွန့်စား လျှောက်လှမ်းကြ ရမည့် အန္တရယ်ကြားက ခရောင်း တောလမ်းပင်ဖြစ်ပါသည်၊
သို့သော် ဒေါ်စုနှင့် အင်အယ်ဒီသည် လွတ်တော်ထဲသို့ ရောက်ရန်မှာ လူထုအတွက်အဓိကကျသည့် မျှော်လင့်ချက်တိုက်ကွင်း ဖြစ်သဖြင့် ဒီအခွင့် အရေးကို အမိအရဆုတ်ကိုင်ရမည်သာ ဖြစ်ပါသည်၊
အဘယ်ကြောင့်ဆိုသော် ယခင်စစ်အစိုးရဟောင်းများသည် ဒေါ်စုနှင့် အင်အယ်ဒီကို လွတ်တော်တွင်းသို့ မဝင်နိုင်အောင် အခြေခံဖွဲ့စည်းပုံနှင့် တားထားသည်ကို လူတိုင်းအသိပင်ဖြစ်သည်၊
ယနေ့ ဖွဲ့စည်းပုံကို ပြင်ပြီး ဒေါ်စုနှင့်လက်တွဲရန် လိုက်လျှောရသည့် အခြေအနေသည် ဒေါ်စုနှင့် အင်အယ်ဒီကို အပြတ်ချုပ် ကိုင်ရန် ကျော့ကွင်း ထောင်ချောက် စဉ်ထားတာ မဟုတ်နိုင်ဆိုတာကိုတော့ အလွယ်တကူသဘောပေါက်ရပါမည်၊
အလွန့်အလွန်မတတ်သာတော့သဖြင့် လွတ်တော်တံခါးပေါက်ကို ဟပေးလိုက်ရခြင်းဖြစ်သည်၊
စစ်အာဏာရှင်တို့ သက်တမ်းတလျှောက် ဒီလိုလိုက်လျှောဖို့ အိပ်မက်မျှမမက်ခဲ့ပါ၊
ဖွဲ့စည်းပုံပြင်ပြီး လွတ်တော်တံခါးပေါက် ဟ ပေးရခြင်းသည် အစိုးရသစ်၏ ပရိယာယ်ဝေဝုတ် မဟုတ်နိုင်ပါ၊
သို့သော် စစ်အာဏာရှင်တို့၏ ထုံးစံအတိုင်းအသာစီး ရထားသည့် နိုင်ငံရေးကွက်မှ လွယ်ကူစွာ ပြောင်းရွှေ့ပေး မည်မဟုတ်ဆိုတာကတော့ သေချာ ပါသည်၊
မည်သို့ဆိုစေ အတိုက်အခံဘက်က ဒေါ်စုနှင့် အင်အယ်ဒီအတွက် လူထုကို ကယ်တင်ရန် နိုင်ငံရေးကွင်းသစ်တခု ပိုင်ဆိုင်မည်သာ ဖြစ်ပါသည်၊
ဤအတွက် တရားမဝင်နိုင်ငံရေးကွင်းဟောင်းကို ရဲရဲဝံ့ဝံ့ စွန့်လွတ်ကြရန်သာဖြစ်ပါသည်၊
ဤသည်ပင်လျှင် ခံစားချက်နှင့်စိတ်ကူးယဉ်နိုင်ငံရေးကို စွန့်ပြီး လက်တွေ့ကျသည့် ဆောင်ရွက်ချက်ဖြစ်ပါလိမ့်မည်။
ဤနေရာတွင် ရဲဘော်ကြီးမော်စီတုန်း၏ ကိစ္စဆိုးသည် ကိစ္စကောင်းဖြစ်လာနိုင်သည်ဆိုသည့် အယူအဆကို သတိမူရန်ကိုးကားလိုပါသည်၊
ဒုတိယ ကမ္ဘာစစ်ကို အဆုံးသတ်စေသည့် အမေရိကန်တို့ရဲ့ ဂျပန် အပေါ် အနုမြူဗုံးကြဲပြီးနောက် ဂျပန်ဘုရင်ကြီးက စစ်ကို အရှုံးပေးသည့် လက်မှတ်ထိုး မည့်အခါ ဂျပန်လူမျိုးတို့သည် စစ်ရှုံးလူမျိုး အဖြစ်မခံနိုင် ဆိုပြီး လက်နက်ချ အညံ့ခံမှုကို ဆန့်ကျင်သည့် ဂျပန်စစ်ဗိုလ်ချုပ် များနှင့် တကွ စစ်ဗိုလ်စစ်သား များစွာတို့သည် မိမိကိုယ်ကို အဆုံးစီရင်သွားကြပါသည်၊
သို့သော် မည်သူ့ဘက်က မှားသည် မှန်သည်ဆိုတာကိုတော့ သမိုင်းကပင် သက်သေပြနေပြီမဟုတ်ပါလား၊
ယနေ့စီးပွားရေး အင်အားကြီးနိုင်ငံတခုဖြစ်ခဲ့ပါပြီ။
အင်အယ်ဒီနှင့် အစိုးရသစ်ပေါင်းရေးသည် အလွန်အမင်း စွန့်လွှတ်စွန့်စားရမည့် ကိစ္စမျိုးတော့ မဟုတ်သေးပါ၊
လူထု၏ ထောက်ခံမှုကို ရရှိထားသည့် ဒေါ်စု၊ ဒေါ်စုကို ဝိုင်းရံမည့် အင်အယ်ဒီအဖွဲ့ဝင်တွေနှင့် အားပေး ထောက်ခံကြဦးမည့် အခြားပါတီတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ အဲဒါတွေအပြင် အမေရိကန်၊ ဥရောပသမဂ္ဂနိုင်ငံများ၊ ကုလသမဂ္ဂနှင့် အခြားသော နိုင်ငံများ အဖွဲ့အစည်းများ၏ အားများကို ပေါင်းစပ် လိုက်လျှင် ကြံ့ဖွံ့အစိုးရသစ်၏ အားထက်တော့ လျှော့နည်းတော့မည် မဟုတ်ပါ၊
ပါဝါချိန်ခွင်လျှာမှာ အားရစရာဖြစ်နေမည်မှာ သေချာသလောက်ပါပဲ။
လွတ်တော်ထဲတွင် စစ်တပ်က အလိုအလျှောက် ၂၅ % ပါဝင်နေမှုနှင့် ကြံ့ဖွံ့အမတ်က အများစုဖြစ် နေသည်ကိုလည်း အားလုံး သိကြပါသည်၊
တပြိုင်နက်တည်းမှာ ၂၀၀၈ အဓမ္မဥပဒေနှင့် ၂၀၁၀ ကြိုတင်မဲရွေးကောက်ပွဲဖြင့် ဝင်ရောက်နေရာ ယူထားသည့် လွတ်တော်ဖြစ်သည့်အတွက် အလို အလျှောက် ချို့ ယွင်းချက်ရှိနေပြီးဖြစ်သည်မှို့ အစိုးရသစ်နှင့် လွတ်တော်ကို မှန်မှန်ကန်ကန်သာ ရှုမြင် ရန်သာဖြစ်ပြီး တွေးပြီး ကြောက်စရာ မလိုပါ၊
ပါဝါညီမျှသည့်အချိန်ကို ကောင်းစွာသဘောပေါက်နားလည်ပြီး တိုင်းပြည်နှင့်လူမျိုး တိုးတက်ဖွံ့ဖြိုးရေး အတွက် အစိုးရသစ်နှင့် ရဲဝံ့စွာ ပူးပေါင်းမည့် ဒေါ်စုကို တပြည်လုံးက ဝိုင်းဝန်းထောက်ခံအားပေးကြရမည်သာ ဖြစ်သည်။
ယခုအချိန်သည် မြန်မာပြည်နှင့် တိုင်းရင်းသားအားလုံးအတွက် အရေးအကြီးဆုံးဟု ဆိုနိုင်ပါသည်၊
တချက်မှားလျှင် တသက်လုံး ချောက်ထဲသွားရမည့် ကိန်းပင်ဖြစ်သည်၊
ဒေါ်စုနှင့် အင်အယ်ဒီကို မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရန် အားပေးတိုက်တွန်းရမည့် အချိန်လည်း ဖြစ်သည်၊
အားလုံးငြိမ်ပြီး မနေသင့်တော့ပါ၊ အတိုက်အခံအဖွဲ့အစည်းများ အားလုံးပြတ်သားစွာ ထောက်ခံသင့်နေပါပြီ။
အကယ်၍ ဒေါ်စုနှင့် အင်အယ်ဒီသည် မှတ်ပုံမတင်ရန် ရွေးကောက်ပွဲ မဝင်ရန် ဘက်က နေပါကလည်း ပြတ်သားစွာပင် အဆင့်ရှိရှိ ယဉ်ယဉ် ကျေးကျေး ထင်ထင်ပေါ်ပေါ် ကန့်ကွက်နိုင်ပါသည်၊
အောက်တန်းကျကျ ထိကပါး ရိကပါး ရေးစရာ ပြောစရာ မလိုအပ်ပါ၊
မှားခြင်းနှင့် မှန်ခြင်းကိုတော့ သမိုင်းက သက်သေတည်မှာသာ ဖြစ်ကြောင်းပါခင်ဗျာ။
- ဦးဖိုးသာအောင်
>
-------------------------------------------------------------------------------
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။
ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန် ဆောင်းပါး ရေးသား ပေးပို့  လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။ ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။
စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။
ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။
လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း 
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittaing.org
www.hittai.org
www.hittai.net

0 comments:
Post a Comment